ဇာတာ တစ်စောင်ကို မည်သို့ဖွဲ့သနည်း

MOTAA – Astrology Course (Level-1) 
ဇာတာ တစ်စောင်ကို မည်သို့ဖွဲ့သနည်း 

ဇာတာ တစ်စောင်ကို စတင်ဖွဲ့ တော့မည် ဆိုလျှင် မွေးချိန် မှန်၊မမှန် ကို ဦးစွာ လေ့လာရပါသည်။ ဇာတာ ဆိုသည်မှာ- ပါဠိဘာသာ (သက္ကတဘာသာ) “ဇာတ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။ “ဇာတ” ဆိုသည်မှာ “ဘ၀ တစ်ခု၏ စတင်မွေးဖွားခြင်း” ပင် ဖြစ်သည်။ ထို့ကြောင့် ဇာတာ ဆိုသည်မှာ- “ဘ၀” တစ်ခု၏ အစ တွင် ဂြိုဟ်၊ နက္ခတ် တာရာတို့ မည်သည့် အနေအထားတွင် တည်ရှိ နေကြ သနည်းကို မှတ်တမ်းတင် ထားသော အထောက်အထား ဖြစ်သည်။ “ဘ၀” တစ်ခု စတင် မွေးဖွားသော- မွေးဖွားချိန်ကို မည်သို့ နားလည် ထားကြပါသနည်း။ မွေးဖွားချိန် ဆိုသည်မှာ။ အကယ်၍- နက္ခတ်ပညာရှင် တစ်ယောက်သည် ထိုမွေးဖွားချိန်၏ အဓိပ္ပါယ် အမှန်ကို ပိုင်နိုင်စွာ နားလည်မှု မရှိလျှင်- မည်သို့မည်ပုံ နည်းဖြင့်- မင်္ဂလာ အခါကောင်းကို ရွေးပေး နိုင်ပါမည်နည်း။ အဘယ့်ကြောင့် ဆိုသော် မင်္ဂလာ အခါ ဆိုသည်မှာ- မိမိလိုလားသော ကိစ္စရပ်တစ်ခု၏ “ဘ၀ အစ” ပင် ဖြစ်နေသောကြောင့် ဖြစ်၏။

လူတစ်ယောက်၏ မွေးချိန် သည်- ထိုလူတစ်ယောက် အသက်ရှင်သန် မွေးဖွားလာခဲ့သည်မှ- ထိုသူ အသက် သေဆုံး ချိန် အထိ ဘ၀ တွင် ကြုံတွေ့လာရမည့် ကံကြမ္မာ တို့ကို ဖေါ်ညွှန်း နေသောအရာ ဖြစ် ပါသည်။ မွေးချိန်ဟု ဆိုရာ၌-

• ကလေးငယ် တစ်ယောက် အမိဝမ်းတွင် သန္ဓေစတင် တည်သော အချိန်၊ (မည်သူမျှ မသိနိုင်)
• မိခင်ဝမ်းမှ ကျွတ်လွတ်ချိန်၊
• မိခင်နှင့် ဆက်သွယ်နေသော ချက်ကြိုးအား ဖြတ်တောက်ပြီးချိန်၊
• ချက်ကြိုးဖြတ်တောက်ပြီး- ပထမဦးစွာ- အသက်စတင်ရှူရှိက်ပြီး- ငိုကြွှေးချိန် တို့ ရှိရာ မည်သည့် အချိန် ကို မွေးချိန် အမှန်ယူပါမည်နည်း။

ထိုနည်းတူ- အဆောက်အဦ တစ်ခုတည်ဆောက်မည် ဆိုပါက- ထိုအဆောက်အဦ၏ -
• ပထမဦးဆုံး- အုတ်မြစ်စချ-ချိန်၊
• ဥယဉ်တိုင် (ဥနှဲတိုင်) စတင်တည်ထောင်ချိန်၊
• ထိုအဆောက်အဦတွင်- လူတို့ ပထမ ဦးဆုံး အနေဖြင့် စတင် နေထိုင်ချိန်၊
• အိမ်တက် မင်္ဂလာ အခါပြုလုပ်ချိန် မည်သည့် အချိန် ကို မင်္ဂလာ အခါ အဖြစ် အကြံပေးပါမည်နည်း။ (ဤအကြောင်း တို့ကို MOTAA ဆရာဖြစ် သင်တန်း မင်္ဂလာ အခါ ရွေးချယ်ခြင်းတွင် ပို့ချပေးပါမည်။)

ထိုနည်းတူ- စီးပွားလုပ်ငန်း တစ်ခု အတွက် ဆိုပါက-
• ထိုစီးပွားရေးလုပ်ငန်းကို စတင် တရားဝင် စာရင်းသွင်းချိန်၊ (ကုမ္ပဏီ မှတ်ပုံတင်ချိန်။)
• ထိုစီးပွားရေးလုပ်ငန်းကို အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ချိန်၊
• ထိုစီးပွားရေးလုပ်ငန်း တွင် ပထမဦးဆုံးသော အရောင်းအ၀ယ် (First Transaction) စတင် ဖြစ်ပေါ်ချိန်။ မည်သည့် အချိန်ကို အချိန်အခါ ကောင်းဟု ရွေးချယ် ပေးပါမည်နည်း။ (ဤအကြောင်း တို့ကို MOTAA ဆရာဖြစ် သင်တန်း မင်္ဂလာ အခါ ရွေးချယ်ခြင်းတွင်သာ ပို့ချပေးပါမည်။) 

ထိုနည်းတူ- နိုင်ငံ တစ်ခု အတွက် ဆိုပါက-
• ထိုနိုင်ငံ၏ မင်းဘိသိက်သွန်းလောင်းချိန်၊
• ထိုနိုင်ငံ၏ မြို့တည်ချိန်၊
• ထိုနိုင်ငံ အနေဖြင့် အခြားသော နိုင်ငံတစ်ခု ၏ အုပ်ချုပ်လက်အောက်မှ တရားဝင် လွတ်လပ်ရေး - စတင် ရရှိချိန်၊ တစ်နည်း အားဖြင့်- ထိုနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် အဖြစ်သို့ စတင် ရောက်ရှိချိန်၊ (sovereign) (မည်သည့် နိုင်ငံ၏ ဒေသ စံတော်ချိန် ဖြစ်မည်နည်း။)
• ထိုနိုင်ငံ၏ လွတ်လပ်ရေး အခမ်းအနား၊ အလံတင် အလံချ အခမ်းအနားကို မင်္ဂလာအခါ အဖြစ် ကျင်းပချိန်။
• ထိုနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု ပြဌာန်းချိန်။ မည်သည့် အချိန် ကို ဇာတာဖွဲ့ရန် အမှန်ယူပါမည်နည်း။ (ဤအကြောင်း တို့ကို MOTAA ဆရာဖြစ် သင်တန်း ကမ္ဘာနှင့် ဆိုင်သော နက္ခတ်ပညာ တွင်သာ ပို့ချပေးပါမည်။ သို့သော်- နိုင်ငံရေး ဆိုင်ရာ ဟောပြောချက် တို့ကိုမူ MOTAA အနေနှင့် ပြုလုပ်ခြင်း၊ ထုတ်ပြန်ခြင်း ပြုမည် မဟုတ်။)

ဇာတာ တစ်စောင်ကို ဖွဲ့ရခြင်းမှာ- “ဘ၀” တစ်ခု၏ အကြောင်းကို သိလို၍ ဖြစ်သည်။ ထို့ကြောင့် မိမိ သိလိုသော “ဘ၀” ၏ အစကိုသာ ဇာတာ ဖွဲ့ပါမည်။ “ဘ၀” ဆိုရာ၌ မိမိ သည် “မည်သည့် ဘ၀” ကို သိလို ပါသနည်း- လူသား တစ်ယောက်၏ ဇာတာ။ ကလေးငယ် တစ်ယောက် အမိဝမ်းတွင် စတင် သန္ဓေ တည်သော အချိန် မှာ- မည်သူမျှ မသိသော ကိစ္စရပ် ဖြစ်သည်။ သံဝါသ ဖြစ်သော ကာလနှင့် မည်မျှ ကြာလျှင် သန္ဓေတည်သည် ဆိုသော ဖေါ်မြူလာလည်း မရှိပါ။ မည်သည့် အချိန်တွင် - “သန္ဓေသား ဘ၀” စတင် မည်ကို မည်သူမျှ မတွက်ဆ နိုင်ပါ။ (Test Tube baby ကိစ္စ တွင်ပင် အချိန် အတိအကျကို မဆုံးဖြတ်နိုင်ပါ။)

သို့သော်- ထိုသန္ဓေစတင် တည်သော- ကာလတွင် လွှမ်းမိုးသော ဂြိုဟ်တို့၏ အနေအထားသည်- ထိုသန္ဓေသား အနေဖြင့်- အမိဝမ်းတွင်း တွင် ကောင်းမွန်စွာ - ဆက်လက် အသက်ရှင် နိုင်မှု ရှိမရှိ၊ ကိုယ်လက် အင်္ဂါစုံ၊မစုံ၊ မည်သည့်ပုံစံ ဖြင့်မွေးဖွားရမည် (ပုံမှန် သို့မဟုတ် ခွဲစိတ် မွေးဖွားခြင်း) တို့ကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်- မိခင်ဝမ်းမှ ကျွတ်လွတ်ချိန်သည်- “သန္ဓေသား ဘ၀” ၏ နိဂုံး အဆုံးသတ် ဖြစ်၍၊ “လူတစ်ယောက် ဘ၀၏ အစ” ဖြစ်၏။ ထိုအခါ-တွင် ဇာတာရှင် ကလေးငယ်၏ “လူတစ်ယောက်ဘ၀” ဖြင့် အသက်ရှင် ရပ်တည်မှု ကိုတွက်ချက် ရပါ တော့မည်။ ထို့ကြောင့်- နက္ခတ်ပညာရှင်များ၊ ဗေဒင် ဆရာများသည် ထိုကာလကို မူတည်၍ စတင် တွက်ကြ ပါတော့သည်။

ထိုအချိန်က- မည်သည့် အချိန်ပါလဲ?၊ အနောက်နိုင်ငံ အများစုနှင့် တိုးတက်သော နိုင်ငံ တို့တွင်- ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း မွေးဖွားသော ကလေးငယ်တို့ကို ဆေးရုံ မှတ်တမ်း တွင်၊ မွေးစာရင်း ရေးသွင်းရာ၌- မွေးချိန်ကိုပါ ရေးသွင်း လေ့ ရှိကြသည်။ နက္ခတ်ပညာကို အလွန် တန်ဘိုးထားသော- အိန္ဒိယတွင် မိဘတို့သည် ထိုအချိန်ကို အထူးဂရုပြု မှတ်သား လေ့ရှိကြသည်။ မြန်မာ နိုင်ငံတွင် နက္ခတ် ပညာကို ဦးစားမပေးတော့သော ကာလ များသို့ ရောက်လာ သောအခါတွင်- မိဘအချို.သည်- မွေးချိန်ကို ဂရုပြုရမည့် အစား၊ “မွေးနေ့- နှင့် မွေးရက် သိယင် ဗေဒင် တွက်လို့  ရတာပဲ” ဟု ထင်မှတ် လျှက်- သိပ်တိတိကျကျ အရေးတယူ မမှတ်ကြတော့ပါ။ (နက္ခတ်ပညာ ထွန်းကားစဉ်ကမူ- ခေတ်မီ နာရီ မရှိခဲ့ သော်လည်း- ဗဟိုစည်သံ၊ ဖ၀ါးတိုင် အရိပ် (မြန်မာ့ နေနာရီစနစ်) ၊ ကျေးလက်တောရွာတို့တွင် ကြက်တွန်သံ၊ ထန်းပင် အမြင့် တို့ဖြင့် မှတ်သားခဲ့ ကြသေးသည်။) ဆေးရုံတွင် - ကလေး မွေးစာရင်း အတွက်- ပုံမှန်အားဖြင့် မှတ်သားသော အချိန်မှာ မိခင်၏ ၀မ်းမှ ကျွတ်လွတ် ချိန် ဖြစ်လေ့ ရှိပါသည်။

အမှန်အားဖြင့်- အမိ၏ အသက်ဓါတ်ကို ဖြည့်စွမ်းပေးနေသော ချက်ကြိုး တန်းလန်း နှင့် ကလေးငယ်မှာ လွတ်လပ်သော ဘ၀ တစ်ခု Independent Lifeform တစ်ခု အဖြစ်သို့ မရောက်သေးပါ။ အမိနှင့် ဆက်သွယ်နေသော ချက်ကြိုးကို ဖြတ်တောက်ပြီးမှသာ- ကလေးငယ်သည် “သီးသန့် ဘ၀” တစ်ခု ဖြစ်သွား ပါ၏။ သို့သော်- ထိုသီးသန့် ဘ၀သည်- သက်ဝင် လှုပ်ရှားမှု ရှိပါပြီလား၊ ကလေးငယ် သည် သန္ဓေသား ဘ၀မှာ လ, ရင့် ကတည်းက- နှလုံးခုန် ခဲ့သော်လည်း- မိခင်၏ ၀မ်းမှ ကျွတ်လွတ် ပြီးပြီးချင်းတွင် အသက်မရှူသေးပါ။ “အူဝဲ ..” ဟူ၍ စတင်ငိုကြွေးလိုက်ချိန်၊ တနည်းအားဖြင့် ပထမဆုံး ထွက်သက် ကို စတင် လိုက်ချိန်သည် ကလေးငယ် တစ်ယောက် လူ့လောကသို့- ကိုယ်ပိုင် အသက်ဓါတ်ဖြင့် စတင် အသက်ဝင် ချိန်ပင် ဖြစ်တော့သည်။ (လူတို့သည်- ထွက်လေဖြင့် အသက်ကို စတင်၍၊ ၀င်လေ ဖြင့် နောက်ဆုံး အသက်ကို ရှူရှိုက် ကြောင်း- စွယ်စုံ ကျော်ထင် ကျမ်းတွင် ဖော်ပြထားသည်။) ထိုအချိန်သည်ကား Independent Life အနေဖြင့် စတင် Activate ဖြစ်သော အချိန်ပင် ဖြစ်တော့သည်။ မှန်ကန် တိကျသော- နက္ခတ်ပညာအတွက်- လူတစ်ယောက်၏ ဘ၀ အစ- ကို တွက်ချက် ရမည့် ဇာတာ အချိန်မှန်ကား ဤ စတင်ချိန်ပင် ဖြစ်တော့သည်။

နက္ခတ်ပညာရှင် တစ်ယောက် မှ မိဘလောင်းလျာတို့အား- “ဤနေ့ ဤအချိန်သည်- ကလေး မွေးဖွားရန် ကောင်းသော အချိန်အခါ” ဟု သတ်မှတ် ပေးသည် ဆိုပါအံ့၊ သူသတ်မှတ်ပေးသော အချိန်သည်- ခွဲစိတ် မွေးဖွားရန် ပြုလုပ်သော အချိန်အခါသာ ဖြစ်နေပြီး၊ အမှန်တကယ် အောင်မြင်စွာ ခွဲစိတ် ပြီးစီးချိန်၊ ကလေးငယ် စတင် အသက်ဝင် ချိန် (ပထမဆုံး ထွက်သက်) ဖြစ်နိုင် ပါမည်လား။ မွေးချိန် ၅-မိနစ်ခန့် ကွာခြားသော အမွှာညီအကို၊ ညီအမ များ အားလုံးတို့ ပင်လျှင်- ရုပ်ချင်း ဆင်သည်က လွဲ၍၊ စိတ်ဓါတ်ခြင်း၊ စရိုက်ခြင်း၊ ၀ါသနာခြင်း၊ ဘ၀ အောင်မြင်မှုခြင်းတို့ တူညီကြပါသလား။ ဇာတာခွင်တွင် ရာသီချင်း တူပါက- ဆင်တူသော ရုပ်နှင့် စရိုက်တို့ ရှိနိုင်သော်လည်း- လဂ်အံသာ ကွဲပြားသွားလျှင်- ဖြစ်ရပ်တို့ ကွဲပြား သွားခြင်း၊ စန်း (တနင်္လာ) အံသာ ကွဲပြား၍ မတူညီသော နက္ခတ်တို့နှင့် ယှဉ်နေလျှင်- စိတ်ဓါတ်ချင်း ကွဲပြား သွားခြင်း၊ စောင့်ရင်း ဒသာချင်း မတူတော့သောကြောင့်- ကံကြမ္မာ အနိမ့်အကျ ဖြစ်ရပ်တို့ အချိန်ကာလ ကွာခြား သွားခြင်း တို့ကို နောက်ပိုင်း သင်ခန်းစာများတွင် မြင်ကြရပါမည်။

ဤ အချက်ကို ပေါင်းစည်း ဆက်စပ် ဆင်ခြင် နားလည်နိုင်မည် ဆိုလျှင်- မိမိတို့အနေဖြင့် ကံကြမ္မာကို တစ်ပါတ်ရိုက် နိုင်ပါသလား ဆိုသည်ကို သိနိုင် လောက်ပါပြီ။ နောက်ဆက်တွဲ အနေဖြင့် ဆရာဘဲလား လေဘာတီ ရေးသားသော “နေ့ရက် အချိန်ရွေးပြီး သားသမီး ရတနာ ခွဲမွေးယူခြင်းကို လုံးဝရှောင်သင့်” ဆိုသော ဆောင်းပါးကို ဖတ်ကြည့် စေလိုပါသည်။ လွန်စွာ တန်ဘိုး ရှိသော ဆောင်းပါး တစ်စောင် ဖြစ်ပါသည်။ http://www.younggun.co.cc/2010/06/blog-post_10.html

မွေးချိန် ပြန်လည် ရှာဖွေညှိနှိုင်းခြင်း 

(Birth Time Rectification) အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း- တိကျသော မွေးချိန် ရရှိ ထားမှသာ တိကျသော ဖြစ်ရပ်နှင့် ထို ဖြစ်ရပ်တို့ ပေါ်ပေါက်မည့် အချိန်ကာလ ကို တွက်ချက် ဟောပြော နိုင်မည် ဖြစ်ရာ- လူတိုင်း လိုလို၏ မွေးချိန်ကို ပြန်လည် ညှိနှိုင်း စိစစ်ရန် လိုအပ်လာပါတော့သည်။ မွေးချိန်ကို အတိအကျ ပြန်ရှာသော လုပ်ငန်းသည် အလွန် ခက်ခဲသော- အချိန်များစွာ ယူရသော၊ အလုပ် ဖြစ်သဖြင့်- နိုင်ငံခြား ပညာရှင်များသည် ထိုသို့ပြန်ရှာပေးခြင်းကို ပုံမှန်ဟောပြောခြင်း ထက် အဆများစွာ ပို၍ အခ ကြေးငွေ သတ်မှတ် ထားကြသည်။ ကွန်ပျူတာ စနစ်ဖြင့် ပြန်ရှာခြင်း သည်လည်း- သုံးစွဲသော စနစ်ကို မူတည် နေသဖြင့် မွေးချိန်ကို တိကျစွာ ပြန်ရှာ ပေးနိုင်သည်ဟု ကြော်ငြာထားသော လက်ရှိ ကွန်ပျူတာ ဆော့ဖ် ၀ဲယား များ အနေဖြင့် လည်း စိတ်ချ အားကိုး ရနိုင်သော အနေအထားတွင် မရှိသေး။

ထိုသို့ မွေးချိန်ကို ပြန်ရှာရာတွင်- ဇာတာရှင်၏ ဥပဓိရုပ်သွင်၊ အကျင့်စရိုက်၊ တို့- ကိုက်ညီသွားပါက မွေးချိန်မှန် ရပြီဟု အစောတလျင် ၀မ်းမသာ ပါနှင့်ဦး၊ လဂ်တည်သော ရာသီ အနေအထား မှန်ကန် အဆင်ပြေ သွားခြင်း မျှသာ ဖြစ်ပါသေးသည်။ ထိုကဲ့သို့ ရုပ်ရည်၊ စရိုက် ကိုက်ညီ ရုံမျှ နှင့်- နောက် ဖြစ်လာမည့် ဖြစ်ရပ်တို့၏ အချိန် ကာလကို အတိအကျ တွက်ချက်ရန် မဖြစ်နိုင်သေးပေ။ အနောက်တိုင်း သာယန စနစ် အရ- အချိန်ပင် သိစရာ မလိုပဲ- တနင်္ဂနွေဂြိုဟ် တည်ရာ တစ်ခုတည်းနှင့် ဇာတာရှင်၏ စရိုက်တို့ကို မှန်ကန်စွာ ဟောနိုင်ကြ သည်ကို သတိပြုပါ။ ရာသီဖွား ဟောကိန်းများတွင် မွေးချိန်မပါ-ပါ။ သို့သော်လည်း- ထိုဟောကိန်း တို့ဖြင့်ပင် ကမ္ဘာပေါ်တွင် တနေ့တည်း မွေးဖွားသော ဇာတာရှင် တို့၏ တစ်လချင်း၊ တစ်နှစ်ချင်း ဟောချက်များ ထုတ်ပြန်နိုင်ခြင်း သည် စိတ်ဝင်စား စရာ ကောင်းလှပါသည်။ ပညာရှင်၊ ၀ါသနာရှင် တို့ ချင့်ချိန်ရန် ဖြစ်သည်။

နောင်ဖြစ်လာမည့် ဖြစ်ရပ်တို့၏ အချိန် ကာလ ကို သိနိုင်ရေးအတွက်- လဂ်နှင့် စန်းတို့၏ နေရာ အတိအကျကို သိရန် လိုပေရာ- ထိုနေရာများကို သိနိုင်ရေး အတွက်- ပြီးခဲ့သော ကာလတို့တွင် ဇာတာရှင် အနေဖြင့် ကြုံတွေ့ ခဲ့ရသော ထင်ရှားသော ဖြစ်ရပ်များ၊ ဖြစ်ပျက်မှုတို့ မှ ပြန်လည် ညှိနှိုင်း တွက်ချက်ရသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့သော ကာလ တို့တွင် မည်သည့် ဒဿာ များ စီးနင်းနေသနည်း၊ မည်သည့် ကောဇာ ဂြိုဟ်များက လွှမ်းမိုးမှု ရှိနေ သနည်း တို့ကို အချိန်ကုန်ခံ ပြန်တွက် ရသဖြင့်- ဤကိစ္စသည်- နက္ခတ်ပညာရှင်တို့ အနေဖြင့် လွန်စွာ ပင်ပန်း သော၊ လွန်စွာမှ ပညာ ပါသော အလုပ် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ အသေးစိတ် ဖြစ်ရပ်တို့ကို ပြန်မတွက်နိုင်လျှင်သော်မှ- MOTAA နက္ခတ် ပညာရှင်သည်- ဇာတာဖွဲ့ ပြီးနောက်- အနည်းဆုံး အဆင့် ဇာတာရှင်၏ ဥပဓိ ရုပ်နှင့် စရိုက်တို့ကို ဇာတာနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှ ဟောပြော မည် ဆိုပါက - ပို၍ မှန်ကန်သည်ကို တွေ့ရ ပါလိမ့်မည်။ မွေးချိန်ကို သေချာစွာ မစစ်ဆေးပဲနှင့် (တစ်နည်း အားဖြင့် လဂ် မမှန်ပဲ နှင့် -ဝေဒ ယတြာများ ပေးပါက “ပေါ့ စေလိုလို့- ကြောင်ဆေးထိုး၊ ဆေးအတွက် လေး” ဆိုသောအနေအထားသို့ ရောက်သွားပါလိမ့်မည်။ 

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။