စံတော်ချိန် (Standard Time Zone)

MOTAA – Astrology Course (Level-1) 

စံတော်ချိန် (Standard Time Zone)

ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် တစ်နေ့လျှင် တစ်ပါတ်နှုန်းဖြင့် လည်ပါတ်နေသည်။ ထိုအခါ ကမ္ဘာပေါ်တွင် နေထိုင်သူတို့အဘို့ အမြင်အားဖြင့် နေမှကမ္ဘာအား တစ်ရက်လျှင် တစ်ကြိမ် ပါတ်သည်ကဲ့သို့ မြင်ကြရသည်။ ကမ္ဘာ၏ အရှေ့ဘက်ခြမ်း (အင်္ဂလန် နိုင်ငံ -ဂရင်းနစ် Greenwich ၏ အရှေ့ဘက်) နိုင်ငံများသည် နေကို ဦးစွာစမြင်ရပြီး လောင်ဂျီတွဒ်တန်ဘိုး အနောက်ဘက်ရောက်သော နိုင်ငံများအနေဖြင့် နေကိုနောက်ကျပြီးမှ မြင်ကြရသည်။ စက်ဝိုင်းတစ်ခုတွင် တစ်ပါတ်လည်ခြင်းသည် ၃၆၀ ဒီဂရီရှိသည်။ တစ်ဖန် ကမ္ဘာသည် ၂၄-နာရီတွင် တစ်ပါတ် လည်သဖြင့် ၁-နာရီ အကြာတွင် ၁၅-ဒီဂရီ လည်သွားပြီး ဖြစ်သည်။ အောက်တွင် ကြည့်ပါ။ တစ်နည်း အားဖြင့်- မြေပြင် ပေါ်ရှိဒေသ များအနေဖြင့် လောင်ဂျီတွဒ် တန်ဘိုး ၁-ဒီဂရီ ကွာဝေးလျှင်- အချိန်အားဖြင့် ၄-မိနစ် ကွာခြားသည်။ အောက်တွင် ပြထားသည်ကို ကြည့်ပါ။

ပုံတွင် မြင်ကြရသည့် အတိုင်း ကမ္ဘာကြီးအား လောင်ဂျီတွဒ် မျဉ်းများဖြင့် တောင်မှ မြောက်သို့ ပိုင်းခြား ထားသည်။ အင်္ဂလန်နိုင်ငံ ဂရင်းနစ် နှင့် တည့်တည့် နေရာအား ၀-ဒီဂရီ ဟု စတင် သတ်မှတ်ထားရာ- ၄င်း၏ အရှေ.ဘက်ရှိ ဒေသများ အနေဖြင့်- အရှေ.လောင်ဂျီတွဒ်၊ ၄င်း၏ အနောက် ဘက်ရှိ နိုင်ငံများ အနေဖြင့် အနောက် လောင်ဂျီတွဒ် စသည်ဖြင့် အသီးသီး ရှိနေကြသည်။ ထိုနိုင်ငံများ အနေဖြင့်- မိမိတို့ နိုင်ငံ ဒေသအချိန် စံတော်ချိန် သတ်မှတ်ရာတွင်- ပုံမှန်အားဖြင့် သက်ဆိုင်ရာ လောင်ဂျီတွဒ် တန်ဘိုးများ အတိုင်း သတ်မှတ်ထားရသည်။ မြန်မာနိုင်ငံ အား ဖြတ်သွားသော လောင်ဂျီတွဒ် မျဉ်းမှာ အရှေ့လောင်ဂျီတွဒ် ၉၇-ဒီဂရီ၊ ၃၀-မိနစ် မျဉ်းဖြစ်သည်။ ၄င်းအား ဒဿမ ပုံစံဖြင့် ပြပါက ၉၇.၅ ဒီဂရီ မျဉ်း ဖြစ်သည်။
၉၇.၅ ဒီဂရီ x (၂၄ နာရီ /၃၆၀ ဒီဂရီ) = ၉၇.၅ x (၁ /၁၅) = ၆.၅ နာရီ ကိုရရှိသည်။ ၄င်းသည် ဂရင်းနစ် မျဉ်း၏ အရှေ.ဘက်တွင် ရှိနေခြင်းကြောင့် တနည်းအားဖြင့် အင်္ဂလန်ထက်စာလျှင် နေထွက် သည်ကို အယင်ဦးစွာ မြင်တွေ့ရခြင်းကြောင့် မြန်မာနိုင်ငံ နှင့် အင်္ဂလန် နိုင်ငံ၏ အချိန် ကွာခြားမှုမှာ ၆-နာရီ ခွဲ၊ တနည်းအားဖြင့် ၆-နာရီ၊ ၃၀-မိနစ် ဖြစ်သည်။ ဤသည်ကို မြန်မာ စံတော်ချိန် ဟုခေါ်သည်။ ၄င်းသည် ဂရင်းနစ် စံတော်ချိန် Greenwich Mean Time (G.M.T) ထက် ၆.၅ နာရီ စောနေသည်။ ဂရင်းနစ် စံတော်ချိန် (G.M.T) ကို ယခု အခါ (၁၉၇၂-ခုနှစ် နောက်ပိုင်းမှစ၍) ဘီဘီစီ ကဲ့သို့သော အင်္ဂလန် အဖွဲ့ အစည်း တို့မှ လွဲ၍၊ အခြား သော ကမ္ဘာ့နိုင်ငံ အသီးသီး အနေဖြင့် Universal Time Coordinated (U.T.C) ဟုလည်း ပြောင်းလဲ ခေါ်ဆို ကြသည်။

စံတော်ချိန် နာရီ (Standard Time) နှင့် ဒေသ ပျမ်းမျှ နာရီချိန် (Local Mean Time- L.M.T) တို့ မတူညီပါ။ စံတော်ချိန် နာရီ ဆိုသည်မှာ- ထိုဒေသ ကို အုပ်ချုပ် ထားသော အဖွဲ.အစည်းမှ- ထိုဒေသ အပါအ၀င်- ၄င်း၏ နယ်နမိတ် တစ်ခု အတိုင်းအတာ ကို မူတည်၍ သတ်မှတ် ထားသော အချိန် ဖြစ်ပြီး၊ ဒေသ ပျမ်းမျှ နာရီချိန် (Local Mean Time- L.M.T) မှာမူ- ထိုဒေသ တွင် ရောက်ရှိနေသော ဖြစ်နေသော ပျမ်းမျှ အချိန်ကို ဆိုလိုသည်။ ဥပမာ- မြန်မာ စံတော်ချိန်- ည ၈း၀၀ နာရီ ဟု ဆိုရာ၌- မြန်မာ နိုင်ငံ၏ အရှေ.ဘက် တွင် တည်ရှိသော ရှမ်းပြည်တွင်- ဒေသ ပျမ်းမျှ နာရီချိန် အားဖြင့် ၈း၀၀ ကို ကျော်လွန်သွား ပြီ ဖြစ်သော်လည်း၊ အနောက်ဘက် ဖြစ်သော ချင်းပြည်နယ် တွင်မူ ဒေသ ပျမ်းမျှ နာရီချိန် အားဖြင့် ည ၈း၀၀ နာရီ မရောက်သေးပါ။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အရှေ.ဘက်တွင် တည်ရှိသဖြင့်- မြန်မာ နိုင်ငံထက် နာရီဝက် အချိန်စော ပါသည်။ မြန်မာ နိုင်ငံသည် ဂရင်းနစ် စံတော်ချိန်ထက် ၆း၃၀ စော၍- ထိုင်းနိုင်ငံ အနေဖြင့် ဂရင်းနစ် စံတော်ချိန် ထက် ၇း၀၀ စောပါသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရာထူးရှိစဉ်က- ထိုင်းနိုင်ငံ၏ စံတော်ချိန်ကို နောက်ထပ် တစ်နာရီ ထပ်စောရန်- တစ်နည်းအားဖြင့်- စင်္ကာပူ၊ မလေးရှား၊ တရုပ်၊ ဟောင်ကောင်း၊ ဖိလစ်ပိုင် တို့နှင့် အတူတူ ဖြစ်စေရန် UTC +8 နာရီ အဖြစ်ပြုလုပ်ရန် စီစဉ်ခဲ့သေးသည်။ ရည်ရွယ်ချက်မှာ- ထိုင်း စတော့ခ် အိပ်ချိန်းကို ဟောင်ကောင် စတော့ခ် အိပ်ချိန်း နှင့် အတူတူ ဖွင့်နိုင်စေရန် ဖြစ်ပါသည်။ အခြား နိုင်ငံများ ကြားထဲတွင် တည်ရှိ နေသော နိုင်ငံတစ်ခု အနေဖြင့် မိမိနိုင်ငံ၏ စံတော်ချိန်ကို ပြောင်းလိုပါက- အရှေ.ဘက်နိုင်ငံ၊ အနောက်ဘက် နိုင်ငံတို့၏ သဘော တူညီမှု ကိုပါ ရယူပြီး- ၄င်းတို့နှင့်ပါ တွဲဘက် ပြောင်းလဲရမည် ဖြစ်ရာ- မြန်မာ နှင့် ကမ္ဘောဒီးယား တို့မှ- “ယခု အတိုင်းပဲ ကောင်းပါတယ်” ဟု ဆိုသဖြင့် ထိုအစီအစဉ် မဖြစ် မြောက်ခဲ့ရ ဟု ကြားသိခဲ့ရပါသည်။

စင်္ကာပူနိုင်ငံသည် UTC +8 နာရီ ဖြစ်သဖြင့် မြန်မာနိုင်ငံ ထက်စာလျှင်- တစ်နာရီခွဲ စောပါသည်။ ထိုအချိန် သည် မမှန်သော အချိန် (တစ်နည်းအားဖြင့် လောင်ဂျီတွဒ်မျဉ်းနှင့် မကိုက်ညီသော အချိန် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြထားသည်မှာ- လောင်ဂျီတွဒ် တန်ဘိုးအရ- ဖြစ်သင့်ဖြစ်ထိုက်သော အာဆီယံ နိုင်ငံများ၏ စံတော်ချိန် ဖြစ်ပါသည်။
သို့သော် အချို့ နိုင်ငံများသည် - အကြောင်း အမျိုးမျိုးဖြင့်- ၄င်းတို့၏ စံတော်ချိန်ကို အမှန် ဖြစ်သင့်သော လောင်ဂျီတွဒ် တန်ဘိုးနှင့် မတွက်ပဲ- အရှေ.ဘက်ရှိ လောင်ဂျီတွဒ် မျဉ်းတို့ကို လှမ်းယူ သုံးစွဲ တတ်ကြ ပါသည်။ အောက်တွင် ဖော်ပြထားသော ပုံတွင် မှီငြမ်း ပြောင်းလဲလိုက်သော လောင်ဂျီတွဒ် တို့ကို ပြထား ပါသည်။

ထိုအထဲတွင် ထင်ရှားသော ဥပမာမှာ စင်္ကာပူနိုင်ငံ ဖြစ်၍ အောက်တွင် စင်္ကာပူ စံတော်ချိန် အပြောင်းအလဲ တို့ကို ဖော်ပြထားပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။