အခြေခံကောင်းကင်သဘောတရား (၁)

MOTAA – Astrology Course (Level-1)

အခြေခံ ကောင်းကင်နက္ခတ် သဘောတရား။ (Basic Astronomy)

တစ်ချိန်က မြန်မာပြည်တွင် အသုံးပြုခဲ့သော “သူရိယ သိဒ္ဓန္တကျမ်း” မှာ ဗေဒင် ဟောနည်း၊ပြောနည်း ကျမ်းမဟုတ်ပေ။ ရှေးဟောင်း ဟိန္ဒူပညာ ဖြင့် အာကာသရှိ နေအပါ အ၀င် အခြားသော ဂြိုဟ်တို.၏ ရွေ့လျားသွားလာမှုကို တွက်ချက်သော အာကာသ နက္ခတ္တကျမ်း (Astronomy) ဖြစ်သည်။ ၄င်းကို မြန်မာ တို့က “လက်ရိုးကျမ်း” ဟု ခေါ်တွင် ခဲ့ကြသည်။ သို့သော်လည်း- ရှေးယခင်က ထိုကျမ်းကို လေ့လာသူ အများစု အနေဖြင့် ကျမ်းက ပြောသည့် အတိုင်းကိန်းဂဏန်းတို့ကို ပေါင်း၊နှုတ်၊ မြှောက်၊ စား ပြီးနောက်- တစ်ရက် တာ၊ တစ်နှစ်တာ ဂြိုဟ်တို့၏ တည်နေရာ ကိုတွက်တတ် လာသော်လည်း- ထိုကျမ်း၏ နောက်ကွယ်တွင် ပါဝင်သော Spatial Trigonometry ကို နားမလည်နိုင်ခဲ့ကြ ပေ။

အနောက်တိုင်း ဘုန်းကြီး ဖြစ်သူ - Ebenezer Burgess ဆိုသူက ထိုကျမ်းကို လေ့လာ ပြီးနောက်-ထိုကျမ်း သည်- လွန်စွာ အံ့သြစရာ ကောင်းလောက်အောင်- သိပ္ပံပညာ ရပ်ဖြစ်သည့် တြီဂိုနို မေတြီTrigonometry ကျမ်း ဖြစ်နေ ကြောင်းကို တွေ.ရှိခဲ့ရသည်။ ထို.ကြောင့် သူ.အနေဖြင့် ယခင် ကျမ်းမှ-အပေါင်းအနှုတ်၊ အမြှောက်၊ အစားများ ဖြစ်ပေါ် လာရသည့် မူရင်း သင်္ချာဖြင့် တွက်ချက် ၍ ထိုကျမ်းကို ပြန်၍ပြုစုခဲ့ပြီးနောက်- အိန္ဒိယ တွင်- ခေတ်သစ် သူရိယ သိဒ္ဓန္တ အနေဖြင့် လက်ခံ လာစေခဲ့သည်။

ထို.ကြောင့် ဗေဒင် ဟောပြောလိုသူ တိုင်းသည်- ဂြိုဟ်တို.၏ အနေအထား ကို ကိုယ်တိုင် တွက်တတ်ခြင်းမရှိလျှင် သော်မှ- ထိုအနေအထား တို.နှင့် ကောင်းကင် အနေအထား သဘောတရားကို သိထားသင့် သဖြင့်ဤသင်ခန်းစာကို ရေးသား ရခြင်း ဖြစ်သည်။ သို.သော်လည်း- အာကာသ နက္ခတ္တ (Astronomy) ပညာသည် လည်း အလွန် နက်နဲသော ပညာ၊ အထူးသဖြင့် သင်္ချာ ကျွမ်းကျင်မှု အလွန်လိုအပ်သော ပညာ ဖြစ်သဖြင့် ဗေဒင် ပညာရှင် များအနေဖြင့် သိသင့်သိလောက် အနေအထား မျှလောက်သာ- သင်ခန်း စာတွင် ထည့်သွင်း ထားပါသည်။ အကယ်၍ ထို.ထက်မက-သိချင် လေ့လာလို လိုသူများ ရှိပါက- ဆရာ နျူမာန် ကို ဆက်သွယ်ပါ။


ကောင်းကင် အမှတ်အသား သတ်မှတ်မှု အခြေခံများ


အထက်ပုံတွင် ဖော်ပြထားသည့် အတိုင်း ကမ္ဘာကြီးကို ပထ၀ီ အမှတ်အသား များ အနေဖြင့် လောင်ဂျီတွဒ်မျဉ်းများ၊ လတ္တီတွဒ် မျဉ်းများဖြင့် နေရာပိုင်းခြား ထားပါသည်။ ပထမ ဘယ်ဘက် ပုံတွင် မြင်ရသည့် အတိုင်းလတ္တီတွဒ် မျဉ်းများကို တောင်လတ္တီတွဒ်၊ မြောက်လတ္တီတွဒ် စသည်ဖြင့် သတ်မှတ်ထားရာ- အောက်ဆုံး တောင်ဝင်ရိုးစွန်း တွင် တောင်လတ္တီတွဒ် တန်ဘိုး-၉၀ ဒီဂရီ ရှိ၍၊ အပေါ်ဆုံး မြောက်ဘက် တွင် မြောက် လတ္တီတွဒ် +၉၀ဒီဂရီ ရှိသည်။ အီကွေတာ သည် အလယ်တည့် တည့် တွင် ရှိ၍ ၀ ဒီဂရီ တန်ဘိုး ရှိသည်။ (+ , - တန်ဘိုးမှာတောင်၊ မြောက် အနေအထား ကို ဖေါ်ပြခြင်း ဖြစ်သည်)။ ညာဘက်ပုံ တွင် အနီရောင် ဖြင့် မြင်ရသည်မှာ အနောက် လောင်ဂျီတွဒ် တန်ဘိုးများ ဖြစ်၍၊ ၀-ဒီဂရီ မှနေ၍ -၁၈၀ ဒီဂရီ အထိရှိသလို၊ အပြာရောင် ဖြင့် မြင်ရသည်မှာ- အရှေ.လောင်ဂျီတွဒ် မျဉ်းများ ဖြစ်၍ +၁၈၀- ဒီဂရီအထိရှိသည်။ (+ , - တန်ဘိုးမှာ အရှေ. အနောက် အနေအထား ကို ဖေါ်ပြခြင်း ဖြစ်သည်)။ ဒေါင်လိုက် -၀ ဒီဂရီအမှတ်အသား မှာ- ဂရင်းနစ် မျဉ်းဖြစ်၍၊ ၄င်းသည် အင်္ဂလန် နိုင်ငံ လန်ဒန် မြို့ကို ဖြတ်သန်း ရေးဆွဲထားသည်။ဤနည်းဖြင့် ကမ္ဘာကြီး၏ နေရာ မှန်သမျှကို နေရာ တန်ဘိုးများ သတ်မှတ် ထားခြင်းသည် - ငယ်စဉ် ကသင်ကြား ခဲ့ကြရသော အခြေခံ ပထ၀ီ ဘာသာ အတိုင်း ပင် ဖြစ်သည်။ ယခု ကောင်းကင် စကြာဝဠာ အတိုင်းအတာများကို သတ်မှတ် ရာတွင် လည်း- ထိုအနေအထား နှင့် သဘောချင်း အတူတူပင် ဖြစ်သည်။


နေ၊ လ၊ ကြယ်၊ တာရာ ဂြိုဟ်များ အပါအ၀င်၊ အာကာသ ဟင်းလင်းပြင် ကြီး တစ်ခုလုံးကို အတိုင်း အတာအကန့်အသတ် မရှိသည့် စက်လုံး ကြီး- တစ်ခု အနေဖြင့် ယူဆ လိုက်ပြီးနောက်၊ အီကွေတာ နှင့် အပြိုင်တစ်ပြေးညီ၊ တည်ရှိနေသော မျဉ်းကြီးကို ဟင်းလင်းပြင် အီကွေတာ မျဉ်း အနေဖြင့် လည်းကောင်း၊ အခြားလောင်ဂျီတွဒ်၊ လတ္တီတွဒ် မျဉ်းများကို လည်း သက်ဆိုင် ရာ မျဉ်းတို့ အတိုင်း- အကန့်အသတ် မရှိ ဆက်ဆွဲထားသည် ဟု မြင်ကြည့်လိုက်ပြီးနောက်- ၄င်းတို.ကို ဟင်းလင်းပြင် လောင်ဂျီတွဒ်၊ လတ္တီတွဒ် မျဉ်းများ ဟုသတ်မှတ်လိုက်သည်။ ဤနည်းဖြင့်- သက်ဆိုင်ဂြိုဟ်၊ ကြယ်၊ နက္ခတ် တာရာ တို.၏ တည်နေရာ ကို သတ်မှတ်နိုင်သည်။ဇာတာ တစ်စောင် တွင် ဖေါ်ပြထားသော ဂြိုဟ်တို.၏ အနေအထားမှာ ထိုဂြိုဟ်၏ လောင်ဂျီတွဒ်တန်ဘိုးကို ဖေါ်ပြထားခြင်း ဖြစ်ပြီး၊အနောက်တိုင်း နက္ခတ်ပညာ တွင် Declination ခေါ် လတ္တီတွဒ် တန်ဘိုးကိုပါ-ရန်ဖန် ရန်ခါ အသုံးပြုပါသည်။ မြန်မာတို.အနေဖြင့် လတ္တီတွဒ် တန်ဘိုးကို ဇာတာ တွင် ထည့်သွင်းလေ့ မရှိပဲ၊အမြင်နက္ခတ်ကို လေ့လာခြင်း ဖြင့် ထပ်မံ စစ်ဆေးလေ့ ရှိခဲ့ကြပါသည်။


ကမ္ဘာ လည်ပါတ်ပုံနှင့် နေသွားလမ်းကြောင်း

သို.သော် ကမ္ဘာကြီးသည် တည့်တည့်မတ် လည်ပါတ် နေခြင်း မရှိပဲ၊ ဂျင်တလုံး လည်သကဲ့သို.တိမ်းစောင်း လျက် လည်ပါတ် လျှက်ရှိနေသည်။ ထို့သို့ စောင်း၍ လည်ပါတ် မှုကြောင့်၊ နွေ၊မိုး၊ဆောင်း ရာသီများဖြစ်ပေါ်လာ ရခြင်း ဖြစ်သလို- ရာဟု၊ ကိတ်၊ အာယာန အံသာ စသော ဖြစ်ရပ်များကို ဖြစ်ပေါ် စေပါ တော့သည်။ ဤအချက်သည် အရှေ.တိုင်း ဟိန္ဒူ နက္ခတ်ပညာ နှင့် အနောက်တိုင်း နက္ခတ် ပညာ ကို အဓိက ကွဲပြားသွားစေသည့် အကြောင်းလည်း ဖြစ်သည်။ ၄င်းတို့ အကြောင်းကို နောက်ပိုင်း တွင် ဆက်လက် တင်ပြ ရှင်းလင်းပေးပါမည်။ ကမ္ဘာသည် အနောက်မှ အရှေ.သို. လည်ပါတ် နေသဖြင့် - နေနှင့် အခြားဂြိုဟ် များသည် အရှေ့မှအနောက် သို့ သွားနေသကဲ့သို့ မြင်ရသည်။


ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် စောင်းတိမ်း ၍ လည်ပတ် လျှက်မှ- နေကိုလည်း လှည့်ပါတ် နေလျှက်-ရှိရာ- အောက်ဖေါ်ပြပါ အတိုင်း ကမ္ဘာ၏ ဟင်းလင်းပြင် အီကွေတာ နှင့် နေပါတ် လမ်းကြောင်းတို.သည် တစ်ခု နှင့်တစ်ခု ဖြတ်သန်း သွားသည်။ ထိုသို့သော ဖြတ်မှတ် (၂) ခုကို နွေဦး ရာသီ စ, မှတ်နှင့်၊ ဆောင်းဦး ရာသီ စ, မှတ် တို့ဟူ၍ ခေါ်သည်။


သို.သော်လည်း ထို ဖြတ်မှတ် အမှတ် (၂) ခုတို.သည် တစ်နေရာတည်း တွင် မနေပဲ- ဂြိုဟ်များ သွားရာနှင့်ဆန့်ကျင်ဘက်သို့ အနည်းငယ် စီ ရွှေ.ပြောင်း လာ နေသည်။ ထို့သို့ ရွှေ့ပြောင်းလာ သော အတိုင်း အတာပမာဏ ကို“အာယန အံသာ” တနည်းအားဖြင့် Precession ဟု ခေါ်သည်။ ရာသီဥတုကို မူတည် ထားသောအနောက်တိုင်း ရာသီ ခွင် နည်း (Tropical Zodiac) အရမူ- ထို ဖြတ်မှတ် တို.၏ နေ့စွဲ တို့သည် အောက်တွင်ဖေါ်ပြ ထား သည့် အတိုင်း ရှိနေသည်။ ရွှေ.ပြောင်းခြင်း မရှိသည့် စကြာဝဠာ မှ နက္ခတ်တာရာ တို.ကို မူတည် ၍တွက်ချက်သော အရှေ့တိုင်း နက္ခတ်ပညာ (Sidereal Zodiac) အရမူ- ထိုသို့ ကွာခြား လာသောအတိုင်းအတာကို ပြန်၍ ညှိပေးသည်။ ထိုသို. ညှိပေးခြင်း၊ တနည်း အားဖြင့် ဂြိုဟ်တို.၏ တည်နေရာကိုမပြောင်းလဲသော နက္ခတ်တာရာ တို.ကို မူတည်၍ နေရာပြပေး ခြင်းကို အာယန နှုတ်သည် ဟု ခေါ်သည်။


ထိုကဲ့သို. အနေအထားတွင် ကမ္ဘာ ကြီးကို လိမ္မော်သီး တစ်လုံး သဘွယ် သဘောထား၍ တစ်ခြမ်းခြမ်းကာဖြန့်ချ ကြည့်လိုက်မည် ဆိုပါက- အီကွေတာ (Equator) မျဉ်းနှင့် နေသွား လမ်းကြောင်း (Ecliptic) တို့ကို အောက်တွင် မြင်ရသည့် အနေအထား အတိုင်း မြင်ကြရပါမည်။


ဤအကြောင်းနှင့် ပါတ်သက်၍ နောက်ပိုင်း အခန်းဖြစ်သော- “အရှေ.တိုင်း နက္ခတ် ပညာနှင့် အနောက်တိုင်း နက္ခတ်ပညာ” အခန်းတွင် ဆက်လက်၍ ရှင်းပြထားပါသည်။

1 comment:

Min Naing said...

I can not see above view how can do, how to apply MOTTA member.

Best Regards

Min Naing

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။