မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဇာတာ

နက္ခတ်ပညာမှာ လူတစ်ဦးတစ်ယောက်၏ ကံကြမ္မာကို စစ်ဆေးအဖြေရှာသော နည်းဥပဒေသများအပြင် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ကံကြမ္မာကို လေ့လာစစ်ဆေးသော နည်းဥပဒေသ ပညာရပ်များလည်း ရှိပါသည်။ ထိုကဲ့သို့ ပညာရပ်များထဲတွင်မှ ကမ္ဘာမြေအပေါ်ကျရောက်လာသော သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး လူမှုရေးနှင့် ပတ်သတ်သော ဆန်းစစ်မှုပညာများကို ကပ္ပဝေဒင်္ဂဟုခေါ်ဆိုခဲ့ကြကြောင်း မှတ်သားခဲ့ရပါသည်။ ထိုပညာရပ်ကို ကြားဖူးနားဝရှိယုံမျှသာဖြစ်၍ ယခုချိန်ထိ မတီးခေါက်မိပါ။

မြန်မာနိုင်ငံသား နက္ခတ်ဗေဒင်ဝါသနာရှင် တစ်ယောက်ပီပီ မြန်မာနိုင်ငံ၏ ကံကြမ္မာနှင့်ဆိုင်သော ဟောကိန်းများကို သိလိုလှသဖြင့် လက်လှမ်းမီရာဆရာများထံ ချဉ်းကပ်နာယူမှတ်သားခြင်းများ ပြုခဲ့ပါသည်။ သူ့ကျွန်ဘ၀ကျရောက်ခဲ့ရသော နိုင်ငံတစ်နိုင်ငံသောကြောင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်သော အချိန်ကာလဖြစ်သည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဇာတာကို အခြေခံကာ ပြောင်းလဲလာသော ကောဇာဂြိုဟ်စီး ဂြိုဟ်နင်းများ၊ နှစ်တစ်နှစ်၏အစ သင်္ကြန်ကာလ သင်္ကြန်စာများကို အသုံးပြုတွက်ချက်ကြကြောင်းကိုလည်း သိရှိခဲ့ရပါသည်။

နှစ်တစ်နှစ်၏အစ သင်္ကြန်ကျချိန်နှင့်ပတ်သတ်၍ ပိုစ်တစ်ခုတွင် တွက်ချက်ပြထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဇာတာအကြောင်းကိုမူ မဖေါ်ပြခဲ့ဖူးပါ။ ယခုအခါ ဖေါ်ပြစရာအကြောင်းအရာ တစ်ခုပေါ်ပေါက်လာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ စတင်လွတ်လပ်ချိန် 

ဆရာနျူမာန်က ကျွန်တော့်အား မွေးခွန်းတစ်ခု မေးလာပါသည်။
လူတစ်ယောက်၏ ဇာတာကိုတွက်ချင်လျှင် ထိုသူမွေးချိန်ကို မူတည်တွက်ပါသလား နာမည်ပေးချိန်ကို မူတည်တွက်ပါသလား” ဟူ၍ ဖြစ်ပါသည်။ အဖြေကရှင်းပါသည်။

မွေးချိန်ကိုသာ မူတည်တွက်ပါတယ်” ဟုဖြေခဲ့ပါသည်။ နောက်တစ်ခုထပ်မေးလာပြန်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး စရတာ ဘယ်အချိန်လဲ” ဟူ၍ဖြစ်ပါသည်။

၁၉၄၈ ဇန်န၀ါရီလ ၄ ရက် မနက် ၄ နာရီ ၂၀” ဟုဖြေခဲ့ပါသည်။ ထိုအခါ ဆရာနျူမာန်မှ စာတမ်းတစ်ခုပြဿခဲ့ပါတယ်ခင်ဗျာ။

BURMA INDEPENDENCE DOCUMENTS 

 TREATY BETWEEN THE GOVERNMENT OF THE UNITED KINGDOM 
AND 
THE PROVISIONAL GOVERNMENT OF BURMA 
London, 17th October, 1947 

ဟူ၍ခေါင်းစီးပါပြီး၊ Article 15 ခုပါရှိပါတယ်။ အသေးစိတ်ကိုတော့ မဖေါ်ပြတော့ပါ။ ထိုအထဲမှာ အပိုဒ်တစ်ခုမှာမူ

  Independence of Burma 

1. - (1) On the appointed day, Burma shall become an independent country, neither forming part of His Majesty's dominions nor entitled to His Majesty's protection. 
     (2) In this Act, the expression "the appointed day" means the fourth day of January, nineteen hundred and forty-eight. 

ဟူ၍ ပါရှိပါတယ်။
(ဒီစာတမ်းကို ဆရာနျူမာန်ထံ ပေးပို့သူကတော့ ဆရာ၏မိတ်ဆွေ ပေါ်တူဂီ ဗေဒင် ဆရာကြီး ဂျော့်ခ်ျ အိန်ဂျယ်လိုဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဆရာကြီးက ဝေဒ အရှေ့တိုင်းနည်းနဲ့ ပေါ်တူဂီ သတင်းစာမှာ လစဉ်ဟောကိန်းတွေကို ရေးပေးခဲ့ဖူးသူလို့ သိရပါတယ်ခင်ဗျ။)

 ဤအပိုဒ်ကို ကြည့်ယုံမျှပင် မြန်မာနိုင်ငံလွတ်လပ်ရေးသည် ၁၉၄၈ ဇန်န၀ါရီ ၄ ရက် ရောက်သည်တပြိုင်တည်း လွတ်လပ်သည်ဟု ဆိုလိုပါသည်။ မြန်မာနိုင်ငံအတွက် ထိုရက်စွဲ၏အစသည် ယမန်နေ့ည ၁၂ နာရီ (သို့မဟုတ်) ထိုနေ့ရက် မနက် သုည နာရီသာဖြစ်သင့်ကြောင်း ဆရာနျူမာန်မှ ပြောကြားပါသည်။ အများသိကြသော မနက် ၄ နာရီ ၂၀ သည် အလံတင်အခမ်းအနားပြုလုပ်ရာ အချိန်သာဖြစ်ကြောင်းပါ မှတ်သားသိရှိရပါသည်။

နိုင်ငံ၏ဇာတာလုပ်မည်ဆိုလျှင် အချိန်ပင်သိစေဦးတော့ နေရာလည်း လိုအပ်လာပါသည်။ မြန်မာနိုင်ငံ စံတော်ချိန်မျဉ်းတည်ရာ အရှေ့လောင်ဂျီကျု ၉၇ ဒီဂရီ ၃၀ မိနစ်တွင် မူတည်ပါက လတ္တီကျုအရေး စဉ်းစားရပေဦးမည်။ (အလျှားရှည်သောနိုင်ငံများအတွက်မူ စံတော်ချိန်မျဉ်းသည် သတ်မှတ်ရခက်နေမည်ဖြစ်ပါသည်။) ဆရာနျူမာန်ကပင် ညွှန်ကြားပြသသည်မှာ အုပ်ချုပ်မှုပြုရာဒေသဖြစ်သည့်

ရန်ကုန် မြို့တော်ခန်းမ နေရာတည့်တည့် Latitude 16.7833 Longitude 96.166 ဖြစ်သည်ဟုသိရပါသည်။

အဆိုပါအချက်အလက်များအတိုင်း ဇာတာဖွဲ့သော် အောက်ပါအတိုင်း ရရှိပါသည်။

 နိုင်ငံတစ်နိုင်ငံအတိုင်းအတာအားဖြင့် 
၁ နွေသည် အာဏာ၊ ကျော်ဇောမှု၊ လွှမ်းမိုးမှု၊ နိုင်ငံ့ခေါင်းဆောင်၊
၂ လာသည် ပြေရာပြေကြောင်း၊ အများဆန္ဒ၊ ဒီမိုကရေစီ၊ အေးချမ်းသာယာမှု
၃ င်္ဂါသည် စစ်တပ်၊ အတိုက်အခိုက်၊ လက်နက်
၎ ဟူးသည် သံတမန်ရေး၊ အနုပညာကဏ္ဍ၊ စာပေယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး
၅ တေးသည် ကျောင်းသား၊ ပညာ၊ အမြော်အမြင်
၆ ကြာသည် ဆန်ရေစပါး၊ အလှအပ၊ ကျက်သရေ၊
ဝ နေသည် လက်လုပ်လက်စား၊ ပြည်သူ၊ ရဟန်း
၈ ဟုသည် အနှောင့်အယှက်၊ အဖျက်လုပ်ငန်း၊ သူမိုက်၊
၉ ကိတ်သည် ပြဿနာ ဖြေရှင်းရခြင်း၊ ရုန်းထွက်ခြင်း ဟူ၍ အကြမ်းဖျဉ်း မှတ်သားရဖူးပါသည်။

လူတစ်ဦးတစ်ယောက်၏ ဇာတာသာ ဆန်းစစ်ဖူးသော ကျွန်တော့်အတွက် ဤနေ့ဤအချိန် မွေးဖွားသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဒသာစစ်ရပါမူ

4.1.1948 မှ 29.8.1948 အတွင်းတွင် တနင်္လာဒသာစားပါသည်။ ဇာတာတွင် တနင်္လာသည် ၁၁ တန့်အိမ်ရှင်ဖြစ်ကာ လဂ်တွင်လာပူး၍ ၀င်ငွေများနိုင်မည့် သဘောရှိသည်။ သို့သော် အင်္ဂါနှင့် ကိတ်ဂြိုလ် ပါပနှစ်ခု ညှပ်ထားသောကြောင့် ၀င်ငွေအကျိုးမပေးသော မအေးချမ်းနိုင်သော ဇာတာရှင်၏ ဒသာဖြစ်သည်။ (၃ င်္ဂါ၏ သဘာဝနှင့် ၉ ကိတ်၏ သဘာဝတို့က နှောင့်ယှက်ခြင်းဖြစ်သည်။)

29.8.1948 မှ 29.8.1955 အတွင်းတွင် ၃ င်္ဂါဒသာစားပါသည်။ ဇာတာတွင် ၃ င်္ဂါသည် ၈ တန့်နှင့် ၃ တန့်တို့၏ အိမ်ရှင်ဖြစ်သည်။ မူလတြိဂေါဏတည်ရာ ၈ တန့်သဘောအရ သေဆုံးခြင်း၊ သတ်ဖြတ်ခြင်းကို ညွှန်းဆိုလျှက် ဗျာယပျက်စီးခြင်းကို ညွှန်းဆိုသည့် ၁၂ တန့် အတန့်ဆိုးတွင် လာရပ်လေသောကြောင့် ဖျက်စီးမှုအားကြီးသော အတိုက်အခိုက်၊ ထိခိုက်ရှနာဖြစ်စေတတ်သော ဇာတာရှင်၏ ဒသာဖြစ်သည်။

29.8.1955 မှ 29.8.1973 အတွင်းတွင် ၈ ဟုဒသာစားပါသည်။ ဇာတာတွင် ၈ ဟုသည် သေဆုံးခြင်း သတ်ဖြတ်ခြင်း အမွေအနှစ်ဆိုင်ရာ အတန့်တွင်ရပ်ကာ (၁၁ တန့် ၂ တန့် ၄ တန့်တို့ကိုမြင်သောကြောင့်) ဇာတာရှင်၏ ပျက်စီးခြင်း စုဆောင်းမှု အေးချမ်းမှု ဟူသော ကဏ္ဍသုံးခုကိုဖျက်စီးလျှက်ရှိသည်။ ဆုံးဖြတ်ရခက်ခြင်း ပြဿနာပေါင်းစုံတက်ခြင်းများ ဖြစ်ရာကာလဖြစ်သည်။ ၈ ဟုသည် လူမိုက်ကို ညွှန်းဆိုသောကြောင့် လူဆိုးလူမိုက်များနှင့် ကြုံတွေ့ရမည်။

29.8.1973 မှ 29.8.1989 အတွင်းတွင် ကြာသာပတေးဒသာစားပါသည်။ ကြာသာပတေးသည် မူလဇာတာတွင် ၄ တန့်နှင့် ၇ တန့် အိမ်ရှင် ဖြစ်သဖြင့် အေးချမ်းမှုနဲ့ ဆက်ဆံရေးကို ညွှန်းဆိုကာ ၃ တန့် ၀ီရိယအတန့်တွင်ရပ်နေသည်။ အေးချမ်းမှုနှင့် အများနှင့်ဆက်ဆံရေးတွင် တက်ကြွရာကာလဖြစ်သည်။ သို့သော ကြာသာပတေး၏တစ်ဖက်တစ်ချက်တွင် ၉ ကိတ်နှင့် ၁ နွေတို့က ပါပကတ္တရီသင့်လေသည်။ အဖျက်အမှောင့်နှင့် အကြီးအကဲတို့က ဇာတာရှင်၏ ပညာရေးကို နှောင့်ယှက်ကြမည်။

29.8.1989 မှ 29.8.2008 အတွင်းတွင် စနေဂြိုဟ်ဒသာစားပါသည်။ သည်းခံခြင်းကို ညွှန်းဆိုသော စနေဂြိုဟ်သည် မူလဇာတာတွင် ၅ တန့်နှင့် ၆ တန့် အိမ်ရှင်တို့ဖြစ်သည်။ အမြော်အမြင်ပညာနှင့် အတိုက်အခိုက် ရန်ဘက်ကို ညွှန်းဆိုသည်။ မူလတြိဂေါဏအရ အမြော်အမြင်ပညာကိုသာ ယူဆရမည်ဖြစ်သည်။ မူလဇာတာအရ ၀င်ငွေနှင့် စည်းကမ်းဆိုင်ရာ ၁၁ တန့်တွင်ရပ်သည်။ ရပ်တည်ပုံအရ အမြော်အမြင်နှင့် သည်းခံနိုင်စွမ်းတို့သည် ထိန်းချုပ်ခံရမည်။ သို့မဟုတ် စည်းကမ်းမကျဖြစ်မည်။ ထိန်းချုပ်ခံရဖို့ပိုများသည်။ အဘယ်ကြောင့်ဆိုသော မူလဇာတာတွင် စနေအား သူနှင့် သဘာဝမတူသော သောကြာက အမြင်ရှိထားသောကြောင့်ဖြစ်သည်။ 

29.8.2008 မှ 29.8.2025 အတွင်းတွင် ဗုဒ္ဓဟူးဂြိုဟ်ဒသာစားပါသည်။ ဗုဒ္ဓဟူးသည် လဂ်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်သောကြောင့် ဇာတာရှင်၏ခန္ဓာကိုယ် နှင့် အလုပ်အကိုင် လုပ်ငန်းကို ညွှန်းဆိုပါသည်။ မူလတြိဂေါဏရာသီကို ယူဆပါက လုပ်ငန်းအလုပ်အကိုင်ကိုယူရပါမည်။ ဇာတာတွင် ၄ တန့်တွင်ရပ်သောကြောင့် အေးချမ်းသာယာမှုအတွက် ဖြစ်စေမည်။ ၁ နွေနှင့် ၄ ပူးခြင်းသည်၊ ဇာတာရှင်၏ဘ၀တစ်သက်တွင် အမှတ်တရတစ်ခုခုထွန်းပေါက်အောင်လုပ်တတ်သော ဗုဒ္ဓတိကျယုဂ်တစ်မျိုးဖြစ်သည်။ ၁ နွေနှင့် ၄ ဟူးပူးခြင်းသည် အံသာအားဖြင့် တစ်ထပ်တည်းပူးသောကြောင့် ယုဂ်အားဖြင့်ခိုင်မြဲသည်။ သို့သော် ဒသာရှင် ၄ ဟူးသည်ကား ပြင်းထန်သော နေရောင်လွှမ်းခြင်းခံရသည်။ အံသာအားဖြင့် တစ်ထပ်တည်းကျသောကြောင့် နေရောင်ဖုံးသောကြောင့် ဗုဒ္ဓဟူးဂြိုဟ် မတောက်ပနိုင်ပါ။ (တနင်္ဂနွေ၏ ဒသာတွင်ကား ကောင်းကျိုးရနိုင်မည်ဖြစ်သည်။)
ဤအချက်နှင့်ပတ်သတ်၍ မရှင်းလင်းကြသဖြင့် မေးမြန်းကြပါသည်။ တနင်္ဂနွေဒသာဆိုသည်မှာ 29.8.2052 မှ 29.8.2058 အတွင်းကို ဆိုလိုသလို၊ အောက်ဖေါ်ပြပါ 23.11.2014 မှ 29.9.2015 ကိုလည်း ရည်ရွယ်ပါသည်။ ထိုကာလသည် ၄ ဟူးနှင့် ၁ နွေတို့၏ ဆက်စပ်အကျိုးပေးရာ ဗုဒ္ဓတိကျ၏ အစွမ်းကာလဖြစ်သဖြင့် မုချကောင်းကျိုးရမည်ဖြစ်သည်။


29.8.2025 မှ 29.8.2032 အတွင်းတွင် ၉ ကိတ်ဂြိုဟ်ဒသာစားသည်။ ၉ ကိတ်သည် စုဆောင်းမှုဆိုင်ရာ ၂ တန့်တွင်ရပ်ကာ ၅ တန့် ၇ တန့် နှင့် ၉ တန့်တို့ကို မြင်လျှက်ရှိသည်။ ၉ ကိတ်၏ အိမ်ရှင် ၆ ကြာမှာမူ စနေ၏ယှဉ်မြင်ခြင်းခံရသော်လည်း အံသာအားဖြင့်ဝေးသည်။  ၉ ကိတ်သည် ပြဿနာများပေါ်ထွက်ကာ ဖြေရှင်းခြင်းကို ညွှန်းဆိုခြင်းကြောင့် ထိုဒသာသည် ဇာတာရှင်အတွက် စီပွားစုဆောင်းမှုဆိုင်ရာ ပြဿနာများပေါ်ပေါက်ကာ ဖြေရှင်းရခြင်းများ ကြုံရမည်။

29.8.2032 မှ 29.8.2052 အတွင်းတွင် ၆ ကြာဂြိုဟ်ဒသာစားသည်။ ၆ ကြာသည် ၉ တန့်နှင့် ၂ တန့်အိမ်ရှင်ဖြစ်ကာ ၅ တန့်တွင်ရပ်သည်။ ဆင်ယင်တောက်ပမှုကို ညွှန်းသော သောကြာသည် ဇာတာ၏ ကျက်သရေနှင့် စုဆောင်းမှုတို့ကိုပါ ပူးပေါင်းပုံဖေါ်နေပါသည်။ သောကြာရပ်ရာအတန့်သည်လည်း ပညာအမြော်အမြင်ဆိုင်ရာ ၅ တန့်တွင်ရပ်သောကြောင့် ဇာတာရှင်၏ ဥစ္စာစုစောင်းမှုနှင့် တင့်တယ်မှုတို့သည် ပညာအမြော်အမြင်အားဖြင့် တောက်ပလာမည်။ ၆ ကြာမှာ စနေမြင်သော်လည်း မိမိ၏ အိမ်ရှင်မှ ပြန်မြင်ခြင်းသာဖြစ်သောကြောင့် အဆိုးမဟုတ်တော့ချေ။

29.8.2052 မှ 29.8.2058 အတွင်းတွင် ၁ နွေဒသာစားပါသည်။ ၁ နွေသည် ဗျာယ ၁၂ တန့်အိမ်ရှင်ဖြစ်ကာ ဇာတာ၏ ၄ တန့်တွင်ရပ်ပါသည်။ ၁၂ တန့် အတွက်မူ အပေါင်းဖက်ကို ဦးတည်၍ ၄ တန့်မှာမူ ဒုဌာနအိမ်ရှင်လာရပ်၍ပျက်ပါသည်။ အေးချမ်းမှုကိုဖျက်ဆီးကာ အပြောင်းအလဲကို အားပေးသောကာလဖြစ်မည်။ သို့သော် ကောင်းမွန်သော အန္တရဒသာများတွင် သိသာသောအပြောင်းအလဲကို ပေးမည်ဖြစ်သည်။

29.8.2058 မှ 4.1.2068 အတွင်းတွင် ၂ လာဒသာစားပါသည်။ အပေါ်ဆုံးက ဒသာအတိုင်းပြန်ဖြစ်သွားပါသည်။ ဤအတိုင်းပင် ၀ိသောတ္တရီဒသာအတိုင်း နှစ် ၁၂၀ ပြီးတိုင်းထပ်ကျော့နေပါမည်။

အထက်ပါဇာတာတွင် 29.8.2008 မှ 29.8.2025 ကိုလည်း အလယ်ဇယားတွင် ဖေါ်ပြထားပါသည်။ အကြမ်းဖျဉ်းယူဆမည်ဆိုပါက သိနိုင်ပါသည်။ အသေးစိတ်သိလိုပါက ၀ိသောတ္တရီဒသာစနစ်ကို ကြေညက်မှဖြစ်ပါမည်။

မှတ်ချက်။  ။ ယခုကျွန်တော်ဖေါ်ပြသွားသည်မှာ လူပုဂ္ဂိုလ်တစ်ယောက်အတွက်သာ ရည်ရွယ်သောကြောင့် နိုင်ငံ့ကံကြမ္မာဟု မရည်ရွယ်ခြင်း၊ ကောဇာလက်ရှိ ဂြိုဟ်အစီးအနင်းများကို ထည့်တွက်မထားခြင်းနှင့် ၀ိသောတ္တရီမှ ဒသာအန္တရဒသာ ဆက်စပ်ယူဆပုံများထည့်မထားခြင်းစတဲ့ အားနည်းချက်များရှိပါတယ်။ မုချဖြစ်မည်ဟု အာမမခံနိုင်ပါ။

ဤပိုစ့်ကိုဖတ်ခြင်းအားဖြင့် ဗေဒင်ဝါသနာရှင်များ မိမိနိုင်ငံဇာတာအပေါ် အချိန်သတ်မှတ်ပုံအသိတစ်ခုတိုးစေလိုရင်းနဲ့ ပညာရပ်ဆိုင်ရာအယူအဆများထွန်းကားစေလိုရင်း ဖြစ်ပါတယ်ခင်ဗျ။ အချိန်ကာလအပိုင်းများအလိုက်ခွဲစိတ်ကာ ထူးခြားသောအပြောင်းအလဲများကို သုတေသနပြု မှတ်တမ်းထားခြင်းများ ပြုလုပ်ပါရန် တိုက်တွန်းပါသည်ခင်ဗျား။

နက္ခတ်ပညာရှင်များအနေနဲ့လည်း ကျွန်တော့်ဥာဏ်သေးသေးလေးနဲ့ ဝေဖန်မှုပြုထားခြင်းအပေါ် အပြစ်တော်မတင်ဘဲ ဖြစ်သင့်တဲ့ ဇာတာချိန်အတွက် သတိပြုနိုင်ရန် တင်ပြခြင်းသက်သက်သာ ဖြစ်ပါကြောင်း နားလည်ပေးရန် တောင်းဆိုပါသည်ခင်ဗျား။

ကိုပခန်း 
30.10.2010

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။