နွေရာသီနာရီချိန်နှင့် ဇာတာတွက်ပုံအပိုင်း(၁)

MOTAA – Astrology Course (Level-1) 
နွေရာသီ နာရီချိန် (Daylinght Saving Time)

ကမ္ဘာ့ မြောက်ပိုင်း နိုင်ငံတို့တွင် နွေရာသီသို့ ရောက်သော အခါ နေ့တာ အလွန်ရှည်လျား၍၊ ဆောင်းရာသီ တွင်မူ နေ့တာ အလွန်တိုကြောင်းကို ပြီးခဲ့သော သင်ခန်းစာတွင် ပုံနှင့် တကွ ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ထိုနိုင်ငံ အချို့တို့ အနေဖြင့်- နွေရာသီရောက်သော အခါ မူလပုံမှန် နာရီတွင် ၁-နာရီ ထပ်ပေါင်း ထည့်၍ စောပေး လိုက်သည်။ ဤနည်းအားဖြင့် ဤစနစ်ကို အသုံးပြုသော နိုင်ငံများတွင် နွေရာသီသို့ ရောက်သော အခါ- ပုံမှန် မနက် ၇း၀၀ အစား၊ မနက် ၈း၀၀ ဟု ဖြစ်သွားပါသည်။ အခြားကာလ များတွင် ပုံမှန် နာရီသာ ဖြစ်ပါသည်။ (ဥရောပသား အချို့က အရပ်စကားဖြင့် နွေဆိုလျှင် ၁-နာရီပေါင်း၊ ဆောင်း ဆိုလျှင် ၁-နာရီ နှုတ်သည် ဟု အလွယ် ပြောခြင်းသည် မမှန်ပါ။)

ဤစနစ်ကို အသုံးပြုရန် စတင် အကြံပြုခဲ့သူသည်- အမေရိကန် လွတ်လပ်ရေး ဘခင်၊ နိုင်ငံရေး ပိသုကာ၊ နက္ခတ်ပညာရှင်၊ အဆင့်မြင့် အင်းပညာရှင် ဖြစ်သူ ဘင်ဂျမင် ဖရန်ကလင် ဖြစ်သည်။ သို့သော်လည်း ဥရောပ နိုင်ငံ အများစု အနေဖြင့် အသုံးပြုရန် ထိုအချိန်က ငြင်းဆန် ခဲ့ကြသည်။ ထို့ကြောင့် ယခုခေတ် ဇာတာတွက်ချက်သော အခါတွင်- မိမိတွက်ချက်သော နိုင်ငံသည် နွေရာသီ နာရီချိန် ကို အသုံးပြုမပြု၊ အသုံးပြုပါက- ယခုကာလတွင် နွေရာသီ နာရီ ပေါင်းထည့်ထားခြင်း ရှိမရှိကို ထည့်သွင်း တွက်ချက် ရပါသည်။ ဇာတာများ တွက်ချက်ရာတွင်- အားလုံး လိုလိုအားဖြင့် ဂရင်းနစ် စံတော်ချိန်သို့ ပြန်ပြောင်းကြရ သဖြင့်- တွက်ချက် သော ဒေသ ၏ စံတော်ချိန်နာရီ၊ နွေရာသီ နာရီတို့ကို ပြန်နှုတ်ပေးခြင်းဖြင့် ဂရင်းနစ် စံတော်ချိန် ကို ရရှိ ပါသည်။

ဇာတာတွက်ချက်ပုံအဆင့်ဆင့်

ဤအခန်း အနေဖြင့် ဇာတာတွက်ချက်ပုံ အဆင့်ဆင့်ကို ဖေါ်ပြပေးမည် ဖြစ်သည်။ ဇာတာတွက် ရာတွင်- ပထမ ဦးစွာ- ဇာတာရှင် အနေဖြင့် မည်သည့် လဂ်ဖြစ်သည်ကို သိရှိရန်တွက်ချက်ရခြင်း ဖြစ်၍၊ ထို့နောက် ဂြိုဟ်တို့၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။ သီရိပတိမူကို ဤသင်ခန်းစာတွင် မဖေါ်ပြပါ။ ဇာတာရှင်၏ လဂ်ကို ရှာရန် အတွက်- ဤသင်ခန်းစာ အနေဖြင့် နေလဂ်သွားနာရီ ကိုအသုံးပြု၍ ရှာဖွေ တွက်ချက် ပုံတို့ကို ဖေါ်ပြပေးမည် ဖြစ်ပါသည်။

နေလဂ် သွားနာရီ (Sidereal Time) 

နေလဂ် သွားနာရီကို မြန်မာ သံဒိဋ္ဌ ပြက္ခဒိန် အချို.တွင် ဣဌ နေလဂ်သွား နာရီ ဟုလည်း ခေါ်တတ် ပါသည်။ အမှန်အားဖြင့် နက္ခတ်တို့မှ အမှီပြုသော နာရီ စနစ်ဖြစ်သောကြောင့် “နက္ခတ်နာရီ” ဟု ဆိုလျှင် ပိုမှန် ပါမည်။ မြန်မာ သံဒိဋ္ဌတို့သည် သူရိယ သိဒ္ဓန္တကို မူတည်၍ တွက်ထားခြင်း၊ တစ်ရက်လျှင် နာရီ ၆၀ ရှိသော တက္ကာလ နာရီ စနစ်ကို အသုံးပြုထားခြင်း စသည်တို့ ကြောင့် ယခု သင်ခန်းစာတွင် ဖေါ်ပြမည့် တွက်နည်းနှင့် ကွာခြားမှု ရှိသော်လည်း- သဘောချင်း အတူတူပင် ဖြစ်ပါသည်။ ဤနေလဂ်သွားနာရီ ကိစ္စသည်- အလေးအနက်ထားလျှင် ထားသလောက် အရေးကြီးသည်။

နေလဂ် သွားနာရီကို အသုံးချ တွက်ချက် ရသူများမှာ- ဗေဒင် နက္ခတ် ပညာရှင်များသာ မဟုတ်ပါ။ G.P.S ခေါ် Global Positioning System ကို အသုံးချ နေကြသူများ၊ အမြောက် လက်နက်ကြီး၊ ဒုံးပျံ ပစ်လွှတ်ရန် တွက်ချက် ရသူများ၊ ဂြိုဟ်တု ပစ်တင်ရန် အတွက် မိမိ ဂြိုဟ်တု ထားရှိရမည့် နေရာကို တွက်ချက်ရသူများ၊ Navigation ခေါ် တည်နေရာ တွက်ချက် ကြရသူများ၊ နေရောင်ခြည် စွမ်းအင်သုံးရန် အတွက် Solar Tracking System ခေါ် နေသွားရာ လမ်းကြောင်း တစ်လျှောက် မိမိတို့ အသုံးပြုနေရောင်ခံ စလောင်း (ဂြိုဟ်တု စလောင်းကဲ့သိုပင် ဖြစ်ပါသည်။) ကို မည်သည့် အရပ်မျက်နှာသို့ ဦးတည်၍ မည်မျှ အမြန်နှုန်းဖြင့် လှည့်ပေး ရမည်ကို တွက်ချက်ရသူ များတို့ ဖြစ်ပါသည်။

အထူးသဖြင့် အမြင် နက္ခတ်ကြည့်သူများ အနေဖြင့်- မှန်ပြောင်းကို အသုံးမပြုခင်- နေလဂ် သွားနာရီ ကို ကြိုတင် တွက်ထားခြင်းဖြင့် မည်သည့် အရပ်ကို ဦးတည်၍ ကြည့်ရမည် ဆိုသည်ကို သိနိုင်သည်။ အောက်တွင် ဖော်ပြထားသော ပုံမှာ- သင်္ဘောသားများ အသုံးပြုသော Sextant ဖြင့် တည်နေရာ ရှာနေခြင်း ဖြစ်သည်။ နေလဂ် သွားနာရီ ကို တွက်ချက်၍- သတ်မှတ်ထားသော ကာလ အချိန်တွင်- နာမ်ဓါတ်၊ စိတ်တန်ခိုး ကျင့်စဉ် တိုးတက်မှုတို့တွင် အသုံးချနိုင်ပါက- သာမာန်ထက် ၄-ဆ အထိ ထူးခြားမှု ရှိနိုင် သော်လည်း၊ ယခု သင်ခန်းစာနှင့် မဆိုင်သဖြင့် လည်းကောင်း၊ အလွဲသုံးစား လုပ်မိပါက အန္တရာယ်များ ရှိသဖြင့် လည်းကောင်း ဤနေရာတွင် မဖေါ်ပြတော့ပါ။


နေလဂ်သွား တစ်ရက် (Sidereal day ) ကာလ၏ ကြာမြင့်ချိန်သည်- နေလဂ် သွားတစ်နှစ်ကာလ (Sidereal Year) စုစုပေါင်း နေသွား ရက်ပေါင်း (Solar Year) ဖြင့် စားခြင်း ဖြစ်သည်။ ကမ္ဘာ အနေဖြင့် နေမှ မှီငြမ်း ၍ ရေတွက်သော် - မိမိ ၀င်ရိုးပေါ်တွင် အပါတ်ပေါင်း 365.2422 ပါတ် - ပါတ် ပြီးသော ကာလ သည် နေသွား တစ်နှစ် ဖြစ်ပါသည်။ ဤသို့ နေနှင့် နှိုင်းယှဉ် သော နှစ်ကို (Solar Year) ဟု ခေါ်သည်။

သို့သော်- ထိုအချိန်ကာလ အတွင်း ၌ပင်လျှင်- နေမှ မှီငြမ်းခြင်း မဟုတ်ပဲ- ဝေးလံသော နက္ခတ်တာရာ အမှတ်တို့မှ တိုင်းတာ ပါက အပါတ်ပေါင်း 366.2422 ပါတ် - ပါတ်ပြီးသွားပြီ ဖြစ်ပါသည်။ ဤသို့ နေမှ တိုင်းတာခြင်း မဟုတ်ပဲ- နက္ခတ်တာရာ တို့မှ မှီငြမ်း တိုင်းတာခြင်းကို (Sidereal Year) ဟုခေါ်သည်။ ဆိုလိုသည်မှာ- သာမာန် နေကို အမှီပြုသော ရက်တစ်ရက် Solar Day ထက်- စာလျှင် နေလဂ် သွား ရက် (Sidereal Day) က ပိုမြန် နေသည်ကို ဆိုလိုခြင်း ဖြစ်သည်။

အောက်တွင် http://en.wikipedia.org/wiki/Sidereal_time မှ သရုပ်ဖော်ပုံဖြင့် ရှင်းပြပေးထားပါသည်။ အစက်ငယ်သည် ကြယ်တစ်လုံးဖြစ်၍- ၄င်းကြယ် နှင့် နေတို့သည် မြင်နေရသော လမ်းကြောင်း (S) ၏ တည့်တည့်တွင် ရှိနေပါအံ့၊ (ပထမပုံ)၊ ၂၃း၅၆း၀၄ ကြာသော အခါတွင်၊ လမ်းကြောင်း (S) ၏ တည့်တည့်သို့ ကြယ်မှာ ရောက်နေပြီ ဖြစ်သော်လည်း၊ နေအနေဖြင့် ထိုလမ်းကြောင်း (S) သို့ မရောက်သေး၊ နေသည် ထိုလမ်းကြောင်း နေရာ (S) သို့ တစ်ပါတ် ပြန်ရောက်လာသော ၂၄-နာရီ ကြာသော အချိန်တွင် ကြယ်၏ အနေအထားသည် ထိုလမ်းကြောင်း (S) အား ကျော်လွန်သွားပြီ ဖြစ်သည်။


ထို့ကြောင့်-၄င်းတို့ကို အချိုးချပါက 365.2422 / 366.2422 = 0.997269566 ကို ရပါသည်။ ထို့ကြောင့်- နေလဂ်သွား တစ်ရက် သည် ပုံမှန် သိထားကြသော 24 -နာရီ တစ်ရက် (ပုံမှန် ၂၄-နာရီ တစ်ရက် သည် နေကို မှီငြမ်း ခြင်း ဖြစ်သည်။) ၏ 99.7269% သာ ရှိပါသည်။ နေလဂ်သွား တစ်ရက် (Sidereal day ) တစ်ရက်ကို သာမာန် နာရီ ပုံစံဖြင့် ပြလိုပါက- 24 နာရီ x 0.997269566 = 23.93446959 နာရီ ကိုရပါသည်။

၎င်းကို နာရီ၊ မိနစ်၊ စက္ကန့် ပုံစံ ဖြင့် ပြောင်းလိုက်ပါက- 23:56:4.09 ကို ရပါသည်။ ထို့ကြောင့် နေလဂ်သွား တစ်ရက် သည် ပုံမှန် ၂၄-နာရီ တစ်ရက် ထက် စာလျှင် ၄-မိနစ် နီးပါး တိုတောင်းသည်။ နာရီအားဖြင့် ဆိုပါက- နေလဂ်သွား တစ်နာရီသည် ပုံမှန် တစ်နာရီ ထက် ၉.၈၂၉၅ စက္ကန့် ပိုမြန်ပါသည်။ သို့သော်- ၄င်းသည် ပျမ်းမျှ တန်ဘိုးသာ ဖြစ်ပါသည်။ ဂြိုဟ်သွား ပြက္ခဒိန်တို့တွင် အကြမ်းပျင်း သဘော အနေဖြင့် ၁၀-စက္ကန့် ဟု တွက်လေ့ ရှိတတ် ကြသည်။ ၄င်းကို တွက်ချက်ပုံ အဆင့်ဆင့်ကို အောက်တွင် ရှင်းပြထားပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။