လက်ရိုး၊ လက်ဆန်း၊ နာမည်ပေး၊ ယတြာ ဆိုကြရာဝယ်(၃)

  • ယတြာဆိုတာ
ယတြာနဲ့ ပတ်သတ်လို့ မတင်မကျဖြစ်ရတဲ့ ကျွန်တော့်သဘောကိုလည်း တင်ပြခဲ့ဖူးပါတယ်။ ရှေးကံကို ယတြာနဲ့ ပြင်လို့ ရပါတယ်ဆိုရင်လည်း ဘာဖြစ်မယ်ဘာညာ ပြောတာတွေဟာ မှားသွားနိုင်သလို၊ ကြိုဟောတာတွေက ပြင်လို့မရဘူးလို့ ယူဆလိုက်ရင် ယတြာဆိုတာ အဓိပ္ပါယ်မဲ့သွားပါတယ်။

ရှေးအတိတ်ကံအရ အရာအားလုံးဖြစ်လာကြမယ်ဆိုရင်လည်း အခုလောလောဆယ် ဘာမှလုပ်စရာမလိုပဲ ဖြစ်သွားပါမယ်။ အခုလက်ရှိလုပ်သမျှ အကျိုးခံစားရမယ်ဆိုပြန်ရင်လည်း လုပ်သမျှအရာထင်လို့ ကြံတိုင်းပေါက်မြောက်နေပါတော့မယ်။

ဒီအစွန်းနှစ်ဖက်ကြားကနေ ယတြာကို ဆေးနည်းတစ်နည်းသဖွယ်ယူဆလိုက်မယ်ဆိုရင်...
ရှေးအတိတ်ကံကြောင့် ဖြစ်သင့်တာတွေ အမှန်တကယ်ဖြစ်စေဖို့နဲ့ ရှေးအတိတ်ကံကြောင့် ဆိုးရွားမှာတွေကို သက်သာစေဖို့ ဆေးနည်းသဖွယ် အသုံးပြုတာ ယတြာလို့ ဆိုရမလိုလိုပါပဲခင်ဗျ။

ယတြာဆေးနည်းကတော့ သိပ္ပံဆေးပညာတွေလိုလည်း သုတေသနအခိုင်အမာ မတွေ့ရပါ။ ဟောပြောခြင်းကနေ သက်သာရာ သက်သာကြောင်း အဆောင်သဖွယ် ပေါ်လာတာဖြစ်လို့ ယတြာကို ပယ်ရင် အဆောင်လက်ဖွဲ့တွေကိုလည်း ပယ်ရမလိုလိုပါပဲ။

ယတြာကိုယုံပါ အဆောင်ကိုယုံပါလို့လည်း ဘယ်ဗေဒင်ဆရာမှ ဇွတ်တိုက်တွန်းမယ်မထင်ပါဘူး။ ယတြာမစွမ်းဘူးဆိုတာကလည်း ယတြာကိုလုပ်ပေးသူရဲ့ပညာစွမ်းနဲ့ ဆိုင်နိုင်သလို လောကီပညာရပ်တွေရဲ့ ပင်ကိုယ်အစွမ်းနဲ့လည်းဆိုင်ပါမယ်။ ပညာရပ်ရော ယတြာပေးသူပါ ဘယ်လောက်ပဲ စွမ်းစေဦးတော့ လိုက်လုပ်မယ့်သူကမှ မယုံကြည်ရင်လည်း ဘာမှ ထူးခြားလာမယ်မထင်ပါ။

ကျွန်တော့်အမြင်ကတော့ လိုက်လုပ်သူရဲ့ သဒ္ဒါတရားကပေးတဲ့ အစွမ်းနဲ့ ယတြာရဲ့ ပင်ကိုယ်စွမ်းမှာ သဒ္ဒါတရားကပေးတဲ့ ယုံကြည်မှုကြောင့်က ပိုမိုစွမ်းမယ်လို့ ယုံကြည်မိပါတယ်။

ဒါကလည်း အဆင့်မြင့်ယတြာကို ကျွန်တော်မတတ်ကျွမ်းတာကြောင့်ဖြစ်ပါလိမ့်မယ်။ တစ်ရံရောအခါက ယေဘုယျ ယတြာတစ်ခုကို အလွယ်နည်းနဲ့ သင်ယူဖူးပါတယ်။ ဝေငှလိုက်ပါတယ်ခင်ဗျာ။
ဒီဇယားလေးက ဘာကိုပြသလဲဆိုတော့ တနင်္ဂနွေ ရှေ့မြောက်ကြုံ နေတုံ ၆ နှစ်မျှ ဆိုတဲ့ ဇယားကွက်ပါ။ တွက်ပုံကတော့ အများသိသလို အင်္ဂါသားဟာ မွေးစကနေ ၈ နှစ်တိုင်အောင် အင်္ဂါဂြိုလ်ရဲ့ သက်ရောက်မှုတွေခံရပါတယ်။ အဲဒီ ၈ နှစ်က လွန်လာရင် နောက်ထက် ၁၇ နှစ်ပေါင်း ၂၅ နှစ်တိုင်အောင် ဗုဒ္ဓဟူးဂြိုလ်ရဲ့ သက်ရောက်မှုကိုခံရပါမယ်။ ၂၅ နှစ်မှသည် ၃၅ နှစ်တိုင် ၁၀ ကိုတော့ စနေက သက်ရောက်တယ် စသည်ဖြင့် ၁၀၈ နှစ်စာ အလှည့်ကျ သက်ရောက်တယ်ဆိုတာကိုပြတာပါ။

ဒီမွေးစမှ ၈ နှစ်ကိုပဲ ၈/၁၀၈ နဲ့မြောက်ပြီး ကာလတွေခွဲပြီးလည်း ဟောကြပါသေးတယ်။

ဒီ့ထက်အသေးစိတ်လိုက်ပြန်တော့ မွေးစမှ ၁ နှစ်တွင်း အင်္ဂါသားဟာ ၃င်္ဂါစားပြီး နောက်နှစ်မှာ ၄ဟူး၊ နောက်တစ်နှစ်မှာ စနေ အစရှိသဖြင့်စားတာကိုတော့ သက်ရောက်လို့ခေါ်ကြပါသေးတယ်။ အဲဒီလို နှစ်အရလည်း ဟောကြသလို ယတြာကိုလည်း တစ်နှစ်စာပေးကြပါသေးတယ်။



  • နက္ခတ်ယတြာ
နက္ခတ်ဗေဒင်မှ စန်းရပ်ရာသီအင်သာလိတ္တာအရ နက္ခတ္တိက ဒသာကိုစီရင်ပါတယ်။ ဇာတာတွင်းက တနင်္လာဂြိုလ်ရဲ့ နက္ခတ်များအိမ်ရှင်ဂြိုလ် အရင်စားပါတယ်။ ဘယ်လဘယ်လောက်စားတယ်ဆိုတာကိုတော့ အချိုးချယူပါတယ်။ ဥပမာ ၀ အင်သာမှ ၁၀ အင်သာအတွင်း နက္ခတ်တစ်ခုအတွင်း ၂ လာရပ်တယ်ဆိုပါတော့။ ၂ လာသည် ၅ အင်သာမျှ ရောက်နေပြီဆိုပါက ထိုနက္ခတ်များရဲ့ တစ်ဝက်ကြာချိန်ကို သွားခဲ့တာကြောင့် နက္ခတ်ပိုင်ရှင်များဒသာဟာ မူလဂြိုလ်သက်ရဲ့ တစ်ဝက်သာ ကျန်ပါတော့တယ်။

ထပ်မံရှင်းပြရမယ်ဆိုရင်  မိဿရာသီ ၂၆ အင်သာ ၄၀ လိတ္တာမှ မေထုန်ရာသီ ၆ အင်သာ ၄၀ လိတ္တာတွင်းမှာ ဒသာအိမ်ရှင်ဂြိုလ်ဟာ တနင်္ဂနွေဖြစ်ပြီး စိုးမိုးကာလက ၆ နှစ်ဖြစ်ပါတယ်။ ထိုအံသာကလာသည် ကြတ္တိကာ၊ ရောဟဏီနှင့် မိဂသီ နက္ခတ်သုံးလုံးတို့ရဲ့ ကာလပေါင်းဖြစ်ကြောင်းသတိပြုပါခင်ဗျာ။ ကာလအားဖြင့် ၆ နှစ်၊ အင်သာ(ဒီဂရီ)အားဖြင့် ၄၀ အင်သာဖြစ်ကောင်းသတိပြုပါခင်ဗျာ။

နက္ခတ္တိက ဒသာအကြောင်း ဒီမှာ ဖတ်ပါခင်ဗျ။

အကယ်၍ တနင်္လာဟာ ပြိဿရာသီ ၁၆ အင်သာ လိတ္တာ ၄၀ မှာတည်တယ်ဆိုပါတော့။ မူလအစ မိဿရာသီ ၂၆ အင်သာ ၄၀ လိတ္တာမှ ၂၀ အင်သာမျှ သွားခဲ့ကြောင်း တွက်ချက်သိရပါတယ်။ ဒါ့ကြောင့် ဒီဇာတာအတွက် မွေးစမှသည် ၃ နှစ်မျှ တနင်္ဂနွေဂြိုလ်စား (ဒသာစား)ပါမယ်။ ၃ နှစ်ကျော်တာနဲ့ တနင်္လာဒသာ စသည်ဖြင့် ဒသာစားသွားမှာ ဖြစ်ပါတယ်။

ဒသာကိုပဲ ကာလလိုက်ထပ်ခွဲတဲ့ အနန္တရဒသာက လွှမ်းမိုးပါတယ်။ ထို့အတူ အန္တရကိုလည်း ပြတ္တန္တရဒသာက လွှမ်းမိုးနေပါတယ်။ ယတြာနဲ့ အကျိုးဆက်တွေကိုတော့ ရက်ပိုင်းလပိုင်းအတွင်းခွဲပြောနိုင်ပြီး ယတြာကိုလည်း ခွဲပေးနိုင့်မယ် သဘောကိုပြပါတယ်။


ဒီဇယားလေးကိုသုံးဖို့ကတော့ အထက်ဖေါ်ပြပါ နည်းတွေနဲ့ တွက်လို့ အပြီးမှာတော့ ဒီလိုလေးတွေ ခွဲပြောလို့ ရသွားပါတယ်။

ဒီပို့စ်လေးကို အရင်ဖတ်လိုက်ပါ။
၁နွေ
လေးထောင့်စပ်စပ်ခန္ဓာကိုယ်၊ ပန်းနုရောင်မျက်လုံး၊ ဆံပင်ကျဲ၊ မွှေးမျှင်နည်း၊ အတည်တကျမနေ လှည့်လည်သွားလာတတ်မယ်၊ လုံလနည်း ဒူးမခိုင်၊ မျက်နှာပွင့်၊ စကားပြောကောင်း၊ ခြေထောက်သန်၊ မျက်စေ့အားနည်း၊ ဆံပင်ကျွတ်၊ ရေငတ်တတ်၊ အပြင်းဖျားတတ်၊ သည်းခြေဖောက်တတ်ပါမယ်။

ဒီလိုပြထားတော့  လေးထောင့်စပ်စပ်ခန္ဓာကိုယ်၊ ပန်းနုရောင်မျက်လုံး၊ ဆံပင်ကျဲ၊ မွှေးမျှင်နည်း စတဲ့လူတွေနဲ့ပတ်သတ်နေရမယ်။ အတည်တကျမနေ လှည့်လည်သွားလာတတ်မယ်။ လုံလနည်း ဒူးမခိုင်ဖြစ်နေမယ်။ သို့သော် မျက်နှာပွင့်၊ စကားပြောကောင်းနေမယ်။ ခြေညောင်းနေမယ်။ မျက်စေ့အားနည်းနေမယ်။ ဆံပင်ကျွတ်နေတတ်တယ်။ ရေဆာနေမယ်။ အပြင်းဖျားတတ်တယ်။ စိတ်ဂယောက်ဂယက်ဖြစ်မယ် စသည်ဖြင့်ဟောလို့ ရပါတယ်။
ယတြာအနေနဲ့
အရှေ့မြောက်အရပ်မှာ တနင်္ဂနွေနံ ပစ္စည်းတွေရှိနေတယ်။ တနင်္ဂနွေဟာ အလင်းကိုလည်း ဖြစ်စေလို့ အလင်းရောင်ပေးတဲ့ မီးလုံး မီးချောင်းစတာတွေလည်း ပျက်နေတတ်တယ် ပြင်ပါ။ အစရှိသဖြင့် ဟောလို့ ရပါတယ်။
မှတ်သားဖွယ်ကတော့ ထိုထောင့်ချိုးက ဂြိုလ်တွေ ဒသာဟာ ခိုက်တတ်တယ်လို့ အယူရှိကြပြီး ထိုအရပ်မျက်နှာမှာ သူနဲ့ဆိုင်တဲ့ ပစ္စည်းပျက်သော်လည်းကောင်း မကောင်းကြံသူသော်လည်းကောင်း ရှိနေတတ်တာပါပဲ။ မယုံက စမ်းကြည့်နိုင်ပါတယ်။
ဖေါ်ပြပုံကတော့ ၁ နွေဟာ အလင်းခရီးနဲ့ သက်ဆိုင်တဲ့ပစ္စည်းများ။ ၃င်္ဂါဟာ မီး၊ထင်း၊မီးခြစ်စတဲ့ မီးလောင်စေတဲ့ ပစ္စည်းများ၊ ၀နေက ကြွင်းပစ္စည်းဟောင်းအနွမ်း၊ ၈ဟုကတော့ အမှိုက်သရိုက်အပျက်အစီးတွေသဘောကို ဆောင်ပါတယ်။ ဟောပြောသူ ဆရာရဲ့ အတွေ့အကြုံအရ ပရိယာယ်ကောက်ရာမှာ ကွာသွားပါတယ်။

ဂြိုလ်ဆိုးယတြာအနေနဲ့ နေအိမ်(သို့) အိပ်ခန်းထောင့်တွေမှာ အဟောင်းအနွမ်းအပျက်တွေ မထားဘဲ သန့်ရှင်းနေမယ်ဆိုရင် အမြဲလုပ်ထားတဲ့ (အမြဲအကောင်းကို မျှော်လင့်ထားတဲ့) သဘောသက်ရောက်နေမယ်လို့ ယူဆမိပါတယ်။

ထောင့်ချိုးမဟုတ်ဘဲ မျက်နှာတည့်တည့်တွေမှာတော့ အကျိုးပျက်စေတဲ့ သဘောမရှိပဲ ရလာမယ့်အကျိုးတွေ မရလာဘဲရှိတတ်ပါတယ်။ ဥပမာ တနင်္လာရဲ့ ဒသာမှာ လုပ်သမျှလွဲနေရင်တော့ အရှေ့အရပ်မှာ အမှိုက်သရိုက်လိုမျိုးရှိနေတာတွေ ဖြစ်တတ်ပါတယ်။

အခုတင်ပြသွားတာတွေဟာ ဂြိုလ်စား(ဒသာ)သဘောတာရှိသေးပါတယ်။ ဂြိုလ်စားကို ထပ်ဂြိုလ်စားတဲ့ (ဒသာxအန္တရဒသာ) မှာဆိုရင် ၀ိဝါဒတွေ ကွဲလာပါမယ်။ ဥပမာ ၂ လာဒသာမှာ ၃ င်္ဂါဂြိုလ်စားတော့ မိခင်ကျန်းမာရေးထိခိုက်တတ်တာတို့၊ မိန်းကလေးများအချစ်ရေးကြုံတာတို့ စတဲ့ အဟောတွေလည်း ကွဲပြားလာပါတယ်။ တစ်ဖန် ယတြာများဟာလည်း ဆန်းကြယ်လာပါတယ်။

၂လာ ရော ၃ င်္ဂါပါ ပြေလည်စေမယ့် (တနည်းအားဖြင့် သူတို့နဲ့ ရန်ပြုခြင်းမရှိမယ့်) ဂြိုလ်တွေရဲ့ နိမိတ်ကို ယူပြီး ပေးရတဲ့ ယတြာတွေလည်း ခွဲခြားဆန်းပြားလာပါတော့တယ်။

အင်္ဂ၀ိဇ္ဖာအခါတိုင်အရ တန်းအောက်တိုင်ခြေများကို စစ်ဆေးပြီး အရပ်မျက်နှာအလိုက် လုပ်ပေးတဲ့ ယတြာတွေကိုလည်းစမ်းဖူးပါတယ်။ တစ်ခါက ခေါင်းကိုက်ပြီး အိပ်ယာထဲက မထနိုင်ဖြစ်နေတဲ့ အမေ့ကို ယတြာတစ်ခုလုပ်ပေးဖူးပါတယ်။ နေ့နံသင့်တဲ့ ညီမကို အမေ့အိပ်ယာမြောက်ဘက်ကို အမှိုက်လှည်းခိုင်းလိုက်တာပါ။ လှည်းပြီးတာနဲ့ အမေဟာ ခေါင်းကိုက်တန်းပျောက်သွားပါတယ်။ ဘာတွေ ဘယ်လိုဆိုင်လဲ ကျွန်တော် မသိပါ။ ထိုစဉ်ကတော့ ဒီလိုလုပ်လိုက်ရင် ပျောက်မယ်လို့ ကျွန်တော်ယုံတယ်။ ဒါ့ကြောင့်ဖြစ်စေလိုတဲ့ အတိုင်းဖြစ်တယ်လို့ ယုံလိုက်ပါတယ်။ တွက်လိုက်တာကတော့ အခါတိုင်အရပါပဲ။

  • ဇာတာနဲ့ယတြာ
ဇာတာကိုင်သူဆရာတော်တော်များများဟာ ယတြာကိုပေးချင်သာပေးမယ် မယုံကြတာများပါတယ်။ ကျမ်းတွေမှာလည်း မရှိသလောက်ရှားပါတယ်။ သို့သော် ဖေါ်ပြထားတာရှိတယ်ဆိုတာကိုတော့ တင်ပြလိုက်ပါတယ်။

ကလေးမရနိုင်မယ့် (ရနိုင်ခွင့်အင်မတန်နည်းတဲ့) အမျိုးသမီးဇာတာရှင်ရဲ့ ၈ဟုဂြိုလ်ဒသာမှာ ကလေးပျက်ကျဖွယ်ရှိတာကို ၈ ဟုဂြိုလ်အားထွေးသိပ်နိုင်မယ့် အဖြူရောင် နွားနို့စတာတွေ ဆောင်ကြဉ်းစေပြီး ကလေးတစ်ယောက်မွေးဖွားစေခဲ့ကြောင်းကို ဘာသာပြန်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ထိုပညာရှင်ကတော့ အိန္ဒိယမှဖြစ်ပါတယ်။ ယတြာအကြောင်းဖေါ်ပြထားတာမဟုတ်ဘဲ ဇာတာဝေဖန်ရင်းထည့်ပြောလိုက်တာကြောင့် အဖြူရောင် နွားနို့စတာတွေတောင် (ချရေးလိုက်သော်လည်း) သေချာမသေချာ ၀န်မခံရဲပါ။ သို့သော် ယတြာအရ ပေးလိုက်တယ်ဆိုတာကိုတော့ အတိအလင်းဝန်ခံရဲပါတယ်။ သတ္တံသင်းတို့ စတုဒီယံဇယားတို့ကို ဘာသာပြန်ထားတဲ့ စာအုပ်မှာပါခင်ဗျ။

ကျွန်တော့်အမြင်ကတော့ အပေါ်ကဖေါ်ပြခဲ့တဲ့ အရပ်မျက်နှာနဲ့ ယတြာတွေဟာ နက္ခတ္တိကဒသာစနစ်က လာတာဖြစ်လို့ ဒီစနစ်တွေကို သုံးဖို့ကလသည် ထိုစနစ်နဲ့တွက်မှ သင့်မယ်လို့ ထင်မိပါတယ်။

နက္ခတ်သုံး ၀ိသေတ္တရီစနစ်မှာတော့ ရာသီ အရပ်မျက်နှာ ဂြိုလ်အရပ်မျက်နှာ အစရှိသဖြင့် သတ်မှတ်ပုံတွေလည်းရှိတယ်။ အရောင်အဆင်းတွေလည်းရှိစေတော့ ယတြာရဲ့ မူလသဘောဖြစ်ဟန်ရှိတဲ့ ဆိုးတဲ့ဒသာမှာ ဆိုးစေတဲ့ဂြိုလ်နဲ့ပရိယာယ်တွေနည်းစေပြီး အပြစ်သက်သာအောင်၊ ကောင်းတဲ့ဒသာမှာ ဇာတာအရ ကောင်းစေတဲ့ဂြိုလ်တွေရဲ့ ပရိယာယ်တွေ ကူပိုးပြီး ပိုမိုကောင်းစောအောင် စီရင်မယ်ဆိုရင်ဖြင့် ယတြာကို ဆေးနည်းသဖွယ် ညွှန်ကြားရနိုင်ပါကြောင်း လူတတ်ကြီးလုပ်၍ အကြံပေးပါရစေခင်ဗျာ။

ယတြာနဲ့ပတ်သတ်လို့ နက္ခတ်ပိုင်းမှဆရာများ စာအုပ်ထုတ်ဝေတာ သုတေသနပြုတာ အင်မတန်နည်းပုံထောက်ရင် နက္ခတ်သမားများဟာ တနင်္ဂနွေအရှေ့မြောက်ဆိုတာကိုပဲ ယတြာပေးမလားလို့ စဉ်းစားဖွယ်ဖြစ်ပါတယ်။ သို့တစေ ၄င်းနည်းသည်လည်း နက္ခတ်ဗေဒင်မှ ထက်ခြမ်းသဖွယ်ခြမ်းထားသော နက္ခတ္တိကဒသာစနစ်အရ ဖြစ်နေပါတယ်။

ပျောက်ဆုံးနေသော ၀ိသေတ္တရီဒသာစနစ်မှ နက္ခတ်ယတြာများ ရှိပါသေးသလားဆိုတာကိုတော့ ရှာဖွေရဦးမှာ ဖြစ်ပါကြောင်းတင်ပြရင် လက်ရိုး၊ လက်ဆန်း၊ နာမည်ပေး၊ ယတြာ ဆိုကြရာဝယ် ခေါင်းစဉ်ကို အဆုံးသတ်ပါတော့မယ်ခင်ဗျာ။

1 comment:

Ko Ba Tint said...

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။
ဆိုလို မင်္ဂလာနေ့သစ်မှာနှတ်ဆက်မို့တောင် လန့်သွားမိတယ်
....................
ပျော်ရွင်ပါစေ။ ကောင်မလေးနဲ့အဆင်ပြေပါစေ
အမ

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။