လက်ဆောင်ရတဲ့ဒသာစနစ် အပိုင်း(၂)

အောက်ပါအတိုင်း အဆင့်ဆင့်ခွဲပြီး တွက်ချက်ပေးလိုက်ပါတယ်ခင်ဗျာ။

(၁) တွက်လိုတဲ့ ရက်ကိုမှတ်ပြီး 17.4.1934 ကိုနှုတ်ပါ။ (ထိုနှစ်က နှစ်သစ်ကို 16.4.1934 က စပြောင်းတာကြောင့် ထိုရက်ကိုသုံးကလည်း ရနိုင်ပါတယ်ခင်ဗျာ။) နှုတ်လဒ်ကို အောက်ပါအချိုးများနှင့် တွက်ပြီး နက္ခတ်ဖွဲ့ပါ။

၁၂ ရာသီ = နက္ခတ် ၂၇လုံး
နက္ခတ် ၁ လုံး = ၄ ပါဒ် ထို့ကြောင့် ၁ ရာသီ = နက္ခတ် ၂ လုံး ၁ ပါဒ် = ၉ ပါဒ်
၁ ပါဒ် = ၁၅ ဃဋီ
၁ ဃဋီ = ၂၄ ရက်
၁ ပါဒ် = ၁၅ ဃဋီ = ၃၆၀ ရက်
နက္ခတ် ၁ လုံး = ၄ ပါဒ် = ၄ နှစ်
၁ရာသီ = ၂လုံး ၁ပါဒ်= ၉ နှစ်

ဥပမာ 28.2.2010 နေ့အတွက် ပဉ္စန်းနက္ခတ်ကို တွက်ကြည့်ပါမယ်။
28.2.2010-16.4.1934=12.10.75 ရပါတယ်။ ရက်ဖွဲ့တော့ 27300 ရက်ရပါတယ်။


နက္ခတ်ဘယ်နှစ်လုံးကျော်ပြီးလဲဆိုတာကိုသိဖို့ နက္ခတ်တစ်လုံးစာ ၄နှစ်( ၁၄၄၀ ရက်) နဲ့စားကြည့်တော့ ရလဒ် ၁၈ အကြွင်း ၁၃၈၀ ရပါတယ်။
နက္ခတ် ၁၈ လုံးနဲ့ ပြည့်ပြီး ၁၃၈၀ ရက်ကျန်ပါသေးတယ်။
ပါဒ်ကိုသိဖို့ ၁ ပါဒ်မှာ ၃၆၀ ရက်ပိုင်တာကြောင့် သူနဲ့စားပါတယ်။ ရလဒ်က ၃ အကြွင်းက ၃၀၀ ရက်ပါ။ ၃ ပါဒ်ကို ကျော်သွားပြန်ပါပြီ။
ကျန်တဲ့ ၃၀၀ ရက်ကို ဃဋီတွက်ချင်တော့ ၁ဃဋီမှာ ၂၄ ရက်ဖြစ်တာကြောင့် ၂၄ နဲ့ ၃၀၀ ကိုစားပါတယ်။ ရလဒ်က ၁၂ အကြွင်းက ၁၂ ဖြစ်တာကြောင့် ၁၂ ဃဋီနဲ့ ၁၂ ရက်ကို ရပါတယ်။

အားလုံးကိုစုလိုက်တော့ 28.2.2010 မှာ ပဉ္စန်းနက္ခတ်သည် နက္ခတ် ၁၈ လုံး ၃ ပါဒ် ၁၂ ဃဋီ ကို ၁၂ ရက်မျှအတိုင်းအတာကျော်တဲ့ အဖြေကိုရလာပါတော့တယ်ခင်ဗျာ။

(၂) ရလာတဲ့ ပဉ္စန်းနက္ခတ်ကို ဇာတာမှ စင်နက္ခတ်နဲ့ ပေါင်းပြီး အာယုစန်းနက္ခတ်ကို တွက်ပါ။

စင်နက္ခတ်တွက်နည်းကိုပါ ထည့်သွင်းဖေါ်ပြပေးပါ့မယ်ခင်ဗျာ။
စင်နက္ခတ်ဆိုတာ ၂နင်္လာဂြိုလ်စီးနင်းတဲ့ နက္ခတ်ကို တွက်တာ ဖြစ်ပါတယ်။ ကျွန်တော်နမူနာပြမယ့် ဇာတာအရ တနင်္လာသည် ၈ ရာသီ ၁၅ အင်သာ ၄၂ လိတ္တာ ၃ ၀ိလိတ္တာတွင် တည်နေသည်ဆိုပါစို့

၁၂ ရာသီမှာ နက္ခတ် ၂၇ လုံးကိုမျှဝေတာကြောင့် စင်နက္ခတ်သည် ဘယ်နက္ခတ်မှာစီးကြောင်း တွက်ဖို့လိုပြီဖြစ်ပါတယ်။

၁၂ ရာသီမှာ နက္ခတ် ၂၇ ရှိပြီး ၁၂ ရာသီသည် ၃၆၀ အင်သာ(ဒီဂရီ) ရှိတာကြောင့် နက္ခတ် ၂၇ လုံးသည် ၃၆၀ အင်သာရှိပါတယ်။ ၁ အင်သာသည် ၆၀ လိတ္တာရှိတာကြောင့် နက္ခတ် ၂၇ လုံးသည် (၃၆၀*၆၀=) ၂၁၆၀၀ လိတ္တာရှိပါတယ်။ ထို့ကြောင့် နက္ခတ် ၁ လုံးသည် လိတ္တာ ၈၀၀ အတိုင်းအတာရှိကြောင်း တွက်ချက်ရရှိပါတယ်။ နက္ခတ်တစ်လုံးမှာ ၄ ပါဒ်မိုလို့ ၁ ပါဒ်သည် ၂၀၀ လိတ္တာနဲ့ညီပါတယ်။ ၁ ပါဒ်မှာ ၁၅ ဃဋီရှိတာကြောင့် ၁ ဃဋီသည် ၁၃.၃၃ လိတ္တာရှိပါတယ်။

တစ်ဖန် တနင်္လာသည် ၈ ရာသီ ၁၅ အင်သာ ၄၂ လိတ္တာ ရှိသည့်အတွက် တွက်ရလွယ်အောင် လိတ္တာဖွဲ့ပါမယ်။

(((၈*၃၀)+၁၅)*၆၀)+၄၂=၁၅၃၄၂ လိတ္တာရပါတယ်။
ရှင်းလိုက်တာကတော့ ၁ ရာသီ ၃၀ အင်သာမိုလို့ ၃၀ နဲ့ မြှောက်တယ်။ ရတာကို နဂိုက ၁၅ နဲ့ပေါင်းတယ်။ စုစုပေါင်းအင်သာကို ၁ အင်သာ ၆၀ လိတ္တာမို့ ၆၀ နဲ့မြှောက်တယ်။ ရတာကို နဂိုက ၄၂ လိတ္တာနဲ့ပေါင်းပါတယ်။ ဒီတော့ ၂ င်္လာရဲ့ ၁၅၃၄၂ လိတ္တာသည် နက္ခတ် ဘယ်နှလုံးကျော်လွန်သွားတယ်ဆိုတာကို သိဖို့ (နက္ခတ် ၁ လုံးနဲ့ညီမျှတဲ့) ၈၀၀ လိတ္တာနဲ့စားပါတယ်။ ရလဒ် ၁၉ က နက္ခတ်လုံးရေးကိုပြပါတယ်။

အကြွင်း ၁၄၂ လိတ္တာရပါတယ်။ ပါဒ်ကို တွက်ချင်တော့ (၁ ပါဒ်မှာ ၂၀၀ လိတ္တာရှိတာကြောင့်) ၂၀၀ နဲ့စားပါတယ်။ မစားလောက်တော့ ၀ ပါဒ်ပေါ့ဗျာ။ ၁ ဃဋီမှာ ၁၃.၃၃ လိတ္တာရှိတာကြောင့် ကျန်ခဲ့တဲ့ ၁၄၂ လိတ္တာကို ၁၃.၃၃ လိတ္တာနဲ့ စားပါတယ်။ ရလဒ် ၁၀ က ဃဋီကို ညွှန်းပါတယ်။ အကြွင်း ၈ လိတ္တာကျန်ပါသေးတယ်။ ဒါကိုတော့ ထည့်မတွက်တော့ပါဘူးခင်ဗျာ။

အားလုံးစုလိုက်တဲ့ အခါမှာတော့ တနင်္လာသည် နက္ခတ် ၁၉ လုံး ၀ ပါဒ် ၁၀ ဃဋီမှာရှိနေတယ်လို့ အဖြေရပါတယ်။
ပဉ္စန်းနက္ခတ်နဲ့ပေါင်းမယ်ဆိုပါက
စင်နက္ခတ် ၁၉ လုံး ၀ ပါဒ် ၁၀ ဃဋီ
ပဉ္စန်းနက္ခတ် ၁၈ လုံး ၃ ပါဒ် ၁၂ ဃဋီ
အာယုစန်းနက္ခတ် ၃၈ လုံး ၀ ပါဒ် ၇ ဃဋီ ရပါတယ်။

၁၀ ဃဋီ+၁၂ ဃဋီ= ၂၂ ဃဋီ = ၁ ပါဒ် ၇ ဃဋီ ။ ၃ ပါဒ် + ၁ ပါဒ် = ၄ ပါဒ် = ၁ နက္ခတ်။ စသည်ဖြင့် ၃၈ လုံးရပါတယ်။ ၂၇ ကိုကျော်နေလို့ ဖြိုလိုက်တဲ့ အခါမှာ အာယုစန်းသည် ၁၁ လုံး ၀ ပါဒ် ၇ ဃဋီ ကိုရရှိပါတယ်ခင်ဗျာ။

(၃) အာယုစန်းနက္ခတ် နှင့် သက်ဆိုင်ရာ ရာသီနဲ့ ညီမျှတဲ့ ကာလအတိုင်းအတာကိုတွက်ပါ။

အာယုစန်းက နက္ခတ် ၁၁ လုံး ၀ ပါဒ် ၇ ဃဋီကတော့ ဟုတ်ပါပြီ။ ဘယ်ရာသီမှာတည်နေလဲ ဆိုတာအရင်တွက်ကြပါစို့ဗျာ။ မိဿရာသီ ၀ အင်သာ ၀ လိတ္တာမှ စပြီး နက္ခတ်ကို ရေတွက်တာကြောင့် ထိုစမှတ်မှာ နက္ခတ် ၂ လုံးနှင့် ၁ ပါဒ် ပြည့်တိုင်း (တနည်းအားဖြင့် ၉ ပါဒ်ပြည့်တိုင်း) ရာသီတစ်ခုကို လွန်မြောက်မှာ ဖြစ်ပါတယ်။

တွက်ရလွယ်အောင် အာယုစန်း နက္ခတ်ကို ပါဒ်ဖွဲ့ပါက ၄၄ ပါဒ် နှင့် ၇ ဃဋီ အတိုင်းအတာရှိပြီဖြစ်ပါတယ်။
၉ ပါဒ်ကို တစ်ရာသီဖြစ်တာကြောင့် ၄၄ ပါဒ် = ၉ ပါဒ် + ၉ ပါဒ် + ၉ ပါဒ် + ၉ ပါဒ် + ၈ ပါဒ် ၇ ဃဋီ = မိဿ + ပြိဿ + မေထုန် + ကရကဋ် + သိဟ် ဖြစ်တာကြောင့် အာယုစန်းသည် သိဟ်ရာသီ အတွင်း ၈ ပါဒ်နှင့် ၇ ဃဋီမျှ ၀င်ရောက်ပြီးနေပါကြောင်း တွက်ချက်ရပါတယ်ခင်ဗျာ။

ဟောပြောရာမှာတော့ ဇာတာ၏ သိဟ်ရာသီ သဘော၊ ရာသီဘာဝမှ အတန့်သဘောတို့ကို ယှဉ်ပြောမှာကြောင့် သိဟ်ရာသီ အတွင်း ဘယ်ချိန်က စ၀င်တယ် ဘယ်တော့ကျ ထွက်မယ်ဆိုတာမျိုးကိုလည်း သိထားသင့်ပါတယ်။

၂၈.၂.၂၀၁၀ တွင် သိဟ်ရာသီအတွင်း ၈ ပါဒ်နှင့် ၇ ဃဋီရှိနေပါသောကြောင့် အာယုစန်းသည် လွန်ခဲ့သော ၈ ပါဒ်နှင့် ၇ ဃဋီမှ စပြီး နောင် ၈ ဃဋီတိုင် တည်နေမှာဖြစ်ပါတယ်။ ဒါကတော့ ရှင်းပါတယ်ခင်ဗျာ။ ၉ ပါဒ်ဆို ၁ ရာသီပြည့်ပြီး ကန် ဘက်ကို ကူးမှာကြောင့် ၈ ဃဋီမျှ လိုသေကြောင်း အလွယ်တကူသိရတာဖြစ်ပါတယ်။

ကာလများအနေနဲ့ လွန်ခဲ့သော (၈ ပါဒ် ၇ ဃဋီ = ၈ နှစ် ၁၆၈ ရက် =) ၈ နှစ် ၅ လ ၁၈ ရက် မှသည် နောင် (၈ ဃဋီ = ၈*၂၄ = ၁၉၂ ရက် =) ၆ လ ၁၂ ရက် ထိ သိဟ်ရာသီမှာ ရှိပါ့မယ် ခင်ဗျာ။

ရက်စွဲအားဖြင့် ဆိုပါမူ 10.9.2001 မှသည် 10.9.2010 တိုင်အောင် သိဟ်ရာသီမှာ ရှိနေမှာဖြစ်ပါတယ်ခင်ဗျာ။

(၄) စားန၀င်းရပ်ရာရာသီဘာဝ နှင့် သက်ဆိုင်ရာ ကာလကို တွက်ပါ။

အာယုစန်းသည် ၁၁ လုံး ၀ ပါဒ် ၇ ဃဋီ ရှိရာမှာ နက္ခတ်လုံးရေကို ၃ နဲ့ စားပါတယ်။ ၂ ခု ကြွင်းပါတယ်။ စတင်ရေတွက် ရမယ့်ရာသီကို အာယုစန်းရပ်ရှာ သိဟ်ရာသီရဲ့ ရှေ့တစ်ခွင်ဖြစ်တဲ့ ကရကဋ်က စရေပါမယ်။ ရေတွက်ရာမှာလည်း ကရကဋ်ကချည်းမဟုတ်ဘဲ သူနဲ့ တြိဂေါဏကျရာ (၁၂၀ ဒီဂရီကျရာ) ရာသီများဖြစ်တဲ့ ဗြိစ္ဆာရာသီနဲ့ မိန်ရာသီများကို လည်း ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။
၃ နဲ့ စားလို့ အကြွင်းသည် ၀ ဖြစ်က ကရကဋ်က စရေပါမယ်။ ၁ ခုကြွင်းရင် ဗြိစ္ဆာက စရေပါမယ်။ ၂ ခုကြွင်းရင် မိန်က စရေပါမယ်။ ၂ ခုကြွင်းလို့ မိန်က စရေမှာဖြစ်ပါတယ်။ ရေရမယ့် အရေအတွက်နဲ့ ပုံစံလိုနေပါသေးတယ်ခင်ဗျာ။ အာယုစန်းသည် ၀ ပါဒ် ၇ ဃဋီဖြစ်တာကြောင့် ပါဒ်အားဖြင့် ၁ ပါဒ်လို့ ပြောနိုင်ပါတယ်ခင်ဗျာ။ အရေအတွက်သည် ၁ ရေရမှဖြစ်ပါတယ်။

ရေပုံရေနည်းမှာတော့ မိန်မှ စပြီး မိဿကို ၁ ၊ ပြိဿကို ၂ လို့ ရေတွက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိဿ ရာသီမှာ ဖွားန၀င်းတည်နေတယ်လို့ တွက်ချက်လို့ ရပါတယ်။

မှတ်ချက်။ ။ဒီမှာ ရေတွက်ပုံက အခြား အတန့်ရေတွက်ပုံများနဲ့ မတူပဲ ၁ ခုလိုနေသလို ထင်ကြနိုင်ပါတယ်ခင်ဗျာ။ ဒါကတော့ ပြောပြသူဆရာတို့က ဒီလိုပုံနဲ့ သင်ကြားခဲ့ရဟန်တူပါတယ်။ ဒါပေမယ့် ညှိလို့ ရတာတစ်ခုက မရေခင်တည်းက တစ်တန့်နောက်ဆုတ်ပြီးရေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ အာဘော်မပျက်အောင် ဆရာ့နည်းအတိုင်း ပြန်လည်တင်ပြလိုက်တာပါခင်ဗျ။ ရေတွက်လိုက်ပုံကို မရှင်းမှာစိုးတာကြောင့် သရုပ်ပြပုံနဲ့ ပူးတွဲဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။
အစိမ်းရောင် တြိဂံသည် နောက်ဆုတ်လိုက်ရာ ရာသီအရ ပြောင်းလဲ ယူဆရမည်ဖြစ်ပါတယ်။ ကာလကို တွက်မည်ဆိုပါက စားန၀င်းသည် တစ်နှစ်တာကိုယ်စားပြုပြီး ၁ ပါဒ်စာမျှ ကြာပါသောကြောင့် မူလ တွက်ချက်ခဲ့ရာ ၇ ဃဋီကို ပြန်ရောက်ရမှာဖြစ်ပါတယ်။ ပါဒ်ကို စားန၀င်းရေစဉ်က ၇ ဃဋီကို ၁ ပါဒ်စာမျှ ထားခဲ့ပါသောကြောင့် ၁ ပါဒ်ပြီးမြောက်ပြီး ၂ ပါဒ်ဆီရောက်ရန် ၈ ဃဋီမျှကျန်ပါသေးတယ်ခင်ဗျာ။

၁ ဃဋီသည် ၁၅ ရက်ကို ကိုယ်စားပြုတာကြောင့် အဆိုပါ မိဿစားန၀င်းသည် ယခုတွက်ချက်သည့် 28.2.2010 မှ လွန်ခဲ့သော (၇ ဃဋီ = ၁၆၈ ရက်) ၅ လ ၁၈ ရက်မှ အစပြုပြီး တစ်နှစ်ပြည့်မည့် နောင် (၈ ဃဋီ =) ၆ လ ၁၂ ရက်တိုင် တည်ရှိနေမှာဖြစ်ပါတယ်။

ရက်စွဲအားဖြင့် 10.9.2009 မှ 10.9.2010 တိုင်အောင် မိဿမှာ စားန၀င်းတည်မှာ ဖြစ်ပါတယ်။

(၅) ဖွားန၀င်းရပ်ရာရာသီဘာဝ နှင့် သက်ဆိုင်ရာ ကာလကို တွက်ပါ။

ဖွားန၀င်းကတော့ အထူးတွက်စရာမလိုတော့ပါဘူးခင်ဗျာ။ လွန်မြောက်ခဲ့တဲ့ ၇ ဃဋီအတွက် ၁၆၈ ရက်ကို န၀င်းစက်လိုပိုင်းမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို ၉ ပိုင်းတော့ တစ်ပိုင်းကို ရက် ၄၀ ရှိမယ်။ ၁၆၈ ရက်သည် ၄ ပိုင်းပြီးမြောက်ပြီး ၅ ပိုင်းထဲရောက်တာကြောင့် ၅ ခုရေပါမယ်။

ဘယ်က စရေမလဲဆိုတော့ စားန၀င်းတည်ရာ မိဿမှာ တစ်ခွင်လျှော့ မိန်မှသည် (ကျော်ပြီးမှ ချရေစနစ်ဖြင့်) မိဿကို (၁)၊ ပြိဿကို (၂)၊ မေထုန်ကို (၃)၊ ကရကဋ်ကို (၄)၊ သိဟ်ကို (၅) စသည်ဖြင့်ရေပါသောကြောင့် သိဟ်ရာသီတွင် ဖွားန၀င်းတည်ပါတယ်။ ရက်အားဖြင့် ၄၀*၄=၁၆၀ ရက်ကိုမှ ၈ ရက်သာ စွန်းပါသဖြင့် ဖွားန၀င်းသည် သိဟ်ရာသီတွင် 28.2.2010 မှ လွန်ခဲ့သော ၈ ရက်မှသည် နောက် ၃၂ ရက်တိုင် တည်မည်ဟု တွက်ချက်ရရှိပါသည်။

ရက်စွဲအားဖြင့် 20.2.2010 မှ 31.2.2010 တိုင် သိဟ်ရာသီတွင် ဖွားန၀င်းတည်ကြောင်း တွက်ချက်ရရှိပါတယ်ခင်ဗျာ။

ကျွန်တော့်အမြင်

ဒီနည်းစနစ်ဟာ ခက်သလိုရှိပေမယ့် တကယ်တွက်ပြီးတဲ့ အခါမှာ အတော်လေးလွယ်တာတွေ့ရပါတယ်။ ရက် ၄၀ စီး ဖွားန၀င်း အကြောင်း ဟောသွားရင်း ၉ ခု မကျော်ခင်ကာလမှာ စားန၀င်း အိမ်ပြောင်းမယ်။ စားန၀င်း ၉ ခုပြီးပြန်တော့ အာယုစန်းလည်း အိမ်ပြောင်းတာပေါ့ဗျာ။ ကျွန်တော်ကတော့ မစမ်းသပ်ရသေးတာကြောင့် အဟောတွေကို မဝေဖန်နိုင်ပါ။ သို့သော် အဟောထုတ်ရာမှာတော့ အိမ်တွေလည်နေတာကြောင့် အဟောစုံမည်ဟုထင်မိပါကြောင်း။

တစ်စုံတစ်ဦးအတွက် ပညာတိုးတယ်ဆိုရင်ပဲ ၀မ်းမြောက်လှကြောင်းပါခင်ဗျာ။

4 comments:

Ko Ba Tint said...

ခဏ ခဏ လာလည်ပါတယ် သာမန်လူတွေအတွက် နားလည်ဖို့ ခက်ခဲလိုက်တာနော် တချို Program တွေဆို ဝင်လိုကိုမရပါဘူး
သင်ပေးပါလားဟင် သင်ခန်းစာ(၁ ....)
ကိုယ်ဇာတာကိုယ်တွက်ချင်တာ ပြသာနာတွေကမျာြး့ပီး အဝေးရောက်နေသူမို့ပါ ကိုယ်ရဲ့မွေးသက္ကရာဇ်ကိုလည်းသူများပေး
မသိချင်သူပါဒါကြောင့်ဗေဒင်ဆရာတွေမမေး ဘဲအကြားအမြင်မေးတာများပါတယ်

အီးမေးနဲ့သင်ပေးပါလားဟင် ရိုးသားစွာနဲ့နှိပ်ချစွာဆရာတင်ပါတယ်
မေ

ကိုပခန်း said...

သာမန်လူတွေနားလည်ဖို့ခက်တယ်ဆိုတော့ ရေးတဲ့ ကျွန်တော်များ ကြောင်တောင်တောင် ဖြစ်နေလားမသိဘူးလို့ ဆင်ခြင်မိတယ်ဗျာ။ သာမန်ထဲက သာမန်တွေပါပဲဗျာ။ ကျွန်တော်သိသလောက်ကတော့ ပြန်ပြောပြနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အခုမှ ကျောင်းတောင် မပြီးသေးတဲ့ ကျောင်းသားငယ်ပါ။ ၀င်မရတဲ့ PROGRAM ကိုလည်း ကွန်မန့်ပေးလိုက်ပါ။ ကျွန်တော် ပြန်တင်ပေးပါ့မယ်။ မွေးနေ့ကို သူများပေးမသိချင်လည်း ကိုယ်ချင်းစာပါတယ်။ တခြားလူကို ပေးသိတာဟာ လောကီနည်းတွေအရ တပန်းရှုံးပါတယ်။ ဟောပေးမယ့်သူကို ပေးတာကတော့ ကိုယ့်ဖို့ချည်းပါပဲလေ။ မွေးနေ့မပြောလည်း ဟောနိုင်တဲ့ ဟူးရားဗေဒင် နက္ခတ်ဆရာတွေလည်း ရှိနေကြပါသေးတယ်။ ကျွန်တော့်ဘလော့ထဲက ပို့စ်တွေကို အစဉ်လိုက်ဖတ်သွားရင် ဒီထဲမှာ ကျွန်တော်ဝေဖန်ပြသလောက် ဟောနိုင်မယ်လို့ အာမခံပါတယ်ဗျာ။ အီးမေးနဲ့ ဆိုရင်တော့ MISTAKE AREA ထဲမှာလို ၂ ရက် တစ်မျိုးလောက် ခေါင်းစဉ်တွေပေးထားပြီး ဆွေးနွေးနိုင်ပါတယ်။ ၀င်ဖတ်ပေါ့ခင်ဗျာ။ ရိုးသားတာကိုသဘောကျပါတယ်ခင်ဗျာ။ နှိမ့်တော့မနှိမ့်ချပါနဲ့ခင်ဗျ။ ကျွန်တော်က ကကြီးခခွေး ဗေဒင်သမားပါ။ ကျေးဇူးတင်လျှက်ရှိပါကြောင်း။
ကိုပခန်း

Ko Ba Tint said...

နဲနတော့အချိန်ယူလိုက်ပါဦးမည်
နံပါတ်၁ ကတင်ထားတဲ့စာတွေဖတ်လိုက်ပါဦးမည်
စိတ်ဝင်စားတဲ့အပိုင်းကိုသေချာဖတ်ပါမည်
မရှင်းတာကို မေးနှင့်မေးပါမည်

သင်တန်းစရက် မတ်လ (၁)ရက် ၂၀၁၀
အသက်ကြီးသော စာဖတ်နှေးသောကြောင့် ဆရာဆီပြန်လာဖို့ကြာပါလိမ်မည်
ကျေးဇူးတင်ပါသည်။
မေ

ကိုပခန်း said...

ဘလော့မှာ မတင်ပေမယ့် လေ့လာလို့ ကောင်းတဲ့ နမူနာ ဇာတာ အမြောက်အမြားရှိနေပါကြောင်း သတင်းကောင်းပါးပါတယ်အစ်မရေ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။