ပြိဿရာသီ/ ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၆)

ပြိဿရာသီ၏ အ၀န်းအ၀ိုင်းပေါ်သို့ တနင်္ဂနွေ နေမင်း ဖြတ်သန်းပုံကို ရာသီတွင်းဝင်စ (ပထမပုံ) နှင့် ရာသီမှအထွက် (ဒုတိယပုံ) ဖြင့် အောက်ပါအတိုင်းတွေ့မြင်ရသည်။



ရာသီဖွား၊ စန်းရပ်နှင့်၊ လဂ်သဘာဝများကို ယခင်ပိုစ့်  http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖေါ်ပြခဲ့သည့်အတိုင်းဖြစ်၍ ထပ်မံမဖေါ်ပြတော့ပါ။

ကျွန်တော်ရေးသားထားသော ဇတာဖွဲ့ပရိုဂရမ်အရမူ အောက်ပါပုံတွင် ပြိဿရာသီတွင်တည်သော လဂ် (L) စန်း (2) တနင်္ဂနွေ (1) တို့ကို နမူနာပြထားပါသည်။


ရာသီပိုင်ဆိုင်မှုမှာ မပြောင်းလဲပေ။


အတန့်ရေတွက်မှုမှာမူ ပြိဿလဂ်ကို မူတည်ရေတွက်မည်ဖြစ်သဖြင့် အောက်ပါအတိုင်း ပြောင်းလဲဖြစ်တည်သွားမည်ဖြစ်သည်။






ပရိယာယ်များကိုလည်း ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖတ်ရှုနိုင်ပါသည်။


ပြိဿလဂ်အဟော

 * ပြိဿလဂ်

ပြိဿလဂ်မှာဖွားမြင်သူတွေဟာ အပြောချိုခြင်း သည်းခံနိုင်ခြင်း ငြိမ်းအေးခြင်းတို့နဲ့ ပြည့်စုံသူတွေဖြစ်ကြပါတယ် ရေရှည်မှာ အလွန်အောင်မြင်သူတွေဖြစ်ကြပါတယ် မေတ္တာတရားကို အလေးအနက်ထားသူတွေဖြစ်ကြပါတယ် စည်းစိမ်ကိုလည်းမက်မောကြပါတယ် လှုဒါန်းရမှာလဲ ရက်ရောကြပါတယ် စီးပွားရှာရာမှာ အကူအညီပေးမှုကြောင့် ခါးသီးမှုတွေရတတ်ပါတယ်။

မှတ်ချက်။   ။

တန့်ဘာဝသည် သောကြာပိုင် ပြိဿရာသီဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံဖြိုးမှုစရိုက်အရ၊ တင့်တယ်သွက်လက် ချက်ချာသော သွင်ပြင်စရိုက်ပိုင်ဆိုင်မည်ဖြစ်သည်။ အပျော်အပါးနှင့် မိမိသက်သာရလမ်းကြောင်းကိုသာ ရှာဖွေနေမည့် စံစားလိုသည့် စိတ်မျိုးဖြစ်မည်။ မူလတြိဂေါဏသခင် မဟုတ်သဖြင့် မိမိရပ်တည်ရာအတွက် ပြင်းထန်သော ခံစားမှုအခြေအနေမျိုး ပေါ်ပေါက်လိမ့်မည်မဟုတ်ပေ။


တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် မေထုန်ရာသီဖြစ်ခြင်းကြောင့် စုဆောင်းမှုဥစ္စာများပိုင်ဆိုင်ခြင်းနှင့် အဆင့်မြင့်ပညာများ လွယ်လင့်တကူပိုင်ဆိုင်ရတတ်သည်။ မိမိ၏ ဗီဇအစွမ်းအရ ခက်ခဲမှုမရှိကျော်ဖြတ်ကာ ပန်းတိုင်ရောက်နိုင်မည်။ မူလတြိဂေါဏမဟုတ်သဖြင့် အင်အားပြင်းထန်မှုမရှိဘဲ မူလပိုင်ရှင် ဗုဒ္ဓဟူးအားလျော်စွာ တွေဝေရသော တွေဝေရတတ်သော အဆင့်မြင်ပညာလမ်းကို ကြုံရတတ်သည်။ ဥစ္စဓနပိုင်ဆိုင်မှုတွင်လည်း မိမိအမှန်တကယ် စုဆောင်းလိုမှု ရှိမရှိကို ဆန်းစစ်မေးမြန်းဖွယ်ဖြစ်နေသည်။ 

တန့်ဘာဝသည် တနင်္လာပိုင် ကရကဋ်ရာသီဖြစ်ခြင်းကြောင့် ရဲဝံ့မှု၊ စမ်းသပ်မှုများ မထင်ပေါ်ဘဲ နေ့စဉ်ဘ၀အဖြစ်အပျက်များအပေါ် အေးငြိမ်းသော စိတ်အစဉ်ဖြင့်သာ ဖြေရှင်းကျော်လွှားလိုသော သဘာဝရှိမည်။ ထို့ကြောင့်လည်း မိမိဝန်းကျင်တွင် မိမိသည် ဆူဆူပူပူ အတိုက်အခံလုပ်သူအဖြစ် ရပ်တည်လိမ့်မည်မဟုတ်ပေ။

တန့်ဘာဝသည် တနင်္ဂနွေပိုင် သိဟ်ရာသီဖြစ်ခြင်းကြောင့် မိသားစုဝန်းကျင်အကျိုးပေးထူးခြားသူ အခွင့်အလမ်းရှိသူဟု ဆိုနိုင်မည်ဖြစ်သည်။ ငယ်စဉ်ဘ၀တွင် မိသားစုအသိုင်းအ၀န်းအားဖြင့် အများအာရုံထားစရာ ထင်ပေါ်မှုမျိုးကြုံတွေ့နိုင်ဖွယ်ရှိသည်။


တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်ခြင်းကြောင့် ပညာဥာဏ်အားဖြင့် ထက်မြက်နိုင်သည်။ ဗုဒ္ဓဟူးအမြုံဂြိုဟ်တစ်လုံးဖြစ်သဖြင့် သားသမီးရရှိရေး ပူပန်ရတတ်သည်။ ရရှိလာပါကလည်း ဥစ်ဂြိုဟ်အိမ် မူလတြိဂေါဏဖြစ်သည့်အားလျော်စွာ ဗီဇအစွမ်းထက်မြက်သော သားသမီးမျိုးပိုင်ဆိုင်ရတတ်သည်။ ချစ်မေတ္တာ သံယောဇဉ်တွင် ဒွိဟဖြစ်ဖွယ်ကြုံရတတ်ကာ၊ ပညာရေးခရီးတွင်လည်း ရွေးချယ်စရာများ များပြားတတ်သည်။ သို့တစေ အဆုံးသတ်ကောင်းသော အောင်မြင်မှုမျိုး ပိုင်ဆိုင်ရတတ်သည်။


တန့်ဘာဝသည် သောကြာပိုင် တူရာသီဖြစ်ခြင်းကြောင့် ပြိုင်ဘက် ရန်ဘက်တို့သည် စီးပွားရေး၊ စည်းစမ်၊ ဇိမ်ခံပစ္စည်းများအပေါ် မှီတွယ် တိုက်ခိုက်တတ်မည်။ မူလတြိဂုဏ်း(သခင်)ရာသီဖြစ်သဖြင့် အားကြီးသည့်အားလျော်စွာ ၆ တန့်သဘာဝ တိုးထွက်တိုက်ခိုက်မှုသော ရာသီအိမ်ရှင် သောကြာ၏ ဟိတ်ဟန် အယောင်ဆောင် အားဖြင့် ပူးပေါင်းသွားကာ ထည်ဝါသော ၀င့်ကြွားသော တက်တက်ကြွကြွတန်ဆာဆင်တတ်သော အကြံအစည် ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်း ယှဉ်ပြိုင်မှုများကို ပြုလုပ်မိစေတော့သည်။ မိမိလုပ်ငန်းပြိုင်ဖက်များအား လွယ်လင့်တကူ ပေါ့ပေါ့ပါးပါး ကျော်လွှားနိုင်သော အခြေအနေဖြစ်သည်။


တန့်ဘာဝသည် အင်္ဂါပိုင် ဗြိစ္ဆာရာသီဖြစ်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး အဖေါ်အပေါင်းကဏ္ဍများတွင် အင်္ဂါသဘောကြောင့် ပွင့်လင်းရဲတင်းသော ချဉ်းကပ်မှုမျိုးဖြင့် ကြိုးစားတတ်သည်။ အင်္ဂါသည် ၁၂ ကိုပါ သခင်အဖြစ်ပိုင်ဆိုင်သောကြောင့် အပေါင်းအသင်းကဏ္ဍတွင် မိမိဘက်မှ စွန့်လွှတ်ရမှုများတတ်သည်။ အိမ်ထောင်ဖက်သည် ငယ်ရွယ်နုပျိုသော ဖျတ်လတ်သော စရိုက်သဘာဝများ ရှိနိုင်မည်ဖြစ်သည်။


တန့်ဘာဝသည် ကြာသာပတေးပိုင် ဓနုရာသီဖြစ်ခြင်းကြောင့် ကျန်းမာရေး သေဆုံးမှု စသည့် အဆုံးသတ်ကိစ္စများတွင် ကြိုတင်စီမံမှု၊ အကာအကွယ်ယူမှု၊ ဘာသာတရားဖြင့် ခြံရံမှုမျိုး ပြုလုတ်တတ်သည်။ တနည်းအားဖြင့် ရင်းနှီးမှုတစ်ခု၊ ကြုံတွေ့လာမည့်ဘေးအန္တရာယ်စသည်တို့တွင် ပညာသားပါပါ ကြိုတင်နိုင်မည့် သဘောဖြစ်သည်။ လှူဒါန်းသမှုပြုခြင်းသည်လည်း တမလွန်အတွက် အရံအတားသဖွယ် စိုက်ပျိုးလိုဟန်မျိုးဖြစ်သည်။


တန့်ဘာဝသည် စနေပိုင် မကာရရာသီဖြစ်ခြင်းကြောင့် ဂုဏ်ကျက်သရေပညာများ ရေရှည်ခံကာ အထူးထွန်းတောက်နိုင်မည်ဖြစ်သည်။ ပညာရှိများအား နေရာပေးတတ်ခြင်း၊ ရိုသေခြင်း မြှောက်စားခြင်းများအပြင်
အင်အားနွဲ့သူများ၊ ချို့တဲ့သူများအား ငဲ့ညှာခြင်း အမှုကိုပြုမူတတ်မည်ဖြစ်သည်။  မိမိဂုဏ်ကျက်သရေကို စောင့်ထိန်းခြင်း၊ အောင့်အီးခြင်းဖြင့် ရေရှည်တည်မြဲသော ဂုဏ်ဒြပ်ကို တည်ဆောက်မည့်သူများဖြစ်သည်။

၁၀ တန့်ဘာဝသည် စနေပိုင် ကုမ်ရာသီဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းအရည်အသွေးသည် အပင်ပမ်းခံကာ၊ ကိုယ်ကျင့်တရားဖြင့်တည်ဆောက်ထားရသော အတက်နှေးသည့်လုပ်ငန်းမျိုးဖြစ်တတ်သည်။ မူလတြိဂေါဏဖြစ်သည်နှင့်အညီ အောက်ခြေလူတန်းစား၊ အောက်လက်ငယ်သားအားဖြင့် အခြေခိုင်သော လုပ်ငန်းရပ်တည်မှုမျိုး တည်ဆောက်နိုင်မည့်သူဖြစ်သည်။

၁၁ တန့်သည်လည်း ကြာသာပတေးပိုင် မိန်ရာသီဖြစ်သဖြင့် ပညာတတ်သူ မြော်မြင်သူများ၏ မေတ္တာကို ခံစားရတတ်ကာ၊ လာဘ်လာဘသည်လည်း ကြာသာပတေးသဘောကြောင့် ဥာဏ်စွမ်းဖြင့် စီမံထားသော ၀င်ငွေမျိုးဖြစ်တတ်သည်။ သမ္မာအာဇီဝဖြင့် တရားကျကျရရှိသော ၀င်ငွေမျိုးရရှိတတ်သည်။


၁၂ တန့်သည် အင်္ဂါပိုင် မိဿရာသီဖြစ်သဖြင့် သောကဗျာပါဒများကို မငြှိမ်းသတ်နိုင်ဖြစ်တတ်သည်။ ၁၂ ရပ်၏ အင်္ဂါ၏ အားလျှော်စွာ အေးချမ်းသော သဘာဝရှိသလောက် ဒေါသထွက်ပါက မထိန်းနိုင်သော ပူလောင်ရသော သဘာဝရှိမည်။ ပါပလာရပ်သော ၁၂ တန့်အားလျော်စွာ သောကဗျာပါဒကြုံပါကလည်း အေးချမ်းစွာ မဖြေရှင်းနိုင်ဘဲ စိတ်လိုလက်ရ ထွက်ပေါက်ရှာခြင်း အပျော်အပါးဖြင့် အစားထိုးလိုခြင်း စရိုက်များ ဖြစ်ပေါ်တတ်သည်။


    * ပြိဿရာသီတွင်ရပ်သော ၁နွေ၏ဒသာ

ဒီရာသီမှာရပ်ယင် ဆွေမျိုးအသိုင်းဝန်းနှင့်ရန်ဖြစ်ခြင်း မိသားစုနှင့်ဝေးကွာနေရခြင်း နှလုံး မျိုးပွားအင်္ဂါနှင့်ပတ်သတ်၍ ဒုက္ခတွေ့ခြင်းတို့ရှိနေစေကာမူ မိမိအား လူအများကသိ၍ ကျော်ဇောနေဦးမည်ဖြစ်သည်

မှတ်ချက်။  ။ ပြိဿရာသီတွင် တနင်္ဂနွေရပ်ခြင်းသည် ပြန်လှန်ရန်ပြုကြသော စွန့်စားမှု ဖေါက်ထွက်မှုသဘာဝ တနင်္ဂနွေနှင့် ဇိမ်ခံလိုမှု အပျော်အပါးလိုက်စားမှု သောကြာတို့၏ ရန်ပွဲဖြစ်သည်။ သောကြာအားနည်းမှုကြောင့် အသိုင်းအ၀ိုင်း သုခ ၀န်းကျင်စံစားမှုများ ကာမသောကြာ၏ မျိုးပွားအင်္ဂါများ ထိခိုက်အားနည်းဖွယ်ရှိသည်။ သောမအိမ်တွင်တည်လာသော ပါပတနင်္ဂနွေအတွက်မူ အထီးကျန်မှုမှသည် ထင်ပေါ်ခြင်းဆီသို့ တွန်းယူဖွယ်ရှိသည်။

    * ပြိဿရာသီတွင်ရပ်သော ၂လာ၏ဒသာ

ဇနီးမယားသားမယားနှင့်ပျော်ရွှင်နေရတတ်သော်လည်း မိန်းမများက အုပ်ချုပ်ခံရတတ်သည် ရွှေငွေဥစ္စာတိုးပွားမည် ရဟန်းသံဃာ မြင့်မြတ်သူတို့နှင့်ဆုံရတတ်သည် ရပ်ဝေးရောက်နေတတ်သည်

 မှတ်ချက်။ ။ ဥစ်ရာသီအိမ်တွင် ရပ်တည်လာသော တနင်္လာအားလျော်စွာ အမျိုးသမီး မသဘာဝ စောင့်ရှောက်ခံရမှုများ သိသာခံစားရမည်။ သို့တစေ အိမ်ရှင် သောကြာ ကာမ အပျော်အပါးသဘာဝသည် အဇ္ဈတ္တအေးချမ်းမှု တနင်္လာကို ရန်ပြုသဖြင့် မိန်းမများ၏ လွှမ်းမိုးမှုခံရတတ်ကာ၊ ရန်ပြုလာသော ခရီးလမ်းသဘာဝ သောကြာအရ ခရီးများလည်း ကြုံရတတ်မည်။

    * ပြိဿရာသီတွင်ရပ်သော ၃ဂါ၏ဒသ

ရာထူးကျခြင်း ရန်ဖြစ်ခြင်း သူတပါးဝင်ငွေအပေါ်တက်မက်လိုချင်မိမည် ဆရာသမား/ဘာသာရေးတို့၌ စော်ကားပြောဆိုမိမည်

မှတ်ချက်။  ။ မိတ်ရန်မပြု ဥဒသိန်မူသော ဂြိုဟ်နှစ်ခု ဆက်စပ်မှုဖြစ်သည်။ ပါပအိမ်တွင် လာရပ်သော သောကြာသည် အားနည်းသဖြင့် ထည်ဝါမှုကျဆင်းမည်။ တဏှာကာမ တပ်မက်မှု ဖေါက်ပြန်မည်။ သောမလာရပ်သည့် အင်္ဂါအားလျော်စွာ အရှက်ကို မငဲ့ ထင်ရာပြောရဲသော သတ္တိများ ပေါ်ပေါက်နေမည်။

    * ပြိဿရာသီတွင်ရပ်သော ၄ဟူး၏ဒသာ
မိခင်နှင့်မတည့်ဝေးနေရတတ်သည် ဆွေမျိုးများကြောင့် ကြွေးတင်တတ်ရသည် လည်ချောင်းဝေဒနာခံစားရတတ်သည် စိတ်ထားမကောင်းသော ဇနီးမယားရှိတတ်သည်

    * ပြိဿရာသီတွင်ရပ်သော ၅တေး၏ဒသာ

ဆန္ဒမရှိသော်လည်းလုပ်ကိုင်နေရခြင်း ရန်သူနှောင့်ယှက်ခြင်း အရပ်တပါး၌နေရခြင်းတို့ကြုံတတ်ပါသည်

မှတ်ချက်။  ။ ပညာသင်လိုသူ ကျိုးကြောင်းဆက်စပ်လိုသူ ကြာသာပတေးသည် ပေါ့တီးပေါ့တန်နေတတ်သော သောကြာကို ရန်ပြုသည် မနှစ်မြို့ပေ။ မိမိနှစ်သက်ရာလုပ်ချင်ကိုင်ချင်စိတ်များ အထိမ်းအကွပ်ရှိလာသည်။ မလွတ်မလပ်ရှိလာသည်။ ရန်ပြုခံရသော သောကြာအရ ကာမနှင့်ဝေးကာ အရပ်တပါး နေထိုင်ရတတ်မည်။

    * ပြိဿရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

သျှတ္တရပညာများဖြင့် ဉာဏ်ပညာကွန့်မြူးနေမည် သားသမီးအကျိုးပေး၍ လှူဒါန်းမှုများပြုဖြစ်မည်

မှတ်ချက်။   ။ မိမိအိမ်တွင်တည်သော သောကြာဒသာဖြစ်သည်။ ကာမသုခ ထည်ဝါမှုများအရ သားသမီးဝန်းကျင်၊ အလှူဒါနလက်နှင့်မကွာ၊ ပေါ့ပါးသွက်လက်သော အသုံချလွယ်သော သျှတ္တရပညာသွက်များ လေ့လာဖြစ်မည့်သဘောဖြစ်သည်။

    * ပြိဿရာသီတွင်ရပ်သော ၀နေ၏ဒသာ

ဘွဲ့ထူးဂုဏ်ထူးများရရှိမည် ဉာဏ်ထက်၍ မင်းကဲ့သို့ စံစားရတတ်သည် ကောင်းမှုကုသိုလ်များပြုရမည်

 မှတ်ချက်။   ။ ဤနေရာတွင် မြူးတူးပျော်ပါးလိုသောသဘာဝ သောကြာနှင့် မထုံတတေးပြုတတ်သော ဆန့်ကျင်လေ့မရှိသော စနေတို့ ပြန်လှန်မိတ်ပြုသဖြင့် ရှည်ကြာသော ကာမသုခတို့ အကျိုးပြုရာကလဖြစ်သည်။ အားနည်းသူ စနေအတွက် အစစအရာရာ အဆင်တပြေဖြစ်စေလိုသော သောကြာသဘာဝအရ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ဖွယ် အခြေအနေဖြစ်သည်။

မိတ်ရန်ပြုပုံကို အမှတ်ရစေရန် ထပ်မံဖေါ်ပြလိုက်ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။