ရာဟုနှင့်ကိတ်ဖြစ်ပေါ်ပုံ သရုပ်ပြ

နက္ခတ်ဗေဒင်စတင်လေ့လာသူ မောင်နှမများအနေဖြင့် ကောင်းကင်တွင် အမှန်တကယ်ရှိမနေသော ရာဟုနှင့် ကိတ် ဂြိုဟ်နှစ်လုံးဖြစ်ပေါ်ပုံအပေါ်တွင် ထပ်ဆင့်နားလည်စေလိုသော ဆရာနျူမာန်၏ ဆန္ဒကို ဦးထိပ်ထားကာ ဤပိုစ့်ကို ရေးပါတယ်ခင်ဗျာ။

အကြံပြုချက်
(ကမ္ဘာကို ဗဟိုပြုသော စနစ်တွင်) နေ နဲ့ လ တို့သည် ကမ္ဘာကို အရှေ့မှ အနောက်သို့ စက်ဝန်းပုံ ဘဲဥပုံလမ်းကြောင်းများဖြင့် ပတ်ကြသော်လည်း ပတ်ပုံပတ်လမ်းမှာ မတူကြပါ။ သိသာထင်ရှားလှသော နေမင်းသည်ပင် သတ်မှတ်လမ်းကြောင်းရှိသော်လည်း ၂၃.၅ ဒီဂရီစောင်းသော ကမ္ဘာမြေကြီး၏ ဒေသတစ်ခုဆီအတွက် အချို့လများတွင် မြောက်ယွန်းယွန်းမှနေထွက် အချို့လများတွင် တောင်ယွန်းယွန်းမှနေထွက် အချို့လတွင်နေ့တာတို အချို့လတွင်ညတာတို စသည်ဖြင့် ကွဲပြားကြပါသေးသည်။ အထက်ပါပုံတွင်မူ ဒေသတစ်ခုမှ မဟုတ်ဘဲ ကမ္ဘာကို အမှတ်တစ်ခုဖြင့်ယူဆကာ တင်ပြထားခြင်းဖြစ်ပါသည်။ auto CAD မကျွမ်းကျင်သဖြင့် အလင်းအမှောင်များ လိုသလို မသုံးတတ်ပါ။ နေမှ အလင်းရောင်ဖျာထွက်သည်ဟု ယူဆကာ လပြည့်လကွယ်သဘောများကို တွေးဆကြည့်ပါရန် အကြံပြုပါသည်။

သရုပ်ပြပုံ (၁)

ယခုအခြေအနေတွင် ကမ္ဘာ့နေ့ဘက်အခြမ်း ဒေသများအတွက် နေကို ကောင်းစွာမြင်ရပြီး၊ ကမ္ဘာ့ညဘက်ခြမ်းဒေသများတွင်မူ လကိုမမြင်ရနိုင်သဖြင့် လကွယ်နေ့ဖြစ်ပါသည်။ နေသည် အ၀ါရောင်လမ်းဖြင့်ပတ်ကာ လသည် အဖြူရောင်လမ်းဖြင့်ပတ်ပါသည်။ ကမ္ဘာမှကြည့်လျှင် နေနှင့်လတို့သည် လောင်ဂျီကျုတစ်ခုပေါ်တွင် တည်ရှိနေပြီး လတ္တီကျု (တောင်မြောက်အားဖြင့်) ကွဲပြားပါမည်။

သရုပ်ပြပုံ (၂)
ယခုအခြေအနေတွင် ကမ္ဘာ့နေဘက်ခြမ်း ဒေသများအဖို့ နေကို ကောင်းစွာမြင်ရပြီး၊ ကမ္ဘာ့ညဘက်ခြမ်းဒေသများအဖို့ လကို ကောင်းစွာမြင်ရမည်။ ကမ္ဘာမှ ကြည့်လျှင်နေနှင့်လတို့သည် လောင်ဂျီကျု ၁၈၀ ဒီဂရီဖြစ်ကာ ဆန့်ကျင်ဘက်ကျမည်။ လတ္တီကျုအားဖြင့် (တောင်မြောက်) ကွာခြားနေဦးမည်ဖြစ်သည်။

သရုပ်ပြပုံ (၃)
ယခုအခြေအနေတွင် ကမ္ဘာ့နေဘက်ခြမ်း ဒေသများအဖို့ နေကို လှမ်းကြည့်လိုက်လျှင် လနှင့်ကွယ်နေပါသည်။ နေကို မမြင်ရ၍ နေကြတ်သည်ဟုခေါ်ပါသည်။ ကမ္ဘာ့ညဘက်ခြမ်းဒေသများအဖို့ လကိုလည်း မမြင်ရပါ။ လကွယ်နေ့ဖြစ်သည်။  ကမ္ဘာမှ ကြည့်လျှင်နေနှင့်လတို့သည် လောင်ဂျီကျု လတ္တီကျု (တောင်မြောက် ရှေ့နောက်) တစ်ထပ်တည်းကျနေမည်ဖြစ်သည်။

သရုပ်ပြပုံ (၄)
ယခုအခြေအနေတွင် ကမ္ဘာ့နေဘက်ခြမ်း ဒေသများအဖို့ နေကို လှမ်းကြည့်လိုက်လျှင် နေကိုရှင်းလင်းစွာ မြင်ရသည်။ ကမ္ဘာ့ညဘက်ခြမ်းဒေသများအတွက်မူ လကို ကြည့်လျှင် လပေါ်တွင် ကမ္ဘာအရိပ်ထင်သောကြောင့် လကို မမြင်ရပါ။ လကို မမြင်ရ၍ လကြတ်သည်ဟုခေါ်ပါသည်။ ကမ္ဘာမှ ကြည့်လျှင်နေနှင့်လတို့သည် လောင်ဂျီကျု အားဖြင့် ၁၈၀ ဒီဂရီခြားနားပြီး လတ္တီကျု (တောင်မြောက်) တစ်ထပ်တည်းကျနေမည်ဖြစ်သည်။

သရုပ်ပြပုံ (၅)
နေနှင့်လတို့ ကမ္ဘာမှကြည့်က တစ်တန်းတည်းဖြစ်နေစဉ် နေလတို့နှင့် ဆန့်ကျင်ဘက် ကမ္ဘာ့အခြားဘက်ခြမ်းတွင် အမှတ်တစ်ခုကို ဖန်တီးယူလိုက်ပါသည်။ ၄င်းကို နေနှင့်လတို့၏ ဆန့်ကျင်ဘက်(အရိပ်)ဟု ခေါ်ကာ ရာဟုဟုခေါ်ပါသည်။ ထိုရာဟုနှင့် ဆန့်ကျင်ဘက်အရပ်ကိုတော့ ကိတ်ဟု ခေါ်ပါသည်။

ရာဟုနှင့်ကိတ်သည် အမြဲ ၁၈၀ ဒီဂရီဝေးကွာနေပါသည်။ သူတို့ ၂ မှတ်သည် နေနှင့်လ ပတ်လမ်းကြောင်း ပြင်ညီနှစ်ခု၏ ဖြတ်သန်းရာ မျဉ်းတစ်ကြောင်းပေါ်တွင်ရှိပါသည်။

အဓိပ္ပါယ်အားဖြင့် 
(၁) အပူအအေး၊ ရေနှင့်မီး၊ နေနှင့်လ ဆန့်ကျင်ဘက်နှစ်ခု တစ်နေရာတည်းဆီမှ ပေါင်းစပ်လွှမ်းမိုးသောကြောင့် လူသားတို့အပေါ်တွင် အရေးအပါသည့် အပြောင်းအလဲများ ဖြစ်ပေါ်စေသည်ဟု ယူဆကြဟန်ရှိပါသည်။
(၂) ထိုနှစ်မှတ်၏ ကောင်းကင်တည်ရာကို မှတ်သားခြင်းဖြင့် မည်သည့်အချိန်တွင် ထိုအမှတ်များနား နေလတို့ ကပ်ကာ နေကြတ် လကြတ်များ ဖြစ်မည်ဟု ယူဆကြဟန်ရှိပါသည်။

ပတ်လမ်းအားဖြင့်
ဆရာနျူမာန်ပြုစုသော ဂြိုဟ်သွားပြက္ခဒိန်အရ
1.1.1921 တွင် ရာဟုဂြိုဟ်သည် တူရာသီ ၁၁ အင်သာ ၂၃.၆၇ လိတ္တာတွင်တည်ကာ 24.7.1939 တွင် တူရာသီ ၁၁ အင်သာ ၂၃.၂၂ လိတ္တာတွင် တည်ခဲ့ပါသည်။ ရာသီစက်ဝန်းတစ်ပတ်ပြည့်ရန် ၁၈ နှစ် ၆ လ ၂၃ ရက် ခန့် ကြာမြင့်ခဲ့ပါသည်။

ဦးတည်ရာအားဖြင့်
နေလတို့သည် အရှေ့မှ အနောက်ရွေ့နေ၏။ ဇာတာအားဖြင့် လက်ဝဲရစ် မိဿမှသည် ပြိဿ ပတ်နေ၏။ နေလတို့၏ အရိပ်အမှတ်ဖြစ်ခဲ့သော ရာဟုနှင့်ကိတ်သည်ကား အနောက်မှ အရှေ့ကို ရွေ့ပါသည်။ ဇာတာခွင်အား လက်ယာရစ် မိဿမှ မိန် ပတ်နေပါ၏။

ရာဟုနှင့်ကိတ်တို့သည် (နေစကြ၀ဌာ၏အပြင်မှကြည့်လျှင်) အမှန်အားဖြင့် ရပ်နေသော အမှတ်တို့ဖြစ်ပါသည်။ (အရှေ့မှ အနောက်သို့ သွားနေသောအရာများမှ ကြည့်လျှင် ရပ်နေသည်အရာသည် အနောက်မှ အရှေ့သို့ သွားသည်ဟု ထင်ရမည်သာဖြစ်ပါသည်။) ကမ္ဘာကို ဗဟိုပြုစနစ်ဖြစ်ကာ ကောင်းကင်ကြယ်စုကို မြေပုံပြုသဖြင့် နေလဂြိုဟ်တို့နှင့် ယှဉ်လျှင် ဆန့်ကျင်ဘက်ကို ဦးတည်နေခြင်းသာဖြစ်ပါသည်။ (စကြာဝဌာတွင် ရွေ့လျှားနေသော ကမ္ဘာ့ကြောင့်လည်း ထိုအမှတ်တို့ ပြောင်းလဲရွေလျားနေခြင်းဖြစ်သည်ဟု ယူဆ၍လည်းရပါသည်။)


ချွင်းချက်  
အထက်ပါအချက်အလက်များသည် နေစကြာဝဌာသည် အနန္တစကြာဝဌာ ကြယ်စုများအကြား အတည်တကျရှိနေသည်ဟု ယူဆကာ ရေးသားခြင်းဖြစ်ပါသည်။ နေစကြာဝဌာကို တနင်္ဂနွေ တနင်္လာဟု ဖေါ်ပြကာ၊ ကြယ်စုများအား နက္ခတ်၊ ရာသီဟု ဖေါ်ပြခြင်းဖြစ်ပါသည်။ အမှန်တကယ်တွင် နေစကြာဝဌာသည် အနန္တစကြာဝဌာ၏ တစ်နေရာ(Solar Appendix Point)သို့ ဦးတည်ရွေ့လျားနေသည်။ ထိုအမှတ်ကြောင့်ပင် နေလဂြိုဟ်နှင့် ရာသီခွင်ကြား အပြောင်းအလဲရှိမည်ဖြစ်သလို၊ ရာဟုနှင့်ကိတ်ကြားတွင်လည်း အကျိုးသက်ရောက်မှုရှိဦးမည်ဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမှီသေးသော အကြောင်းအရာများဖြစ်၍ သင်ပြရှင်းလင်းပေးနိုင်မည့်သူများအား မျှော်လင့်မိပါသည်။

ဝါသနာရှင် အစ်ကိုအစ်မများအနေဖြင့် နက္ခတ်ဗေဒင်ပညာအား မြတ်နိုးကာ လောကအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်တောင်းပါသည်။
ကိုပခန်း

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။