ရာသီခွင်တို့အကြောင်း (၂)

MOTAA – Astrology Course (Level-1) 

ရာသီစရိုက် အမျိုးအစားများ

၁၂-ရာသီခွင်မှ ရာသီတို့ကို စရိုက်သဘာဝအရ အုပ်စုခွဲလိုက်သော် အောက်ပါတိုင်း တွေ့မြင်ရပါသည်။
• စရ ရာသီများ (မိဿ၊ ကရကဋ်၊ တူ၊ မကာရ)။
• ထိရ ရာသီများ (ပြိဿ၊ သိဟ်၊ ဗြိစ္ဆာ၊ ကုမ်)။
• ဒွိဘာဝ ရာသီများ (မေထုန်၊ ကန်၊ ဓနု၊ မိန်)။


စရ ရာသီ

မိဿ၊ ကရကဋ်၊ တူ၊ မကာရ တို့သည် စရ-ရာသီ အုပ်စုတွင် ပါဝင်သည်။ စရ ဆိုသည်မှာ မြန်ဆန်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပြောင်းလဲခြင်းသဘော ရှိခြင်းကိုဆိုလို၍ ထိုရာသီ တို့၏ သဘာဝသည် အရာရာကိုစတင် လုပ်ဆောင်ခြင်း နှင့် သက်ဆိုင် ပါသည်။
မိဿနှင့် တူရာသီ တို့သည် အထက်တွင် ရှင်းပြခဲ့သော ပုံများအတိုင်း နေသွားလမ်းကြောင်းနှင့် အီကွေတာ မျဉ်းတို့ ဖြတ်နေသော နေရာများ ဖြစ်သည်။ (သယာန မူအရ)

သင်တန်းသားတို့အနေဖြင့် နားလည်ထားရမည့်အချက်မှာ ထို ဖြတ်မှတ်ကာလများတွင် နေ့တာနှင့် ညတာ အတူတူဖြစ်သည့်ဆိုသည့် အချက်ဖြစ်ပါသည်။ သို့သော် ကရကဋ်နှင့် မကာရရာသီတို့တွင်မူ နေမင်းအနေဖြင့် ကမ္ဘာ၏မြောက်ဘက် အစွန်ဆုံးနှင့် တောင်ဘက် အစွန် ဆုံးသို့ရောက်နေသော ကာလဖြစ်၏၊ နေသည် ကမ္ဘာ၏တောင်ဘက်ဆုံးတွင် ရောက်နေသောကာလဖြစ်သည့် ဒီဇင်ဘာလတွင် အီကွေတာမှ မြောက်ပိုင်း နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ အင်္ဂလန်၊ နော်ဝေး စသည် တို့တွင် နေထွက် ချိန်သည် မနက် ၉ နာရီ၊ ၁၀-နာရီ-ခန့် မှဖြစ်ပြီး၊ ညနေ ၃-နာရီ လောက်တွင် နေ၀င် သွားသည်။ နေ့တာလွန်စွာတိုပြီး၊ ညတာလွန်စွာရှည်လျားသော ကာလဖြစ်သည်။ ဤအချက်သည် မိဿနှင့် တူရာသီတို့သည် မြန်ဆန်သော အပြောင်းအလဲတစ်ခုကိုတာဝန် ကိုယ်စား ပြုနေသော်လည်း ဘက်ညီမျှတမှု ရှိနေကြောင်းနှင့် ကရကဋ်နှင့် မကာရ ရာသီတို့သည် အစွန်းတရားသို့ ရောက်သွားအောင်အထိ ပြောင်းလဲတတ်ကြောင်း ဖေါ်ပြနေသောအချက် ဖြစ်သည်။

ထိရ ရာသီ

ပြိဿ၊ သိဟ်၊ ဗြိစ္ဆာ၊ ကုမ် ရာသီတို့သည်- ထိရဆိုသော ခိုင်မြဲသည့်၊ အပြောင်းအလဲ မရှိသည့် ရာသီ အမျိုးအစား များ ဖြစ်ကြသည်။ တည်ငြိမ်မှုရှိခြင်း၊ အားကိုးစိတ်ချရခြင်း ဆိုသောသဘောဆောင်သည့် ရာသီများ ဖြစ်ကြသည်။ ထိုရာသီ ရှင်တို့သည် အသစ်တစ်ခုကို စတင်လုပ်ဆောင်ခြင်း အစား- ရှိပြီးသား စနစ်၊ လုပ်ငန်းစဉ် တစ်ခုအား ထိမ်းသိမ်း စောင့်ရှောက်သူများ ဖြစ်သည်။

ဒွိဘာဝ ရာသီ (အချို့က ဒွေးဒဟ ရာသီဟုခေါ်ကြသည်။)

အပြောင်းအလဲလည်းမမြန်၊ ပုံသေ ခိုင်မာမှုကိုလည်းသဘော မထားပဲ၊ အခြေအနေနှင့်အချိန်အခါကို မူတည်တတ်သော သဘာဝရှိသည့် ရာသီတို့ကို ဒွိဘာဝ ရာသီများ ဟု ခေါ်၍ ၄င်းတို့မှာ မေထုန်၊ ကန်၊ ဓနု၊ မိန်ရာသီ တို့ဖြစ်ကြပါသည်။ လိုလျှင် လိုသလို မီးစင်ကြည့် က,မည်ဟု သဘောထားသူတို့မှာ ဒွိဘာဝရာသီရှင်များဖြစ်သည်အသစ်မြင်၍ အဟောင်းအား စွန့်ပစ် ရမည်ကို ၀န်မလေး သူဖြစ်သည်။

ရာသီခွင်တို့နှင့် ဓါတ်ကြီး ၄-ပါး

ဤအခန်းသည် အခြေခံအကျဆုံးနှင့်၊ အရေးအကြီးဆုံး အခန်းဖြစ်သည်။ မည်မျှသော ကျွမ်းကျင်သည့်နည်းစနစ်၊ တိကျသော စနစ်များကို အသုံးပြု၍ ဇာတာတစ်စောင်ကို စစ်ဆေးသည်ဖြစ်စေ သဘာဝဓါတ်ကြီး(၄)ပါး၏ အနှစ်သာရကို လွန်ဆန်၍ မရပါ။ ဤဓါတ်ကြီး ၄-ပါး၏ အနှစ်သာရ အဓိပ္ပါယ်အား- သင်တန်းသားများအနေဖြင့် ဗေဒင်ပညာ ရင့်ကျက်လာသည့်နှင့် အမျှ ပို၍ ပို၍ သဘောပေါက်လာမည် ဖြစ်သည်။

ဤဓါတ်ကြီး လေးပါး၏ အဓိပ္ပါယ်သည် လွန်စွာနက်ရှိုင်းသဖြင့် ရှင်းပြရန် အလွန်ခက်ခဲပါသည်။ ၁၂-ရာသီခွင်အား မီး၊ မြေ၊ ရေ၊ လေ စသည်ဖြင့် ဓါတ်ကြီး (၄) ပါးဖြင့် အုပ်စု ခွဲလိုက်လျှင်-

• မီးဓါတ် ရာသီများ (မိဿ၊ သိဟ်၊ ဓနု)။
• မြေဓါတ် ရာသီများ (ပြိဿ၊ ကန်၊ မကာရ)။
• လေဓါတ် ရာသီများ (မေထုန်၊ တူ၊ ကုမ်)။
• ရေဓါတ် ရာသီများ (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်)။


မီးဓါတ် ရာသီများ (မိဿ၊ သိဟ်၊ ဓနု)

အမှန်အားဖြင့် တေဇောဓါတ်ခေါ် မီးဓါတ်ဆိုသည်မှာ သတ္တ၀ါတို့၏ အသက်ဓါတ်အနေဖြင့် ဦးစွာနားလည်ထားရန် လိုအပ်သည်။ ရှင်သန်မှုကိုပေးသော ဓါတ်ဖြစ်သည်။ ခန္ဓာကိုယ်တွင် ဥသ္မာ တေဇော၊ ဆိုသောကိုယ်ငွေ့ဓါတ်၊ ပါစကတေဇော ဆိုသောအစာချေဖျက် ပေးသောဓါတ် မရှိတော့ခြင်းသည် သေဆုံးခြင်းပင်ဖြစ်သည်။ ရှင်သန်မှု၊ အင်အားတို့ကြောင့် လုပ်ဆောင်မှု များဖြစ်ပေါ်လာသည်။ မီးသည် မိမိသာလျှင်တဟုန်းဟုန်း တောက်လောင် နေသည်မဟုတ် ၄င်းနှင့် ထိစပ်သောအရာများကို သူ့လိုတဟုန်းဟုန်းတောက်လောင် လာအောင် လုပ်နိုင်စွမ်းရှိသည်။ တောက်လောင်နေသော မီးကိုထိန်းသိမ်း ကိုင်တွယ်နိုင်သော်လည်း ဖမ်းချုပ်၍မရ၊ ထိုနည်းတူ လူသတ္တ၀ါတို့နှင့် ပါတ်သက်လျှင် မီးဓါတ်သည် တစ်ရိပ်ရိပ်ကြီးထွားနေသော ရည်ရွယ်ချက်၊ မျှော်မှန်းချက်တို့နှင့် ပါတ်သက်သည်။ တစ်ဖန် မီးလောင်ခြင်းသည်ပျက်စီးခြင်းနှင့်တကွ အားလုံးကို အစမှစတင်ဖန်တီးမှုကို ဖြစ်စေသော အကြောင်းတရားဖြစ်သည်။ မီးသည်ပင် မိတ်ဆွေ၊ မီးသည်ပင် ရန်သူ ဖြစ်သည်။ ထို့ကြောင့် မီးဓါတ်သည် အချောမကိုင်ရသေးသော စွမ်းအင်ဓါတ်ကြီး ဖြစ်သည်။

မီးဓါတ်၏စွမ်းအင်သည် ရည်ရွယ်ချက်၊ မိမိကိုယ်ယုံကြည်မှု၊ ကိစ္စတစ်ရပ်ကိုတိုက်ရိုက် တည့်တိုးရင်ဆိုင်မှု၊ ပွင့်လင်းမှုတို့ကို ဖန်တီးပေးသည်။ ထိုမီးဓါတ် အင်အားများသော သူတို့သည်- ရည်ရွယ်ချက် တစ်ဟုန်ထိုးကြီးမားသည်။ မီးသည် အားလုံးကို ရင်ဆိုင်၍ မိမိသွားရာ လမ်းကြောင်းကို လောင်မြိုက်ဖျက်ဆီးသွားသကဲ့သို့ ထိုသူတို့သည်လည်း မိမိ၏ရည်ရွယ်ချက် လမ်းခရီးတွင် ရှိနေသောအရာတို့ကို မိမိကဲ့သို့ ဖြစ်ရမည်ဆိုသောသဘောဖြင့် တစ်ဆက်တည်းလုပ်ဆောင် သွားတတ်သည်။ ဆိုလိုသည်မှာ အခြားသူတို့အား ဖိအားပေးသွားသည်။ ထိုသူတို့သည် ရက်ရောသောသဘော ရှိသော်လည်း တစ်ချိန်တည်းမှာပင် ငါလုပ်တာအမြဲမှန်သည်။ ငါအနေနဲ့ တောင်းပန်စရာ မလိုဆိုသော သဘောထားလည်း ရှိထားသည်။ မိမိ၏ အရှိန် အ၀ါဦးဆောင်မှု စိတ်ဓါတ်ကြောင့် အများသည် မိမိကိုခေါင်းဆောင် တင်လာရသည်။ အားနည်းချက်မှာ အခြားသူအား အထင်သေးတတ်သည်။ သူများတို့အား မမှီခိုတတ်၊ သူတို့၏ အမြဲမွတ်သိပ်နေသော အစာသည် အောင်မြင်မှုပင် ဖြစ်သည်။ သို့သော် ဖြောင့်စင်း၍၊ ပွင့်လင်းတတ်သော သဘာဝ ကိုဖြစ်စေသည်။ မိမိအား လျစ်လျုရှု ဂရုမစိုက်ခြင်းကို အလွန်မုန်းသည်။ ထို့ကြောင့်လည်း ထိုသို့ကြုံရပါက ကလေးဆန်သော ဇွတ်တရွတ် တုန့်ပြန်မှုတို့ကို ပြုတတ်သည်။ အကျဉ်းချုပ်အားဖြင့် မီးဓါတ်သည် ရည်ရွယ်ချက်၊ ဆန္ဒ၊ စိတ်ရောကိုယ်ပါ အင်အားပြုမှုတို့ကို ကိုယ်စားပြုသည်။

မြေဓါတ် ရာသီများ (ပြိဿ၊ ကန်၊ မကာရ)

ပထ၀ီဓါတ်ဟု ခေါ်သော မြေဓါတ်သည် ရုပ်ဝတ္ထုပစ္စည်းတို့ကို ဖေါ်ပြနေသော သဘောသဘာဝဖြစ်သည်။ ကျွန်ုပ်တို့ပါတ်ဝန်းကျင်တွင် ရုပ်ဝတ္တုများဖြင့် ၀န်းရံလျှက် ရှိသည်။ ၄င်းတို့ကို ကိုယ်တိုင်ထိတွေ့ ကိုင်တွယ်၍ ရသည်။ မြင်နိုင်သည်၊ ကြားနိုင်သည်။ အာရုံ ငါးပါးဖြင့် ခံစား၍ ရနိုင်သည်။ သဘာဝဓါတ်ကြီး ၄-ပါးတို့တွင် မြေဓါတ်သည် အလွယ်တကူ ကိုင်တွယ် ထိမ်းသိမ်း၍ရသော ဓါတ်ဖြစ်သည်။ ထုထည် သတ်သတ်မှတ်မှတ်ရှိခြင်းကြောင့် ခိုင်မြဲသော သဘာဝရှိသည်။ တည်ငြိမ်သောစရိုက်ရှိသည်။ ဘယ်လိုလုပ်ယင် ဘယ်လိုပုံ ဖြစ်မည် ဆိုသည်ကို ကြိုတင် တွက်ဆနိုင်သည်။ ထို့ကြောင့် မြေဓါတ်သဘာဝ ထင်ရှားသူများသည် တိကျခိုင်မာသော သဘောရှိသည်။ သူ့အနေဖြင့် အလွယ် တကူအပြောင်းအလဲ မမြန်တတ်။ ပြောင်းလဲ ရမည်ဆိုလျှင်လည်း သူ့ကြောင့်မဟုတ်၊ သူ့ကိုပြောင်းလဲပေးသူ ရှိသောကြောင့် ဖြစ်သည်။ သူမည်သို့မည်ပုံ ပြောင်းလဲမည်ဆိုသည်ကိုလည်း အလွယ်တကူ တွက်ဆ၍ရသည်။ စည်းကမ်း ရှိခြင်း၊ တိကျခြင်း၊ မပြောင်းလဲ လွယ်ခြင်းသည် သူ၏ သဘာဝ ဖြစ်သည်။

ဓါတ်ကြီး ၄-ပါးတွင်- အခြားသူတစ်ဦးတစ်ယောက်အနေဖြင့် ငါ့ဟာ၊ ငါ့ပစ္စည်းဟု သတ်မှတ်နိုင်သောအရာမှာ မြေပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် မြေဓါတ်သည် ဖန်တီးသူမဟုတ်၊ အခြားသူတစ်ဦး၏ပိုင်ဆိုင်ခြင်း၊ ပုံသွင်းခြင်းကို ခံရတတ်သော မှီခိုဓါတ်သောသဘော ရှိသူဖြစ်သည်။ သို့သော် မြေဓါတ်သည် အလွယ်တကူ ပျောက်ပျက်လွယ်သော သဘောမရှိ၊ ထိုသူတို့သည်
ရောက်သည့် နေရာတွင် ရောက်သည့်အတိုင်း တည်ရှိ နေတတ်သည်။ လက်တွေ့ဘ၀ အောင်မြင်မှုများတွင် ခိုင်မာသောဆုံးဖြတ်ချက်နှင့် အစဉ်မပြတ် ကြိုးစားမှုသည်ဟုန်းကနဲ ထ,တောက်သော ကောက်ရိုးမီးထက် ပို၍အရေးပါသောကြောင့် ထိုသူတို့သည် လက်တွေ.ကျကျ ကြိုးစားအားထုတ်မှု၊ အစဉ်မပြတ်သတိရှိမှု၊ တည်ငြိမ်မှုတို့ကြောင့် အလုပ်တကယ်ဖြစ်အောင် လုပ်သူများဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် မြေဓါတ်သည် တည်ကြည်မှု၊ နှေးကွေးမှု၊ သမားရိုးကျနေလိုမှု တို့ကို ကိုယ်စားပြုသည်။

လေဓါတ် ရာသီများ (မေထုန်၊ တူ၊ ကုမ်)

ပုံပန်းသဏ္ဍာန်လည်း အတိတကျ မရှိသဖြင့် မည်သည့်နေရာကိုမဆို ထိုးဖေါက်ဝင်ရောက်နိုင်စွမ်းရှိသူမှာ ၀ါယောဓါတ်ခေါ် လေဓါတ်ပင်ဖြစ်သည်။ ၄င်းကို ထိမ်းသိမ်း ချုပ်ကိုင်ရန်မှာ ခက်ခဲသော ကိစ္စဖြစ်သည်။ ထိုကဲ့သို့ပင်- တစ်နေရာမှတစ်နေရာသို့ ရုပ်ဝတ္ထု အကောင်အထည် မရှိပါပဲလျှက် အလွယ်တကူ ရောက်သွား နိုင်သောအရာမှာ ဆက်သွယ်ရေး၊ စကား၊ အတွေးအခေါ်၊ စာပေ၊ ဘာသာ ဖြစ်သည်။ စကားသည် လေကို ကြားခံပြုလျှက် တစ်ပါးသူ၏ အတွေးအခေါ်၊ တို့ကို အခြားသူထံသို့ ပို့ဆောင်ပေးသည်။ ပေါ့ပေါ့ပါးပါးနှင့် တစ်နေရာမှ တစ်နေရာသို့ သွားနိုင်သော၊ အလွယ်တကူ သူကိုယ်သူပုံသဏ္ဍာန် သင့်တော်သလို အလိုလိုဖြစ်သွားသော လေဓါတ်သည် ထိုဓါတ်အင်အား ကြီးစိုးသောသူများအား အခြားသူတို့ အနေဖြင့် လက်ခံနိုင်သည့် အတွေးအခေါ်၊ ထူးခြားသော အကြံဥာဏ်တို့ကို ပေးနိုင်သူများဖြစ်စေတတ်သည်။

သူတို့တွင် ထူးခြားသော အကြံဥာဏ်တို့ ဖန်တီးနိုင်သော်လည်း အခြားဓါတ်များ နည်းပါးနေပါက မည်မျှအဖိုးတန်သော အကြံဖြစ်ပါစေ သူကိုယ်တိုင် အကောင်အထည်ဖေါ်ဖြစ်မည့်အနေအထားသို့မရောက်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ဓားမဦးချ၊ ဇောက်ချ၍လက်တွေ့ လုပ်တတ်သော မြေဓါတ်သမားတို့နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သို့သော် သူတို့၏ အကြံဥာဏ်သည် ထိုအကြံဥာဏ် ရလာလျှင် တစ်ရှိန်ထိုး စတင်တတ်သည့် မီးဓါတ်သမားတို့အတွက်ကား အင်အားပင် ဖြစ်တော့သည်။
အကျဉ်းချုပ်အားဖြင့် လေဓါတ်သည် အမြဲလှုပ်ရှားနေမှု၊ သက်သက်တို့ကို ကိုယ်စား ပြုသည်။

ရေဓါတ် ရာသီများ (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်)

လက်တွေ.မပါသော အတွေးအခေါ် မြေဓါတ်ကိုပုံသွင်း၍ ရသကဲ့သို့ အလွယ်တကူ ဖမ်းချုပ်သယ်ဆောင်၍ ရသော အခြားဓါတ်မှာ အာပေါဓါတ်ခေါ် ရေဓါတ်ပင် ဖြစ်သည်။ ရေပုံးနှင့်လည်း မိုးရေကို ခံ၍ရသကဲ့သို့ ရေပန့်ဖြင့်လည်း ဖမ်းချုပ်၍ တစ်နေရာမှတစ်နေရာသို့ ပို့ပစ်၍ ရသည်။ ၄င်းသည်လည်း လေဓါတ်ကဲ့သို့ပင် သင့်လျော်သလိုပုံစံပြောင်းနေ တတ်ပြန်သည်။ သို့သော် အမြဲတမ်းယိုပေါက်ကို ရှာနေသည်။ သူများကပုံးထဲ ထည့်လိုက်သော်လည်း သူ့ကိုသူ Level ပြန်ညှိရန် အမြဲကြိုးစားသည်။ ဓါတ်ကြီး၎-ပါးတွင် အလင်းပြန်နိုင်သော စွမ်းရည်ရှိသော တစ်ခုတည်းသောဓါတ်မှာ ရေဓါတ်ပင်ဖြစ်သည်။ တစ်ဘက်လူ ပြုံးပြလျှင် ရေထဲတွင်ရှိသော သူ့ပုံရိပ်က ပြန်ပြုံးပြမည်။ တစ်ဘက်သူ မဲ့ပြလျှင်လည်း ရေထဲမှ ပုံရိပ်ကပြန်မဲ့ပြမည်ဖြစ်သည်။

ရေဓါတ်သည် ခံစားမှုတုန့်ပြန် ခံစားမှုကိုဖေါ်ပြသောဓါတ်ဖြစ်သည်။ ထိုကဲ့သို့ တုန့်ပြန်ခံစားမှုအတွက် တမင်လုပ်ယူခြင်း မဟုတ်ပဲ အလိုလို တုန့်ပြန်ခံစားရခြင်း ဖြစ်သည်။ ရေဓါတ် အားများသူများသည် အခြားသူတို့၏ ခံစားမှုသူကိုယ်တိုင် ခံစားမှုတို့အပေါ်တွင် အလွယ်တကူ စိတ်ခံစားတတ်ကြသည်။ လက်တွေ့ ဖြစ်နိုင်တာ မဖြစ်နိုင်တာအသာထား၊ စိတ်ထဲမှာ ခံစားရမှုအပေါ်တွင် အလိုလို ဦးစားပေးလျှက်သား ဖြစ်သွားသည်။ သူများတကာကို ဦးစားပေး ချစ်ခင်တတ်သလို သူတို့အပေါ်တွင် တုန့်ပြန်လာမှု ပေါ်တွင်လည်း အလေးထားသူများ ဖြစ်သည်။ အကြောင်းရင်း၊ လက်တွေ့ဖြစ်နိုင်မှုတို့သည် သူတို့အတွက်ခံစားမှုလောက် ပဓာနမကျ ထို့ကြောင့် သူတို့၏ ခံစားမှုကို အနုပညာတစ်ခုခုဖြင့် ဖေါ်ထုတ်နိုင်ပါက ရေဓါတ်သမားတို့သည် အားလုံးတွင် အကောင်းဆုံး အနုပညာသမားများ ဖြစ်နေတတ်သည်။ အကျဉ်းချုပ်အားဖြင့် ရေဓါတ်သည် ခံစားလွယ်မှု၊ တုန့်ပြန်မှု၊ အေးချမ်းစွာ နေတတ်မှုတို့ကို ကိုယ်စားပြုသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။