အဆောင်လေးတစ်ခုနှင့် စပ်လျှဉ်း၍

ဒီဘလော့လေးမှာ နက္ခတ်ဗေဒင်ကြောင်းသက်သက်သာ ရေးသားဖေါ်ပြရန် ရည်ရွယ်ခဲ့တာကြောင့် နက္ခတ်ဗေဒင်နှင့်မသက်ဆိုင်လှသော အခြားဗဟုသုတဖြစ်ဖွယ် အတွေ့အကြုံတို့ကို ချန်လှပ်ထားမိပါတယ်ခင်ဗျ။ (ချန်လှပ်ထားရခြင်းအကြောင်းကလည်း ဘာသာရေးနဲ့ငြိစွန်းပါကလည်း ဘာသာရေးတို့ ညစ်နွမ်းမှာစိုးတာ၊ နိုင်ငံရေးနှင့်လည်း မပတ်သတ်လိုတာ၊ အတွေ့အကြုံတွေရေးပါကလည်း ကိုယ်ရည်သွေးသလိုဖြစ်မှာ (ကြွားဝါလီဆယ်ရေးသည်ဟုထင်ကြမှာ) စိုးတာ တွေကြောင့်ဖြစ်ပါတယ်ခင်ဗျာ။) သို့သော် ကျွန်တော့်ကိုယ်၌က အတွေ့အကြုံဗဟုသုတ နည်းပါးတာကြောင့် ထိုနက္ခတ်နဲ့မသက်ဆိုင်သမျှကို သီးသန့်ရေးသားဖေါ်ပြစရာနေရာတစ်ခု ဖန်တီးဖို့ရာကလည်း မတတ်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း စာဖတ်သူအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာဖြစ်ဖွယ်တို့ကို ဒီဘလော့လေးမှာပဲ ကပ်မြှောင်ဖေါ်ပြ ပါမည့်အကြောင်း စာဖတ်သူအား တင်ကြိုပြောပြလိုက်ရပါတယ်ခင်ဗျာ။

အဆောင်လေးတစ်ခု 

ကျွန်တော်က ငယ်ငယ်လေးတည်းက စာဖတ်ဝါသနာပါပါတယ်။ တခြားကလေးတွေ ဆော့ကစားချိန်မှာ စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်နေတတ်သူဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားမရှိတာ အိမ်မလည်တတ်တာ တစ်ယောက်တည်းနေတတ်တာတွေကြောင့် ငယ်စဉ်အခါက နာမည်ရှေ့မှာ “မိ” တပ်ပြီးတောင် မိန်းကလေးရယ်လို့ အကြိမ်းမောင်းခံရသည်အထိပါပဲခင်ဗျ။ ဘာတွေဖတ်လဲဆိုတော့ အစုံဖတ်ပါတယ်။

ငယ်စဉ်ကတော့ ဖခင်စုဆောင်းထားတဲ့ စွယ်စုံကျမ်း၊ သိပ္ပံစာဆောင်တွေက ပထမထိတွေ့ခဲ့တာတွေ ဖြစ်ပါတယ်။ နောက်တော့ ကျောင်းစာကြည့်တိုက်က သုတရတနာသိုက်စာအုပ်တွေပါခင်ဗျ။ သူတို့တွေဖတ်လို့ အားရတော့ ရွာလည်က စာအုပ်အငှားဆိုင်လေးကို မျက်စောင်းထိုးခဲ့ပါတယ်။ ထိုစဉ်က စာအုပ်ငှားခဟာ ၁ ကျပ်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ် အိမ်ကို တစ်ရက်ငှားဖတ်ရတာဟာ ၁ ကျပ်မတန်အောင်ပဲ ခဏနဲ့ဖတ်ပြီးတာမို့ စာအုပ်ငှားဆိုင်နဲ့ ညှိပြီး ဆိုင်ထိုင်ဖတ် ၁ အုပ် တစ်မတ်နဲ့ ဈေးနှုန်းနဲ့ ဆိုင်ထိုင်ဖတ်ခဲ့ပါတယ်။ (နေကုန်နေကန်း ဖတ်မိလို့ အိမ်က ကျောင်းထုတ်မလိုလို ခဏခဏဖြစ်ခဲ့ပါတယ်။) ကာတွန်းရုပ်ပြ သုတစွယ်စုံတွေ ၀တ္တုတွေဖတ်ခဲ့ပါတယ်။

ဒီကာလများဟာ ကျွန်တော် ၄ တန်း ၅ တန်း ကျောင်းသားအရွယ်က ဖြစ်ပါတယ်။ တစ်နေ့မှာတော့ စာရေးဆရာ နန်းဦးရဲ့ “လိပ်ပြာလေပျံကာ ဟိုသွား ဒီမှာနား” ဆိုတဲ့ ရုပ်ပြစာအုပ်လေးဖတ်ခဲ့ရပါတယ်။ ဒီရုပ်ပြလေးရဲ့ နာမည်ကို မှတ်မိနေရခြင်းအကြောင်းကတော့ ဇာတ်လမ်းလေးနဲ့ မှတ်သားစရာလေးတစ်ခုက စွဲဆောင်နေလို့ပဲဖြစ်ပါတယ်ခင်ဗျ။ ဇာတ်လမ်းအရ ဇာတ်လိုက်ရဲ့ ဘ၀ဟောင်းက ချစ်သူဟာ ဆုံးပါးသွားပြီး ဥစ္စာစောင့်ဖြစ်ကာ ဇာတ်လိုက်နဲ့ မကြာမခဏလာလာတွေ့နေတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လိုက်အနေနဲ့ လက်တွေ့ဘ၀ကို ရင်ဆိုင်ရလိုက်၊ ဥစ္စာစောင့်မလေးနဲ့ တွေ့စဉ်မှာ ဟိုစဉ်ခေတ်ဟောင်းဆီပြန်ရောက်လိုက်နဲ့ တွေ့ကြုံခံစားနေရတယ်ဆိုပါတော့ဗျာ။

ဒီလိုနဲ့ တစ်နေ့ ဇာတ်လိုက်နဲ့ သူ့ချစ်သူတို့ အိမ်ကြီးတစ်အိမ်အောက် ထိုင်ခုံလေးမှာ ထိုင်ရင်း ရှေးဟောင်းနှောင်းပြစ်တွေပြောနေကြပါတယ်။ ဒီလိုနဲ့ ပြောလာလိုက်ကြတာ မြန်မာနိုင်ငံမှာ ပုလိပ်ရောဂါကပ်ဆိုးကြီး ကျရောက်နေစဉ်ကာလကို ပြောမိကြပါတယ်။ ဇာတ်လိုက်က မြန်မာမှာ ပုလိပ်ရောဂါတွေကျရောက်တော့ လူတွေသေကြတာ၊ အတိတ်နိမိတ်ဆိုးတွေမြင်ကြတာ၊ မကောင်းဆိုးရွားတွေသောင်းကျန်းတာတွေဖြစ်ကြကြောင်း ပြောပြပါတယ်။ ရောဂါနဲ့ နာမကျန်းသူတွေဟာ ဒီနိမိတ်ဆိုးတွေကြောင့် ပိုလို့ သေကြေကြတယ်လို့ဆိုပါတယ်။ ဒီလိုခေတ်ပျက်နေတာကို ဆရာတော်ဘုရားကြီးတစ်ပါးက အဆောင်လေးတစ်ခု စီရင်ပြီး လူတိုင်းအိမ်နံရံမှာ ဒါလေးကပ်ဖို့ပေးပါသတဲ့။ ဇာတ်လိုက်ဟာ ဒီအဆောင်လေးကို သူ့လက်ဖ၀ါးပေါ်ကို ရေးပြလိုက်တော့ လူယောင်ဆောင်ထားသူ ဥစ္စာစောင့်မလေးဟာ မကြည့်ချင်ဘူးလို့ မျက်စိကို လက်ဝါးနဲ့ အုပ်ထားပါတယ်။ ဇာတ်လိုက်က အဲဒီအဆောင်လေးရဲ့ အသံထွက်ကို ရွတ်ပြလိုက်တဲ့အခါမှာ လေတွေမိုးတွေကျသလို ၀ုန်းဒိုင်းအသံတွေနဲ့အတူ ကောင်မလေးလည်းပျောက်သွားပြီး၊ သူတို့ထိုင်ရာ ခုံတန်းဟာ ဂူကြီးဖြစ်သွားတယ်။ အိမ်ကြီးဟာလည်း သင်္ချိုင်းကြီးဖြစ်သွားပါတယ်။

ကျွန်တော်ဟာ အဲဒီအဆောင်ပုံစံလေးကို စိတ်ထဲကသေချာမှတ်ထားပါတယ်။ အသံထွက်ကိုတော့ မမှတ်မိတော့ပါ။ ဒီလိုနဲ့ မသိလိုက်မသိဖာသာနဲ့ ဒီဇာတ်ကြောင်းနဲ့ ဒီအဆောင်လေးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။

ကျွန်တော်နေထိုင်ရာရပ်ကွက်ဟာ ရွာစွန်မှာရှိပြီး သင်္ချိင်းနဲ့နီးရာရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ ရပ်ကွက်သားတွေချင်း အခန့်မသင့်စဉ်မှာ သင်္ချိုင်းစောင့်ရယ်လို့လည်း အနှိမ်ခံရတဲ့ ရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ ညနက်နက်တိုင် စာကျက်တတ်သူ (စောစောအိပ်လေ့မရှိသူ) ဖြစ်တာကြောင့် ရပ်ကွက်တွင်းထူးခြားမှုတစ်ခုကို သတိပြုမိပါတယ်။ ည ၁၀ နာရီခွဲခန့်မှာ ကြက်တစ်ကြိမ်တွန်ပါတယ်။ ည ၁၂ ထိုးမှာ ကြက်တစ်ကြိမ်တွန်ပါတယ်။ ည ၂ နာရီခွဲမှာလဲ ကြက်တစ်ကြိမ်တွန်ပါတယ်။ မနက်လင်းမှာတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ည ၁၀ ခွဲနဲ့ ည ၂ နာရီခွဲကြားဟာ ရပ်ကွက်လည်လမ်းမှာ ခွေးတွေ အူကြဟောင်ကြတဲ့အချိန်ဖြစ်ပါတယ်။ တစ္ဆေသရဲကို ယုံကြည်လွန်းသူမဟုတ်ပါဘူးဗျာ။ (မယုံဘူးလို့ မပြောပါ။ နောင်တွင် ထပ်ခါထပ်ခါဖြစ်တတ်သော အဖြစ်အပျက်များအကြောင်းနဲ့ တစ္ဆေသရဲ ခြောက်ခြင်းအပေါ် ကျွန်တော့်ထင်မြင်ချက်များကို သီးသန့်တင်ပြပါဦးမည်ခင်ဗျ။) အထူးသဖြင့် ရပ်ကွက်တွင်းတစ်စုံတစ်ယောက် ဆုံးပါးပြီးစတွေမှာ သိသိသာသာအူကြဟောင်ကြပါတယ်။ လူတစ်ယောက် နေးဆိုး(အသည်းအသန်ဖျားနာ) နေရင်လည်း အူတတ်ပါတယ်။ ငှက်ဆိုးသော်လည်းထိုးတတ်ပါတယ်။ ထိုလူနာလည်း တစ်ပတ်အတွင်း ဆုံးပါးတတ်ပါတယ်။ (လူနာတွေ သေဆုံးတတ်တာနဲ့ပတ်သတ်လို့ ကျွန်တော်ကတော့ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတစ်ခုမှာ ဖတ်ဖူးတဲ့ သေခါနီးလူတစ်ယောက်ရဲ့ အနေကန်၊ ဧကန်လက္ခဏာများထဲက မှတ်မိသလောက် အချက်တွေနဲ့ လေ့လာလေ့ရှိပါတယ်။ ဥပမာ နဖူးရေတွေတွဲကျတာမျိုး မျက်လုံးဝိုင်းလာတာမျိုး၊ မစင်ဟာ ရေမှာမြုပ်တာမျိုး စသဖြင့် သေခါနီးလူတစ်ယောက်ရဲ့ ဖြစ်လေ့ရှိတာတွေပေါ့ခင်ဗျ။)

မှတ်ချက်။ ။ ခွေးအူတာနဲ့ပတ်သတ်လို့ ဆရာမခင်ခင်ထူးရဲ့ “အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်မှာ စာရေးသူအဘပြောပြပုံအရ ခွေးအူသံသုံးမျိုးရှိကြောင်းသိရပါတယ်။ ဘုန်းကြီးကျောင်းမှာ ခွေးတွေအစာကျွေးနေကျအချိန်မှာ အစားအသောက်ကျွေးဖို့ တုံးခေါက်အချက်ပေးချိန်မှာ ခွေးတွေအူကြပါတယ်။ အသံလွင်လွင်နဲ့ အူကြပါတယ်။ ဒါက ၀မ်းသာလို့အူတာမို့ အသံလွင်လွင်လေးနဲ့ အူပါသတဲ့။ ယူနီဖေါင်းဝတ်ဖြစ်စေ၊ ကြောင်ကြောင်ကျားကျား အ၀တ်အစားဝတ်သူကိုဖြစ်စေ၊ အသံချဲ့စက်လို အသံဆန်းကိုကြားလျှင်ဖြစ်စေ၊ ရွာတွင်းအိမ်တွင်းလူစိမ်းဝင်လာတာဖြစ်စေ အူတတ်တဲ့ ခွေးအသံက စူးစူးဝါးဝါးနဲ့ အူဟောင်ဟောင်တတ်ပါသတဲ့ခင်ဗျ။ မကောင်းဆိုးဝါးကိုမြင်လို့ အူတာကတော့ ဆွဲဆွဲငင်ငင်နဲ့ ခြောက်ခြားဖွယ်ကောင်းနေတတ်ပါသတဲ့။ (စာအုပ်ထဲကနဲ့ အနည်းငယ်လွဲက ခွင့်လွှတ်ကြပါခင်ဗျ။ မှတ်မိသမျှ ရေးပြခြင်းသာဖြစ်ပါကြောင်း)

ကျွန်တော့်အတွေ့အကြုံအရ ရွာပြင်ကပြန်လာသူ အိမ်တွင်းလူကို ကြိုရင်း ခွေးဟာ အမြီးကုပ်ပြီး အိမ်ထဲကို တအီအီအော်ဝင်ပြေးတာမျိုးကြုံဖူးပါတယ်။ ပတ်ဝန်းကျင်မှာလည်း စိမ့်ကနဲ အေးကာ ကြက်သီးမွှေးညှင်းထသွားတာမျိုးပါ တွဲဖြစ်တတ်ပါတယ်။

ခွေးအူတာနဲ့ ပတ်သတ်လို့ ကျွန်တော့်အဘ ပြောစကားကတော့ ဟိုစဉ် ခေတ်ပျက်စဉ်က ရွာမှာ စည်းရိုး တံခါးနဲ့ သေချာထားတယ်လို့ဆိုပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ စည်းရိုးလည်းမထား၊ တံခါးလည်း မတပ်တာကြောင့် အကာလ ညအချိန်ဟာလည်း ပရလောကသားတို့ ကျက်စားချိန်ဖြစ်တာရောကြောင့် ရွာတွင်း (ရပ်ကွက်တွင်းကို) ညအချိန်ဝင်လာလို့လို့ ဆိုပါတယ်။ စည်းရိုးတံခါး အသေအချာကန့်သတ်ဖို့ နောက်လူတွေကို အကြံပြုသော်လည်း ခေတ်လူငယ်များ မလိုက်နာကြတော့ပါလို့ ဆိုပါတယ်။

၆ တန်းကျောင်းသားဘ၀ကကြုံတာလေး တစ်ခုပြောပြလိုပါတယ်ခင်ဗျ။

ကျွန်တော်တို့ ညီကိုမောင်နှမတစ်တွေက ညစဉ်လိုလိုမိဘတွေကို နင်းနှိပ်ပေးလေ့ရှိပါတယ်။ တစ်ညမှာတော့ ဖတ်ဖူးတဲ့ စာအုပ်လေးရယ်၊ ခွေးအူသံတွေရယ်စုပေါင်းတွေးမိပြီး အဖေ့ကိုနင်းနေရာက ဆင်းကာ အိမ်ထဲက မြေဖြူတစ်ချောင်းကိုကောက် ရပ်ကွက်လယ်က အုတ်ကန်ဆီကို ပြေးပါတယ်။ (မိဘတွေက ကျောင်းဆရာဆရာမတွေမို့ မြေဖြူဆောင်ထားတတ်တာကြောင့် မြေဖြူနဲ့ရေးဖို့ အရံသင့် ဖြစ်သွားခြင်းဖြစ်ပါတယ်။) အုတ်ကန်ဘောင်မှာ စောစောက စာအုပ်ထဲက အဆောင်လေးကို ရေးလိုက်ပါတယ်။ အိမ်ရောက်တော့ လူကြီးတွေက ဘာသွားလုပ်တာလဲမေးသော်လည်း မဖြေခဲ့ပါ။ ကိုယ့်အကြံနဲ့ အကြံပေးကိုး။

ထိုညက စာကျက်သော်လည်း စိတ်ကစာထဲမရောက်ပါ။ လမ်းဘက်ကခွေးဟောင်သံတွေသာ အာရုံပြုနေမိပါတယ်။ ညဆယ်နာရီခွဲ ကြက်တွေတွန်သော်လည်း ခွေးတွေ မဟောင်ပါ။ ညသန်းခေါင်လည်း မဟောင်ကြ မအူကြပါ။ အတော်လေးကို ပျော်မိနေပါတယ်ခင်ဗျ။ ည ၂ နာရီခွဲကြက်တွန်လို့ မဟောင်ကြ မအူကြမှန်းသိတော့ ကျွန်တော်အဖေနဲ့အမေ့ကို နှိုးပါတော့တယ်။ ၀မ်းသာအားရ အဆောင်ရေးလို့ ခွေးတွေမအူတာရယ်လို့ ကြွားတာပေါ့ဗျာ။ မိဘတွေက အိပ်ချင်မူးတူးနဲ့ ကျွန်တော့်စကားကို ဗွေမယူကြပါ။ ညဥ့်အရမ်းနက်လို့ ၀ိုင်းအိပ်ခိုင်းကြပါတယ်။ ကျွန်တော့်ကို ကြောင်တောင်တောင်လို့ထင်နေကြဟန်ရှိပါတယ်။ ကျွန်တော်ကတော့ တော်တော်နဲ့အိပ်မပျော်ပါ။

နောင်ရက်တွေကြာလာတဲ့ အခါမှာတော့ ကျွန်တော့်အမေကစပြီး အသိအမှတ်ပြုပါတယ်။ သားပြောတာဟုတ်သလိုလိုပဲ အမေခွေးအူသံတွေမကြားရတာကြာပြီလို့ ပြောပါတယ်။ (အမေဟာ သရဲကြောက်တတ်သူမို့ ခွေးအူသံတွေကိုသတိထားမိသူပေါ့ခင်ဗျ။) ယခုအချိန်တိုင် နှစ် ပေါင်း ၁၅ နှစ်ကျော်ကြာသော်လည်း ဒီနေ့တိုင် မိသားစုဝိုင်းဆုံတိုင်း ဒီအကြောင်းကို ပြောဖြစ်ကြပါတော့တယ်။

ဒီနေ့ဒီချိန်ထိ ကျွန်တော်တို့အရပ်လေးမှာ ညအချိန်မှာ ခွေးမအူတော့တော့ပါကြောင်းခင်ဗျ။ ဒီအဆောင်လေးနဲ့ ပတ်သတ်သမျှ နောက်တစ်ခါကြုံတာကတော့ ကျွန်တော့်အသက် ၂၁ လောက်မှာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် နိုဝင်ဘာခန့်က တက္ကသိုလ်ဆရာဆရာမအထူးမွန်းမံသင်တန်းကို ဗဟိုဝန်ထမ်း တက္ကသိုလ်ဖေါင်းကြီးမှာ တက်ခဲ့ပါတယ်။ လုပ်ဖေါ်ကိုင်ဖက်ဆရာဆရာမတွေကြားမှာတော့ ကျွန်တော့်ကို လက္ခဏာဆရာအဖြစ် ခင်ကြမင်ကြပါတယ်။ ကျောင်းသားဘ၀ သူငယ်ချင်းတွေကြားမှာတော့ အပျော်တမ်းမေးကြပေမယ့် ထိုသင်တန်းမှာတော့ လေးလေးစားစားနေရာပေး မေးတာကြောင့် ကျွန်တော်ကိုယ်၌က အလေးထားဟောပြောဖြစ်တဲ့ကာလ ဖြစ်ပါတယ်။ ဘာသာရေး သမာဓိများလည်း ထူထောင်မိပါတယ်။ အသောက်အစားလည်းကင်းလို့ ကြည်လင်နေချိန်လို့ ဆိုရပါမယ်ခင်ဗျ။ ကျွန်တော်မှာ အသက်အငယ်ဆုံးလို့ဆိုရလောက်အောင် ကျန်တဲ့ ဆရာဆရာမများနဲ့ အသက်ကွာပါတယ်။ ဆေးတက္ကသိုလ်မှ ဆရာဝန်များ၊ အဆင့်မြင့်ပညာမှ ဆရာကြီးများ၊ နည်းပညာမှ စက်မှုကျောင်းဆင်း (ရှေး)ဆရာကြီးများဆီက ပညာအသိဆည်းပူးရာ ကာလလည်းဖြစ်ခဲ့ပါတယ်။ လက္ခဏာပညာကို အလွန်လေးစားမိတဲ့ ကာလဖြစ်ပါတယ်။ မှတ်မှတ်ရရ အစညက ဆရာတစ်ယောက်လက်မှာ အသက်လမ်းကြောင်း နှစ်ဘက်ပြတ်နေပြီး၊ လက်ညှိုးတစ်ဖက်မှာ ခရုပတ်ဗွေ(တစ်ခုတည်း)ပါတာမို့ ကျမ်းအရ နှလုံးရောဂါဖြစ်မယ်၊ အသက်လေးဆယ်မှာ ပြတ်တာပါပေါင်းပြီး၊ အသက်လေးဆယ်မှာ နှလုံးရောဂါနဲ့သေမယ်လို့ ဟောလိုက်မိပါတယ်။ ဆရာ့ခမျာ ဘုရားတ,ကာ ပက်လက်လေးဖြစ်နေရှာပါတယ်။ တကယ်လည်း ဆရာက သင်တန်းတက်ရင်းကို နှလုံးဆေးတွေစား မြို့ထဲသွားဆေးခန်းပြ လုပ်နေရရှာတာကိုးဗျ။ ဒါကိုမသိဘဲ စွတ်ရွတ်ဟောလိုက်တာ အသက်ထွက်သွားမှ မခက်ပေလားဗျာ။ အသက် ၃၀ ခန့် ကျန်းမာရေးထိခိုက်မယ်ဟောတာကို ငါ့ခမျာ အသက်တိုလေးခြင်းရယ်လို့ ငိုတဲ့ဆရာမကရှိသေး။ (သေမယ်မပြောဘဲနဲ့ သေမှာကြောက်သတဲ့ဗျ။) မဆင်မခြင် အဟောတွေကြိတ်ထုတ်တဲ့ ကာလလည်းဖြစ်ပါတယ်။

မှတ်မှတ်ရရ ဆိုဆုံးမမှုလေးတောင် လက်ဆောင်ရခဲ့ပါသေးတယ်။ ဗေဒင်ကဘယ်ထိပြောနိုင်တယ်ဆိုတာကို ပြောရင်းကနေ စက်ကုန်ဖွင့် ရမ်းလိုက်တာ မပြောသင့်တာတွေပါပြောမိသွားပါတယ်။ (အနီးဆုံး ဥပမာပြောရရင် ဇာတာကိုကြည့်ပြီး ကာမနဲ့အင်္ဂါဇာတ်ဆိုင်ရာ ဟောပြောနိုင်မှုမျိုးပါခင်ဗျ။ ထိုစဉ်က ဇာတာတောင်ကောင်းကောင်း မဖွဲ့တတ်သေးပါ။ နက္ခတ်ကျမ်းများစုဆောင်းပြီး ရမ်းဖြီးနေတာဖြစ်ခဲ့ပါကြောင်း။) ဆရာကြီးတစ်ယောက်က ပညာကိုတကယ်မြတ်နိုးရင် ပညာကို ညှိုးနွမ်းစေမယ့် အညှီအဟောက်ရောခြင်း၊ လိုင်းပူးခြင်းတွေ မပါသင့်ဘူးဆရာလေးလို့ ချိုချိုလေးထောက်ပြခဲ့ပါတယ်။ အရမ်းပဲ ရှက်သွားပေမယ့် အဲဒီဆရာကို အရမ်းလည်းကျေးဇူးတင်ခဲ့ပါတယ်။ ဆရာ့ရဲ့နာမည်ကို မမှတ်မိပေမယ့် နိုင်ငံလေးခုလောက်ပြန်ပြီးတဲ့ ဆရာဆိုတာတော့ မှတ်မိလိုက်ပါတယ်။ ဦးခိုက်ပါကြောင်းခင်ဗျ။ ဆရာ့စကားလေးကို ဒီနေ့ဒီချိန်ထိ တန်ဖိုးထားဆဲပါခင်ဗျ။ ( ဒါတွေကြောင့်လည်း ဒီဘလော့မှာကိုပဲ ပညာသီးသန့်ရေးခဲ့ခြင်းဖြစ်ပါတယ်။) နားအထောင်ဖြစ်ဆုံးကတော့ ဘာသာရေးကိုင်းရှိုင်းဟန်ရှိတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ပုံတိုပတ်စတွေ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ အဲဒီ ဆရာဝန်နဲ့ စကားပြောနေတုန်း ဆေးလာကုတဲ့ ဆရာတစ်ယောက်ရဲ့ ပြောသံကိုကြားခဲ့ရပါတယ်။ ပြဿနာကတော့ သရဲအရမ်းခြောက်တဲ့ ဘေးအဆောင်က အဖြစ်သနစ်တွေပါ။ ကုတင်ဘေးမှာ ထိုင်လျှက် မိန်းမတစ်ယောက်တွေ့တာ၊ တွန်းချသလိုခံစားရတာ စသဖြင့် ကြုံတွေ့ကြတာဖြစ်ပါတယ်။ ဒါနဲ့ပဲ မနေနိုင်တဲ့ ကျွန်တော်က ယုံယုံကြည်ကြည်သုံးကြည့်ဖို့ အဆောင်လေးပေးခဲ့ပြန်ပါတယ်။ အထူးသတိပြုရန်အနေနဲ့ အဆောင်တွင်း ကိုယ့်ဝန်းကျင်နေရာ မြင်သာအောင်သာ ရေးသား အသုံးပြုရန် အကြံပေးခဲ့ပါတယ်။ ( မိမိအလိုရှိရာ နေရာအတွက်သာလျှင် ဖြစ်သင့်ပါတယ်။ တစ်စုံတစ်ဦးအတွက် အရံအတားဟာ တစ်စုံတစ်ဦးအတွက် အသွားအလာ အနှောင့်အယှက် ဖြစ်နိုင်တာကြောင့်ပါခင်ဗျ။)

ဒီလိုနဲ့ပဲ အကြောင်းပြန်မရသလို မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိုက်ပါတယ်။ သင်တန်းပြီးခါနီးလို့ နောက်ဆုံးအပတ်တောင် ရောက်လာခဲ့ပါတယ်။ တစ်ညမှာတော့ အိပ်မက်တစ်ခုမက်ပါတယ်။ ကျွန်တော့် အဖေနဲ့ အမေဟာ အစိမ်းရောင်ဝမ်းဆက် မိန်းကလေးတစ်ယောက်ကို ကျွန်တော်အိပ်စက်ရာ ကုတင်ဘေးကို ခေါ်လာပါတယ်။ မိန်းကလေးဟာ မျက်ခွံမို့မို့နဲ့ တိုင်းရင်းသူဟန်ပန်ရှိပြီး၊ ရုပ်ရည်ချောမောပါတယ်။ အမေက “သားရယ် မင့်ညီမလေးကို လက္ခဏာကြည့်ပေးလိုက်ပါကွယ်” လို့ပြောပါတယ်။ ဒါနဲ့ပဲ ကြည့်ဖြစ်တယ်ဆိုပါတော့ဗျာ။ ကောင်မလေးရဲ့ လက္ခဏာကို ကျွန်တော်အတတ်နိုင်ဆုံးမှတ်မိသမျှနဲ့ တူအောင် ဆွဲပေးလိုက်ပါတယ်ခင်ဗျ။

ပုံမှန်အားဖြင့်ကတော့ ကျွန်တော် လက္ခဏာကြည့်ရင် လက်နှစ်ဖက်လုံးကြည့်ပါတယ်။ လက်ဝဲဖက်ကို အတိတ်က ချပေးတဲ့ ကံအဖြစ်ကြည့်ပြီး၊ လက်ယာဘက်ကိုတော့ နောက်လုပ်မယ့်ကံ (စိတ်ကူးစိတ်သန်း)ကို ဟောပါတယ်။ အတိတ်နဲ့ အနာဂတ်ကို ချိန်ပြီး၊ အတိတ်ကံကို စံစားမယ့်လူပျင်းလား၊ အတိတ်အဆိုးကို ဆန်တက်မယ့်လူစွမ်းလားလို့ အရင်ဆုံးဖြတ်တတ်လို့ဖြစ်ပါတယ်။ (ကျား ညာ မ ဘယ် ရယ်လို့ မသုံးစွဲဖူးပါ။)

သူ့သော် အိပ်မက်မှာတော့ ဘယ်လက်ကိုသာကြည့်မိပါတယ်။ အိမ်ထောင်ရေးလမ်းဟာ လက်သန်းအောက်ဆီကနေ စပြီး လက်ညှိုးအောက် (သို့) လက်ညှိုးနဲ့လက်ခလယ်ကြား (သို့) လက်ခလယ်အောက်ဝင်တတ်ကြပါတယ်။ လက်ညှိုးအောက်ဝင်ရင် သံယောဇဉ်ကြီးသူ အချစ်များသူလို့ ရေရှည်ချစ်တတ်သူလို့ ယေဘုယျဟောဖြစ်ပါတယ်။ လက်ညှိုးနဲ့ လက်ခလယ်ကြားဝင်သူကိုတော့ အချစ်ကိုသာ ကိုးကွယ်သူ၊ မိဘမောင်ဘွားအရေးမထား အချစ်သာ ရှေ့ရှုသူရယ်လို့ ဟောဖြစ်ပါတယ်။ လက်ခလယ်အောက် ၀င်သူကိုတော့ တွက်ချက်ချစ်တတ်သူ၊ အချစ်ကို တန်ဖိုးမထားသူရယ်လို့ဟောဖြစ်ပါတယ်။ ဒီလက်ပုံကတော့ တစ်ခါမှ မတွေ့ဖူးတဲ့ အိမ်ထောင်ရေးလမ်းပါ။ အပြင်မှာတွေ့ရင်တော့ ဒါဟာ လက်ခလယ်နဲ့ လက်သန်းကြွယ်အောက်ဝင်လို့ အောင်မြင်ရေးလမ်းကြောင်းလို့ ပြောရမလား၊ လက်ခလယ်ဘက်ရောက်ရင်လည်း ကံလမ်းလို့ပြောရမလိုလို၊ တိုတိုလေးဆိုရင်လည်း ရုတ်တရက်(သို့) အရေးမထား ချစ်ကြိုက်ညားမိမယ်လို့ ပြောရမလိုလို တွေဝေမိမှာပါ။ သံကွင်းဆက်လို အသက်လမ်းကိုတော့ ကျန်းမာရေးမကောင်းဘူးလို့ပြောလိုက်လို့ အဆင်ပြေမယ်ထင်ပါတယ်။

တကယ့်တကယ်တော့ အိပ်မက်ထဲမှာ ခင်ဗျားဟာ အသက် ၂၉ နှစ်အရွယ်ထိ ရူးသွပ်နေမယ်၊ အဲဒီက ကျော်မှကောင်းမယ်လို့ ဟောလိုက်မိပါတယ်။ (ဘာလို့ဒီလိုဟောမိမှန်းမသိပါ။) ဒီစကားကိုကြားတယ်ဆိုရင်ပဲ ထိုးမိန်းကလေးဟာ ဟားတိုက်ရယ်မောပါတယ်။ လှောင်ပါတော့တယ်။

ကျွန်တော် ရုတ်တရက် ဖြတ်ကနဲ နိုးလာပါတယ်။ တစ်စုံတစ်ခုကြောင့် နိုးလာတာမဟုတ်ဘဲ အင်မတန်နိုးကြားစွာ နိုးလာတာဖြစ်ပါတယ်။ ကျွန်တော့်ခေါင်းထက် ပြတင်းဆီက ဒေါက်ဒေါက်နဲ့ ခေါက်သံ နှစ်ချက်ကြားရပါတယ်။ အင်မတန်ကျယ်ပါတယ်။ အစတော့ အံသြမိပါတယ်။ တံခါးဖွင့် အပြင်ကိုကြည့်လိုက်မယ်ပြင်ပေမယ့် ကျွန်တော်မထွက်ရဲပါ။ ဘေးမှာ ဆရာတွေရှိသော်လည်း တစ်ဦးတစ်လေမှ နိုးနေသူမရှိပါ။ သူ့ကုတင်နဲ့သူ အိပ်မောကျနေပါတယ်။ နာရီကိုကြည့်တော့ မနက် ၂ နာရီ ၄၇ မိနစ်ဖြစ်ပါတယ်။ ထိုစဉ်က ဘယ်သူ့မှ မပြောပြမိပါ။

ပြန်ခါနီး ရက်ပိုင်းလောက်အလိုမှာမှ ကျွန်တော်အဆောင်ပေးသူဆရာက နှုတ်ဆက်လာပါတယ်။ ကျေးဇူးတင်ကြောင်းနဲ့အတူ ထိုအဆောင်လေး နံရံမှာရေးသည့်နေ့မှစ မခြောက်လှန့်တော့ကြောင်း ပြောပါတယ်။ အဲဒီခြောက်လှန့်တာနဲ့ပတ်သတ်လို့ မေးစဉ်မှာ ထိုအဆောင်က ယခင်က မိန်းကလေးဆောင်ဖြစ်ကြောင်း ချင်းမလေးတစ်ယောက် ဆုံးသွားဖူးကြောင်း သိရပါတယ်။ ကျွန်တော်တော့ ချက်ချင်းဆိုသလို မျက်ခွံမို့မို့နဲ့ အိပ်မက်ထဲက ကလေးမကို မြင်ယောင်မိလိုက်ပါတယ်။ အစိမ်းရောင်ဝမ်းဆက်ကိုတော့ မည်သို့ အဓိပ္ပါယ်ဆက်စပ်ရမည်မသိပါ။

အဲလိုနဲ့ပဲ ရောက်ရာအရပ်မှာ ကူညီခဲ့ပါတယ်။ ထိရောက်မှုရှိတယ်လို့ သတိထားမိပါတယ်။ သို့သော်လည်း ထိုအဆောင်ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်မသိခဲ့ပါ။ သူ့အကြောင်းကို သိစေသူကတော့ စာရေးဆရာ မင်းသိင်္ခဖြစ်ပါတယ်။

ဘယ်ဝတ္တုလည်း မမှတ်မိပါ။ ထိုအဆောင်လေးကို လယ်တီဆရာတော်ဘုရားကြီး စီရင်ခဲ့တယ်လို့ မှတ်သားမိပါတယ်။ ရည်ရွယ်ချက်က ငယ်စဉ်က ၀တ္တုထဲကအတိုင်း ပုလိပ်ရောဂါကပ်ဆိုက်စဉ် အနှောင့်အယှက်တွေအတွက် အရံအတားအလို့ငှာလို့ ဆိုပါတယ်။ ဒီအဆောင်လေးကို တစ်ကြောင်းဆွဲ ပရမထ လို့ခေါ်ပါတယ်တဲ့။ ပရမထ ကို တစ်ကြောင်းတည်းဖြစ်အောင် ဆွဲထားလို့ဖြစ်ပါတယ်ခင်ဗျ။ “ပရမထ” ရဲ့ အဓိပ္ပါယ်က “သစ္စာလေးပါးကို ရှေးဦးစွာ သိမြင်တော်မူသော မြတ်စွာဘုရား” လို့ အဓိပ္ပါယ်ရပါသတဲ့ခင်ဗျ။ အဆောင်ကို စီရင်သူဆရာတော်ဘုရား၏ ဘုန်းကံကြောင့်လည်းကောင်း၊ အဆောင်၏ အဓိပ္ပါယ်သည်လည်း မြတ်စွာဘုရား ဂုဏ်တော်ဖွဲ့ ဖြစ်တာကြောင့်လည်းကောင်း၊ အသုံးပြုသူကျွန်တော်မှာလည်း ယုံကြည်မှုအပြည့်ရှိတာကြောင့်လည်းကောင်း အစွမ်းထက်သည်ဟု ယုံကြည်မိပါတယ်ခင်ဗျ။ အဆောင်လေးမှာြ    (ရရစ်) သည် “ရ”ကောက်ကို ဆိုလိုဟန်ရှိပါသည်။ တိကျလိုသူများအတွက် စာလုံးရေးစမှ အဆုံးတိုင် မှင်တံမကြွဘဲ ဖိရေးသင့်သည်ဟုထင်ပါသည်။ (တစ်ကြောင်းဆွဲ ဖြစ်စေလို၍ ဖြစ်ပါသည်။)

မှတ်ချက်။ ။အခြားဘာသာတရားများနှင့်မူ လက်မခံနိုင်ဖြစ်နိုင်ပါတယ်။ သို့သော် ဘာသာရေး ခေါင်းဆောင်တို့သည် သာမန်လူတို့တွင် မထားအပ်နိုင်သော မေတ္တာဂရုဏာအရှိန်အ၀ါတို့ ရှိနေနိုင်တာကြောင့် သက်ဆိုင်ရာ ဘာသာတရားအလိုက် ထိုဘာသာရေးခေါင်းဆောင်များနှင့်ပတ်သတ်၍ မမြင်နိုင်တဲ့ အစွမ်းတွေရှိနေမည်ဟုယုံကြည်မိပါသည်။ ယုံကြည်ရာ သဒ္ဒါတရားအလိုက် အကျိုးပေးကြမည်ဟု မျှော်လင့်မိပါသည်။

အကယ်၍ အထက်ပါအချက်အလက်များတွင်မှ တစ်စုံတစ်ရာမှားယွင်းပါက ကျွန်တော့်တာဝန်သာ ဖြစ်ပါကြောင်း။ စေတနာအရ အဖြစ်မှန်ကို မြင်သမျှ ကြားသမျှ သိသမျှအတိုင်း တင်ပြခြင်းဖြစ်ပါသည်။ (ကြားသိထားသမျှထဲမှ လွဲမှားနေပါက အမှန်ပြင်ပေးစေလိုပါသည်။) ကျွန်တော်ကြားသိသမျှ(မှတ်မိသမျှ)မှ လီဆယ်ဖေါ်ပြမိသော် တတ်သိသမျှပညာ ကွယ်ပါစေသတည်း။

အားလုံးကို လေးစားလျှက်
ကိုပခန်း

2 comments:

Unknown said...

ဆရာခင်ဗျား ပရမထ ကိုဘယ်ကစ ဆွဲပြီးဘယ်လိုအဆုံး သတ်သင့်သလဲဆိုတာကိုမျှား နဲ့ရေးဆွဲပြပါခင်ဗျား

Unknown said...

ဆရာခင်ဗျား ပရမထ ကိုဘယ်ကစ ဆွဲပြီးဘယ်လိုအဆုံး သတ်သင့်သလဲဆိုတာကိုမျှား နဲ့ရေးဆွဲပြပါခင်ဗျား

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။