အချစ်နဲ့ကံ ဆိုပါလား

အစ်မတစ်ယောက် လင့်ပေးတာနဲ့ အောက်ပါလင့်အတိုင်း သွားကြည့်မိပါတယ်။ ဗေဒင်နဲ့ပတ်သတ်နေတော့ စိတ်ဝင်စားမိတာအမှန်ပါပဲ။ ဒီဇာတ်ကားဟာ အများပြည်သူအနေနဲ့ အယူအဆ လွဲမှားချွတ်ချော် သွားနိုင်ကြောင်းကို ကျွန်တော်တတ်နိုင်သလောက် ထောက်ပြချင်ပါတယ်ခင်ဗျ။
http://shwedream.com/index.php?L=music.watch&id=1031


ဇတ်ကားထဲမှာ မင်းသမီးက 5.6.1987 မှာ မွေးတယ်လို့ ပြောလိုက်တယ်ထင်ပါတယ်။ အဲဒီနေ့အတွက် တူလဂ်ဇာတာရှင်က အောက်ပါဇာတာအတိုင်းဖြစ်ပါလိမ့်မယ်ခင်ဗျ။

ဇာတ်လမ်းအရ ပြောင်းလဲ သုံးလိုက်ကြတဲ့ ဇာတာကတော့ အောက်ပါပုံအတိုင်း ကျောက်သင်ပုံးထဲက ဇာတာဖြစ်ပါတယ်။ နက္ခတ်ဗေဒင်က ဇာတာခွင်ကို သုံးထားလို့ စိတ်ဝင်တစားဖြစ်ဖွယ်ပါပဲခင်ဗျ။



ဒီနေရာမှာ တစ်ချက်သတိထားရမှာက ၁ (တနင်္ဂနွေ) နဲ့ ၆ (သောကြာ) ဟာ ဘယ်တော့မှာ တစ်ကွက်ခြာအကွာ မဝေးတတ်ပါဘူးခင်ဗျ။ ၁ (တနင်္ဂနွေ) နဲ့ ၄ (ဗုဒ္ဓဟူး) ဟာလည်း ဘယ်တော့မှ တစ်ရာသီထက်ပိုမဝေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နေကိုမကွေမကွာ ပတ်နေတော့ နေသွားလမ်းနဲ့ မတိမ်းမယိမ်းဖြစ်နေလို့ပါခင်ဗျ။ ဒီအပေါ်က ဇာတာမှာတော့ တနင်္ဂနွေဟာ ကရကဋ်ရာသီမှာရှိနေပြီး ဗုဒ္ဓဟူးက မိန်မှာရောက်နေပါတယ်။ သောကြာက ဓနုမှာရောက်နေပါတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ။

အောက်ကပုံလေးကတော့ ဆရာနျူမာန် ရဲ့ သင်ခန်းစာ ကောက်နှုတ်ချက်ထဲကဖြစ်ပြီး၊ နေမင်းကို နီးနီးကပ်ကပ်ပတ်နေတဲ့ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ လည်ပတ်ပုံဖြစ်ပါတယ်ခင်ဗျ။



ဇာတ်လမ်းထဲက စကားတစ်ချို့ကို ကောက်နှုတ်ပြပါမယ်။


" ရှင်သာ ကြားထဲက ၀င်မခံဘူးဆိုရင် ကျွန်မက ထုံးစံအတိုင်း ကံဆိုးဦးမှာ " လို့ဆိုပါတယ်။ လူတစ်ဦးရဲ့ မကောင်းကံကို တစ်ယောက်ကို အစားဝင်ခံလို့ ရနိုင်ပါသလားခင်ဗျ။ ကယ်တင်ရှင်လုပ်ပြီး မကောင်းကံကို အစားယူဖို့ ဖြစ်နိုင်မဖြစ်နိုင်ကတော့ တော်တော်တွေးဖို့ ကောင်းနေပါပြီ။



" စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်ဖို့ ကံကပါလာတာကိုး ကံကောင်းတဲ့ သူတစ်ယောက်နဲ့ နေတာများလာရင် နင်ပါ အလိုလိုရောပြီး ကံကောင်းလာမှာပေါ့ဟ" လို့ဆိုပါတယ်။ ဖြစ်ဖို့ကံပါလို့ဖြစ်တယ်ဆိုပါတယ်။ ကံကောင်းသူနဲ့ နေရင်ရောကံကောင်းမတဲ့လားခင်ဗျ။ ဒီနေရာမှာ ကံတူအကျိုးပေးဆိုတာကို တင်ပြလိုဟန်ရှိပါတယ်။ မိသားစုတစ်ခုမှာ တစ်ယောက်ကံတက်လာရင် အခြားအိမ်ထောင်ဖက်တွေလည်း ကံကောင်းခြင်းအကျိုးကို ခွဲဝေခံစားရတတ်ပါတယ်။ ခံစားရမယ့် ကံမပါရင်တော့ တစ်အိမ်လုံးပျော်ရွှင်ရချိန်မှာ ကိုယ်ဟာ ရောဂါတစ်ခုဖြစ်နေတာတို့၊ အဝေးရောက်နေတာတို့ စတဲ့အကြောင်းတွေနဲ့ မခံစားရတတ်ဖြစ်တတ်ပါတယ်။ ကံဆိုးမလားဟဲ့လို့ တွက်ချက်ပြီး ကံဆိုးမယ့်သူတွေကိုပဲ ရှောင်ရှားရမလိုလိုဖြစ်နေပါတော့တယ်။


" ခင်ဗျားကျုပ်ပြောတာကို ယုံချင်ယုံ မယုံချင်နေ ဗေဒင်ပညာကိုတော့ မစော်ကားနဲ့ ဒီမှာ ဗေဒင်ပညာဆိုတာ ခင်ဗျား မမွေးခင်တည်းက နှစ်ပေါင်းများစွာ တည်တံ့လာတဲ့ပညာဗျ နားလည်လား မပြောမရှိနဲ့ ကိုကြီးအောင်ရေ အချိန်မီယတြာမချေနိုင်လို့ကတော့ ခင်ဗျားဘ၀ဆုံးပြီသာ မှတ်ပေတော့ " လို့ဆိုထားရာမှာ ယတြာချေလိုက်တာနဲ့ ပျက်ပျယ်သွားမယ်၊ မကောင်းမယ့်ဟာ မဖြစ်တော့ဘူးဆိုရင် တွက်လို့ရတဲ့ဟောကိန်းကို လွှင့်ပစ်ရတော့မလိုလိုပါပဲ။ ကျွန်တော့်အမြင်တော့ ယတြာဆိုတာဟာ မိမိရဲ့ ရှေ့ဆက်မယ့်အလုပ်ကို ပြင်လိုက်တာမျိုးလို့မြင်ပါတယ်။ အကြိုက်စရိုက်ကတော့ ပြင်ဖို့မဖြစ်နိုင်တော့ ထူးခြားတဲ့ကာလမှာတော့ ပုံမှန်အတိုင်း ရည်ရွယ်လုပ်တာမျိုး မလုပ်ဘဲနဲ့ သတိဝီရိယနဲ့ ပြုပြင်ပြင်ဆင်လုပ်ကိုင်တာမျိုးနဲ့ သက်သာစေမယ်လို့မြင်ပါတယ်။


" ဟင် ခင့်ဇာတာက ညံ့လှချည်လား မူလဇာတာအရဆိုရင် တူရာသီလဂ်က ၄ တန့်ဘာဝမှာ ရာဟုဂြိုဟ်၊ ၉ တန့်ဘာဝမှာ စနေဂြိုဟ်ရော၊ ၁ တနင်္ဂနွေဂြိုဟ်ရော၊ ရာဟုဂြိုဟ်ရော စီးနေတာကိုး၊ ဒါကြောင့်မို့ သူ့မိဘတွေ ငယ်ငယ်လေးတည်းက ဆုံးသွားရတာပဲ" မိဘနှစ်ပါးရဲ့ ကျန်းမာရေးကို ၄ တန့် ၉ တန့်တွေကိုကြည့်ပုံဖေါ်သွားပါတယ်။ အိမ်ရှင်တွေကို ထည့်သွင်း စဉ်းစားခြင်းမရှိသလို၊ ၁ နွေနဲ့ ၂ လာ တို့ကိုလည်း ထည့်ကြည့်မသွားပါဘူး။ သူပြတဲ့ နမူနာ ကျောက်သင်ပုန်းပေါ်က ဇာတာမှာ တနင်္ဂနွေက ၁၀ တန့်မှာ ဖြစ်ပါတယ်။ သို့သော် ဒါကို ဇာတာလို့ ပြောရခက်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဂြိုဟ်ရပ်ပုံတွေမိုလို့ပါခင်ဗျ။



" သား သေချာမှတ်ထား၊ ဗေဒင်ပညာမှာ၊ တနင်္ဂနွေသားသမီးအတွက်၊ ဘင်္ဂအိမ်ဟာ အပျက်ဂြိုဟ်၊ ဇာတာရှင်ဟာ ငယ်ရွယ်စဉ်မှာ ကွယ်လွန်သွားမယ် ဒုက္ခရောက်မယ်ဆိုတာ အသက်တိုမှာကို ပြောတာ သား သေချာမှတ်ထား၊ ဇာတာရှင်ဟာ တူလဂ်သမားဖြစ်ပြီးတော့ ၄ တန့်ဘာဝမှာ ရာဟုဂြိုဟ်ရှိနေတယ်ဆိုရင် စီးပွားရေးကတော့ သွားပြီ၊ ကြိုက်တာလုပ်တစ်ခုပြီး တစ်ခုပြောင်းပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးသား၊ ကျန်းမာရေးဆိုလည်းကြည့် ၆ တန့်သခင် ၈ တန့်သခင်ဂြိုဟ်တွေကို စနေဂြိုဟ် ရာဟုဂြိုဟ်တွေက မြင်နေမှတော့ ကျန်းမာရေးကလည်း ညံ့မှာပဲ၊ စိတ်သောက ရောက်မှာတော့ ပြောမနေနဲ့တော့ အေး အိမ်ထောင်ရေးကျပြန်တော့လည်း ၇ တန့်ဘာဝနဲ့ အိမ်ရှင်ကို စနေဂြိုဟ်မြင်နေတော့ အိမ်ထောင်ရေးကံ လုံးဝမကောင်း အိမ်ထောင်ဖက်နဲ့ သေကွဲကွဲရင်ကွဲ မကွဲရင် ရှင်ကွဲကွဲမှာပဲ ဇာတာမှာ အဆိုးဆုံးကတော့ မူလဇာတာရဲ့ ၄ တန့်ဘာဝမှာ ရာဟုဂြိုဟ် ၉ တန့်ဘ၀မှာ တနင်္ဂနွေဂြိုဟ် စနေဂြိုဟ် ရာဟုဂြိုဟ် အဲဒီဂြိုဟ်တွေ စီးနေလို့ကတော့ သွားပြီ၊ အဲဒီဇာတာရှင် သက်ဆိုးရှည်မှာကို မဟုတ်ဘူး " လို့ဆိုပါတယ်။ စီးပွားရေးကိုလည်း ၁၁ တန့် ၁၀ တန့်တွေ မကြည့်ဘဲ ၄ တန့်ဘာဝမှာ ရာဟုရှိတာကို ပြောပါတယ်။ ၄ တန့်ဘာဝ ရာဟုရှိပေမယ့် အရပ်အတည်ကောင်းရင် ထက်မြက်တဲ့ ပွင့်လင်းတဲ့ မိသားစုဘ၀ကိုတောင် ပိုင်ဆိုင်ရနိုင်ပါသေးတယ်။ ၉ တန့်စနေကိုပဲ အရမ်းအင်အားကြီးတဲ့ ပါပကြီးလို ကြာသာပတေးနဲ့ သောကြာကို ၇ တန့်အမြင်ထားပြီး ဖျက်စီးခိုင်းလိုက်ပါသေးတယ်။ ၁၀ တန့်ဘာဝရပ် တနင်္ဂနွေကိုပဲ ၉ တန့်ဘာဝလို့ ထပ်ခါ တလဲလဲ မှားယွင်းဝေဖန်ပြထားပါတယ်။ ဒါကတော့ ဇာတ်လမ်းအရလို့ နားလည်ပေးလိုက်လို့ရပါတယ်ခင်ဗျ။



" ဟား မင်းကြည့်လဲလုပ်ပါဦးကွာ ဒီဇာတာရှင်က ဓာတ်ကြီးလေးပါးမှာ သုံးပါးပျက်ပြီး ခန္ဓာပျက်ကိန်းဆိုက်နေတဲ့ဇာတာ မင်းရဲ့ ကောင်မလေးရဲ့ကံက ဘယ်လောက်ထိညံ့လဲဆိုရင် သူတစ်ယောက်တည်းတင်မကဘူး သူနဲ့အတူနေတဲ့သူတွေပါကို သူ့ရဲ့ ကံမကောင်းခြင်းတွေကူးစက်တဲ့ အထိကို ညံ့တာ။ မင်းသူ့ကို ကယ်ဖို့မကြိုးစားနဲ့ သူ့ဇာတာက ကယ်တဲ့သူသာ တဖြည်းဖြည်းကံဆိုးသွားမယ် သူကတော့ ဘယ်တော့မှ ကံကောင်းလာမှာ မဟုတ်ဘူး။ ကံဆိုးမြဲ ဆိုးနေဦးမှာပဲ " ဇာတာမှာ ဓာတ်ကြီးတွေ ဘယ်လိုပျက်ကြလဲ မသိပါဘူးခင်ဗျ။ ဓာတ်ကြီးလေးပါးမှာ သုံးပါးတောင် ပျက်နေတယ်လို့ဆိုပါတယ်။ အဲလောက်ညံ့တယ်ဆိုလည်း ဒီအသက်အရွယ်ထိရောက်လာတာကိုပဲ တော်တော်ကျေးဇူးတင်ရပါဦးမယ်။



" အဆိုးတွေ အညံ့တွေဆိုတာ ငါ့တို့အတွက် မဟုတ်ဘူးဆိုတာ မင်းမသိဘူးလား ငါတို့တတ်တဲ့ ပညာနဲ့ အရာရာကို အညံ့တွေမရှိအောင် နေလာခဲ့တာ အခုဟာက ပင်ကို အညံ့မရှိဘဲနဲ့ကို ဖြစ်နေတာ" လို့ ဗေဒင်ပညာရှင် ဖခင်လုပ်သူက သားကိုကြည့်ပြောပါတယ်။ တစ်ခုပဲမေးချင်ပါတယ်။ ပင်ကိုက မညံ့ဘူးလို့ ကိန်းပါနေရင်းကနေ ဘာလို့ ညံ့သွားရပါသလဲ။ ဒီလိုသာ အပြောင်းအလဲကြီးနဲ့ညံ့မှာကို တွက်ကိန်းက ကြိုမပြထားလေခြင်းဗျာ။ (ငါတို့တတ်တဲ့ ပညာဆိုတာ သူတို့တတ်တဲ့ နက္ခတ်ပညာကို ဆိုလိုတာပါခင်ဗျ။)



" လူတစ်ယောက်မှာ ကံဆိုးတယ်ကံကောင်းတယ်ဆိုတာ မွေးကတည်းက ပါလာတာ။ ကိုယ်ရွေးယူလို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ မင့်မိဘတွေ နားမလည်ဘူးလား ငါ့မြေးကို တင့်တောင်းတင့်တယ် လာတောင်းနိုင်ရင်တောင်း မတောင်းနိုင်ရင် ရလိမ့်မယ်မထင်နဲ့ ငါ့မြေးက ဟင်းရွက်ကန်စွန်းမဟုတ်ဘူး" ဒီနေရာမှာ မွေးကတည်းက ပါလာတဲ့ ကံကောင်းခြင်း မကောင်းခြင်းနဲ့ ပတ်သတ်လို့ ကွဲပြားသိသင့်တာတွေရှိပါတယ်။ မွေးကတည်းက အကြားအာရုံ၊ အမြင်အာရုံ ချွတ်ယွင်းမှု စတာတွေကမှ ပြင်မရတဲ့ ကံကျိုးတွေပါ။ မွေးကတည်းက အစာချေဖျက်မှုအားမကောင်းသူမျိုးဟာလည်း ဒီလို ပြင်လို့မရတဲ့ ကံကြွေးတွေပဲဖြစ်ပါတယ်။


ဒါ့ကြောင့် မွေးဖွားစဉ်က ဖေါ်ပြတဲ့ ဟောကိန်းအတိုင်း တစ်သက်တာ ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အယူကလည်း မှားသလို၊ ယတြာလေးလုပ်လိုက် ဓာတ်လေးဆင်လိုက်လုပ်လိုက်တာနဲ့ ကိန်းကို ပြင်မယ်ဟဲ့ဆိုတဲ့ အယူကလည်း မှားပါတယ်။

ကျွန်တော်တို့မှာ ရွေးချွယ်ခွင့်မရှိတဲ့အရာတွေရှိသလို ရွေးချယ်ခွင့်ရှိတဲ့ အရာတွေလည်းရှိပါတယ်။ ရှေးက ချပေးတဲ့ မိမိကလေးဘ၀ အားအင်မရှိစဉ်ကအကြောင်းတရားတို့ဟာ အတိတ်က အကျိုးဆက်တို့ဖြစ်သော်လည်း၊ ရှေ့ဆက်ရမယ့် အနာဂတ်ဘ၀က မိမိလက်ထဲမှာ ရှိပါတယ်။ အနာဂတ်သည်လည်း မိမိအတိုင်းအတာအရ ကန့်သတ်ထားမှာ မလွဲပါဘူး။ အကောင်းဆုံးဖြစ်နိုင်ခြေဟာလည်း ကန့်သတ်ထားမှာပါပဲ။ ငါကတော့ ဒီတစ်သက် ဘာမဖြစ်နိုင်တော့ပါဘူး၊ ညာမဖြစ်နိုင်တော့ပါဘူးလို့ မိမိကိုယ်ကိုယ် ဆင်ခြင်မိကြပါလိမ့်မယ်။ ဒါက မိမိ အနာဂတ်ကို အနားသတ်လိုက်ခြင်းဖြစ်ပါတယ်။ (ထိုအတိုင်းပဲဖြစ်ကြမှာဖြစ်ပါတယ်။ ပိုမမှန်းဘဲနဲ့ ပိုဖြစ်လာတာကတော့ နည်းမှားပါ။ မှန်းထားမှ တော်ရာကျပါမယ်။)

လူတိုင်းမှာ အနာဂတ်အတွက် စိတ်ကူးယဉ်ခွင့်ရှိပါတယ်။ ထို့အတူပဲ ဖြစ်နိုင်ခြေဟာလည်း တွဲလျှက်ရှိနေမှာဖြစ်ပါတယ်။ ဒီဖြစ်နိုင်ခြေကို သိထားမယ့် နည်းတစ်ခုကို အသုံးပြုမယ်ဆိုရင်တော့ နောင် ၁၀ နှစ်မှ ရွေးမိလို့ ကိုယ်နဲ့ကိုက်မယ့် အလုပ်ဟာ ဒီနှစ်မှာစမိလို့ ဒီနှစ်အကျိုးခံစားရတာတွေ ဖြစ်သွားနိုင်ပါတယ်။ သို့တည်းမဟုတ် နောင် ၁၀ နှစ်အတွက် ပြင်ဆင်ချိန်ကောင်းကောင်းကို ရရှိသွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေများကို ခန့်မှန်းခြင်းမှာ နက္ခတ်ဗေဒင်ဟာလည်း ကဏ္ဍတစ်ခုဖြစ်ပါတယ်။


အနာဂတ်ခန့်မှန်းခြင်းကို တရားသေယူဆမိစေနိုင်တဲ့ အထက်ပါဇာတ်ကားက စကားအသုံးတွေဟာဖြင့် နက္ခတ်ဗေဒင်၊ အနာဂတ်ဟောကိန်း နဲ့ ပစ္စုပ္ပန်ခံယူသင့်တဲ့ ခံယူချက်တွေအပေါ်မှာ အများကြီး အရှုပ်အထွေးဖြစ်စေပါတယ်။


လက္ခဏာနဲ့ ပတ်သတ်လို့ အာယုလမ်းကြောင်းတိုသော်လည်း ထောက်ကူထားတဲ့ ကံလမ်းကြောင်း အောင်မြင်ရေးလမ်းကြောင်းတွေကြောင့် အသက်ဆက်နိုင်တာမျိုးကိုလည်း ထည့်သွင်းဖေါ်ပြသင့်ပါတယ်။ မိမိစစ်ဆေးလိုက်တဲ့ လက္ခဏာရှင်ရဲ့ စရိုက်ကိုကြည့်ပြီး " သေတော့မယ်ဟော၊ သေတော့မယ်ယုံ၊ သေသွားတာမျိုး" ဆိုတဲ့ အဖြစ်မျိုးကို ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။

လက္ခဏာပြောင်းတာဟာ ကျွန်တော်လည်းပြောင်းပါတယ်။ ရှိနေတဲ့ လမ်းကြောင်းကြီး ပျောက်သွားတာ ကွဲသွားတာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ လမ်းကြောင်း အမွှာလေး ထွက်လာတာ၊ အမွှာလေးတွေ တုန်းသွားတာမျိုးပါ။ ဇာတ်ကားထဲကလို တုန်းတိကြီး တစ်ပိုင်းလောက် ပြတ်သွားမယ်ဆိုရင်တော့ အင်မတန်ခြောက်ခြားမိမှာ အမှန်ပါခင်ဗျ။

" အပ်ဆူးလို့ သွေးထွက်ရမှာကနေ တပါးသူကို အန္တရာယ်ဖြစ် သွေးထွက်စေတာ၊ တစ်ယောက်အပူလောင်တာကနေ တစ်ယောက်ဆီပြောင်း ပူလောင်သွားစေတာ" မျိုးဟာ တစ်ယောက်ကံ တစ်ယောက် ကူးစက်တယ်လို့ ယုံကြည်စေလိုသလားမသိပါ။ ဗေဒင်ဆရာ့ဆီက ကံကောင်းခြင်းတွေရချင်လို့ ဘယ်လို ဓာတ်ယူတယ်၊ ဘယ်လို ကူးစက်တယ် ဘယ်လို ပဌာန်းဆက်မဟဲ့ စတဲ့ ဇာတ်လမ်းများကို အားပေးသလို ဖြစ်မနေဘူးလားခင်ဗျာ။


အမှားပါက စေတနာအမှားသာ ဖြစ်ပါကြောင်း။
ကိုပခန်း

3 comments:

Oak Soe MMTL said...

ဒါမျိုးတွေ ရေးသင့်တယ်ဗျာ။ မြန်မာရုပ်ရှင်တွေက ပြော မပြောချင်လောက်အောင်ကို ဆိုးနေတာပါပဲ။

TTT said...

ကိုပခန်းက ဆက်မကြည့်လို့။ မင်းသားက သူ့အသက်နဲ့ မင်းသမီးအသက်ကို ယတြာနဲ့ ဆက်ဖြည့်တာ၊ မင်းသားအဖေက သိသွားတော့ မင်းသားအသက်ကို ကယ်ပြီး မင်းသမီးအသက်ကို လက်လွှတ်ဘို့ လုပ်တာ၊ နောက်တော့ သေပြီးမှ ပြန်ရှင်တာတွေ ပါလာတယ်။ ဇာတ်ကားတစ်ခုလုံးကို ခြုံကြည့်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ပါတယ်။ တစ်ယောက်ကို တယောက် အမှန်တကယ်ချစ်ရင် လေးနက်တဲ့မေတ္တာ မှန်ခဲ့ရင် မွေးရာပါ ကံဇာတာကို ပြောင်းလဲပြစ်နိုင်တယ်လို့ ပြောချင်တာ။ သိတ်ချစ်တဲ့ စုံတွဲတွေကို အားပေးထားတာ။ ဒါပေမဲ့ ဇာတာတွက်ထားတာ မှန်မမှန် သိချင်လို့ ကိုပခန်းဆီကို လင့် ပို့လိုက်တာ။

ကိုပခန်း said...

ကျွန်တော်အဆုံးထိကြည့်ပါတယ်။ အသက်နဲ့ကြေးထပ်ပြီး ယတြာလုပ်တယ် ဆိုတာကိုပဲစဉ်းစားကြည့်ပါ။ သဘာဝကျသလားလို့။ တစ်ယောက်က အသည်းအသန်ချစ်လိုက်တာ (သို့) တစ်ယောက်ကို အသည်းအသန်ချစ်လိုက်တာ နဲ့ အချစ်ခံရသူကံကြမ္မာ (သို့) ချစ်ရသူကံကြမ္မာ (သေရာက ပြန်ရှင်လာလောက်အောင်တော့) ပြောင်းလဲမယ်မထင်ပါဘူး။ ဒီဇာတ်ကားက နက္ခတ်တွေဇာတာတွေဟစ်ပြီး ယတြာကို အမွှမ်းတင်တဲ့ကားပါ။ ဒီလိုနည်းနဲ့ အသက်ကယ်တဲ့ယတြာမျိုး ရလိုပါဘိဗျာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။