ကန်ရာသီ/ ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၁၀)

ကန်ရာသီ၏ အ၀န်းအ၀ိုင်းပေါ်သို့ တနင်္ဂနွေ နေမင်း ဖြတ်သန်းပုံကို ရာသီတွင်းဝင်စ (ပထမပုံ) နှင့် ရာသီမှအထွက် (ဒုတိယပုံ) ဖြင့် အောက်ပါအတိုင်းတွေ့မြင်ရသည်။




ရာသီဖွား၊ စန်းရပ်နှင့်၊ လဂ်သဘာဝများကို ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖေါ်ပြခဲ့သည့်အတိုင်းဖြစ်၍ ထပ်မံမဖေါ်ပြတော့ပါ။

ကျွန်တော်ရေးသားထားသော ဇတာဖွဲ့ပရိုဂရမ်အရမူ အောက်ပါပုံတွင် ကန်ရာသီတွင်တည်သော တနင်္ဂနွေ (1)၊ စန်း (2)၊ လဂ် (L) တို့ကို နမူနာပြထားပါသည်။ (ပရိုဂရမ်ကို ဘလော့မျက်နှာစာတွင် ညွှန်းဆိုထားပါသည်။)


ရာသီပိုင်ဆိုင်မှုမှာ မပြောင်းလဲပေ။

အတန့်ရေတွက်မှုမှာမူ ကန်လဂ်ကို မူတည်ရေတွက်မည်ဖြစ်သဖြင့် အောက်ပါအတိုင်း ပြောင်းလဲဖြစ်တည်သွားမည်ဖြစ်သည်။

ပရိယာယ်များကိုလည်း ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖတ်ရှုနိုင်ပါသည်။
ကန်လဂ်အဟော

    * ကန်လဂ်

ဉာဏ်ရည်ကောင်းမွန်ခြင်း ဗဟုသုတစုံလင်ခြင်းကြောင့် မယုံသင်္ကာစိတ်များသူတွေလည်း ဖြစ်ကြပါတယ် ဥပဒေလိုက်နာသူ စည်းကမ်းသေ၀ပ်သူတွေလည်းဖြစ်ကြပါတယ် ငြိမ်းချမ်းရေးကို မြတ်နိုးသူများလည်းဖြစ်ကြပါတယ် သီလဖြူသလောက် အပျော်အပါးကိုလည်းမက်တတ်ပါတယ်

မှတ်ချက်။  ။ 
တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်ခြင်းကြောင့် သိမှတ်ခံစားနိုင်စွမ်း ထက်မြက်သူစရိုက်ကို ဖေါ်ဆောင်နိုင်သည်။ ဗီဇစွမ်းဖြင့် ဖြတ်ထိုးဥာဏ်ကောင်းမွန်မည်။ ကြင်နာစာနိုင်နိုင်သော အအေးသဘာဝကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ အပျော်အပါးခံစားမှုအားဖြင့် အမျိုးသမီးငယ်တစ်ယောက်သဖွယ် ကြင်နာလွယ်သော နှလုံးသားကို စိတ်အခံအားဖြင့် ပိုင်ဆိုင်မည်ဖြစ်သည်။ ဗုဒ္ဓဟူးသည်ပင် ဒွိဟသဘာဝ ဆန့်ကျင်ဘက်အမြင်ရှင်သန်သူဖြစ်သောကြောင့် သံသယများသူ သင်္ကာမကင်းဖြစ်ရသူများအဖြစ်လည်း တွေ့မြင်ရနိုင်သည်။

တန့်ဘာဝသည် သောကြာပိုင် တူရာသီဖြစ်ခြင်းကြောင့် စုဆောင်းမှုဥစ္စာများပြားတတ်သည်။ လှပဆန်းကြယ်သော ပစ္စည်းဥစ္စာ အ၀တ်အစားရွှေငွေ ပေါများတတ်သည်။  အဆင့်မြင့်ပညာများကို လွယ်လင့်တကူ တရားသောနည်းဖြင့် သင်ယူတတ်မြောက်လိမ့်မည်။  ပိုင်ဆိုင်မှုတို့သည် သမာအာဇီဝအလုပ်ဖြင့် ရရှိစေနိုင်သည်။

တန့်ဘာဝသည် အင်္ဂါပိုင် ဗြိစ္ဆာရာသီဖြစ်ခြင်းကြောင့် ထက်မြက်သော ဆုံးဖြတ်ချက်၊ စွန့်စားစမ်းသပ်မှုများလည်း ပြုလုပ်နိုင်သူဖြစ်မည်။ ဗြိစ္ဆာ၏သဘာဝအရ ဇာတာရှင်၏ပတ်ဝန်းကျင်တွင် ခေါင်းမာသူ၊ ထင်ရာစိုင်းသူများ ရှိနေနိုင်သည်။ တနည်းအားဖြင့် မချမ်းမြေ့သော ဆွေးမျိုးသားချင်းများ၏ မာနတရားကိုလည်း ခံစားသိရှိနိုင်လိမ့်မည်။ ဇာတာရှင်သည် ထိုအသိုင်းအ၀န်းမှ ဖေါက်ထွက်ကာ အေးချမ်းလိုသော ပန်းတိုင်သို့ ဦးတည်လိုဟန်ရှိတတ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် ဓနုရာသီဖြစ်ခြင်းကြောင့် မိသားစုဝန်းကျင်တွင် မိမိ၏ ပညာဥာဏ်ကြောင့် အများလေးစားမှုခံရတတ်သည်။ သင်ခန်းစာများ အတွေ့အကြုံများကြောင့် မိမိပိုင်မိသားစု၏ အေးချမ်းမှုများရရှိလိမ့်မည်။ အမြော်အမြင်ကြီးသော မိခင် သို့မဟုတ် စောင့်ရှောက်သူ၏ မေတ္တာကို ခံစားရတတ်သည်။
တန့်ဘာဝသည် စနေပိုင် မကာရရာသီဖြစ်ခြင်းကြောင့် ပညာဥာဏ်အားဖြင့် ဇွဲကြီးကာ စွဲမြဲသော အကျင့်စရိုက်ရှိမည်။ ချစ်မေတ္တာတွင် မိမိထက် ဂုဏ်သိက္ခာကြီးသူ စွဲမြဲသူ လေးနက်သူမျိုးကြုံရတတ်သည်။ ထိုသို့မကြုံမီတွင် ဇာတာရှင်သည် အချစ်အတွက် ထိရှပူဆွေးရတတ်သည်။ မိမိအောက်လက်ငယ်သား ပညာဆက်ခံသူများကြောင့်လည်း ပူပင်ရတတ်သည်။ သို့တစေ ကန်လဂ်ပိုင်ရှင်သည် မိမိလိုက်စားလိုရာပညာရေးနှင့် အချစ်မေတ္တာရေးရာကိစ္စများကို ဇွဲနဘဲကြီး အပင်ပမ်းခံခေါင်းမာကာ လျှောက်လှမ်းမျှော်လင့်နေမည်ဖြစ်သည်။
တန့်ဘာဝသည် စနေပိုင် ကုမ်ရာသီဖြစ်ခြင်းကြောင့် ရေရှည်တည်မြဲမှု ဘ၀လမ်းအသက်မွေးမှုအားဖြင့်  ပြိုင်ဘက် ရန်ဘက်မျာပေါများတတ်သည်။ မိမိ၏ ရှည်ကြာစွာ ရပ်တည်နေရမှုကို မရှုစိမ့်သူ များပြားတတ်သည်။ ကန်လဂ်တို့သည် မိမိရန်ဘက်အပြိုင်အဆိုင်များနှင့်ပတ်သတ်သော အဖြစ်အပျက်များကို ကာလရှည်ကြာစွာ မှတ်မိခံစားနေတတ်သည်။ လက်တုန့်ပြန်လိုသော စိတ်များမကြာခဏမဖြစ်တတ်သော်လည်း မေ့ပျောက်နိုင်ခဲသည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် မိန်ရာသီဖြစ်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး အဖေါ်အပေါင်းကဏ္ဍများတွင် ပညာသားပါပါ စီမံတတ်မည်။ အပေါင်းအသင်းများကြားတွင် မိမိသည် အတတ်ပညာစုံသူ လိုင်းစုံသူစသည်ဖြင့် လွှမ်းမိုးအောင်ရာနိုင်သည်။  ကန်လဂ်တို့၏ အိမ်ထောင်ဖက်များသည် ဆင်ခြင်ဥာဏ်ကြီးသူ နားလည်ပေးနိုင်စွမ်းကြီးသူများဖြစ်တတ်ကာ အိမ်ထောင်ရေးကံ ကောင်းတတ်သည်။ မိမိစရိုက်ကို နားလည်ခံစားနိုင်သူများနှင့် လက်ဆက်ရတတ်သည်။
တန့်ဘာဝသည် အင်္ဂါပိုင် မိဿရာသီဖြစ်ခြင်းကြောင့် ကျန်းမာရေး သေဆုံးမှု စသည့် အဆုံးသတ်ကိစ္စများတွင် စိတ်လိုက်မာန်ပါပြုမူတတ်သဖြင့် ရုတ်တရက်မတော်တဆ ဖြစ်ပွားတတ်သော သဘာဝရှိသည်။ သွေးနှင့်ပတ်သတ်သောရောဂါများ ထိခိုက်ရှနာမကြာခဏဖြစ်မှုများ ကြံရတတ်သည်။ ငယ်ရွယ်သူများနှင့် မတော်တဆ ရင်းနှီးကျွမ်းဝင်သွားတတ်သည်။ ဖိုမရေးရာများတွင် စိတ်လိုက်မာန်ပါ မပြုမိရန် အရေးကြီးသည်။ 
တန့်ဘာဝသည် သောကြာပိုင် ပြိဿရာသီဖြစ်ခြင်းကြောင့် ဂုဏ်ကျက်သရေပိုင်းတွင် အလှအပ အဆင်အပြင်များကြောင့် လူသိများတတ်သည်။ ကန်လဂ်တို့တွင် စကားအပြောအဆိုကောင်းမှု၊ ပင်ကိုယ်စတိုင်ဆွဲဆောင်မှုတို့ကြောင့် ကျော်ဇောတတ်သော သဘာဝရှိသည်။ မိမိအစွမ်းအစကိုလည်း ထုတ်ဖေါ်ပြနိုင်စွမ်း သရုပ်ပြနိုင်စွမ်းမြင့်မားသည်။

၁၀ တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် မေထုန်ရာသီဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းအရည်အသွေးသည် အများနှင့်ပေါင်းသင်းဆက်ဆံရမှု၊ သင်တန်းအသင်းအဖွဲ့ စီးပွားရေးကိစ္စများနှင့်ဆက်စပ်တတ်သည်။ အလုပ်အကိုင်အားဖြင့် လူလတ်တန်းစား အလုပ်အကိုင်မျိုးဖြစ်တတ်ကာ ဆိုရှယ်ကျသူ ပွင့်လင်းဖေါ်ရွေတတ်သူများအဖြစ် အများက ရှုမြင်နိုင်မည်ဖြစ်သည်။  

၁၁ တန့်သည်လည်း တနင်္လာပိုင် ကရကဋ်ရာသီဖြစ်သဖြင့် စာနာတတ်သူ စွဲလမ်းတတ်သူတို့၏ မေတ္တာကို ရရှိတတ်သည်။ ၀င်ငွေလာဘ်လာဘသည်လည်း အများအမြင်တွင် သက်သာစွာရရှိသည်ဟု ထင်ခံရသော ၀င်ငွေတို့ဖြစ်တတ်သည်။ အမှန်တကယ်တွင်မူ မိမိက စိတ်ပါဝင်စားစွာ စိတ်နှစ်ရင်းနှီးထားသော အလုပ်အကိုင်လုပ်ငန်းတို့မှ ထိုက်တန်စွာရရှိလာသော ၀င်ငွေလာဘ်လာဘတို့ဖြစ်မည်။

၁၂ တန့်သည် တနင်္ဂနွေပိုင် သိဟ်ရာသီဖြစ်သဖြင့် သောကဗျာပါဒများကို အပြောင်းအလဲတစ်ခုဖြင့် ပြောင်းလဲဖြေဖျောက်တတ်သော သဘောရှိသည်။ ၁၂ တန့် သခင် တနင်္ဂနွေအားလျှော်စွာ ဖခင်အကျိုးပေးညံ့တတ်သည်။ သို့တည်းမဟုတ် ဖခင်နှင့် အဆက်အစပ်နည်းတတ်သည်။ ၁၂ သည်ပူလောင်တတ်သော ဗျာယသခင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ 


(အောက်ပါ ဆန်းစစ်မှုများသည် ကန်လဂ်နှင့် မသက်ဆိုင်ပါ၊ ရာသီစက်မှ ကန်ရာသီရပ် ဂြိုဟ်များနှင့်သာဆိုင်ပါသည်။ ၄င်းတို့ကို ဆန်းစစ်နိုင်ရန် ဇာတာမှ ရာသီစက်ကို ကူးယူယှဉ်ထိုးဖို့ လိုမည်ဖြစ်သည်။)
ကန်ရာသီတွင်ရပ်တည်သော ...

    * ကန်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ

သမီးများမွေးဖွားခြင်း ဘာသာရေးလုပ်ငန်းများလုပ်ဖြစ်ခြင်း ကမ္ဘာနှင့်အ၀ှမ်းကျော်ကြားခြင်း တို့ဖြစ်ပေါ်တတ်မည်

မှတ်ချက်။  ။ ကန်ရာသီတွင် တနင်္ဂနွေတည်ခြင်းသည် မူလအိမ်ရှင်ဗုဒ္ဓဟူးမှ မိတ်ပြုခြင်းခံရသဖြင့် တနင်္ဂနွေဗုဒ္ဓဟူးပေါင်းရာမှ ဖြစ်တည်သော သူရိယာဗုဒ္ဓခေါ် ဥာဏ်ပညာ ပညာရေးကောင်းကျိုးပေးသော အကျိုးဆက်ကိုရရှိစေသည်။ ကန်ရာသီသည် မိန်းမပျိုတစ်ဦးကို ကိုယ်စားပြုသဖြင့် ၄င်းရာသီတွင် တောက်ပသောတနင်္ဂနွေတည်သဖြင့် သမီးများစွာမွေးဖွားရတတ်သည်ဟု အဓိပ္ပါယ်ကောက်ယူသည်ဟု ယူဆမိပါသည်။ သို့သော် ထိုသို့ပြောနိုင်ရန် သားသမီးဆိုင်ရာအတန့်နှင့် အထောက်အပံ့ဂြိုဟ်များကိုပါ စစ်ဆေးသင့်သေးသည်ဟု ယူဆပါသည်။ 

    * ကန်ရာသီတွင်ရပ်သော ၂လာ၏ဒသာ

လှပချောမောကာ အသက်ရှည်တတ်သည် အနေအထိုင်မကျစ်လစ်တတ်ပေ သမီးများ၍ သားနည်းတတ်သည် အပြောချို၍ ရည်းစားပေါတတ်သည် အလွန်ဉာဏ်ထက်၍ စည်းစိမ်များမည် ငြိမ်သက်အေးဆေးစွာ သေဆုံးတတ်သည် 
မိခင်အမကြီးသူတို့နှင့်စကား ကတောက်ကစဖြစ်ရတတ်သည် အပြောအဆိုများထက်မြက် စူးရှနေမည် စိတ်နှခွ ဆုံးဖြတ်ချက်ဝေး၀ါးနေမည်

မှတ်ချက်။  ။ တနင်္လာသည် အိမ်ရှင်မှ ရန်ပြုရာ ဗုဒ္ဓဟူးအိမ်တွင်တည်သဖြင့် အေးချမ်းနိုင်စွမ်းနည်းမည်။ စန်းကို လဂ်သဖွယ်ယူဆပါက ၁ တန့်သည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်သဖြင့် လှပချောမောခြင်း၊ ဒွိဟဂြိုဟ်အားလျော်စွာ အနေအထိုင်မကျစ်လစ်ခြင်း၊ ကန်ရာသီရုပ်သဘာဝအရ သမီးများခြင်း၊ ၂ တန့်သည် သောကြာပိုင် တူရာသီဖြစ်သဖြင့် ဥစ္စာများခြင်း စသော အဟောများကို ကန်စန်းအဖြစ်ယူဆခဲ့ဟန်ရှိသည်။ လဂ်ကိုသာအဓိကယူဆသင့်သည်ဟု မြင်ပါသဖြင့် အထက်ပါ အဟောများသည် အားကိုးလောက်သော အဟောမဟုတ်ဟုပင်ယူဆပါသည်။ ယူဆသင့်သည်မှာ တနင်္လာနှင့်ဗုဒ္ဓဟူးပေါင်းယှဉ်မှုကြောင့်ဖြစ်သော စီမံနိုင်စွမ်းကြီးမှု၊ စကားပြောကောင်းမှုစသော အရည်အချင်းများနှင့်ပြည့်စုံမှုကိုသာ ယူဆသင့်ပါသည်။

    * ကန်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

စည်းရုံးရေးကောင်းမွန်နေမည် ဇနီးမယားနှင့် ငွေကြေးများစွာပိုင်ဆိုင်ရတတ်သည် ရာထူးကြီးရတတ်သည်

မှတ်ချက်။  ။ အင်္ဂါမှ အိမ်ရှင်ကို မိတ်ပြုသော်လည်း အိမ်ရှင်မှ မိတ်ရန်မပြုပေ။ ထို့ကြောင့် ရန်ပြုခံရသော ဗုဒ္ဓဟူးအားဖြင့် မိမိ၏ပေါင်းသင်းဆက်ဆံရေး ဥာဏ်ပညာ တုန့်ပြန်မှုတို့တွင် ဒေါသကြောင့် မှားတတ်သည်။ အင်္ဂါမှာမူမထိခိုက်သဖြင့် အင်္ဂါနှင့်ဗုဒ္ဓဟူးဆက်နွယ်သော ယုဂ်အရ ဆေးပညာဓာတုဗေဒစစ်ရေးပညာများ ဆက်စပ်ကျော်ဇောနိုင်မည်ဖြစ်သည်။

    * ကန်ရာသီတွင်ရပ်သော ၄ဟူး၏ဒသာ

မသတ္တ၀ါများနှင့်ကောင်းကျိုးမပေးပေ ဥစ္စာလျော့၍ အတွေးအခေါ်ညံဖျင်းစေကာမူ အများကြား၌ ထင်ပေါ်နေဦးမည်
မှတ်ချက်။   ။ ဗုဒ္ဓဟူးသည်မိမိပိုင်ဘာဝတွင် ပြန်တည်သဖြင့် ဇာတာရှင်၏ ဥာဏ်ပညာထက်မြက်မည်။ မသတ္တ၀ါများနှင့်ပတ်သတ်သော အဟောမှာ လက်ခံနိုင်ဖွယ်မရှိပေ။ ရှေးကျမ်းများသည် ယေဘုယျအားဖြင့် ယောကျာ်းများဘက်မှ ရှုမြင်မှုကို သုံးသပ်ကာ မိန်းမကောင်းရမည် မိန်းမကြောင့်စိတ်ချမ်းသာမည် အစရှိသဖြင့်ဟောလေ့ရှိသော်လည်း ယောက်ျားကောင်းရမည် လင်ကံကောင်းမည်အစရှိသဖြင့်မူ (ကျွန်တော်ဖတ်မိသလောက်) မတွေ့မြင်ရပါ။ (အိမ်ထောင်ဦးစီး၏ ဇာတာအရ အိမ်ထောင်ရေးကို ဆန်းစစ်လေ့ရှိခြင်းဓလေ့အရ ထိုသို့ဖွင့်ဆိုဟန်ရှိသည်ဟုလည်း ထင်မြင်မိပါသည်။) အထက်ပါအခြေအနေ၏ ဆိုလိုရင်းမှာ ဗုဒ္ဓဟူးသည် အမြုံဂြိုဟ်တစ်လုံးဖြစ်ကာ မိမိပိုင်တွင်တည်သဖြင့် အကျိုးအမြတ်ရှိသလို ဗုဒ္ဓဟူး၏သဘာဝမှာလည်း ပီပြင်သထက်ပီပြင်လာသည်။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေးတွင် ယောကျာ်းပီသလွန်းသူ မိန်းမပြီသလွန်းသူများနှင့် အဆင်မပြေဖြစ်တတ်မည့် သဘောဖြစ်သည်။ ပျော့ပျောင်းသော အတွေးအမြင်ရှိသူ ဆန်းပြားစွာကြံစည်တတ်သူမျိုးနှင့် ကြုံဆိုရဟန်ရှိသည်။ ဇာတာရှင်သည်လည်း မကြာခဏ မူလဆုံဖြတ်ချက်မှ တွေဝေကာ အမြင်အမျိုးမျိုးဖြစ်ပေါ်တတ်သော သဘာဝကို ဖွင့်ဆိုနိုင်ပါသည်။

    * ကန်ရာသီတွင်ရပ်သော ၅တေး၏ဒသာ

ပညာသစ် ယာဉ်ရထား ၀တ်ထည်ဝင်တတ်သည် အထက်လူကြီးများနှင့်ပြေလည်၍ အောက်လက်နှင့် အဆင်မပြေတတ်ပါ

မှတ်ချက်။  ။ အိမ်ရှင်မှ မိတ်ရန်မပြုသော်လည်း လာရပ်သူ ကြာသာပတေးမှ အိမ်ရှင်ကို ရန်ပြုသည်။ ကြာသာပတေးသည် မိတ်ရန်မပြုသူနှင့်ကြုံရသဖြင့် သောမအိမ်တွင်ရပ်သည့် အားလျော်စွာ ကံကောင်းခြင်းများကြုံရနိုင်သည်။ ကြာသာပတေးသည် ဇာတာတွင် တနင်္ဂနွေတနင်္လာမှလွဲလျှင် အရေးအပါဆုံးဂြိုဟ်ဖြစ်သောကြောင့်လည်းဖြစ်သည်။ ရန်ပြုခံရသော ဗုဒ္ဓဟူးအရ မိမိ၏ ဥာဏ်ရည်ကြည်လင်မှုသည် ကြာသာပတေးခေါ် တပည့်သားမြေးဆက်ခံသူတို့ကြောင့် ထိခိုက်ရသည်။ ဤတွင် တပည့်သားမြေးဆက်ခံသူဟု ဆိုခြင်းမှာ အောက်လက်ငယ်သားအတွက် စနေဟူသော ဂြိုဟ်တစ်လုံးလည်းရှိနေခြင်းကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ဆင်ခြင်ရမည့်အတိုင်းအတာတစ်ခု အသိတစ်ခုကြောင့် ခြေချုပ်မိနေတတ်သော အနေအထား၊ ပျော်ချင်တိုင်းမပျော်ရသော အနေအထားဟုလည်း ဖွင့်ဆိုနိုင်ပါသည်။

    * ကန်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

မိဘလက်ငုတ်လက်ရင်းလုပ်ငန်းများအကျိုးမပေးပေ ဇနီးမယားကစွန့်ခွာသွားတတ်သည် စိတ်အားထက်သန်မှုနည်းနေမည်

မှတ်ချက်။  ။ အပျော်အပါးသဘာဝ သောကြာနှင့် ဆက်ဆံရေးသဘာဝ ဗုဒ္ဓဟူးတို့ ပလဲပနံသင့် ပြန်လှန်မိတ်ပြုသော အခြေအနေဖြစ်သည်။ အပျော်အပါးများလွန်းနေတတ်ကာ စိတ်စွဲမြဲမှုအားနည်းသော အခြေအနေဖြစ်သည်။ မည်သည့်လုပ်ငန်းကြီးကိုမျှ စိတ်ဇွဲကြီးကြီးလုပ်ဆောင်လိုစိတ်ရှိမည်မဟုတ်ပေ။ ဇနီးမယားက စွန့်ခွာမှုမှာ သွယ်ဝိုက်အကျိုးဆက်ကိုဆိုလိုခြင်းလည်းဖြစ်နိုင်သလို ဇနီးမယားသဘာဝသောကြာသည် အမြုံဗုဒ္ဓဟူးနှင့်ဆက်စပ်မှုကြောင့် မပြေလည်မှုကိုဆိုလိုဟန်ရှိသည်။ သို့သော်လည်း အထက်ပါအခြေအနေသည် အပျော်အပါး အယောင်ဆောင်ကိုသာ ညွှန်းဆိုနေဟန်ရှိသည်။

    * ကန်ရာသီတွင်ရပ်သော ၀နေ၏ဒသာ

ပညာရေးကောင်းမွန်၍ ဆရာသမား ရဟန်းသံဃာများနှင့်ကျွမ်းဝင်နေမည် ရေဘေးကိုကြောက်ရတတ်သည်

မှတ်ချက်။   ။  အိမ်ရှင်က စနေကို မိတ်ရန်မပြုသော်လည်း စနေသည် ဗုဒ္ဓဟူးကို မိတ်ပြုသည်။ စနေကို အောက်ခြေလူတန်းစား၊ သည်းခံမှု ရဟန်းသံဃာ ဓူတင်ဆောင်ပုဂ္ဂိုလ်အစရှိသဖြင့်ဖွင့်ဆိုရာ ၄င်းတို့မှ ဆက်နွယ်သော ဆက်ဆံရေး ဗုဒ္ဓဟူးဂြိုဟ်သဘာဝအရ ရဟန်းသံဃာဘာသာရေးသည်းခံမှုတို့နှင့် ဆက်နွယ်နေမှုကိုပြဆိုသည်။ စနေနှင့်ဗုဒ္ဓဟူးတို့အဆက်အစပ်ယုဂ်အရ စဉ်းလဲသော တော်လှန်လိုသော ထိတ်လန့်ရသော အခြေအနေမျိုးကို ဖွင့်ဆိုရနိုင်သော်လည်း ရေဘေးကိုမူ ဆက်စပ်၍မရပေ။

မိတ်ရန်ဇယားကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။