လက်ရိုး၊ လက်ဆန်း၊ နာမည်ပေး၊ ယတြာ ဆိုကြရာဝယ်(၁)

ဒီပိုစ့်ကိုရေးရတဲ့ အကြောင်းကတော့ ဗေဒင်ဝါသနာပါသူများ လိပ်ခဲတည်းလဲ ဖြစ်တတ်ရတဲ့ ယှဉ်တွဲဆက်နွယ်နေတဲ့ ဝေါဟာရတွေကို ကျွန်တော့်အမြင်လေးနဲ့ တင်ပြပေးချင်ယုံ သက်သက်မျှဖြစ်ပါတယ်။ လက်ရိုး၊ လက်ဆန်း၊ နာမည်ပေး၊ ယတြာ လေးခုလုံးမှာ တစ်ခုမှတော့ ကျွန်တော်ကျွမ်းကျင်တာ မပါဘူးခင်ဗျ။ ကျွန်တော့်ဥာဏ်သေးသေးလေးနဲ့ ယှဉ်တွဲထောက်ပြယုံသက်သက်မျှသာဖြစ်ပါကြောင်း ...

  • ဒီနေ့ဘာနေ့လဲဆိုတာ ...


ဒီနေ့တနင်္လာ ဒီနေ့အင်္ဂါရယ်လို့ သမုတ်ကြတဲ့ ရက်တွေဟာ ဘယ်လိုပေါ်ပေါက်လာကြသလဲဆိုတာသိဖို့ ကောင်းကင်ကို မော့ကြည့်လိုက်ကြပါသတဲ့။ ကမ္ဘာနဲ့ အနီးဆုံး တနင်္လာမှသည်၊ ဗုဒ္ဓဟူးဂြိုလ်၊ ၆ ကြာဂြိုလ်၊ ၁ နွေဂြိုလ်၊ ၃င်္ဂါဂြိုလ်၊ ၅တေးဂြိုလ် ၀နေဂြိုလ်တို့ဟာ အစဉ်လိုက်တည်ကြပါတယ်။ (နေကို ဗဟိုပြုသွားတာကြောင့် တနင်္လာကလွဲရင် ကျန်ဂြိုလ်တွေဟာ ကမ္ဘာနဲ့နေကြားမှာ လှည့်နှိုင်ကြပါတယ်။ သို့သော်ဘဲဥပုံလမ်းများဖြစ်ပြီး၊ ကမ္ဘာနဲ့ ရေပြင်ညီ ပတ်တာမဟုတ်တာကြောင့် နေ့ထက်ဝေးတဲ့ ဂြိုလ်များရှိခြင်းကိုတော့ နားလည်နိုင်မယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒါကို စသိစဉ်မှာ လက်မခံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ကမ္ဘာမှ ဝေးကွားခြင်းကို အဓိကမထားပဲ မြေပြင်မှ ထောင့်မတ်မျဉ်းမှသည် အလျှားလိုက် ဖြန့်ကျက်ပြီး အများဆုံး တည်နေပုံအရ စဉ်ထားဟန်ရှိပါတယ်။ သူတို့ရဲ့ ကမ္ဘာအပေါ်အကျိုးသက်ရောက်ပုံကို ဒီလင့်မှာ ဖေါ်ပြထားပါတယ်။)


အဲဒီဂြိုလ်တွေကို ဒီလိုစဉ်လိုက်ပါတယ်။ အစဉ်လိုက်လေးတွေပေါ့။
ဝ ၅ ၃ ၁ ၆ ၄ ၂ ၀ ၅ ၃ ၁ ၆ ၄ ၂ ၀ ၅ ၃ ၁ ၆ ၄ ၂ ၀ အဲလို အစဉ်လိုက်လေးရှိစဉ်မှာပဲ မနက်နေထွက်ချိန်မှာ ထွန်းလင်းတဲ့ (အားကြီးတဲ့)  အချိန်တွေကို ကြည့်တော့ တစ်ခုသော မနက်သည် နေပြင်းပြင်းတောက်ချိန်မှာ တစ်ခုသောမနက်သည် နှစ်လိုဖွယ်အဆင်းနဲ့ လသာတယ်။ တစ်ခုသောမနက်သည် ကသစ်ပွင့်လိုနီရဲတဲ့ အင်္ဂါဂြိုလ်ကြီး တောက်ပတယ်။ တစ်ခုသောမနက်သည် ၀ါရွှေအဆင်းနဲ့ ဗုဒ္ဓဟူးဂြိုလ်ကြီးတောက်တယ်။ တစ်ခုသော မနက်သည် ၀ါဝင်းတဲ့ အဆင်းရှိတဲ့ ကြာသာပတေးဂြိုလ်ကြီးတောက်ပါတယ်။ တစ်ခုသောမနက်သည် ကြေးဖြူရောင်အဆင်းနဲ့ သောကြာဂြိုလ်ကြီးတောက်ပတယ်။ တစ်ခုသောရက်မှာတော့ စနေဂြိုလ်ကြီးတောက်ပတယ်ဆိုပြီး သတိပြုမိရာက ကြည့်လိုက်တော့ စောစောကတင်ပြလိုက်တဲ့ ဂြိုလ်စဉ်တွေဟာ ၃ လုံးကို တစ်ရက်မျှ တောက်ပတာတွေ့ပါသတဲ့။ ၂ လုံးကျော်လေးယူလိုက်တဲ့အခါမှာတော့ အောက်ကအစိမ်းရောင်လေးနဲ့ ပြထားတဲ့ နေ့ ၇ နေ့ ဖြစ်လာပါသတဲ့ခင်ဗျာ။


၅ ၃ ၆ ၄ ၀ ၅ ၁ ၆ ၂ ၀ ၃ ၁ ၄ ၂

  • တနင်္ဂနွေရှေ့မြောက်ကြုံနေတုံ ခြောက်နှစ်မျှ ဆိုတာ ...
မျက်စေ့နဲ့မြင်နိုင်တဲ့ ဂြိုလ်က ၇ လုံးပါ။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ တို့ဖြစ်ပါတယ်။ သူတို့ကို မုချဓာရဂြိုလ်တွေလို့ခေါ်ပါတယ်။ မျက်စေ့နဲ့ မမြင်ရတဲ့ ဂြိုလ်များစွာရှိပါတယ်။ တနင်္ဂနွေရဲ့သား မန္ဒီဂြိုလ်၊ ၈ဟု၊ ကိတ်ဂြိုလ် လဂ်ဂြိုလ် စသည်တို့ဖြစ်ပါတယ်။သူတို့ကို သာမညဓာရဂြိုလ်လို့ ခေါ်ပါတယ်။ ၃၀ ခန့်ထိရှိတယ်လို့ မှတ်သားရဖူးပါတယ်။ သို့သော် သူတို့ထဲက အရေးအကြီးဆုံး ၈ဟုဂြိုလ်ကို ယူလိုက်ပါတယ်။ (ရာဟုဟာ တကယ်မရှိပါဘူး။ ကမ္ဘာနေလတို့ကို မျဉ်းဆွဲပြီး မျဉ်းနှစ်ကြောင်းစုံမှတ်ကို သိပ္ပံနည်းကျတွက်ချက်ထားတဲ့ ပွိုင့်တစ်ခုဖြစ်ပါတယ်။ သူဟာလည်း ဂြိုလ်တစ်လုံးသဖွယ် သွားလာလှုပ်ရှားလို့ ထည့်စဉ်းစာတာဖြစ်တယ်လို့ မှတ်သားဖူးပါတယ်) ဂြိုလ် ၈ လုံး စုဆောင်းရရှိပါတယ်။


ကောင်းကင်ကို ရာသီလို့ခေါ်တဲ့ အစိတ် ၁၂ စိတ်ရှိပါတယ်။ မြင်နေရတဲ့ ကောင်းကင်မျက်နှာစာကိုချည်းမဟုတ်ပါ။ မမြင်ရတဲ့ တခြားဖက်ခြမ်းအပါအ၀င် တစ်ပတ်လုံးကို စိတ်တာဖြစ်ပါတယ်။ တစ်ရာသီမှာ န၀င်း ၉ ခုရှိပါတယ်။ န၀င်းဆိုတာဘာလဲဆိုတော့ ဘာမှ မဟုတ်ပါဘူး။ ၉ ပုံပုံခြင်းလို့ပဲ အဓိပ္ပါယ်ရပါတယ်။ တစ်ရာသီမှာ ၉ ပုံပုံခြင်းဟာ ဇာတာမှာ သိသာတဲ့ အားတွေ ဖြစ်စေလို့ ထင်ပါတယ်၊ ဒီ ၉ ပုံကို သိပ်ပြီး ကျမ်းတွေမှာ အလေးထားတာတွေ့ရပါတယ်။ တစ်ရာသီမှာ ၉ န၀င်းဖြစ်သွားပါတယ်။ ၁၂ ရာသီမှာ ၁၀၈ န၀င်းရှိပါမယ်။

ဂြိုလ်တွေကို သောမ(နုတာ) နဲ့ ပါပ(ကြမ်းတာ)လို့ ခွဲလိုက်ပါတယ်။ ၂လာ၊ ၄ဟူး၊ ၅ တေး၊ ၆ ကြာတို့ဟာ သောမသဘာဝရှိပါတယ်။  ငြိမ်းချမ်းတဲ့ အဆင်းအရခွဲတာဖြစ်နိုင်ပါတယ်။ ၁နွေ၊ ၃င်္ဂါ၊ ၀နေ၊ ၈ဟု တို့က ကြမ်းတမ်းတဲ့ သဘာဝရှိပါတယ်။

နုသူက ကြမ်းသူထက် ၂ ဆ အချိန်ပေးသင့်တယ်လို့ ရှေးဆရာများ ယူဆကြပါသတဲ့။ 
သောမ=၂xပါပ တစ်ဖန် သောမများ+ပါပများ=၁၀၈ န၀င်း= ၁၀၈ နှစ်။
တစ်ဖန် ၁၀၈ နှစ်ကို သုံးပုံပုံလိုက်ပါသတဲ့ ၃၆ နှစ်ရပါတယ်။ ဘာလို့ ပုံသလဲဆိုတော့ ကျန်တဲ့ ၂ ပုံက သောမက ရမှာမိုလို့ ဖြစ်ပါတယ်။ သူ့ကို ပဒရှာပါတယ်။ ပဒဆိုတာ (square root) ဖြစ်ပါတယ်။ square root(36)= ၆ နှစ်ပါ။ သူ့ကို တနင်္ဂနွေကို ပေးလိုက်ပါတယ်။ နောက်ထပ် ၂ နှစ်စီပေါင်းလိုက်တော့ ပါပတွေဟာ
၁နွေ=၆နှစ်
၃င်္ဂါ=၈နှစ်
ဝနေ=၁၀နှစ်
၈ဟူ=၁၂နှစ် ဆိုပြီး ပါပသက် ၃၆ နှစ်ရပါတယ်။

ကျန်တဲ့ ၇၂ နှစ်ကိုတော့ သောမများဖြစ်တဲ့ ခွဲပေးပါတယ်။ ဘယ်လိုခွဲပေးသလဲဆိုတော့ 
၇၂ ကို ၈ နဲ့စားပါသတဲ့ ၉ နှစ်ရပါတယ်။ ရတဲ့ ၉ နှစ်ကို တနင်္ဂနွေဂြိုလ်သက် ၆ နှစ်ပေါင်းပါတယ်။ ၁၅ နှစ်ရပါတယ်။ တနင်္ဂနွေဂြိုလ်သက် ၁၅ နှစ်ကိုရလာပါတယ်။ ကျန်သောမတွေပါညှိလိုက်တော့
၂လာ=၁၅နှစ်
၎ဟူး=၁၇နှစ်
၅တေး=၁၉နှစ်
၆ကြာ=၂၁နှစ် ဖြစ်လာပါတော့တယ်ခင်ဗျာ။ 
ဒါကို လက်ရိုးမှာ နက္ခတ္တိက ဒသာစနစ်လို့ခေါ်ပါတယ်။ အဲဒီစနစ်ကို ဒီမှာလေ့လာပါခင်ဗျ။

  • ၀ိသောတ္တရီဒသာစနစ်ကဂြိုလ်သက်တွေဟာ ...
ဇာတာဖွဲ့ပရိုဂရမ်တွေက ဂြိုလ်သက်တွေ ပေါ်ပေါက်ပုံဖြစ်ပါတယ်။
စက်ဝိုင်းတစ်ခုကို ၃၆၀ ဒီဂရီလို့ သတ်မှတ်ပါတယ်။ ဗေဒင်မှာတော့ အံသာလို့ ခေါ်ပါတယ်။ ကမ္ဘာတစ်ပတ် ၃၆၀ ဒီဂရီဖြစ်ပါတယ်။  တစ်ရာသီကို ၃၀ ဒီဂရီ(၃၀ အံသာ) ရှိပါတယ်။ ၃၆၀ ဒီဂရီကို ၃၆၀ နှစ်သတ်မှတ်ပါတယ်။ 
ဂြိုလ်တွေကို မုချဓာရ (၇)လုံးအပြင် သာမညဓာရထဲက ၈ဟုနဲ့အတူ ၉ ကိတ်ကိုပါတွဲယူပါတယ်။ ၈ဟုဟာ နဂါးခေါင်းဖြစ်မယ်ဆိုရင် ၉ ကိတ်ဟာ အမြီးရယ်လို့ တင်စားကြပါတယ်။ ၈ဟုဟာ ဖျက်စီးတတ်ရင် ၉ ကိတ်က တည်ဆောက်မယ့်သူပါ။ ဆန့်ကျင်ပေမယ့် အမြဲ အပြန်အလှန်ကြည့်နေတဲ့ ညီအစ်ကိုဆိုပါတော့ဗျာ ဇာတာက ရာသီ ဘာဝ န၀င်းတွေမှာ မျက်နှာချင်းဆိုင်မှာ ရပ်ကြပါတယ်။) ဂြိုလ် ၉ လုံးရလာပါတယ်။

အလှည့်ကျထွန်းလင်းတဲ့ ကြယ်စု ၂၇ စုရှိပါတယ်။ ၂၇ နက္ခတ်လို့ခေါ်ပါတယ်။ ထူးခြားဖြစ်ရပ်တွေ ဖြစ်ပေါ်စဉ်မှာ အဘိဇိနက္ခတ်ပေါ်ပေါက်ထွန်းလင်းကြတယ်လို့ ရှေးလူများမှတ်သားခဲ့ကြပါတယ်။ ထိုနက္ခတ်ဟာ ကောင်းကင်ယံမှာတော့ ဥတ္တရာသဋ်နက္ခတ် နောက်ဆုံး လေးပုံတစ်ပုံနဲ့ သရ၀ဏ်နက္ခတ်ပထမအစလေး ၄ ဃဋီကြားမှာ ကြားတိုးပြီး ထွန်းလင်းတတ်တယ်လို့ မှတ်သားရပါတယ်။ (ဘုရားမြတ်စွာ ပွင့်တော်မူစဉ်က ထိုနက္ခတ်လင်းခဲ့ကြောင်း ကြားဖူးပါတယ်။) အမြဲမပေါ်တာကြောင့် သူ့အတွက် အဟောသီးသန့်မရှိပါ။ မပါမဖြစ်အနေနဲ့ နက္ခတ် ၂၈ လုံး မှတ်သားထားရှိခဲ့ပါတယ်။

ဂြိုလ် ၉ လုံးသည် ၃၆၀ ဒီဂရီကို ခွဲဝေလိုက်လို့ ဂြိုလ် ၉ လုံးသည် ၁၂၀ နှစ်ကိုပြပါတယ်။ နက္ခတ်အားဖြင့်မူ ၂၇ လုံးရှိရာ ဂြိုလ် ၉ လုံးအတွက် ၃ ကျော့ပြန်စေပါတယ်။ ထပ်မံရှင်းပါဦးမည်။ 
ကြတ္တိကာနက္ခတ်မှ ပြုဖ္ဗဖလဂုနီထိ နက္ခတ် ၉ လုံးကို ဂြိုလ် ၉ လုံးကို ပိုင်စေပြီး နှစ်အားဖြင့် ၁၂၀ နှစ် ကိုက်စေပါတယ်။
တစ်ဖန် ဥတ္တဖလဂုနီမှသည် ပြုပ္ဗာသဋ်ထိ နက္ခတ် ၉ လုံးကို ဂြိုလ် ၉ လုံးကို ပိုင်စေပြီး နှစ်အားဖြင့် ၁၂၀ နှစ် ကိုက်စေပါတယ်။
တစ်ဖန် ဥတ္တရာသဋ်မှ ဘရဏီတိုင်  နက္ခတ် ၉ လုံးကို ဂြိုလ် ၉ လုံးကို ပိုင်စေပြီး နှစ်အားဖြင့် ၁၂၀ နှစ် ကိုက်စေပါတယ်။ အားလုံးပေါင်း ၃၆၀ နှစ် ဂြိုလ်ကိုးလုံး ၃ ပြန်စာဖြစ်စေပါတယ်။ အသေးစိတ်ကို ဒီမှာကြည့်ပါ။
အစဉ်လိုက်အားဖြင့်
၁နွေ=၆နှစ်
၂လာ=၁၀နှစ်
၃င်္ဂါ=၇နှစ်
ဖဟု=၁၈နှစ်
၅တေး=၁၆နှစ်
ဝနေ=၁၉နှစ်
၎ဟူး=၁၇နှစ်
၉ကိတ်=၇နှစ်
၆ကြာ=၂၀နှစ်
တို့ဖြစ်ပါတယ်။ နှစ်ခွဲဝေပုံကိုမူ အသေးစိတ် မသိပါ။ မဖတ်ဖူးပါ။

  • လက်ဆန်းကဒသာစနစ်  
လက်ဆန်းမှာ ဂြိုလ်စားသက်ရောက်နဲ့ ဟောကြပါတယ်။ ဂြိုလ်စားသည် သက်တမ်းအတိုဆုံး တနင်္ဂနွေသက် ၆ နှစ်မှသည်၊ သက်တမ်းအရှည်ဆုံး ၆ကြာဂြိုလ်သက် ၂၁ တိုင်အောင် ကြာပါတယ်။ သက်ရောက်ကတော့ ၁ နှစ်တာမျှ ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဂြိုလ်စားသည် အခြေခိုင်သော်လည်း သက်ရောက်မှာမူ ၁ နှစ်တစ်ဂြိုလ်ပုံမှန်ပြောင်းတာကြောင့် ကာလတူလို့ စိတ်ဖြာနည်းမှာ အားနည်းတယ်လို့ ထင်မိပါတယ်။

သို့သော် ဆရာမောက်ရဲ့ စာအုပ်တစ်အုပ်ဖတ်မိချိန်မှာတော့ ရက်အတန်ကြာအောင် မအိပ်နိုင်ဖြစ်ခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်ဘ၀မှာ ပထမဆုံး ဒသာ၊ အန္တရဒသာနဲ့ ပြတ္တန္တရဆိုတာတွေကို ကြားလိုက်လို့ပါပဲ။ ဘာ့ကြောင့်လဲ ထပ်စိပ်တော့ ...

တနင်္လာသားဟာ မွေးစမှ ၁၅ နှစ်တွင်း တနင်္လာ ဂြိုလ်စားတယ်ပေါ့ဗျာ။ အစက ကျွန်တော်သိတာက ၁၅ နှစ်လုံးဒါပဲ စားတယ်လို့ပါ။ အဲဒီ စာအုပ်မှာတော့ ခန့်မှန်းရခက်တဲ့ ကာလတွေနဲ့ ထို တနင်္လာဂြိုလ်စားမှာမှ ကျန်ဂြိုလ်တွေ ၀င်စွက်သေးတယ်လို့ ပြထားလို့ပါ။ အဓိပ္ပါယ်ရောထွေးတဲ့ အဟောတွေ ဆန်းပြားတာတွေ တွေ့လိုက်တော့ ကျွန်တော့်မှာ ကူးလိုက်ရ စဉ်းစားလိုက်ရတာ၊ ဘယ်လိုကာလတွေလဲ ဘာတွေလဲပေါ့။ calculator တစ်လုံးနဲ့ ရှာလိုက်တော့ ဒါတွေသိလာပါတယ်။ မူလဇယားတွေကို အလွတ်ရသွားပါတော့တယ်။ ဒီလိုပါခင်ဗျ။


ဥပမာ။  ။ ၂လာဒသာသည် ၁၅ နှစ် ကြာတယ်ဆိုပါတော့ သူ့ကို ၂လာအပါအ၀င် ကျန်ဂြိုလ်တွေလဲ ခွဲပေးတယ်ခင်ဗျ။ ခွဲပုံကတော့ ထိုဂြိုလ်သက်ကို ၁၀၈ နဲ့ စားတဲ့ အချိုးနဲ့ မြောက်ထားတာပါ။
၂ လာကို ၂ လာပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၁၅/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၃ င်္ဂါပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၈/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၄ ဟူးပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၁၇/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၀ နေပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၁၀/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၅ တေးပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၁၉/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၈ ဟုပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၁၂/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၆ ကြာပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၂၁/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၁ နွေပြန်စားတဲ့ကာလကို တွက်ချင်ရင် ၂လာသက် ၁၅ နှစ်ကို ၆/၁၀၈ နဲ့ မြောက်ပါတယ်။
၂ လာကို ၂ လာစားရင် ၂x၂ လို့ရေးလိုက်ပါ့မယ်။ အသေးစိတ်တွက်ပြပါ့မယ်။
 ၂x၂=၁၅ နှစ်x(၁၅/၁၀၈)= ၁၅x၁၂ လx(၁၅/၁၀၈)= ၁၈၀ လx(၁၅/၁၀၈)= ၂၅ လ= ၂ နှစ် ၁ လ။
၂x၃=၁၅နှစ်x(၈/၁၀၈)=၁၅x၁၂ လx(၈/၁၀၈)= ၁၈၀ လx(၈/၁၀၈)= ၁၃.၃၃ လ=၁ နှစ် ၁.၃၃ လ= ၁နှစ် ၁ လ (၀.၃၃x၃၀)= ၁ နှစ် ၁ လ ၁၀ ရက် 
အစရှိသဖြင့်ပေါ့ဗျာ သူတို့တွေကို ပေါင်းလိုက်ရင်
၂x၂+၂x၃+၂x၄+၂x၀+၂x၅+၂x၈+၂x၆+၂x၁=၁၅ နှစ် ဖြစ်ရပါမယ်။ ဒီကအဟောတွေကို သုံးလို့ ရပါမယ်။

ကျွန်တော်အချိန်ရရင် လက်စန်းဝါသနာအိုးတွေအတွက် ဇယားတွေ တွက်ပေးပါ့မယ်။ လာမေးချိန်မှာ အရံသင့်သုံးနိုင်အောင်လို့ပေါ့ခင်ဗျာ။ 

  • လက်ရိုးကဒသာစနစ်
ဇာတာဖွဲ့ပရိုဂရမ်တွေဟာ ၀ိသောတ္တရီနဲ့ပဲ အဖြေထုတ်ပေးနေတာတွေ့ရပါတယ်။ ဒသာရွေးခန်းဟာ အင်မတန် အရေးကြီးကြောင်း ဖေါ်ပြတဲ့ ကျမ်းဆိုလို့ ဦဒေ၀ိန္ဒရေးတဲ့ ဗေဒင်လင်းရောင်ဦးကျမ်းမှာသာ တွေ့ဖူးပါတယ်။ ဒီပို့စ်တွေမှာ ဖေါ်ပြခဲ့ပြီးပါပြီ။
အနည်းအကျဉ်းပြန်ဖေါ်ပြပါ့မယ်။
ဝိသောတ္တရီစနစ်ကို အသုံးပြုရမယ့်သူများကတော့ လဆန်းရက်မှာမွေးပြီးညဖွားတဲ့သူတွေနဲ့ လဆုတ်ရက်မှာမွေးပြီးနေ့မွေးသူတွေဖြစ်ပါတယ်။ လဆန်းလဆုပ်နဲ့ နေ့ညဖွားဆိုတာ သေချာသိမှ ဖြစ်မှာမို့ အသေးစိတ်ထားပါတယ်။ လဆန်း ၁ ရက်နေ့မွေးယုံမျှနဲ့ လဆန်းဖွားမဟုတ်ဘဲ လဆုပ်ဖွားဖြစ်နေတတ်ကြောင်းပြဆိုထားပါတယ်။
  
အသေးစိတ်ကို လင့်အရဖွင့်ဖတ်ပါ။ 

ဒါကိုကြည့်ခြင်းအားဖြင့် လက်ဆန်းဆရာများသည်လည်း ဒသာသဘောတွေပါ ထည့်သွင်းလေ့လာသင့်ကြောင်းနဲ့၊ လက်ရိုးနက္ခတ်ဆရာများသည်လည်း တနင်္ဂနွေရှေ့မြောက်ကြုံနေတုံ ၆ နှစ်မျှ ဆိုတာကို မမေ့သင့်ကြောင်း သုံးသင့်ပါကြောင်း တင်ပြပါရစေခင်ဗျာ။

ဇာတာဖွဲ့ပရိုဂရမ်ဆရာများသည်လည်း ၀ိသောတ္တရီဒသာမျှတင်မက လက်ဆန်းက ဂြိုလ်သက်အတိုင်းဖြစ်တဲ့ နက္ခတ္တိက ဒသာစနစ်ကိုပါ ထည့်သွင်းရေးဆွဲပြီး၊ ခွဲခြားရ ခက်ခဲနေသူများအတွက် အဆင်ပြေအောင် ဇာတာအရ ဒသာဇယားအသစ်ကိုပါ ရွေးချယ် ဖေါ်ပြမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်မည့်အကြောင်း ကျွန်တော်မျိုးကိုပခန်း တောင်းဆိုလိုက်ပါရစေခင်ဗျာ။

နာမည်ပေး ယတြာနဲ့ ပတ်သတ်လို့ ဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျာ။
ပညာမှန်သမျှမြတ်နိုးလျှက်
ကိုပခန်း

3 comments:

Oak Soe MMTL said...

ကိုပခန်းရေ...

ဒီပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ်။ တော်တော်များများကို အခုမှ သိလို့ပါ။ ဆက်ရေးပါဦးဗျာ...။

Chitsanmaung said...

နေ့သားသမီး ပြီသပုံကို အခုလိုသိရလို့ ကျေးဇူးတင်ပါတယ်ကိုပခန်း ...

်ကိုပခန်း ရဲ့ ကျေးဇူးတွေ ကျွန်တော့ အပေါ် မှာ အများကြီး ပါ

ကိုပခန်း said...

နေ့သားသမီးနဲ့ပတ်သတ်လို့ ဒီပိုစ့်မှာ ပြန်လည်ထည့်သွင်း လိုက်ပါရစေခင်ဗျ။ နေ့တနေ့ရဲ့ မနက်နေထွက် ၂ နာရီခန့် (ဗေဒင်အခေါ် ဟောရာ) မှာသာ အဲဒီနေ့ပိုင်ရှင်ဂြိုဟ်စိုးမိုးပါတယ်။ လူတစ်ယောက်ဟာ မနက်နေထွက်မွေးမှသာ အဲဒီနေ့သားပီသပြီး အခြား မနက်မွေးသူ နေ့သားသမီးနဲ့ ကိုက်တယ်မကိုက်ဘူး၊ တည့်တယ်မတည့်ဘူး ရွေးသင့်ပါတယ်။ မနက်နေထွက် မဟုတ်ဘဲ အခြားအချိန်မွေးရင် အခြားဂြိုဟ်တစ်လုံးလုံးပါ ပြဌာန်းရောစပ် စိုးမိုးသွားပါတယ်။ သို့သော်လည်း တနင်္ဂနွေနေ့မနက်မွေးသူတိုင်း တနင်္ဂနွေသားသဏ္ဍန်ဖြစ်တဲ့ စိတ်မြန်လက်မြန် တက်ကြွသွက်လက်တဲ့ဟန်မျိုး ရှိနေမှာမဟုတ်ပါဘူး။ ဇာတာအရ အားအကြီးဆုံးဂြိုဟ်ကနေ ပြဌာန်းတဲ့ စရိုက်အရ ဖြစ်ရပါတယ်။ ဒါ့ကြောင့် ဘယ်နေ့သားနဲ့ ဘယ်နေ့သား တည့်တယ် မတည့်ဘူး ဆိုတာတွေကြောင့် လွဲသင့်တာလွဲ ကွဲသင့်တာကွဲ မဖြစ်စေဖို့ သတိထားသင့်ပါတယ်ခင်ဗျာ။ နေ့အချင်းချင်း မတည့်သော်လည်း အခြေခံစိတ်ဓာတ်တူညီမှု၊ အခြားသော ပနံတင့်မှု အားမျှခြေများကြောင့် လက်တွဲခိုင်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။