ဘာဝတို့ အကြောင်း (၃)

MOTAA – Astrology Course (Level-1) 


ဘာဝများ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုခြင်း 

ဘာဝ များ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုကြရာတွင် မနက်နေထွက်သည်မှ နေတစ်နေ့တာ ကာလတစ်လျှေက် နောက်တစ်နေ့ နေထွက်သည့် အချိန်အထိ လူတို့၏ ပြုမူပုံကို မူတည်ကာ ဖွင့်ဆိုကြသော နည်းများကို ရှေးဟောင်း အီဂျစ်လူမျိုးတို့၏ နက္ခတ္တပညာ၊ အိန္ဒိယနက္ခတ်ပညာကျမ်း အချို့တို့တွင် တွေ့ရပါသည်။ ဤသင်ခန်းစာတွင် ဤနည်းများဖြင့် အဓိပ္ပါယ်မဖွင့်ပါ။ အကယ်၍ ထိုသို့သော ဖွင့်ဆိုပုံကို သိလိုပါက ဆရာဦးမြကြီး ပြုစုသော “ဘာဝ ဒီပက ကျမ်း” တွင် လေ့လာနိုင်ပါသည်။ ဘာဝတို့၏ အဓိပ္ပါယ်ကို ရှင်းပြရာတွင် ပုံမှန် အစီအရင်အတိုင်း- ၁-တန့်၊ ၂-တန့်၊ ၃-တန့် စသည်ဖြင့် အစဉ် အတိုင်း မသွားပဲ ၁-တန့် နှင့် ၄င်း၏ မျက်နှာချင်းဆိုင် ဖြစ်သော ၇-တန့်၊ ၄-တန့် နှင့် ၄င်း၏ မျက်နှာချင်းဆိုင် ဖြစ်သော ၁၀-တန့်၊ ၃-တန့် နှင့် ၄င်း၏ မျက်နှာချင်းဆိုင် ဖြစ်သော ၉-တန့်၊ ၅-တန့် နှင့် ၄င်း၏ မျက်နှာချင်းဆိုင် ဖြစ်သော ၁၁-တန့်၊ ၆-တန့် နှင့် ၄င်း၏ မျက်နှာချင်းဆိုင် ဖြစ်သော ၁၂-တန့်၊ ဟူ၍ ရှင်းပြမည် ဖြစ်ပြီး၊ ထိုသို့ ရှင်းပြခြင်းဖြင့် သင်တန်းသား များအနေဖြင့် ပို၍ဆက်စပ် မှတ်သား နားလည် နိုင်ပါလိမ့်မည်။

၁-တန့် ဘာဝ (H1) 

အရေးအကြီးဆုံး ဘာဝ ဖြစ်သည်။ ဤအခန်းတွင် လဂ်တွက်ပုံ တွက်နည်းကို နောက် သင်ခန်းစာတွင်မှ ရှင်းပြမည် ဖြစ်ပြီး၊ ယခု သင်ခန်းစာ အနေဖြင့် လဂ်ဆိုသည်မှာ မည်သို့ ဖြစ်သည် ဆိုသည်ကို သာ ရှင်းပြပါမည်။ ရန်ဖန်ရံခါ ဆိုသလို ၁-တန့် ဘာဝနှင့် လဂ် ဆိုသော စကားလုံးကို မကြာခဏ အပြောင်းအလဲ လုပ်၍ သုံးစွဲ တတ်သော်လည်း လဂ် ဆိုသည်မှာ လဂ္ဂဏကို အတိုကောက် ခေါ်ထားခြင်းဖြစ်သည်။ စင်စစ်အားဖြင့် လဂ် ၄-မျိုးဖြစ်ရှိ၍၊ ၄င်းတို့အား ဥဒယ လဂ္ဂဏ၊ (၁-တန့် နေထွက်သော အချိန်၏ လောင်ဂျီတွဒ် တန်ဘိုး)၊ မဓျ လဂ္ဂဏ (၁၀-တန့်- နေမွန်းတည့် အချိန်၏ လောင်ဂျီတွဒ်တန်ဘိုး)၊ အတ္တလဂ္ဂဏ (၇-တန့် နေ၀င်သော အချိန်၏ လောင်ဂျီတွဒ် တန်ဘိုး) နှင့် ပါတလလဂ္ဂဏ (၄-တန့်- ည-သန်းခေါင် အချိန်၏ လောင်ဂျီတွဒ်တို့) ဖြစ်ကြသည်။ နက္ခတ် ပညာရှင်များ အလွယ်ပြောဆိုသော လဂ် ဆိုသည်မှာ ဥဒယလဂ္ဂဏကို ဆိုလိုခြင်း ဖြစ်သည်။ ၄င်းအား အင်္ဂလိပ်လို Ascendant ဟု ခေါ်သဖြင့် MOTAA ဇာတာများတွင် As ဟု ဖေါ်ပြထားလေ့ ရှိပါသည်။

အမှန်အားဖြင့် လဂ်ဆိုသည်မှာ ၁-တန့် ဘာဝ၏ အလယ်မှတ် ပင် ဖြစ်သည်။ (အနောက်တိုင်း အယူအဆတွင် ၁-တန့် ဘာဝ၏ စမှတ် ဖြစ်သည်။)

လဂ်တွက်ပုံကို ရှင်းပြဦးမည် မဟုတ်သေးသော်လည်း လဂ် ဆိုသည်ကို သဘောပေါက်ရန်အတွက် သင်တန်းသားတို့အနေဖြင့် နေထွက်ချိန် နေ၀င်ချိန် သဘောကို နားလည် ထားသင့်ပါသည်။ မနက် ၆-နာရီ နေထွက်၊ နေ့လည် ၁၂-နာရီ မွန်းတည့်၊ ညနေ ၆-နာရီ နေ၀င် ဆိုသည်မှာ မိမိ နေထိုင်ရာ ဒေသရှိသော လတ္တီတွဒ် မျဉ်းကြောင်းပေါ်သို့ နေတည့်တည့် ရောက်သော ကာလတွင် မှန်သော်လည်း များသောအားဖြင့် ၄င်းတို့သည် ဒေသနှင့် ကာလ တို့ကို လိုက်၍ သွေဖီနေလေ့ ရှိသည်။ အောက်ဖေါ်ပြပါ ပုံကို ကြည့်ပါ။ အမည်းစက်ဝိုင်း ဖြင့် ပြထားသော နေရာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဖြစ်သည်။ ယခုတွက်ထားသော ရက်စွဲနှင့် အချိန်မှာ- ဒီဇင်ဘာ ၂၃၊ ဒေသစံတော်ချိန် နေ့လည် ၁၂-နာရီ ဖြစ်သည်။

နေမင်းသည် အရှေ့ဘက် (စာဖတ်နေသူ၏ ညာဘက်) အလင်းရောင်ပြနေရာမှ စတင်ထွက်လာပြီး၊ အနောက်ဘက် အမှောင်နှင့်ထိစပ်သွားသော နေရာတွင် နေ၀င်သွားသည်။ ပို၍ရှင်းသွားအောင် အောက်တွင်ထပ်မံ ရှင်းပြထားပါသည်။

အနီရောင် မျဉ်းကြောင်းသည် နေ့တာ ပမာဏကြာမြင့်ချိန်နှင့် အစိမ်းရောင်မျဉ်း(ဘယ်၊ ညာ၂-ခုပေါင်း)သည် ညတာ ကြာမြင့်ချိန်ကို ဖေါ်ပြသည်။ အနီရောင် မျဉ်းသည် အစိမ်းရောင် မျဉ်း၂-ခုပေါင်းထက် တိုနေခြင်းမှာ နေ့တာတိုခြင်းကို ဖေါ်ပြပါသည်။ နေစထွက်ချိန်သည် မနက် ၈း၀၄း၂၇မှဖြစ်ပြီး၊ နေ့လည် ၁၁း၅၉း၂၆ တွင် နေ့မွန်းတည့်ကာ၊ ညနေ ၃း၅၄း၂၇ တွင် နေ၀င်သွားပါသည်။ အဘယ့်ကြောင့် ဆိုသော် ဒီဇင်ဘာ ၂၃-ရက်တွင် အင်္ဂလန်တွင် ဆောင်းတွင်းဖြစ်ပြီး၊ နေမင်းသည် အီကွေတာ၏ တောင်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် အီကွေတာ၏ မြောက်ပိုင်း နိုင်ငံများတွင် ဆောင်းတွင်းဖြစ်ကာ နေ့တာတို၍ ညတာ ရှည်ရပါသည်။ အီကွေတာ၏ တောင်ဘက်၊ မြောက်ဘက်ဆိုသည်မှာ လတ္တီတွဒ် (အပေါင်း၊ အနှုတ်) တန်ဘိုး ပမာဏက ဖေါ်ပြ နေပါသည်။

ထိုဒီဇင်ဘာ ၂၃-ရက်တွင်ပင် ကမ္ဘာ၏ တောင်ဘက်နိုင်ငံတစ်ခုဖြစ်သော နယူးဇီလန် နိုင်ငံ ၀ယ်လင်တန်မြို့၏ ဒသစံတော်ချိန် နေ့လည် ၁၂-နာရီ အချိန်ကို ကြည့်ပါ။ နေသည် မနက် ၅း၄၄း၄၀ ကပင် စတင်ထွက်ပေါ်၍ နေ့လည် ၁း၁၉း၄၁ တွင်မှ မွန်းတည့်ကာ ည ၈း၅၄း၄၀ ကျမှ နေ၀င်သွားပါသည်။ ဤကာလတွင် ကမ္ဘာ၏တောင်ဘက်ခြမ်းတွင် နေရောက်နေသဖြင့် ထိုနေရာ အတွက် နေ့တာမှာ ရှည်လျားသွားပါသည်။ ထိုနည်းတူ-ဇွန်လ-၂၃-ရက် တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဒေသစံတော်ချိန် ၁၂း၀၀း၀၀ တွင်ပြန်ကြည့်ပါ။ နေထွက်ချိန် မနက် ၄း၄၃း၁၅ ဖြစ်၍၊ နေ့လည် ၁း၂း၃၆ တွင် မွန်းတည့်ကာ၊ ည ၉း၂၁း၅၃ ကျမှ နေ၀င် ပါသည်။ ဇွန်လသည် အင်္ဂလန် နိုင်ငံအတွက် နွေရာသီ ဖြစ်နေ၍ နေ့တာ အလွန် ရှည်လျားသွားသည်။

သို့သော်လည်း ထို-ဇွန်လ-၂၃-ရက် အီကွေတာ၏ တောင်ပိုင်း၊ နယူးဇီလန်နိုင်ငံ၊ ၀ယ်လင်တန်အနေဖြင့် ဒေသစံတော်ချိန် ၁၂း၀၀း၀၀ တွင် ကြည့်ပါက နေထွက်ချိန် မနက် ၇း၄၇း၀၇ ဖြစ်၍၊ နေ့လည် ၁၂း၂၂း၅၈ တွင် မွန်းတည့်ကာ၊ ညနေ ၄း၅၈း၅၁ တွင် နေ၀င်သွား ပါသည်။ အင်္ဂလန် နိုင်ငံအတွက် နွေရာသီ ဖြစ်သော ဇွန်လသည် တောင်ပိုင်း နယူးဇီလန် အတွက်မူ ဆောင်းရာသီ ဖြစ်သည်။
 
ထို့ကြောင့် လဂ်ကို တွက်ရာတွင် မွေးချိန်၊ မွေးဖွားသည့် နေရာ၏ လောင်ဂျီတွဒ် တန်ဘိုးသာမက လတ္တီတွဒ် တန်ဘိုးကပါ အရေးကြီးနေရခြင်း ဖြစ်သည်။ မြန်မာပြည် ထားဝယ်မြို့တွင် မွေးသူနှင့် မြစ်ကြီးနားမြို့တွင် မွေးသူတို့သည် တစ်ချိန်တည်း မွေးနေပါစေ လဂ် အံသာ မတူညီနိုင်ပါ။ ဂြိုဟ်များ၏တည်နေရာကို ရှာဖွေသည့် နေရာတွင်မူ ဇာတာ နည်းစနစ် အားလုံးနီးပါးသည် Geocentric ကိုသာ အသုံးပြုသည် ဖြစ်၍ လတ္တီတွဒ် တန်ဘိုးမှာ အရေးမပါတော့ပါ။ ထိုကဲ့သော သက်မှတ်ထားသည့် ရက်တစ်ရက်၊ တနည်းအားဖြင့် ဇာတာရှင်၏မွေးသည့် ရက်နှင့် မွေးသော အချိန်တွင် နေထွက်ရာအချိန်ကို ရှာဖွေတွက်ချက်ပြီးနောက် ထိုနေထွက်ရာ အချိန်ကို ၂၄ နာရီ ကာလတွင် ၃၆၀ ဒီဂရီ တပါတ်ရှိသည့် သဘောကို ယူ၍ ၄င်းအချိန်တန်ဘိုးကို လောင်ဂျီတွဒ် တန်ဘိုးပြောင်း၍ ဇာတာခွင်တွင် နေရာချထားသည်ကို လဂ်တွက်သည်ဟု ခေါ်ပါသည်။ ရှုပ်ထွေးသွားမည် စိုးသဖြင့် ဤနေရာတွင် အသေးစိတ် မပြောတော့ပါ။ ဤသို့ဆိုလျှင် နိုင်ငံခြား ဇာတာများ အနေဖြင့် ဥဒယလဂ္ဂဏ၊(၁-တန့်- နေထွက်သော အချိန်၏ လောင်ဂျီတွဒ် တန်ဘိုး)၊ မဓျလဂ္ဂဏ (၁၀-တန့်-နေမွန်းတည့် အချိန်၏ လောင်ဂျီတွဒ် တန်ဘိုး)၊ အတ္တလဂ္ဂဏ (၇-တန့် နေ၀င်သောအချိန်၏ လောင်ဂျီတွဒ်တန်ဘိုး) နှင့် ပါတလလဂ္ဂဏ(၄-တန့်- ည-သန်းခေါင် အချိန်၏ လောင်ဂျီတွဒ်တို့) တန်ဘိုးတို့သည် အညီအမျှမရှိကြတော့ပါ။
ထို့ကြောင့် အနောက်တိုင်း နည်းစနစ် အနေဖြင့် မညီမျှသော ဘာဝစနစ်ကို သုံးစွဲရခြင်းဖြစ်ပြီး၊ ဆရာကြီး ခရစ်သျှနာ မူရတီး အနေဖြင့် ထိုနည်းစနစ်ကို ၄င်း၏ ကေပီ စနစ်တွင် သုံးစွဲရခြင်းဖြစ်သည်။ (အထူးမှတ်ချက်-မင်္ဂလာ အခါပေးရာတွင် လည်းကောင်း၊ အင်းအိုင်၊ အဆောင် အယောင်၊ အဂ္ဂိရတ်၊ အစီအရင်တို့ စီရင်ဆောင်ရွက်ရာတွင်လည်းကောင်း ထိုနေထွက်ချိန်၊ နေ၀င်ချိန်သည် အလွန့်အလွန် အရေးကြီးသဖြင့် သာမာန် နားလည်ရုံမျှ ဖြင့် မိမိလိုအပ်သော အချိန်ကို ရနိုင်ရန် ခဲယဉ်းပါသည်။) ထို့ကြောင့် အကျဉ်းချုပ်အားဖြင့်ဆိုသော် ၁-တန့် ဘာဝဆိုသည်မှာ နေ့တစ်နေ့၏အစ သက်ဆိုင်ရာဒေသ၏ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ နေမင်းရောက်ရှိလာပြီး အာရုဏ်ဦးအလင်းရောင်ကို စတင်မြင်ရသောမျဉ်းကို လောင်ဂျီတွဒ်တန်ဘိုးဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ၁-တန့် ဘာဝသည် ဘ၀တစ်ခု၏ အစ၊ ဇာတာရှင်ကိုယ်တိုင်၊ ဇာတာရှင်၏ ပကတိ ကိုယ်ကာယ၊ ဇာတာရှင်၏ စရိုက်သဘာတို့ကိုဖေါ်ပြနေသော ဘာဝ ဖြစ်သည်။ အဓိက မှတ်ရန်မှာ- ၁-တန့်ဘာဝသည် “ဇာတာရှင် ကိုယ်တိုင်၊ ဇာတာရှင်၏အသွင် သဏ္ဍာန်” ဖြစ်သည်။

၇-တန့် ဘာဝ (H7)

၇-တန့်ဘာဝ ဆိုသည်မှာ နေ့တစ်နေ့၏အဆုံး သက်ဆိုင်ရာ ဒေသ၏အနောက်ဘက် မိုးကုတ်စက်ဝိုင်း မျဉ်းဆီသို့ နေမင်း ရောက်ရှိပြီး နေ၀င်ချိန် ကာလမျဉ်းကို လောင်ဂျီတွဒ် တန်ဘိုးဖြင့်ဖေါ်ပြခြင်းဖြစ်သည်။ ၁-တန့် ဘာဝနှင့် မျက်နှာချင်းဆိုင် ၄င်းမှသမသတ် အနေအထားကို မြင်နေရသောဘာဝ ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့်အရာကို အမြဲဆိုသလို မြင်တွေ့နေရပါသနည်း။ အလွန်နီးစပ်သော မိတ်ဆွေ၊ အတူတူ လက်တွဲနေထိုင်သော ပါတနာ၊ စီးပွားရေးလုပ်ဖေါ် ကိုင်ဘက်၊ အိမ်ထောင်ဘက် ဇနီးတို့ကို ရည်ညွှန်းသောဘာဝ ဖြစ်သည်။ ဆိုလိုသည်မှာ ၇-တန့်ဘာဝသည် တိုက်ရိုက်အပြန်အလှန် ဆက်ဆံရေးကို ရည်ညွှန်းနေသည်။ ပုံမှန်အားဖြင့်- မြန်မာ နှင့် အိန္ဒိယ ပညာရှင်များသည်- ဤဘာဝကို အိမ်ထောင်ရေး ဘာဝ ဟု ခေါ်ဆို ကြလေ့ရှိသည်။ အဓိက မှတ်ရန်မှာ- ၇-တန့် ဘာဝ သည် “ဇာတာရှင် နှင့် အပြန်အလှန် အကျိုးကျေးဇူးပြုနေသော တစ်ဘက်လူ၊ အပြန်အလှန် ဆက်ဆံရေး” ဖြစ်သည်။ (အိမ်ထောင်ရေးကို စစ်ဆေးရာတွင် ဤ ၇-တန့် ဘာဝ တစ်ခုတည်းကို စစ်ဆေး၍ မရပါ။ အဘယ့်ကြောင့် ဆိုသော် အိမ်ထောင် ကျသည် ဆိုရာ၌ အနေအထားအမျိုးမျိုး အခြေအနေ အမျိုးမျိုး ရှိနေတတ်သောကြောင့်ဖြစ်သည်။ မိဘက ပေးစား၍ တစ်ဦး အကြောင်းတစ်ဦး ကောင်းစွာ မသိရှိပဲကျသည့် အိမ်ထောင်မျိုး၊ မရည်ရွယ်ပါပဲလျှက် ရုတ်တစ်ရက် အခြေအနေ တစ်ခုခုကြောင့် တည်ဆောက်မိသွားသော အိမ်ထောင်မျိုး၊ အခြားသောအချက် အလက်များကို မျက်ကွယ်ပြု၍ အချစ် တစ်ခုတည်းကိုသာ ဦးစားပေး တည်ဆောက်မိသော အိမ်ထောင်မျိုး၊ တဏှာရမ္မက်ကိစ္စကြောင့် ပြုဖြစ်သွားသော အိမ်ထောင်မျိုး၊ တစ်ဦးကို တစ်ဦး အပြန်အလှန်နားလည် အတွင်းသဘောချင်း ဆက်စပ် ဆွေးနွေးဖလှယ်ကြပြီး အပြန်အလှန် နားလည်မှု ရှိသော အိမ်ထောင်မျိုး၊ အနောက်တိုင်းနှင့် အချို့ဒေသများတွင် တရားဝင် အိမ်ထောင်မပြုထားသော်လည်း အတူတူနေထိုင် ပူးပေါင်း၍ ဘ၀ကို အတူတကွ ရင်ဆိုင်ဖြေရှင်းနေကြသော အိမ်ထောင်မျိုး စသည်ဖြင့် အမျိုးမျိုးအစားများပြားစွာ ရှိနေသဖြင့် ၇-တန့် ဘာဝ တစ်ခုတည်းကိုသာ ပုံသေ ယူဆမည် ဆိုပါက မမှန်ကန်ပါ။ ထို့အပြင် မြန်မာပြည်နှင့် အိန္ဒိယ အချို့ ပညာရှင် အနေဖြင့် အသုံးများသော ဒဿာ အဟောများတွင် ၇-တန့် ဘာဝ သခင်နှင့် ၂-တန့် ဘာဝ သခင်တို့ကို “မာရက ဂြိုဟ်” များဟု သတ်မှတ် ခေါ်တွင်လည်း ၄င်းဂြိုဟ်များ ဒဿာ စားချိန်တွင် ဇာတာရှင် သေဆုံးတတ်သည် ဆိုသော အချက်မှာလည်း ဇေမဏိ သျှတ္တရ ကျမ်းကို မှီငြမ်း၍ ဆိုထားသော အချက် ဖြစ်ပါသည်။ ဤ ဥပဒေသ ဖြစ်ပေါ်လာရသည့် နောက်ခံ သဘောတရားမှာ အသက်ရှင်သန်ရေး၊ တနည်းအားဖြင့် အသက်ရှင်သန် နိုင်ရန် ရုန်းကန် ရင်ဆိုင်ရေး နှင့် သက်ဆိုင်သော ၃-တန့် ဘာဝမှ နေ၍ စတင် ရေတွက်သော် ၁၂-ခုမြောက်ဘာဝ (၁၂-တန့်)သည် ၂-တန့် ဘာဝ ဖြစ်ပြီး၊ ၁၂-တန့်သည် ဆုံးရှုံးခြင်းကို ဖေါ်ပြသော ဘာဝ ဖြစ်သောကြောင့် ၂-တန့် ဘာဝ အိမ်ရှင်သည် လူသတ်ဂြိုဟ် (တစ်နည်းအားဖြင့် “မာရက ဂြိုဟ်”) ဟု သတ်မှတ်ခြင်း ဖြစ်သည်။ ထိုနည်းတူ ဇာတာရှင် အသက်ကို ဖေါ်ညွှန်းသော ၈-တန့် ဘာဝ (မရဏ) ဘာဝ၏ ၁၂-တန့်မြောက် ဆုံးရှုံးခြင်း ဘာဝမှာ- ၇-တန့် ဘာဝ ဖြစ်သောကြောင့် ၇-တန့် ဘာဝ အိမ်ရှင်သည် လူသတ်ဂြိုဟ် (တစ်နည်းအားဖြင့် “မာရက ဂြိုဟ်”) ဟု သတ်မှတ်ခြင်း ခံရခြင်း ခံရပါတော့ သည်။ ထိုအချက်တို့သည် လက်တွေ.သုတေသနများ နှင့် ယှဉ်ကြည့်သော အခါမတိကျတော့သည်ကို တွေ့ရပါသည်။ မည်သည့် ဂြိုဟ်မဆို အင်အားနည်းပါးနေသော ဒဿကာလ၊ သို့မဟုတ် မကောင်းသော ဂြိုဟ်များ ဒဿာစားသော ကာလတွင် ကောဇာဂြိုဟ်ဆိုး တို့၏ လွှမ်းမိုးမှု ထင်ရှားပါက သေဆုံးခြင်း၊ အန္တရယ် ဖြစ်ပေါ်ခြင်း စသော အခြေအနေတို့ ပေါ်ပေါက် တတ်ပါသည်။)

၁၀-တန့် ဘာဝ (H10) 

၁၀-တန့် ဘာဝ ဆိုသည်မှာ နေ့တစ်နေ့၏ နေမွန်းတည့်ချိန် မျဉ်းကို လောင်ဂျီတွဒ် တန်ဘိုးဖြင့် ဖေါ်ပြခြင်းဖြစ်သည်။ ဤအချိန်ကာလသည် နေမင်း၏ စွမ်းအား အမြင့်ဆုံးအချိန် အလင်းရောင်၊ အပူစွမ်းအင်တို့အမြင့်မားဆုံး ရသော အချိန် ဖြစ်သောကြောင့် ဇာတာရှင်၏ အရည်အချင်းတို့ကို ထုတ်ဖော်ပြသ ခွင့်ရှိသောအခြေ အနေကို ရည်ညွှန်းသည် ဖြစ်သောကြောင့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းကို ညွှန်းဆိုသောဘာဝ ဖြစ်ပါသည်။ အလုပ်အကိုင်သည် ဇာတာရှင်၏ အစွမ်း၊ အရည်အချင်းကို ထုတ်ဖေါ်ပြသသော နေရာပင် မဟုတ်ပါလော။ အခြားတစ်ဘက်မှ ကြည့်လျှင်လည်း အစွမ်းထုတ်ပြခွင့်ရရှိခြင်းသည် အတိတ်၏ ကံ၊ ပစ္စုပ္ပန်ကံကို ဖေါ်ဆောင်ခြင်း ဖြစ်သောကြောင့် ဤဘာဝအား ကမ္မ ဘာဝဟု ခေါ်တွင်ရပါသည်။ အဓိက မှတ်ရန်မှာ ၁၀-တန့် ဘာဝသည် “ဇာတာရှင် အများရှေ.တွင် ထုတ်ပြနိုင်သော အစွမ်း (ဗဟိဒ္ဓအနေအထား၊ ဇာတာရှင်အား အများက သိထားသော အနေအထား)”၊ ကို ဖေါ်ဆိုသော ဘာဝဖြစ်သည်။

၎-တန့် ဘာဝ (H4)

၎-တန့် ဘာဝ ဆိုသည်မှာ ည သန်းခေါင်ချိန်၊ နေမင်းသည် ဇာတာရှင် မွေးဖွားရာ ဒေသ၏ အောက်ဘက် တည့်တည့်တွင် တည်နေသော မျဉ်းကို လောင်ဂျီတွဒ် တန်ဘိုးဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။ ၄င်းသည် ၁၀-တန့်ဘာဝ၏ သမသတ် မျက်နှာချင်းဆိုင်တွင် တည်သည်။ တနည်းအားဖြင့် ပြင်ပသို့ ထုတ်မပြသော အဇ္ဈတ္တသဏ္ဍာန်ကို ဆိုလိုနေခြင်း ဖြစ်သည်။ အတွင်းစိတ် ငြိမ်းချမ်းသောစိတ်၊ အပူအလောင်၊ အစွမ်းပြမှုများကင်းဝေးသော အေးချမ်းသာယာမှုနှင့် အများအား ထုတ်ဖေါ်မပြသသော အိမ်တွင်းရေး၊ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရည်ညွှန်းသည်။ တစ်ဆက်တည်းတွင် မိမိအိမ်တွင်းတွင် သားသမီးများ၏ ငြိမ်းချမ်းမှုကိုပေးသောသူမှာ မည်သူဖြစ်ပါသနည်း။ မိခင်ဖြစ်၏။ ထို့ကြောင့် အရှေ့တိုင်းနက္ခတ်ပညာတွင် ၄-တန့် ဘာဝကို မိခင်အား ကိုယ်စားပြုသော ဘာဝအဖြစ် သတ်မှတ်ထား၏။ ဤနေရာတွင် အနောက်တိုင်းနှင့် အရှေ့တိုင်း ဆန့်ကျင်ဘက်လို ဖြစ်နေ၏။ အနောက်တိုင်း ပညာရှင်များက ၄-တန့် ဘာဝဘခင်အား ကိုယ်စားပြု သည်ဟု သတ်မှတ်ကြသည်။ MOTAA စနစ်အရမှာမူ ဇာတာရှင်၏ ဇာတာတွင် ၄-တန့် ဘာဝတွင် မူလ တြိဂေါဏသခင် ရှိမရှိကို စစ်ဆေးရပါသည်။ အကယ်၍ ရှိနေပါက ၄င်းသည် မိခင်ကို ကိုယ်စားပြုပါသည်။ MOTAA စနစ်အရ ၄-တန့် ဘာဝသည် ဇာတာရှင်၏ မှတ်ဥာဏ် နှင့် အခြေခံပညာရေးကိုလည်း ကိုယ်စား ပြုသည်။ အဓိက မှတ်ရန်မှာ ၄-တန့် ဘာဝသည် “ဇာတာရှင် အနေဖြင့် အများသူငှာကို ဖေါ်ထုတ်ခြင်းမပြုသော အဇ္ဈတ္တ အတွင်း သဏ္ဍာန်”၊ ကို ဖေါ်ဆိုသော ဘာဝဖြစ်သည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။