ဘာဝတို့ အကြောင်း (၄)

MOTAA – Astrology Course (Level-1) 

၂-တန့် ဘာဝ (H2) 

၂-တန့် ဘာဝ ဆိုသည်မှာ ဇာတာရှင်၏ ပိုင်ဆိုင်မှုကို ပြသသော ဘာဝဖြစ်သည်။ အာသာဘာဝ အိမ်များတွင်ပါဝင် နေသော ၂-တန့်ဘာဝသည် ဇာတာရှင် အနေဖြင့် လိုလားတောင့်တသော အရာများကို ဖေါ်ညွန်းနေသည့် သဘာဝ ဖြစ်ပါသည်။ မည်သည့် ပိုင်ဆိုင်မှုများ ရယူပိုင်ဆိုင်နိုင်မည်ကိုလည်း ပြဆိုနေသော ဘာဝဖြစ်ပါသည်။ ထို့ကြောင့်လည်း ၂-တန့် ဘာဝသည် ဇာတာရှင်တွင် မျိုးဆက်သစ် ထွန်းကားရေးအတွက် သားယောင်္ကျားလေး ရရှိနိုင်မှုကိုလည်း တာဝန်ယူနေသည်။ တစ်ဖန် ဇာတာရှင်အနေဖြင့် အဆင့်လွန် ပညာရပ်များ ရရှိနိုင်ရေးကိုလည်း ဖော်ညွန်းသည်။ ထို့အပြင် ဇာတာရှင်၏အကြိုက်၊ မကြိုက်သောအရာများကိုလည်း ရည်ညွှန်းသည်။ အဓိက မှတ်ရန်မှာ ၂-တန့် ဘာဝသည် “ဇာတာရှင် ပိုင်ဆိုင်သော၊ အရာများ၊ တန်ဘိုးထား လိုလားသော အရာများ” ဖြစ်သည်။

၈-တန့် ဘာဝ (H8) 

၈-တန့် ဘာဝ ဆိုသည်မှာ ၂-တန့် ဘာဝ နှင့် တစ်ဘက်တစ်ချက်တွင် ရှိနေခြင်းဖြင့် (တနည်းအားဖြင့် ၇-တန့် ဘာဝ၏ ၂-တန့် ဖြစ်နေခြင်းဖြင့်) အခြားသူတို့၏ ပိုင်ဆိုင်မှုကို ပြသသော ဘာဝဖြစ်သည်။ နက္ခတ္တဝေဒပညာတွင် ဤဘာဝသည် နားလည်ရန် အလွန်ခက်ခဲသော နက်ရှိုင်းသော သဘောတရားများ ပါဝင်နေသော ဘာဝဖြစ်သည်။ ဤဘာဝ၏ အဓိပ္ပါယ်ကို အားလုံးပေါ်လွင်အောင် ဖေါ်ပြနိုင်ရန် မလွယ်လှပါ။ ပထမဦးစွာ အခြားသူတို့၏ ပိုင်ဆိုင်သော ဥစ္စာဟု ဆိုလိုခြင်းကို ဆက်လက် ရှင်းပြရမည်ဆိုလျှင် မိမိ၏အားထုတ်မှုဖြင့် ရယူပိုင်ဆိုင်ခြင်း မဟုတ်သော အမွေရခြင်း၊ ထီပေါက်ခြင်း တို့သည် ဤဘာဝကို ဖေါ်ညွှန်းနေ၏။ တစ်ဖန် အခြားသူတို့၏ ငွေကြေးကို မိမိအနေဖြင့် တာဝန်ယူ လုပ်ဆောင် ပေးရသော အလုပ်သဘော မျိုးဖြစ်သည့် အသက်အာမခံ လုပ်ငန်း၊ ရင်းနှီးမြုပ်နှံလုပ်ငန်း၊ ငွေကြေး တာဝန်ယူအာမခံရသော လုပ်ငန်းတို့ကို ရည်ညွှန်း နေ၏။ အလွယ်တကူ အချောင်ရသော ငွေကြေးကိုလည်း ရည်ညွှန်းနေ၏။ တစ်ဖန် ဤဘာဝသည် ဒုဌာန အိမ်များ ဖြစ်သော (၆-တန့်၊ ၈-တန့်၊၁၂-တန့်) တို့တွင် ပါဝင်၏။ ထို့ကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ အန္တရာယ် ဖြစ်ပေါ်ခြင်း၊ အရင်းအနှီးပြုတ်၍ ဒေ၀ါလီ ခံရခြင်း၊ သေဆုံးခြင်း၊ ကြီးမားသော မတော်တစ်ဆမှုတို့ကို ကိုယ်စားပြုနေသော ဘာဝဖြစ်သည်။ တနည်းအားဖြင့် ကျန်းမာရေးနှင့် အန္တရာယ် ကို ဖေါ်ပြနေ၏။ ဤနေရာတွင် သေဆုံးခြင်း ဆိုသော စကားရပ်၏ အဓိပ္ပါယ်ကို သေချာစွာ နားလည်ရန် လိုအပ်ပါ၏။ ဘ၀တစ်ခု သေဆုံးခြင်းသည် နောက်ဘ၀တစ်ခု အစပင် မဟုတ်ပါလော။ ဆင်းရဲနေသော ဘ၀မှ ဖြစ်ရပ်တို့ တစ်ခန်းရပ်၍ ချမ်းသာသော ဘ၀တစ်ခု အစပျိုးခြင်း မဟုတ်နိုင်သလော။ ထို့ကြောင့် အဟောင်းတို့၏ အဆုံးသည် အသစ်တို့၏ အစဖြစ်၏။ ဤသည်ကို အကြီးအကျယ် အပြောင်းအလဲ ဖြစ်ခြင်းဟု ခေါ်သည်။ မြန်မာ တို့အခေါ် မရဏ ဘာဝ တနည်းအားဖြင့် သေဆုံးခြင်းကို ဖေါ်ပြသော ဘာဝသည် အားလုံးကို တစ်က ပြန်စသော ဘာဝလည်းဖြစ်သည်။ ရုပ်ဝတ္ထုတို့ ရုပ်ငြိမ်းခြင်းသည် နာမ် သဘော တို့၏ တိုးတက်ရာ ဖြစ်၏။ ဥပမာ အောင်မြင်မှုတို့ ဆက်တိုက် ရနေသောသူသည် ဆုံးရှုံးမှုတို့ကို မကြုံရသေးမခြင်း တရားရစရာ၊ သံဝေဂ ယူစရာ မရှိသေးပါ။ ထို့ကြောင့်လည်း ပွင့်တော်မူခဲ့ သမျှသော မြတ်စွာဘုရားရှင်အားလုံးသည် ဆုတ်ကပ်ခေါ် သက်ဆိုင်ရာ သက်တမ်းကာလတို့ အနှုတ်ဘက်သို့ ဆင်းနေသော ကာလများတွင်သာ ပွင့်တော်မူခဲ့ကြသည်။
ထို့ကြောင့်လည်း မုက္ချ ခေါ် လွတ်မြောက်ခြင်းဟု အဓိပ္ပါယ်ရသော ဘာဝများတွင် ဤ ၈-တန့်ဘာဝ အနေဖြင့် ပါဝင်နေရခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ဤ ၈-တန့်ဘာဝသည် ဘ၀အပြောင်းအလဲကို ဖြစ်စေသော ဘာဝ ဖြစ်သည်။ နောက်တစ်နည်းအားဖြင့်လည်း အပြောင်းအလဲ နှင့်ဖြစ်အောင် လုပ်ရခြင်းကို တာဝန် ယူရသည့် အင်္ဂါ၏ ကာရကပြုတာဝန် ယူနေရသော ဘာဝဖြစ်သောကြောင့် ခွဲစိတ်ကုသ ခြင်းတို့သည်လည်း ဤဘာဝနှင့် သက်ဆိုင် သည်။ လူနာ၏ခံစားနေရသော အနေအထား၊ ကုသမှု အနေအထားတို့ကို အပြောင်းအလဲ လုပ်ရခြင်းပင် ဖြစ်ပါသည်။ ထိုမျှမကသေး ဤ ၈-တန့် ဘာဝသည် လျှို့ဝှက်ခြင်းကို ဖေါ်ဆောင်သော ဘာဝ ဖြစ်သည်။ လူသိ ခံ၍မရသော အလုပ်များ (ထောက်လှမ်းရေး၊ သတင်းရယူခြင်း၊ စသည် တို့) နှင့် သုတေသန ပြုခြင်း များကို တာဝန်ယူသော ဘာဝ ဖြစ်သည်။ မကြာသေးခင် ကာလ ဇူလိုင်လ၂၀၀၉-ခုနှစ် က အမေရိကန်မှ ဝေဒမိတ်ဆွေ တစ်ဦးဖြစ်သူ မစ္စက်လိုင်လာ အနေဖြင့် မည်သူဟု မဖေါ်ပြထားသော သူနှင့် အတွင်းကျကျ ရင်းနှီးသူ တစ်ယောက်၏ ဘ၀ကို သုံးသပ်ပေးပါဟု စမ်းသပ်သော မေးခွန်း တစ်ခု မေးခဲ့ရာ ဆရာ နျူမာန် အနေဖြင့် ဇာတာကို လေ့လာ၍ ထိုသူသည် စစ်ရေးနှင့် သက်ဆိုင်သော၊ အဆင့်မြင့် သုတေသနများ၊ လျှို့ဝှက် ကိစ္စများတွင် ပါဝင်နေရသူ ဖြစ်မည်ဟုဆိုပြီး ၄င်း၏ ဘ၀တွင် အရေးကြီးသော ဖြစ်ရပ်များကို ထောက်ပြ ခဲ့ရာတွင် မစ္စက် လိုင်လာမှ ၀န်ခံခဲ့ရသည်မှာ ဤဇာတာရှင်သည် လ-ပေါ် သို့ပထမဦးဆုံးရောက်ခဲ့သော အာကာသ သူရဲကောင်းလည်းဖြစ်၊ ကိုရီးယား စစ်ပွဲတွင် လေယာဉ်မှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သော၊ လေယာဉ် အင်ဂျင်နီယာလည်းဖြစ်၊ တက္ကသိုလ်ပါမောက္ခတစ်ဦးလည်း ဖြစ်ခဲ့သော နီးလ် အမ်းမ် စထရောင်း ဖြစ်သည်ဟု ဆိုပါသည်။ သူ၏ဇာတာတွင် ၈-တန့်၏ ပါဝင်ပါသက်မှုကြောင့် ဤသို့ တိကျစွာ စစ်ဆေးပေးခဲ့နိုင်ခြင်း ဖြစ်သည်။ အကြောင်း တိုက်ဆိုင်၍ ရှင်းပြရခြင်း ဖြစ်ပြီး ဂုဏ်ဖေါ်ခြင်း မဟုတ်ပါ။ တစ်ဖန် လူတစ်ဦး အနေဖြင့် မိမိကိုယ်ခန္ဓာတွင် လျှို့ဝှက် ဖုန်းကွယ်ရမည့် အစိတ်အပိုင်းမှာ မည်သည် ပါနည်း။ အားလုံးသိထားသည့် အတိုင်း  လိင် အင်္ဂါ ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ၈-တန့်သည် လိင်အင်္ဂါနှင့် ပါတ်သက်သော ရောဂါများ၊ မတရား အဓမ္မ ပြုကျင့်ခြင်း၊ အဓမ္မ ပြုကျင့် ခံရခြင်းတို့ကိုလည်း ကိုယ်စားပြု ဖေါ်ပြနေပါသည်။ မည်သို့ပင် ဆိုစေ အဓိက မှတ်ရန်မှာ ၈-တန့် ဘာဝ သည် “ဇာတာရှင်၏ ဘ၀ အပြောင်းအလဲ၊ အခြားသူပိုင်ဆိုင် သောအရာ၊ လျှို့ဝှက်ချက်များ” ဖြစ်သည်။

၃-တန့် ဘာဝ (H3) 

ပုံမှန် အားဖြင့် နက္ခတ်ကျမ်း အများစုတွင် ၃-တန့် ဘာဝအား၊ သဟဇ ဘာဝ-ဟု အမည်ပေး၍ ဇာတာရှင်၏ ရဲရင့်မှုနှင့် ညီ၊ မောင် အငယ်များ ဟု ဖေါ်ပြထားကြပါသည်။ ၃-တန့် ဘာဝ ဆိုသည်ကို အလွယ်တကူ နားလည် နိုင်ရန်မှာ ဇာတာရှင်နှင့် အနီးအနားဟု ပြောရပါမည်။ ထို့ကြောင့် အနီးအနား ကိစ္စများကိုလေ့လာ သုံးသပ်တတ်သော စပ်စုလိုစိတ်၊ စမ်းသပ် ကြည့်လိုစိတ်၊ တစ်ဆင့်ဖေါက်သည် ချလိုစိတ်တို့ကို တာဝန်ယူခြင်းကြောင့် အသေးစိတ် လေ့လာတတ်ခြင်း၊ စာရေး စကားပြောကောင်းခြင်း၊ အာဝဇ္ဇန်းကောင်းခြင်း တို့ကိုပါ ကိုယ်စားပြုလာပါသည်။ တစ်ဖန် ရေတိုကို ကြည့်သော၊ မြင်သော အနေအထား မျိုးဖြစ်သောကြောင့် ရုတ်တစ်ရက် ဖြတ်ထိုးဥာဏ်၊ တင်္ခဏုပ္ပတ္တိ ဥာဏ် တို့ကိုလည်း ကိုယ်စားပြု နေသည်။ တစ်ဆက်တည်း အနီးနား ပါတ်ဝန်းကျင် ခရီးတိုသွားရခြင်း၊ အနီးနား ပါတ်ဝန်းကျင်တို့နှင့် ဆက်ဆံရေး တို့ကိုလည်း ကိုယ်စားပြုထားပါသည်။ ဆက်လက်၍ မိမိဘ၀ အနီးဆုံး၊ မိသားစုတွင် ပါဝင်သော ညီအကို မောင်နှမ တို့ကိုပါ ကိုယ်စားပြု လာပါတော့သည်။ ၄င်းသည် ကာမဘာဝများဖြစ်သော (၃-တန့်၊ ၇-တန့်၊ ၁၁-တန့်၊) တို့တွင် ပါဝင်သော ဘာဝတစ်ခု ဖြစ်သည်။ ထို့ကြောင့် လောကီ ကာမဂုဏ်နှင့် ဆိုင်သော လုပ်ငန်းတို့ကို စူးစိုက် လေ့လာ ကြိုးစားခြင်းသည် ကိုယ်ပိုင် စီးပွားရေး၊ လုပ်ငန်း၊ တည်ထောင်ခြင်း၊ ထိုလုပ်ငန်းတို့ကို လုပ်ရည် ကိုင်ရည် သတ္တိရှိခြင်း တို့ကိုပါ ၃-တန့် ဘာဝ အနေဖြင့် တာဝန် ယူထားပါသည်။ ထို့အပြင် နောင်ဖြစ်လာလျှင် ကြည့်ရှင်းလိုက်မည်ဟု ရေတိုကာလကို ကြည့်၍ ဆုံးဖြတ်မှုကို တာဝန် ယူခြင်းကြောင့် ဤဘာဝသည် ရဲရင့်မှုကို ဖေါ်ဆောင်နေရခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် ရန်ဖြစ်လာလျှင် ရဲစခန်းရောက်မည်၊ နောက်ပိုင်း နောက်ဆက်တွဲ ပြဿနာ များ ပေါ်လာမည်ကို လိုက်တွေးနေသူသည် မည်သည့် နည်းမျှ စ, တင်ရန်မဖြစ်ရဲတော့။ ထိုနည်းတူ လုပ်ငန်း တစ်ခု စတင်တည်ထောင် ရာတွင်လည်း နောင်ဖြစ်လာမည့် အနေအထား အသေးစိတ်၊ တစ်နှစ်တာ ၀င်ငွေ၊ ထွက်ငွေ၊ ပြိုင်ဘက် ပေါ်လာလျှင်၊ လုပ်ငန်း မလည်ပါတ် နိုင်လျှင် စသည်ဖြင့် အထွေအထူး ရေရှည် တွေးနေလျှင် လုပ်ငန်းမထူထောင်ဖြစ်တော့ပါ။ ထို့ကြောင့် ဤ ၃-တန့် ဘာဝသည် Entrepreneur ခေါ် လုပ်ငန်း ထောင်လိုသူ၏ စရိုက်ကို ညွှန်းနေသော ဘာဝဖြစ်ပါသည်။ တစ်ဆက်တည်း- အနိုင်မခံ အရှုံးမပေးသော စိတ်၊ အသက်ရှင်သန် လိုစိတ်၊ ကိုယ်ခန္ဓာ၏ ကိုယ်ခံစွမ်းအား တို့ကို ဖေါ်ညွှန်နေသောကြောင့် ဇာတာရှင် အသက်ရှင်သန် ရေးအတွက် အရေးကြီးသော ဘာဝလည်းဖြစ်သည်။ အဓိက မှတ်ရန်မှာ ၃-တန့် ဘာဝ သည် “ဇာတာရှင်၏ အနီးအနား နေရာတို့နှင့် အနီး ပါတ်ဝန်းကျင်၊ ရေတို အမြင်” ဖြစ်သည်။

၉-တန့် ဘာဝ (H9) 

ပုံမှန် အားဖြင့် နက္ခတ် ကျမ်း အများစုတွင် ၉-တန့် ဘာဝအား၊ သုဘ ဘာဝဟု အမည်ပေး၍ ဘာသာရေး ကိုင်းရှိင်းမှု စသည်ဖြင့် ဖေါ်ပြထားကြပါသည်။ ၉-တန့် ဘာဝသည်  ၃-တန့် ဘာဝ နှင့် မျက်နှာချင်း ဆိုင်မှာ ရှိနေသော ဘာဝ ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ၃-တန့် ဘာဝ သည် “ဇာတာရှင်၏ အနီးအနား” ဖြစ်သည့် အားလျော်စွာ ၉-တန့်ဘာဝသည် “ဇာတာရှင်၏ အဝေး နှင့် ဆိုင်သော ကိစ္စများ”ကို ဆိုလိုနေပါသည်။ ထိုကြောင့်လည်း တိုက်ရိုက်အားဖြင့် ရပ်ဝေး ခရီးသွား လာခြင်းများ၊ နိုင်ငံခြား ခရီးသွားလာခြင်း ကို ဖေါ်ညွှန်းပါသည်။ ၃-တန့် ဘာဝ သည် အနီးအနား ဆိုသော ရေတို-ခဏတာ ကိစ္စများကို တွေးတော သော်လည်း ၉-တန့်ဘာဝ မမြင်ရသေးသော အနာဂါတ်၊ မဖြစ်နိုင် သေးသော အရာများကို ဝေးဝေးလံလံ တွေးပါသည်။ ထို့ကြောင့် ၉-တန့် ဘာဝ သည် အတွေးအခေါ် ပညာနှင့်ဆိုင်သော ဒဿနိက ဆန်သောဘာဝ ဖြစ်သည်။ ဤသည်ကို အများ နားလည်စေရန် ဘာသာရေးနှင့် ဆိုင်သောဘာဝဟု အလွယ်ပြောခြင်း ဖြစ်သော်လည်း ၉-တန့် ဘာဝနှင့် ထဲထဲဝင်ဝင်ပါတ်သက်နေသော ဇာတာရှင်သည် နေ့စဉ် ဘုရားသွား၊ ကျောင်းတက်နေသည်ကို ဆိုလိုသည် မဟုတ်။ ဘာသာရေးကို သမားရိုးကျ ပုံစံမျိုးမတွေးပဲ လေးလေးနက်နက် တွေးတတ်သည်။ သူ့အား ဘုရား မရှိခိုး၍ ဘုရား တရား မကြည်ညိုဟု အများက ပြောလျှင် ထိုပြောလာသူကို ပြန်၍ တရားဟော လိုက်မည့်သူမျိုးမှာ ၉-တန့် အင်အား ကောင်းသူများ ဖြစ်သည်။ အတွေးအခေါ် ကို ဦးစားပေးသော ဘာဝ ဖြစ်သောကြောင့် ဘွဲ့လွန် ပညာရေး၊ အဆင့်လွန် ပညာရေးကို ဖေါ်ဆောင် ပါသည်။ လူအများသိထားကြသော Ph.D ဆိုသည်မှာ Doctor of Philosophy ကို ဆိုလိုခြင်း ဖြစ်၍ ထိုပညာရပ်တစ်ခု၏ အဘိဓမ္မာ (အနှစ်သာရ) ဟု ခေါ်သော အဆင့်မြင့်သည့် ဒဿနိက အမြင်များကို လေ့လာထားသူဟု အဓိပ္ပါယ် ရပါသည်။ အတွေးအခေါ် မပါလျှင် မည်သည့် ပညာရပ်တွင်မျှ အဆင့်လွန်မရောက် နိုင်သည်ကို Ph.D ဆိုသော စကားလုံးမှ ဆိုလိုထားပါသည်။ ကိုယ်ကျင့်တရား၊ အစဉ်အလာကို တန်ဘိုးထားခြင်းကို ရည်ရွယ်သောဘာဝ ဖြစ်ခြင်းကြောင့် အနောက်တိုင်း ပညာရှင်များက ဤဘာဝကို မိခင်နှင့်ဆိုင်သော ဘာဝ ဟု သတ်မှတ်သည်။ သို့သော် အရှေ့တိုင်း ပညာရှင်များ အနေဖြင့်မူမိသားစု၏ ရှေ့ရေးကို တွေးတော ကြံဆရသူ ဦးစီး အနေဖြင့် ဖခင်ကို ကိုယ်စား ပြုသော ဘာဝဟု သတ်မှတ်သည်။ ဤနေရာတွင်လည်း အနောက်တိုင်းနှင့် အရှေ့တိုင်း ဆန့်ကျင်ဘက်လိုဖြစ်နေ၏။ MOTAA စနစ် အရမှာမူ ဇာတာရှင်၏ ဇာတာတွင် ၉-တန့် ဘာဝတွင် မူလတြိဂေါဏ သခင် ရှိမရှိကို စစ်ဆေးရပါသည်။ အကယ်၍ ရှိနေပါက ၄င်းသည် ဖခင်ကို ကိုယ်စားပြုပါသည်။ အဓိက မှတ်ရန်မှာ- ၉-တန့် ဘာဝ သည် “ဇာတာရှင် မှ အဝေးတွင် ရှိနေသော အရာများ၊ အမြော် အမြင်၊” ဖြစ်သည်။ ထို့ကြောင့်လည်း ကြာသပတေးသည် ၉-တန့် ကို အမြင်ပြု၊ ကာရက ပြုနေရခြင်း ဖြစ်ပါသည်။

၅-တန့် ဘာဝ (H5) 

၅-တန့် ဘာဝ ဆိုသည်မှာ တြိဂေါဏ အိမ် (တြိကုန်းအိမ်) သာမက ဓမ္မ ဘာဝ အိမ်များ ဖြစ်သော (၁-တန့်၊ ၅-တန့်၊ ၉-တန့်၊) တွင် ပါဝင်သည့် ဘာဝ ဖြစ်သည်။ ဇာတာ တစ်စောင်တွင် အရေးကြီးသော ဘာဝ တစ်ခုဖြစ်သည်။ အများသိထားကြသည်မှာ ၅-တန့် ဘာဝ သည် ပညာရေး၊ သားသမီးတို့ကို ဖေါ်ပြနေသောဘာဝ ဟူ၍ ဖြစ်သည်။ အမှန်အားဖြင့်မူ ၅-တန့် ဘာဝ သည် “မိမိက ပေးဆပ်ရသော အချစ်ကို ဖေါ်ပြသော ဘာဝ” ဖြစ်သည်။ ဤသည်ကို အကြောင်းပြု၍ ၅-တန့် ဘာဝသည် သားသမီး ဘာဝဟု သတ်မှတ် ရခြင်း ဖြစ်သည်။ ထို့ကြောင့် သားကောင်း သမီးကောင်း ရရှိခြင်း၊ သန္ဓေတည်နိုင်ခြင်းကို ဖေါ်ပြနေသော ဘာဝ ဖြစ်သည်။ ထို့ကြောင့်လည်း စင်စစ် အားဖြင့် ၅-တန့် ဘာဝသည် သားသမီးကို ဖေါ်ဆောင်သည်သာမက ဇာတာရှင် အနေဖြင့် လေးနက်မြတ်နိုးစွာ ချစ်ရသော၊ ပြန်လည် မျှော်လင့်ခြင်း မရှိသော အချစ် Romance ကိုပါ ဖေါ်ညွှန်း နေသည်။ အချစ်၏ နောက်ကွယ်မှ စွဲလမ်းခြင်းသည် တစ်ဆက်တည်း ဆက်ပါလာသဖြင့် ၅-တန့် ဘာဝ သည် သာမာန် ချစ်ရုံမျှမဟုတ် အရူးအမူး ချစ်မြတ်နိုးခြင်းကိုပါ ဖြစ်စေသော အနေအထား ဖြစ်သည်။ သုတေသန တွေ့ချက်များအရ အသည်း ကွဲခြင်း၊ (ချစ်သူ၏ စွန့်ပစ်ခြင်းခံရသူများ)၊ တစ်ဘက်သက် စွဲလမ်းမိခြင်းတို့ ဖြစ်သူတို့၏ ဇာတာများတွင် ထိုကာလ အတွင်း ၅-တန့် ဘာဝနှင့် ၅-တန့် ဘာဝ ၏ မူလတြိဂေါဏ သခင်တို့ စွက်ဖက်မှု ထင်ရှားစွာပါနေသည်ကို တွေ့ရပါသည်။ ၅-တန့် ဘာဝ သည် စွဲလမ်းခြင်းနှင့် ဆိုင်သဖြင့် အခြားသောဂြိုဟ်နှင့် ဘာဝများပါ ပါဝင် ပါတ်သက်နေပါက မူးယစ်ဆေးဝါး စွဲငြိခြင်း၊ လောင်းကစား စွဲငြိခြင်းတို့ပါ ဖြစ်စေသော ဘာဝ ဖြစ်သည်။ ၅-တန့် ဘာဝသည်လည်း ကြာသပတေးသည် ကာရကပြုသော ဘာဝ ဖြစ်သည်။ ဘွဲ့ရသည်အထိ ဖြစ်နိုင်သည့်  အဆင့်မြင့် ပညာရေးသည် ၅-တန့် ဘာဝ၏ ပရိယာယ် တစ်ခု ဖြစ်သည်။ အဓိက မှတ်ရန်မှာ ၅-တန့် ဘာဝ သည် “ပေးဆပ် ဖြည့်ဆည်း ပေးနေရသော အချစ်များ” ပင် ဖြစ်သည်။

၁၁-တန့် ဘာဝ (H11) 

၁၁-တန့် ဘာဝ ဆိုသည်မှာ အမှန်အားဖြင့် ဇာတာရှင်အား အခြားသူများမှ ချစ်ခင်ခြင်း၊ တနည်းအာဖြင့် မိမိ အနေဖြင့် လက်ခံရရှိသော အချစ်မေတ္တာများကို ဖော်ပြသော ဘာဝ ဖြစ်သည်။ ထို့ကြောင့်လည်း ဤဘာဝကို ပညာရှင်များက မိတ်ကောင်း ဆွေကောင်းများ၊ မြင့်မားသော အဆင့်အတန်းရှိသော အသိမိတ်ဆွေများဟု သတ်မှတ်ခဲ့ကြသည်။ တကယ်တမ်းအားဖြင့် ဒီထက်ပင် ပိုနေပါသေးသည်။ ၄င်းမိတ်ဆွေ တို့သည် အတိတ်ကံမှ ပြန်လည်တူးဖော်ပေးလိုက်သဖြင့် ပေါ်ပေါက်လာသော(အတိတ်ကံ= ၁၀-တန့်၊ တူးဖော်ခြင်း= ၂-တန့်) ရှေးဘ၀ အဆက်ဆက်မှ ရေစက် ဆုံခဲ့ကြသူများ ဟု ဆိုရပါမည်။ ထို့အပြင် မိမိအားမစိုက်ရဘဲ အတိတ်ကံကြောင့် ပေါ်လာသော ဥစ္စာပစ္စည်းတို့ကို ရည်ညွှန်းနေခြင်း၊ (၁၀-တန့်သည် လုပ်ရည်ကိုင်ရည်ကို ပြသ ရသည်။ ၂-တန့်သည် ကြိုးစားအားထုတ် ရသည်။) တို့ကြောင့် ထိုဝင်လာသော ငွေကြေးကို လာဘ်-လာဘဟု သတ်မှတ်ရသဖြင့် အရှေ့တိုင်း ပညာရှင်များ အနေဖြင့်“လာဘ ဘာဝ” ဟု ခေါ်သည်။ ထို့ကြောင့်လည်း ၄င်းသည် မိမိထံသို့ ၀င်ရောက်လာသော လာဘ် လာဘကို ကိုယ်စားပြုသဖြင့် အရှေ့တိုင်း ပညာရှင်များ အနေဖြင့် “လာဘ ဘာဝ” ဟု ခေါ်သည်။ လာဘ်လာဘ ဆိုသည်မှာ သူတော်စင်များအတွက် မစင်၊ ဘင်၊ ပုပ် ကဲ့သို့ ရွံစရာ ကောင်းသော်လည်း ကာမဘုံ လောကီသားများအဘို့ မက်တွယ်စရာ ဖြစ်သဖြင့် ၄င်းသည် ကာမဘာဝ အိမ်များ ဖြစ်သော (၃-တန့်၊ ၇-တန့်၊ ၁၁-တန့်၊) တွင် ပါဝင် နေသည်ကို သတိပြုပါ။ တိုက်ဆိုင်သဖြင့် ဆက်လက်ရှင်းပါမည်။ မိမိ၏ လောကီ ဈာန်တန်ခိုးကို ပြသသဖြင့် အဇာတသတ် မင်းသားငယ်၏ ကြည်ညို မှုကို ရကာ တစ်နေ့လျှင် ဆွမ်းလှည်း ၅၀၀ ဖြင့် ဇိမ်ကျနေသော ဒေ၀ဒတ် ရဟန်းကို မြတ်စွာ ဘုရားမှ  “သူတစ်ပါး တံထွေးကို မြိုနေသူ” ဟု မိန့်ခဲ့သည်ကို သတိပြု စေချင်ပါသည်။ ဆိုလိုသည်မှာ MOTAA သင်တန်း သား တစ်ယောက်သည် မြင့်မြတ်သော၊ လောကီ အာရုံတို့ကို အလိုမရှိ တော်မူသော ရဟန်းမြတ် တို့၏ ဇာတာကို စစ်ဆေး လျှင် သတိထားနိုင်စေရန် ဖြစ်သည်။ အများက မကောင်းဟု ယူဆ ထားသော ၈-တန့်ဘာဝ သည် ထို မြင့်မြတ်သော ရဟန်းအတွက် အလွန်ကောင်းနေ၍ အများက ကောင်းသည်၊ ကြီးပွားသည်ဟု ယူဆ ထားသော လာဘ် လာဘသည် ထိုမြင့်မြတ်သော ရဟန်းအတွက် ရွံစရာ၊ မသတီစရာပင် ဖြစ်သဖြင့် ဇာတာ စစ်ဆေး ရာတွင် သတိထားနိုင်စေရန် ဖြစ်သည်။ အဓိက မှတ်ရန်မှာ ၁၁-တန့် ဘာဝ သည် “ရရှိသော အချစ် မေတ္တာဓါတ် များ” ဖြစ်သည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။