ဘယ်လိုစီးပွားဖြစ်မှာလဲ

လူတစ်ယောက်ရဲ့ စီးပွားဖြစ်ပုံကို “ဗေဒလင်းရောင်ဦးကျမ်း” မှထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။

ဇာတာတစ်ဆောင်မှာ စီးပွားရေးနဲ့ပတ်သတ်လို့

  • ၀ီရိယသဘာဝ ၃ တန့်အင်အားရှိမှ လုံးလစိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။
  • ၃ တန့်ကောင်းပါသော်လည်း အမြော်အမြင်သဘာဝ ၅ တန့်မကောင်းပါက အကျိုးဖြစ်ထွန်းမည်မဟုတ်ပေ။
  • ၄င်းအပြင် အလုပ်လုပ်ခွင့် ၁၀ တန့်ဘာဝသည်လည်း အရေးကြီးနေပြန်ပါတယ်။ ၁၀ တန့်ကောင်းမှ အလုပ်လွယ်လွယ်ရပါတယ်။
  • ၁၀ တန့်မကောင်းပါက အလုပ်မတည်တန့်ပဲ မကြာခဏရွှေ့ပြောင်းနေရပြန်ပါတယ်။
  • တဖန် ၁၀ တန့်မှ ရေသော် ဒုတိယမြောက် ၁၁ တန့်က အကျိုးအမြတ်ကိုပြလို့ ၁၁ တန့်ကောင်းပါမှ ပုံမှန်ဝင်ငွေရနိုင်ပါတော့တယ်။
  • ရသမျှကိုစုနှိုင်ဖို့ လဂ်မှ ၂ တန့်သည်လည်း အပြစ်ကင်းရပါမယ်။ စုမိတာပေါ့ဗျာ။
  • ငွေကတော့ ရပါရဲ့ စည်းစိမ်ခံခွင့်ရဖို့ ၄ တန့်က အရေးကြီးပြန်ပါတယ်။ ၄ တန့်အိမ်ရှင်များ နိစ်ခံလို့ကတော့ ရသမျှကုန်ပြန်ပါရောဗျာ။
အဲဒီလို ကွင်းဆက်လိုက် စဉ်းစားရပါမယ်တဲ့။

  • ၁၀ တန့်အိမ်ရှင်လေးကိုပဲ ထပ်စိပ်ပြန်တော့
  • ရန်န၀င်းဖြစ်က လုပ်ကိုင်လိုသော်လည်း အလုပ်မရ။
  • နိစ်န၀င်းဖြစ်က ပျင်းတတ်ပါတယ်။
  • မိတ်ကသစ်ဖြစ်က အလွန်အလုပ်လုပ်လိုတတ်တယ်။
  • ဥစ်ဖြစ်က မမျှော်လင့်ပဲ အလုပ်ရပါတယ်။
  • ရန်ခံနေပါက (အလုပ်ရရေး) လူလိမ်ခံရတတ်တယ်။
  • နိစ်ဖြစ်က ဥစ္စာလျော့ပါမယ်။
  • ပါပညှပ်က မြုပ်နှံထားတာဆုံးမယ်။ လူလိမ်ခံရမယ်။
  • ဘာဝအနေညံ့က ဥစ္စာက(သူ့အလိုလို) လူကို စွန့်သွားမယ်။
  • ဘာဝအိမ်ရှင်ညံ့က လူက ပစ္စည်းကို စွန့်မယ်။ ကိုယ်တိုင်က လက်ခံထားနိုင်စွမ်းမရှိတာပါ။
တဖန်မှတ်သားဖို့လိုတာက ဂြိုလ်တစ်လုံးသည် ရာသီစက်မှ ရေတွက်သော် န၀င်းစက်မှာ (၄င်ဂြိုလ်၏) ၆ ၈ ၁၂ တို့တည်သော် ဒုဌာန(မကောင်းသော)န၀င်းစီးတယ်ခေါ်ပါတယ်။
ဂြိုလ်တစ်လုံးသည် ရာသီစက်မှာ (လဂ်မှရေတွက်သော်) ၆ ၈ ၁၂ တို့မှာ တည်၍ န၀င်းစက်မှာ ၄င်းဂြိုလ်၏ ၆ ၈ ၁၂ တို့မှာ ပြန်ရပ်နေပါက မကောင်းခြင်းနှစ်ထပ်ဆင့်၍ ကောင်းခြင်းရောက်ကာ ဒုဌာနပျက်၍ သုဌာန ဂြိုလ်ကောင်းဖြစ်သွားပါတယ်။
  • တဖန် ၁၀ တန့်အိမ်ရှင်ဟာ ရာသီစက်ရန်အိမ်ရပ်ကာ န၀င်းစက်မှာပါ ရန်အိမ်ရပ်(ရန်န၀င်းစီး)ပါက စီးပွားတည်တံ့မှုကို မလိုချင်တဲ့သူပါ။
  • နိစ်အိမ်ရပ် နိစ်န၀င်းဖြစ်က စီးပွားတည်တံ့လိုတယ်။ ဒါပေမယ့် မဖြစ်မြောက်ပါ။
  • ဥစ်အိမ်ရပ် ဥစ်န၀င်းစီးပါက တည်တံလိုတယ် တည်လည်းတည်တံ့တယ်။ မမျှော်လင့်ပဲလည်း အကျိုးဖြစ်ထွန်းပါ့မယ်။
မကောင်းတဲ့ အတန့်လေးတွေကို ပြန်ခွဲမယ်ဆိုရင်
  • ၃ တန့်အိမ်ရှင် နိစ်ဖြစ်က လုပ်သလောက်အကျိုးမများ။ ဥစ်ဖြစ်သော် အကျိုးများ၏။
  • ၆ တန့်အိမ်ရှင် နိစ်ဖြစ်က အတိုက်အခံကို နိုင်ပြီး အကျိုးဖြစ်မယ်။ ဥစ်ဖြစ်က တိုးလိုက်ဆုတ်လိုက်ဖြစ်မယ်။
  • ၁၂ တန့်အိမ်ရှင် နိစ်ဖြစ်က အလုပ်နည်းနည်းလုပ်ကာ အရများမယ်။ ဥစ်ဖြစ်က ဖြစ်ပျက်မှုကို အမြဲရင်ဆိုင်ရတဲ့ ကာယအလုပ်သမားဖြစ်ပါမယ်။
တည်ဆောက်မှုက ၁၀ တန့် ခိုင်မြဲမှုက ၇ တန့်ပါ။
  • ၁၁ တန့် ၇ တန့် နဲ့ ၄ တန့် အိမ်ရှင်တွေအားကောင်းပါက စီးပွါးဖြစ်ထွန်းမယ်။ အားနည်းပါက ကြိုးစားနိုင်မှ အကျိုးကျေးဇူးရမယ့် ဘောဂအလုပ်သမားပါ။
  • ၅ တန့် ၉ တန့်နဲ့ ၁၀ တန့်တို့ ကောင်းပါက ထူးချွန်သော စီးပွါးရေးသမားဖြစ်ပြီး စီးပွါးအရသာကို ခံစားနိုင်ပါလိမ့်မယ်။
  • ၈ တန့်နဲ့ ၁၀ တန့်အိမ်ရှင်တို့ပူးပါက ၈ တန့်အိမ်ရှင်အားပိုကောင်းက ပင်ပမ်းသလောက်အကျိုးကျေးဇူးမများပါ။ ၈ တန့်အားနည်းရင်တော့ ချမ်းသာပါ့မယ်။ ၈ တန့်နဲ့ ၁၀ တန့်တို့ အားပြိုင်နေပါက အောင်မြင်ခြင်းကို တာရှည်စွာမခံစားရသော ဥာဏအလုပ်သမားသာဖြစ်ပါမယ်။
  • ၈ တန့်နဲ့ ၄ တန့်၊ ၇ တန့်နဲ့ ၄ တန့်၊ ၂ တန့်နဲ့ ၄ တန့်၊ ၅ တန့်နဲ့ ၄ တန့်၊ ၉ တန့်နဲ့ ၄ တန့်၊ ၁၁ တန့်နဲ့ ၄ တန့် ပေါင်းသူများကား အလွယ်တကူချမ်းသာကြမယ့်သူများဖြစ်ပါတယ်။
ငွေဘယ်လိုစုမလဲဆိုတာကိုတော့ ဒီလိုပြပါတယ်။
  • ၈ တန့်နဲ့ ၂ တန့်ပေါင်းက မစားမသောက်ပဲ စုပါမယ်။
  • ၃ တန့်နဲ့ ၂ တန့်ပေါင်းက ပြင်းပြင်းထန်ထန်စုပါမယ်။
  • ၅ တန့်နဲ့ ၂ တန့်ပေါင်းရင်တော့ အမြော်အမြင်နဲ့ စုမယ့်သူပါ။
အလွယ် စုမိလျှက်သားရှိမယ့်သူများကတော့
  • ၁၁ တန့်နဲ့ ၂ တန့်ပေါင်းက အပ်နှံလို့စုမိမယ်။
  • ၁၀ တန့်နဲ့ ၂ တန့်ပေါင်းက လွယ်လွယ်နဲ့စုလို့ရလို့ စုမယ်။
  • ၉ တန့်နဲ့ ၂ တန့်ပေါင်းသူက ရိုသေသမှုနဲ့စုမိကြမယ်။
ဂြိုလ်တွေရဲ့သဘာဝက
  • (က) ဘာဝတစ်ခုကို ဂြိုလ်မြင်တယ်ဆိုတာ (ဘာဝကို) ခုံမင်လို့ အထောက်အကူပြုချင်တဲ့သဘော။
  • (ခ) ဂြိုလ်သွားရပ်တာက အိမ်တာဝန်တွေကို ကူချင်လို့။
  • (ဂ) ဘာဝအိမ်ရှင်ကို သွားမြင်တယ်ဆိုတာ သူ့ကို(ဂြိုလ်ကို) ကူချင်လို့ တပ်မက်လို့။
  • (ဃ) အိမ်ရှင်ခြင်း သမ္ဗန္ဒပြုတယ်ဆိုတာ သူတို့ချင်းမိတ်ပြုက သားရင်းနှစ်ပမာကူချင်ပြီး ရန်ရန်ခြင်းဖြစ်က ငြိုငြင်စွာထောက်ပံ့ဖို့ဖြစ်ပါတယ်။
ဆက်လက်ဆန်းစစ်ကြည့်ပြန်တော့
  • ၁၀ တန့်အိမ်ရှင် ၂ တန့်ရပ်လို့ နိစ်န၀င်းစီးထားရင် သူများစုတာ အလွယ်တကူရလို့ ချမ်းသာကြွယ်ဝပါမယ်။
  • ၁၀ တန့်ဘာဝမှာ သောမနေက တည်ငြိမ်၍ သိက္ခာရှိပါမယ်။
  • ပါပနေက ကြမ်းတမ်းထက်မြက်မယ်။
  • နိစ်ဂြိုလ်ရပ်က နှမြောတွန့်တိုတဲ့ ဟန်ပန်မျိုးပေါက်နေတတ်ပါတယ်။
  • ၁၀ တန့်အိမ်ရှင်ဟာ သုဌာန (ကောင်းတဲ့ အတန့်တွေမှာ) ရပ်ပြီး ဥစ်မူ(သို့)ဥစ်န၀င်းစီးရင် ပြိုင်ဘက်ကင်း၍ ချမ်းသာပါ့မယ်။
  • သုဌာနရပ်ပြီး နိစ်(သို့)နိစ်န၀င်းစီးရင် နိမ့်မြင့်မမှန်ဖြစ်တတ်ပါတယ်။
  • ၁၀ တန့်အိမ်ရှင်ဟာ ဒုဌာန (မကောင်းတဲ့ အတန့်တွေမှာ) ရပ်ပြီး ဥစ်(သို့)ဥစ်န၀င်းစီးရင် အထက်မှအောက်သို့ နလန်မထူဖြစ်တတ်ပါတယ်။
  • ဒုဌာနရပ်ပြီး နိစ်(သို့)နိစ်န၀င်းစီးပါက အခက်အခဲများကျော်ကာ တဖြည်းဖြည်းတက်လာပါလိမ့်မယ်။
  • ၁၀ တန့်အိမ်ရှင်ဟာ ပါပကတ္တရီသင့်က အန္တရာယ်များ၍ မလိုသူတွေနဲ့တွေ့ပါမယ်။
  • သောမညှပ်ပါက ကြိုးစားမှုထက် ပိုမိုအောင်မြင်ပါ့မယ်။
  • ၁၀ တန့်ဘာဝကို မအိမ်ရှင်ပြန်မြင်က အသွင်တွေဆင့်ပွားလာပါ့မယ်။ အိမ်ရှင်က မိတ်မှာနေပြီး မိမိအိမ်ကိုမြင်ရင် ဘာဝအခွင့်အရေးရော မိမိအခွင့်အရေးပါပေးပါတယ်။ ရန်မှာနေပြီးပြန်မြင်ရင်တော့ ရပ်ရာဘာဝသဘာဝတွေက နှောင့်ယှက်ပါတော့တယ်။
စီးပွါးလုပ်ငန်းတွေကို ဘယ်လို ရွေးရမယ်ဆိုတာကို ဆက်လက်ဖေါ်ပြပါ့မယ်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။