Android မြန်မာဇာတာဖွဲ့ပရိုဂရမ်

https://play.google.com/store/apps/details?id=zawminminhtun.gmail.com

အထက်ပါလင့်မှ ဇာတာဖွဲ့ပရိုဂရမ်ကို မြန်မာစာစနစ်နဲ့ အသုံးပြုရန် ဒေါင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းပေးအပ်ပါတယ်ခင်ဗျ။ (ဖုန်းအ၀င်စက email နဲ့ Googleplay အ၀င် email နှစ်ခု တူမှသာ ဒေါင်းလို့ အဆင်ပြေမှာဖြစ်ကြောင်း သတိပြုသင့်ပါတယ်ခင်ဗျ။)

ပရိုဂရမ်တွင်းက Feature လေးတွေကို အောက်မှ ပြထားပါတယ်ခင်ဗျ။ အသေးစိပ်သုံးပုံကိုတော့ http://www.motaa.info/2013/03/blog-post_28.html မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ အချိန်မရတာကြောင့် feature လေးတွေသာ တင်ပေးလိုက်ရကြောင်းပါ့ခင်ဗျ။













ဆက်လက်၍...

Android ဇာတာဖွဲ့ ပရိုဂရမ် ဒေါင်းလုတ်ရန်

ဒီနေ့မှပဲ https://play.google.com/store/apps ကို မြန်မာကနေ ဒေါင်းလုတ်လုပ်လို့ရပြီသိရတာနဲ့ publish လုပ်တဲ့အပိုင်းဝင်ပြင်တော့ မြန်မာကနေ ၀င်မရသေးတာနဲ့ ဆရာနျူမာန်ကို အကူအညီတောင်းပြီး အသစ်တိုးလာတဲ့ မြန်မာနိုင်ငံကို ၀င်ဖြည့်စေရပါတော့တယ်ခင်ဗျ။

အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုန်းကနေ တိုက်ရိုက်ဒေါင်းပုံလေးကို ကိုယ်တိုင်ဒေါင်းရင်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။

Android OS တိုင်းမှာ build-in ပါတဲ့ Market ကနေ ၀င်လိုက်ပါမယ်ခင်ဗျ။

အပေါ်ကပုံမှာ မျှားပြထားသလို search ကနေ အောက်ကပုံလေးအတိုင်း ရှာမယ်ဆိုရင်

အောက်ကပုံလေးအတိုင်း list ကျလာပါမယ်ခင်ဗျ။

MOTAA Horo Lite ကို free version အဖြစ်မြင်နေရပါမယ်ခင်ဗျ။

အပေါ်ကပုံအတိုင်းဆက်နှိပ်မယ်ဆိုရင်




Permission အဖြစ် Phone Location ကိုပဲ ကောဇာတွက်ရာသုံးဖို့ပဲ တောင်းထားတာကို တွေ့ရပါမယ်ခင်ဗျ။ အင်တာနက်ကွန်နက်ရှင်တောင် တောင်းမထားပါခင်ဗျာ။

အပေါ်ကပုံအတိုင်း ဒေါင်းလုတ်ကျပါမယ်ခင်ဗျ။ (နောက်ပိုင်းမှာ ဒီအဆင့်တန်းမကျတတ်ပုံကို ပြောပေးပါဦးမယ်ခင်ဗျ။)

ဒီအဆင့်မှာတော့ ကျွန်တော်တို့ ဒေါင်းပြီး Install လုပ်ပြီးပါပြီခင်ဗျ။




အပေါ်ပုံကတော့ နမူနာဇာတာ တစ်စောင်တွက်ထားတာဖြစ်ပါတယ်ခင်ဗျ။ (480x800 ဆိုဒ်များအတွက် အဆင်ပြေပေမယ့် အခြားဆိုဒ်သေးများမှာ ပုံမကျဖြစ်နေတတ်တာတွေအတွက် နောက်လာမယ့် မြန်မာလို ဗားရှင်းမှာပြင်ပြီးဖြစ်ပါတယ်ခင်ဗျ။ မကြာခင်မှာ update ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။)

Update ယူဖို့ Market ထဲဝင်ပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ Check ပေးထားရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒီနေရာမှာ ဖြစ်တတ်တာလေးတွေ ပြောလိုပါသေးတယ်ခင်ဗျ။
ဖုန်းစအသုံးမှာ ထည့်ခဲ့တဲ့ mail နဲ့ Market ထဲ အ၀င် mail နှစ်ဟာ တူမှ ဒေါင်းလုတ်ရပါမယ်ခင်ဗျ။ တူနေသော်မှလည်း စစသုံးခြင်းမှာ နာရီဝက်ခန့်ကြာအောင် စောင့်နေရတတ်ပါတယ်ခင်ဗျ။ Downloading ပေါ်နေရင်ပဲ စိတ်ရှည်ရှည်စောင့်ရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒေါင်းလုတ်မရပါက အောက်ပါဆိုဘ်မှာ လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
http://www.expertreviews.co.uk/mobile-phones/1280992/android-market-not-downloading-how-to-fix-it

နက္ခတ်ပညာသည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
24.3.2013

ဆက်လက်၍...

မင်္ဂလာအခါရွေးချယ်ခြင်း


မင်္ဂလာအခါရွေးချယ်ခြင်းအမှတ်တရ

ကျွန်တော် ကိုပခန်း ရဲ့ မင်္ဂလာပွဲကို ဇန်န၀ါရီ ၆ ၂၀၁၃ နံနက် ၇ နာရီ အချိန် ပခုက္ကူမြို့မှာ ကျင်းပခဲ့ပါတယ်။ နတ်တော်လပြည့်ကျော် ၉ ရက်မို့ နတ်လကြီးကို ဆောင်ရသလားရယ်လို့ မိန်းကလေးဘက်ကလည်း ပြောတယ်။ စစ်ထွက်စစ်ပြန်လရယ်လို့လည်း ပြောသူကပြော။ ခန်းမ ငှားပြန်တော့လည်း ဘာသာခြားလားလို့ မေးသူကမေး။ ကျွန်တော်ကတော့ ကျွန်တော့် မင်္ဂလာပွဲကို ကျွန်တော်နှစ်သက်တဲ့ အချိန်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဆရာနူမာန်(မိုးတား) ကိုလည်း တိုင်ပင်ခဲ့ရာမှာတော့ ဆရာက မူလလဂ်တွေပေါ် ကောဇာဂြိုဟ်အစီးအနင်းနဲ့ ပတ်သတ်ရွေးချယ်ပုံတွေကို ညွှန်ပြခဲ့ယုံမက အမှတ်တရ ပိုစ့်အဖြစ် တင်ရေးဖို့ အကြံပြုတာကြောင့် ဒီပိုစ့်ကို ရေးလိုက်ရပါတယ်ခင်ဗျား။
မိမိကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဖြစ်တာနဲ့အညီ ၀ါတွင်း ၃ လ ကိုတော့ မဖြစ်မနေရှောင်လိုက်ပါတယ်ခင်ဗျ။
တွက်ချက်ပုံအဆင့်ဆင့်ကိုတော့ ရေးသားဆဲ MOTAA HORO Android Apk နဲ့ ယှဉ်ကာ တင်ပြသွားပါမယ်ခင်ဗျ။
ပုံ(၁) အမျိုးသားဇာတာ အချက်အလက်ဖြည့်သွင်းခြင်း

ပုံ(၂) အမျိုးသားဇာတာ

ဓနုလဂ် မှာ တနင်္ဂနွေ တနင်္လာ ပူးနေတာမို့ ဓနုတစ်ရာသီသာ ထည့်သွင်းစဉ်းစားမယ်လို့ ဆုံးဖြတ်ဖြစ်ပါတယ်ခင်ဗျား။

ပုံ(၃) မူလဇာတာမှာ လဂ်ကို သုံးရန် ပြင်ဆင်ပုံ



ပုံ(၄) မင်္ဂလာ အချိန်နဲ့ မင်္ဂလာပွဲ ကျင်းပရာ ပခုက္ကူမြို့တည်ရာတို့ကို ဖြည့်သွင်းပါတယ်ခင်ဗျ။
၎င်းတည်ရာကိုပါ ဒေသရွေးချယ်ခြင်းမှာ ဖြည့်သွင်းထားတာမို့ အလွယ်တကူ အောက်ကပုံမှာလို ကြည့်ယူလို့ရနိုင်ပါတယ်ခင်ဗျ။


ပုံ(၅) မြန်မာ့ဒေသများကို ဖြည့်သွင်းကာ အလိုအလျှောက် တည်ရာ တွက်စေခြင်း


ပုံ(၆) မူလလဂ် နှင့် မိမိလိုရာ ဒေသကောင်းကင်ဂြိုဟ်များ တည်ရာ
ကောဇာ တနင်္ဂနွေ ဟာ မူလ တနင်္ဂနွေကို စီးနင်းနေပြီး၊ ကောဇာ စန်းဟာ မူလစန်းမှ ၁၁ တန့်တည်နေပါတယ်ခင်ဗျ။


ပုံ(၇) မူလလဂ်နှင့် ကောဇာ ဂြိုဟ်များ အချင်းအချင်း မြင်ယှဉ်နေပုံ
ဒီနေရာမှာတော့ ဓနုလဂ်သမားအတွက် ၈ တန့် သခင် တနင်္လာဟာ ဂြိုဟ်ဆိုးအဖြစ်ယူဆတာမို့ တနင်္လာရဲ့ လွှမ်းမိုးမှုကို ဂြိုဟ်များအပေါ်ရော အတန့်အလည်များအပေါ်ရော ရှောင်ရှားဖို့ လိုပါတယ်ခင်ဗျ။ သခင်ဂြိုဟ်များကိုသာ အဆိုးသဘောယူတာမို့ ၁၂ တန့်အိမ်ရှင် အင်္ဂါနဲ့ ၆ တန့် အိမ်ရှင်တို့ကိုတော့ အဆိုးသဘောအားဖြင့်ယူဆခြင်း မရှိပါဘူးခင်ဗျ။ ကောဇာဂြိုဟ်များ မူလလဂ်နဲ့ ယှဉ်ထိုးပြီး မိတ်ရန်အမြင်အားများမှာလည်း အဆိုးသဘောမရှိ ကောင်းမွန်တာတွေ့ရပါတယ်ခင်ဗျ။


ပုံ(၈) MOTAA ဂြိုဟ်အားများကို Chart အသွင်ဖြင့် မြင်ရပုံ


ပုံ(၉) MOTAA ဘာဝအလယ်သို့ သက်ရောက်အားများကို chart အသွင်ဖြင့် မြင်ရပုံ

အမျိုးသမီးဇာတာ


ပုံ(၁၀) အမျိုးသမီးဇာတာ
အမျိုးသမီး ဇာတာလဂ်မှာ မေထုန်လဂ်ဖြစ်ကာ အမျိုးသားဇာတာနှင့် ၇ တန့်အမြင် ကိန်းခံနေပါသည်။ တနင်္ဂနွေမှာလည်း မေထုန်ပင်ဖြစ်သောကြောင့် အမျိုးသားဇာတာမှ တနင်္ဂနွေနှင့် ၇ တန့်အမြင် ကိန်းခံနေပြန်ပါသည်။
တနင်္လာမှာ မိဿရာသီတည်ကာ အမျိုးသား၏ ဓနုစန်းနှင့် ၅ တန့် ၉ တန့် အမြင် တြိဂေါဏ ခံနေပါသည်။


ပုံ(၁၁) အမျိုးသမီး မူလလဂ်နှင့် ကောဇာ ဂြိုဟ်များ
ကောဇာ တနင်္ဂနွေမှာ မူလတနင်္ဂနွေနှင့် ၇ တန့်အမြင်ကိန်းခံနေသည်။ ကောဇာ စန်းမှာ မူလစန်းနှင့် ၇ တန့်အမြင် ကိန်းခံနေပြန်ပါသည်။
ထို့ကြောင့် ကောဇာ တနင်္ဂနွေသည် အမျိုးသားအတွက် ၁ တန့်တည်ကာ အမျိုးသမီးအတွက် ၇ တန့်တည်သည်။
ကောဇာစန်းသည် အမျိုးသားအတွက် ၁၁ တန့်တည်ကာ အမျိုးသမီးအတွက် ၇ တန့်တည်နေသည်။
ကောဇာလဂ်သည် အမျိုးသားအတွက် ၁ တန့်ဖြစ်ကာ အမျိုးသမီးအတွက် ၇ တန့်ဖြစ်နေပါသည်။

MOTAA အားများနှင့် စစ်ဆေးပြန်လျှင် အောက်ပါအတိုင်း ဆက်နွယ်မှုကို တွေ့ရပါသည်။


ပုံ(၁၂) မူလလဂ်နှင့် ကောဇာဂြိုဟ်တို့ကို MOTAA အားများ
အမျိုးသမီးဇာတာမှာ မေထုန်လဂ်ဖြစ်သည်နှင့် အညီ ၆ တန့်တွင် သခင်ဂြိုဟ်မရှိ၊ ၈ တန့်တွင် သခင်ဂြိုဟ်မရှိ၊ ၁၂ တွင်လည်း သခင်ဂြိုဟ်မတည်သဖြင့် MOTAA အားအရ အဖျက်သဘောနည်းကာ မိတ်ရန် န၀င်း နေလောင် အမြင်အယှဉ်တို့အားကိုသာ ကြည့်ရန်လိုတော့ပါသည်။ အဆိုးသဘောမရှိပေ။


ပုံ(၁၃) Chart အမြင်ဖြင့် MOTAA ဂြိုဟ်အားများ


ပုံ(၁၃) Chart အမြင်ဖြင့် အတန့်အလည်သို့ သက်ရောက်နေသော MOTAA ဂြိုဟ်အားများ



ပုံ(၁၄) အမျိုးသားဇာတာ၏ ဒသာအားများ
မင်္ဂလာအခါချိန်သည် အမျိုးသားအတွက် ၈ တန့်သခင် တနင်္လာ၏ မူလာဒသာဖြစ်ကာ၊ ၇ တန့်အိမ်ရှင် ၁၀ တန့်သခင်၏ အန္တရဒသာဖြစ်သည်၊ ၈ တန့်သခင်၏ ပြတ္တန္တရဒသာကာလလည်းဖြစ်သည်။ ၇ တန့်သည်အိမ်ထောင်ရေး အရင်းနှီးဆုံးမိတ်ဆွေကို ဖေါ်ကျူးကာ၊ ၁၀ တန့်သည် အလုပ်အကိုင်ဘာဝလည်းဖြစ်သည်။ ၈ တန့်သည်လည်း လိင်မှုကိစ္စ လျှို့ဝှက်သော ဖူးစာရှင်ကဏ္ဍများနှင့်လည်း ဆက်စပ်သေးသည်။ မူလသဘောအရ တနင်္လာသည် မျှတတွေးခေါ်ခြင်း စာနာခြင်းသဘောရှိကာ၊ ဗုဒ္ဓဟူးမှာ သတင်းအဆက်အစပ် သဘောဖြစ်သည်။ ၄င်းကာလတွင်ပင် စေ့စပ်ခြင်းမင်္ဂလာပြုခဲ့ပါသေးသည်။
MOTAA အားခွဲဝေမှုအားဖြင့် +၇၁% မျှ အားကောင်းမွန်လှပါသည်။


ပုံ(၁၅) အမျိုးသမီးဇာတာ၏ ဒသာအားများ
မင်္ဂလာအချိန်သည် အမျိုးသမီးအတွက် ၁၁ တန့်သခင် အင်္ဂါ ဒသာဖြစ်ကာ၊ ၈ တန့် အိမ်ရှင် ၉ တန့်သခင် စနေ၏ အန္တရဒသာဖြစ်သည်။ ၂ တန့်သခင် တနင်္လာ၏ ပြတ္တန္တရဒသာဖြစ်သည်။ ၁၁ တန့်မှာ လာဘ်လာဘ သဘောအရ အမျိုးသမီးအတွက် မင်္ဂလာအခါဖြစ်သည်။ အင်္ဂါသည် အမျိုးသမီးဇာတာအတွက် လင်ယောကျာ်းသဘာဝလည်းဖြစ်သည်။ ၈ တန့်မှာ ဖူးစာဖက် ရှေးကံ ကာမဂုဏ်သဘောရှိကာ ၉ တန့်သည် တင့်တယ်ခြင်းသဘောရှိသည်။ တနင်္လာမှာမူ စာနာခြင်းသဘော အတူတွဲဖက်ရခြင်းသဘောတို့နှင့်အတူ မင်္ဂလာပြုရန် အခါကောင်းများ ဖြစ်ပေါ်နေတော့သည်။ MOTAA အားခွဲဝေမှုအားဖြင့် +၁၉၃% မျှ အားကောင်းမွန်လှပါသည်။
ရှေ့ဆက်ဘ၀လမ်းကိုတော့ ကျွန်တော်တို့ မသိကြသေးပါ။ မင်္ဂလာပွဲကတော့ ဧည့်သည် ၆၀၀ ခန့်လာရောက်ချီးမြှင့်ပါသည်။ ကြက်ဆီထမင်းနှင့်ဧည့်ခံလိုက်ပါသည်။

ကျွန်တော့်ဗေဒင်ဝါသနာပါသည်ကို သိထားကြသော သူငယ်ချင်းများက အိမ်ထောင်ဖက်ကို ဗေဒင်တွက်ကာ ရွေးချယ်ထားပါသလားဟု အကြိမ်ကြိမ်မေးတတ်ကြသည်။ ကျွန်တော့်ဇနီးနှင့် ကျွန်တော်တို့ ၂၀၀၃ ခုနှစ်တည်းက စတင်တွေ့ရှိကာ သမီးရည်းစားဖြစ်ခဲ့ကြပါသည်။ (ထိုစဉ်က ကျွန်တော် ဇာတာပင် မဖွဲ့တတ်သေးပါ။) ၂၀၁၃ တွင်မှ လက်ထပ်နိုင်မည် ၁၀ နှစ်မျှ စောင့်စားပါရန်လည်း တောင်းဆိုခဲ့သည်။ သူကလည်း စောင့်မည်ဟု ကတိပေးသည်။ ထို့ကြောင့် ပင်လျှင် ၂၀၁၃ သို့ ရောက်လျှင်ရောက်ချင်း ပထမဦးဆုံး တနင်္ဂနွေ 6.1.2013 တွင်လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။
၁၀ နှစ် ၁၀ မိုးစောင့်စားခဲ့သူအား ဗေဒင်ပညာဖြင့် မည်မျှ မကိုက်ညီ မသင့်တော်စေကာမူ လက်ထပ်မည်သာဖြစ်ပါသည်။ မင်္ဂလာအခါကိုသာ ပညာအရ တွက်ချက် ချင့်ချိန်ခဲ့ပါတယ်ခင်ဗျ။




အမှတ်တရအဖြစ် ဟန်းနီးမွန်းခရီးမှ ဦးပိန်တံတားအမှတ်တရ ပုံလေးပါ ဖေါ်ပြလိုက်ပါသည်ခင်ဗျား။


မင်္ဂလာဧည့်ခံပွဲအတွက် ကျေးဇူးတင်ထိုက်သူအားလုံးအား ကျေးဇူးတင်ပါသည်။ ကြိုတင်မဖိတ်ကြားမိသော အသိအကျွမ်းအားလုံးအား ခွင့်လွှတ်ပါစေကြောင်း အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျား။
ချမ်းမြေ့ကြပါစေခင်ဗျား။
ကိုပခန်း
12.1.2012

ဆက်လက်၍...

MOTAA HORO Lite APK download link

Android OS သုံး ဖုန်းများအတွက် MOTAA HORO APK ကို https://play.google.com/store/apps/details?id=motaa.info တွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဖုန်းသုံးသည့် ဒေသစံတော်ချိန် ယူသုံးမည့် Permission သာပါ၍ internet ပင်မလိုဘဲ အသုံးပြုနိုင်အောင် ရေးသားထားပါသည်။

ထို့အတူ MOTAA HORO Lite version ကိုလည်း ဖန်တီးထားပြီးဖြစ်ပါသည်။ ၄င်းတွင် မူလ Paid Version မှ SwissEph Charts နှင့် Dasha အပိုင်းများ ဖျောက်ထားပါသည်။ ထို့ကြောင့် သံဒိဌတစ်လစာနှင့် ဒသာတွက်မပေးနိုင်ပါ။ သို့သော်လည်း ဇာတာဖွဲ့ခြင်းနှင့် ဂြိုဟ်မြင်ယှဉ်များ တွက်ချက်ပေးကာ ယခင်တစ်ကြိမ်မှ Setting ကိုလည်း သိမ်းဆည်းပေးထားမည်ဖြစ်သည်။ ဇာတာများကိုလည်း သိမ်းထားပေးမည်မဟုတ်ပေ။ Paid Version အတွက် Market သို့ညွှန်းထားသည့် လိပ်စာကို ထည့်သွင်းထားသည်။

ဒေါင်းရန်လင့်မှာ
https://play.google.com/store/apps/details?id=motaa.freeversion ဖြစ်သည်။ rating ကောင်းလေးများ ပေးစေလိုပါသည်။ :)

အသုံးပြုပုံအညွှန်း Video မှာအောက်ပါအတိုင်းဖြစ်ပါသည်။

နောက်နောင် ဗားရှင်းများတွင် ယေဘုယျအဟောများ၊ ဂြိုဟ်အပူးအမြင်အဟောများ၊ ဒသာအဟောများ ဖြည့်သွင်းရင်း ၀ယ်ယူအသုံးပြုသူများအတွက် update ပေးသွားမည်ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် မြန်မာငွေ ၃၂၀၀ ကျပ်ခန့်သာ ကျသင့်ပါသည်။ အဟောများဖြည့်သွင်းပြီးပါက ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

Program နှင့်ပတ်သတ်သော ဝေဖန် အကြံပြုချက်များအား ကြိုဆိုလျှက်ရှိပါသည်။ zawminminhtun@gmail.com သို့ မေးပို့ကာ အကြုံပြုနိုင်ကြပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုးသည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
14.7.2012

ဆက်လက်၍...

MOTAA Astrology Android Application နမူနာပုံစံ

လာမယ် ၂ ပတ်အတွင်းမှာပဲ ကျွန်တော်ဟာ ပညာတော်သင်ခရီး ပြီးဆုံးလို့ အမိမြန်မာပြည်ကို ပြန်ကာ မိခင်ဌာနမှာ တာဝန်ထမ်းဆောင်ရပါတော့မယ်။ မပြန်ခင်လေးမှာ Mobile နဲ့ (အင်တာနက်ချိတ်ထားစရာမလိုဘဲ) သုံးလို့ရမယ့် ဇာတာဖွဲ့ ပရိုဂရမ်လေးတစ်ခု ရေးလိုတဲ့ ဆန္ဒကြောင့် လွန်ခဲ့တဲ့ ၂ လ ခန့်ကစလို့ Android ဖုန်းများမှာ ပရိုဂရမ်ရေးဖို့ ကျွန်တော့်အတွက် အသစ်စက်စက် java programming ကို စတင်လေ့လာခဲ့ဖြစ်ပါတယ်။ ခုတော့ အတော်အသင့်ပြည့်စုံတဲ့ အခြေအနေတစ်ခုရောက်နေတာမို့ အွန်လိုင်းပေါ်မှာ တင်မထားနိုင်သေးသော်လည်း အသုံးပြုပုံ အညွှန်းလေးကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ နောင်ချိန်ဒေါင်းဖို့ အဆင်သင့်ဖြစ်ရင်လည်း ဒေါင်းလို့ ရမယ့်နေရာလင့်ကို တင်ပေးပါ့မယ်ခင်ဗျ။ မြန်မာမှာ အင်တာနက်အမြဲရဖို့ခက်တာမို့ ဒေါင်းလို့ ရတဲ့ အခြေအနေမှ ပုံနဲ့တကွ ရှင်းမယ်ဆိုရင် အင်မတန်ခက်ခဲမှာဖြစ်ပါတယ်။

မြန်မာစာနဲ့ ဗားရှင်းကိုလည်း ရေးသားထားတာရှိပါတယ်ခင်ဗျ။ C# နဲ့ရေးသားထားတဲ့ Application မှာတော့ နေကြတ်လကြတ်များ ကြတ်ရာဒေသ အ၀န်းအ၀ိုင်းများပါ ဖြည့်သွင်းထားပြီးသား အသင့်ရှိသော်လည်း java ကို မကျွမ်းကျင်တာကြောင့်လည်းကောင်း၊ java က ရေးသားသူအတွက် အသင့်လုပ်မပေးတာများတာမို့ အချိန်လုရ ခက်တာကတစ်ကြောင်း စိတ်တိုင်းကျ မရေးသားနိုင်ဖြစ်ရပါတယ်ခင်ဗျ။ မြန်မာရောက်မှ ဆက်လက်ရေးသားရင်း ဗေဒင်နက္ခတ်နဲ့ဆိုင်တဲ့ free version လေးများပါ ရေးသားဖြန့်ဝေသွားဖို့ စိတ်ကူးထားပါတယ်ခင်ဗျ။

လောလောဆယ် ပြီးစီးသလောက် အသုံးပြုပုံလေးကို လေ့လာကြနိုင်ဖို့ အောက်ပါအတိုင်း ဖေါ်ပြလိုက်ရပါတယ်ခင်ဗျ။ အောက်ပါပုံအားလုံးဟာ ကျွန်တော့်ဖုံးကို screenshot ရိုက်ဖေါ်ပြထားခြင်းသာ ဖြစ်ပါတယ်ခင်ဗျ။ Android 2.2 ရဲ့ အထက် OS တွေမှာ သုံးလို့ရပါမယ်။ ဒီ့ထက်နိမ့်တဲ့ OS များအတွက်ရေးချင်သော်လည်း Data Base သုံးရာမှာ အဆင်မပြေတာကြောင့် 2.3 မှသည် အထက်ဗားရှင်းများအတွက်သာ ရေးနိုင်ပါတော့တယ်ခင်ဗျ။ အသင့်တော်ဆုံး screen resolution ကတော့ 480x800 ဖြစ်ပါတယ်။ သို့သော် မျက်နှာစာတိုင်းကို ဆွဲယူကြည့်လို့ရအောင် Vertical/Horizontal Scroll View တွေသုံးထားတာကြောင့် 320x480 မျက်နှာအကျယ်ရှိ ဖုန်းများမှာလည်း အဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျ။

Icon ကိုတော့ မြန်မာထန်းဖူးဇာတာပုံလေးနဲ့ အောက်ပါအတိုင်းပြုလုပ်ထားပါတယ်ခင်ဗျ။

ဖွင့်လိုက်မယ်ဆိုတာနဲ့ အောက်ပါအတိုင်း အဖွင့်မျက်နှာစာ မြင်ရပါမယ်ခင်ဗျ။

ဗားရှင်းနဲ့ ကျွန်တော့်ကို ဆက်သွယ်လို့ရမယ့် အဆင်မပြေတာမှားနေတာ ပြုပြင်စေချင်တာ ထပ်ဖြည့်စေချင်တာစတဲ့ အကြောင်းအချင်းအရာများအတွက် ကျွန်တော့် email ဖြစ်တဲ့ zawminminhtun@gmail.com ကို ဖြည့်သွင်းထားပါတယ်ခင်ဗျ။
Default Setting ကတော့ Main System က အရှေ့တိုင်းသုံး Sidereal System ဖြစ်ပါတယ်။ အယနအံသာကို လဟီးရီး Lahiri သုံးထားကြောင်းနဲ့ ဘာဝစက်ရေပုံကို Vehlow Equal ကိုပြထားပါတယ်။ Location နဲ့ အချိန် ရက်လနှစ် နာရီမိနစ် ဒေသစံတော်ချိန် စတာတွေကို ပြပေးထားလိုက်ပါတယ်။ ဒီ Setting ကို ပထမဆုံး အသုံးပြုချိန်မှာသာ မြင်ရမှာဖြစ်ပါတယ်။ နောင်မှာတော့ နောက်ဆုံးတွက်ခဲ့ ထားခဲ့တဲ့ Setting ကိုသာ ပြနေတော့မှာဖြစ်ပါတယ်ခင်ဗျ။

"Calc" ဆိုတဲ့ တွက်မယ်လို့ Button ကို နှိပ်ချိန်မှာတော့ အောက်ပါအတိုင်း Setting ပြောင်းနိုင်ဖို့ pop up Alert Dialog လေး ပေါ်လာပါမယ်ခင်ဗျ။


စောစောက Setting ကိုပဲ ပြနေတာပါခင်ဗျ။ တစ်ဆင့်ချင်းပြင်ယူပုံတွေကို ပြောရမယ်ဆိုရင်တော့ Main System ကို ကလစ်တာနဲ့ အောက်ပါအတိုင်း စနစ်နှစ်မျိုးကို ရွေးစရာပေါ်လာပါမယ်ခင်ဗျ။


နှစ်သက်ရာတစ်ခုကို ရွေးနိုင်ပါမယ်ခင်ဗျ။ Sidereal စနစ်အတွက် လိုအပ်မယ့် အယနအံသာစနစ်တစ်ခုအတွက် Ayanamasa ကို Click ရင်တော့ အောက်ပါအတိုင်း တွက်လို့ရနိုင်မယ့် စနစ်တွေကို ဖြည့်သွင်းထားပါတယ်ခင်ဗျ။


နှစ်သက်ရာတစ်ခုကို ရွေးနိုင်ပါမယ်ခင်ဗျ။ House System အတွက် ရွေးနိုင်တာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျ။


ဒီနေရာမှာ အထူးသဖြင့် Equal စနစ်မှာတော့ လဂ်တည်ရာကို ၁ တန့် စမှတ်အဖြစ်ယူပါတယ်။ Vehlow equal မှာတော့ လဂ်ကို ၁ တန့် အလယ်အဖြစ်ယူပါတယ်ခင်ဗျ။ ဒီလိုပါပဲ Placidus စနစ်သက်သက်မှာလည်း လဂ်တည်ရာကို ၁ တန့် အစအဖြစ် (အနောက်တိုင်းက ယူလေ့ရှိသလို) ယူကြပါတယ်။ Vehlow Placidus မှာတော့ (မြန်မာမှာ သုံးကြသလို) အတန့်အလည်မှတ် အနားသတ်တွေကို placidus နဲ့ယူပြီး လဂ်ကို ၁ တန့်အလည်ထားခြင်းပဲဖြစ်ပါတယ်။ KP ဆရာများအနေနဲ့ Krishnamurti အယနအံသာနဲ့အတူ နှစ်သက်ရာ House System ကိုသုံးနိုင်ကြမှာဖြစ်ပါတယ်။ အရင်က ကျွန်တော်ရေးတဲ့ ဗားရှင်းတွေမှာ အယနအံသာအရ တနင်္လာတည်ရာ ပြောင်းခြင်းမျိုး မထည့်မိခဲ့ပါ။ အခုဗားရှင်းမှာတော့ အယနအံသာကောင်းစွာ အလုပ်လုပ်အောင် ဂြိုဟ်သွားတွေပါစစ်ပြီး ရေးသားထားပါတယ်ခင်ဗျ။

အချိန်နဲ့နာရီမိနစ်ကို ပြင်ရင်တော့ အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်ခင်ဗျ။ ရက်လနှစ် အောက်မှာ H/M/S သုံးနေရာအပြင် AM PM ပါ ထည့်သွင်းထားပါတယ်ခင်ဗျ။ 12:30 am ကို 0.5(/24) အဖြစ်နဲ့ တွက်ချက်ပေးပါလိမ့်မယ်ခင်ဗျ။ စက္ကန့်အတွက်ပါ ရွေးနိုင်အောင် သီးသန့်ဖန်တီးထားတာဖြစ်ပါတယ်ခင်ဗျ။

တည်နေရာနဲ့ ဒေသစံတော်ချိန်ပြင်မယ်ဆိုရင်တော့ အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်ခင်ဗျ။


ဒေသနာမည်ထည့်ပေးဖို့လိုပါမယ်ခင်ဗျ။ လတ္တီကျု ဘေးက S ဟာ South ကို ကိုယ်စားပြုပြီး သူ့ကို ကလစ်ရင်တော့ N (North) အဖြစ်ပြောင်းသွားပါမယ်ခင်ဗျ။ ဒီလိုပဲ စိတ်ကြိုက်အခြေအနေကို ထပ်ခါထပ်ခါ နှိပ်ပြီး ပြောင်းနိုင်ပါမယ်ခင်ဗျ။ STD ဒေသစံတော်ချိန်အတွက် အောက်နားကို ဆွဲကြည့်ရင်တော့ အောက်ပါအတိုင်းမြင်ရမှာပါခင်ဗျ။

ဒီမှာတော့ WGMT ရဲ့ တခြားတစ်ဖက်မှာ EGMT (East of GMT) ရှိနေပါတယ်ခင်ဗျ။ NDST ကတော့ No DST အဖြစ် ပြောတာ ဖြစ်ပါတယ်ခင်ဗျ။

အားလုံးကို ရွေးချယ်ပြီးရင်တော့ အောက်ပါအတိုင်း မိမိရွေးသမျှ တစ်ခေါက်စစ်နိုင်ပါမယ်ခင်ဗျ။


Calculate ကို နှိပ်မယ်ဆိုရင်တော့ အောက်ပါအတိုင်း Default ပုံစံအဖြေရလာပါမယ်ခင်ဗျ။


ဒီမှာကတော့ အစိမ်းရောင်ကရာသီ၊ အနီက န၀င်း၊ အ၀ါက ဘာဝ၊ H1 H2 တွေက အတန့်အလည်မှတ်တွေပြထားတာဖြစ်ပါတယ်ခင်ဗျ။ ဒါကတော့ ကျွန်တော်စစ်ရလွယ်အောင် အကြမ်းဖန်တီးထားတာ ဖြစ်ပါတယ်ခင်ဗျ။ သူ့ကိုပဲ တခြား ပုံစံနဲ့ မြင်ချင်ရင်တော့ ChartStyle (CStyle) ကို ကလစ်ရပါမယ်။ အောက်ပါအတိုင်း ပေါ်လာပါမယ်ခင်ဗျ။

မြန်မာသုံးတဲ့ ပုံစံအပြင်၊ အနောက်တိုင်း စက်ဝိုင်းဇာတာ၊ အိန္ဒိမြောက်ပိုင်းနဲ့ တောင်းပိုင်း ပုံစံများပါ ဖြည့်သွင်းထားပါတယ်ခင်ဗျ။ အောက်ပါအတိုင်း အသီးသီးပြနေပါလိမ့်မယ်ခင်ဗျ။


မြန်မာမှာသုံးသလို အနီစက်က မိဿဖြစ်ပြီး လက်ဝဲရစ်ရာသီတို့ တည်ပါတယ်ခင်ဗျ။ ၀ကြသွားတာလေးကို ပြထားပေးပါတယ်ခင်ဗျ။ အံသာနဲ့ အတူပေါ့ခင်ဗျ။ ဘာဝစက်ကိုတော့ မအားလပ်တာမို့ ဖြည့်မပေးနိုင်သေးပါခင်ဗျ။ သို့သော် စက်ဝိုင်းဇာတာမှာဖြစ်စေ အသေးစိပ်ကိုလည်း ဖြည့်ထားတာကို ပြောသွားပါမယ်ခင်ဗျ။

အထက်ပါပုံကတော့ အနောက်တိုင်းသုံးသလို နက္ခတ်ဗေဒင် သင်္ကေတတွေနဲ့ ရေးသားထားပါတယ်ခင်ဗျ။ အတန့်ဘောင်တွေဖြစ်တဲ့ cusps တွေရဲ့ အံသာအပြင် ဘာဝတည်ပုံကိုပါ မြင်နေရမှာဖြစ်ပါတယ်ခင်ဗျ။ ဂြိုဟ်မြင်များကို နေရာအခက်အခဲကြောင့် မပြထားသော်လည်း သီးသန့်ဖေါ်ပြထားတာကို နောက်ပိုင်းမှာ ဆက်တင်ပြသွားပါမယ်ခင်ဗျ။

ဒါကတော့ အိန္ဒိယမြောက်ပိုင်း စနစ်အရ တည်ဆောက်ထားတာဖြစ်ပါတယ်ခင်ဗျ။ စနစ်များကို http://motaa.net/discussion/index.php?option=com_ccboard&view=forumlist&Itemid=2
ကနေ ရယူထားတာဖြစ်ပါတယ်ခင်ဗျ။ အထက်ပါလင့် ဖိုရမ်မှာ လေ့လာနိုင်ပါတယ်ခင်ဗျ။

ဒါကတော့ အိန္ဒိယတောင်းပိုင်းသုံး ပုံစံဖြစ်ပါတယ်ခင်ဗျ။

ကောဇာသမားများအတွက် "Now" ဆိုတဲ့ Button လေး ထည့်ထားပါတယ်ခင်ဗျ။ သူ့ကို ကလစ်တာနဲ့ လက်ရှိရက် နာရီမိနစ် (ဒေသကိုမူ သုံးစွဲသူက မှတ်သားသိမ်းပေးထားနိုင်သည်။) ကို တွက်ပေးမှာဖြစ်ပါတယ်ခင်ဗျ။ အောက်ပါအတိုင်း ရရှိပါမယ်ခင်ဗျ။

အထက်ပါပုံမှာ ဒေသ Setting မပြောင်းဘဲ ရက်မှာသာ ဇူလိုင် ၆ ၂၀၁၂ ဖြစ်ပြီး အချိန်နာရီကိုပါ ယခုအချိန်ကောဇာကို တွက်ပေးနေတာ ဖြစ်ပါတယ်ခင်ဗျ။
ဒါကိုပဲ ရာသီဘာဝန၀င်းပါ ကြည့်ချင်ရင်တော့ CStyle လေးကို ပြန်သွားပြောင်းယူကြည့်လိုက်ယုံပါပဲခင်ဗျ။ အောက်ပါအတိုင်း Default Style အရ မြင်ရပါမယ်ခင်ဗျ။

"Planets" ဆိုတာလေးကို ကလစ်တာနဲ့ ဂြိုဟ်များရဲ့ အင်္ဂလိပ်အခေါ်၊ နက္ခတ်ဗေဒင်သုံး သင်္ကေတ၊ ရာသီအံသာလိတ္တာ၊ လတ္တှီကျုခေါ် Declination (အနှုတ်တန်ဖိုးက တောင်လတ္တီကျုကိုပြ)၊ ဘာဝရပ်တည်မှု၊ တို့ကို ပြနေပါတယ်ခင်ဗျ။
ကွယ်နေလို့ မမြင်ရပါ။ ဆွဲယူကြည့်ပါက အောက်ပါအတိုင်း မြင်ရပါမယ်ခင်ဗျ။

နက္ခတ်အမည်အတိုကောက်များနဲ့ အတူ နက္ခတ်သခင်များကိုပါ ဖေါ်ပြပေးထားပါတယ်ခင်ဗျ။ အယနအံသာကိုလည်း ဖေါ်ပြထားတာမို့ မိမိရွေးချယ်ထားတဲ့ စနစ်ကိုပါ စစ်ဆေးနိုင်ပါတယ်ခင်ဗျ။ MC ကိုပါပြထားပါတယ်ခင်ဗျ။

Houses ကို ကလစ်လိုက်ချိန်မှာတော့ အောက်ပါအတိုင်း ဘာဝအလယ်မှတ်များရဲ့ န၀င်းစီး နက္ခတ်စီးနဲ့အတူ ဘာဝအဆုံး (သန္ဒိ) တည်ရာများကိုပါ ဖေါ်ပြထားပါတယ်ခင်ဗျ။ Placidus စနစ်သုံးထားတာမို့ ဘာဝအဆုံးအစများ အံသာမတူတာကိုပါ ဒီပုံမှာ သတိပြုနိုင်ပါမယ်ခင်ဗျ။


PtoPAsp (Planet to Planet Ascept) ဂြိုဟ်အချင်းချင်းမြင်ယှဉ်မှုကို အောက်ပါအတိုင်း မြင်ရပါမယ်ခင်ဗျ။

အရှေ့တိုင်းစနစ်ကိုတော့ ၅ ဒီဂရီ အတွင်းမြင်ယှဉ်မှုအရ တွက်ချက်ထားပြီး အတန့်အမြင်များပါ ဖြည့်ရေးထားပါတယ်ခင်ဗျ။ ဥပမာအားဖြင့် အထက်ကပုံမှာ ကြာသာပတေးဟာ အင်္ဂါကို ၅ တန့်အမြင်မြင်ထားပြီး၊ သောကြာနဲ့ (C) ပူးနေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်ခင်ဗျ။

အနောက်တိုင်းစနစ်အရ မြင်ယှဉ်မှု သင်္ကေတများသာမက အမြင်အယှဉ်တစ်ခုချင်းစီရဲ့ Orb တွေကိုလည်း အောက်နားမှာ ဖေါ်ပြထားတာဖြစ်ပါတယ်ခင်ဗျ။

တစ်ဖန် အရှေ့တိုင်းဗေဒင်ဆရာများ သုံးလေ့ရှိသည့် ဂြိုဟ်များမှာ အတန့်အလည်မှတ်များဆီ မြင်ယှဉ်မှုကို သိရန် PtoHAsp ဆိုသည့် Button လေး ဖြည့်သွင်းထားပါတယ်ခင်ဗျ။ အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်ခင်ဗျ။

၁ မှ ၁၂ တိုင် အတန့်အလည်များဆီသို့ ဂြိုဟ်အသီးသီးမှ မြင်ပုံတွေဖြစ်ပါတယ်ခင်ဗျ။

ဝိသောတ္တရီဒသာ ၃ ဆင့်အတွက် Dasa ဟူသည့် Button လေးထည့်ထားပါတယ်ခင်ဗျ။
သူ့ကိုကလစ်ပါက အောက်ပါအတိုင်း ဒသာများကို မြင်ရပါမယ်ခင်ဗျ။

သက်ဆိုင်ရာ အစရက် အကျုံးဝင်သော ဒသာကာလကြီးမှသည် နှစ် ၁၂၀ တိုင် ဖြည့်ထားပါတယ်ခင်ဗျ။ နှစ်သာရာ ဒသာကို ထပ်မံခွဲစိတ်လိုပါက အလယ်မှ Buttons များကို ကလစ်ရန်သာရှိပါတယ်ခင်ဗျ။ အန္တရဒသာကို အောက်ပါအတိုင်းမြင်ရပါမယ်ခင်ဗျ။

ပြတ္တန္တရကို သိလိုပါကလည်း နှစ်သက်ရာကာလကို ထပ်မံကလစ်ရန်သာ လိုပါတယ်ခင်ဗျ။ အောက်ပါအတိုင်း ကွဲထွက်လာပါမယ်ခင်ဗျ။

အခြားကာလများအတွက်လည်း Close နှိပ်ကာ ကြိမ်ဖန်တွက်နိုင်ကြမှာဖြစ်ပါတယ်ခင်ဗျ။

ဇာတာများ သိမ်းဆည်းရန်နှင့် ပြန်လည်ခေါ်ယူတွက်ချက်နိုင်ရန် Save/Load ကို ကလစ်ပါက အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်ခင်ဗျ။


အသစ်စက်စက်မှာတော့ သိမ်းထားတာမရှိပေမယ့် နောင်များမှာတော့ သိမ်းသမျှ မြင်နေရမှာ ဖြစ်ပါတယ်ခင်ဗျ။
နမူနာ ဇာတာတစ်စောင်ကို ဖြည့်သွင်းမည်ဆိုပါက New ကို ကလစ်လိုက်ပါခင်ဗျ။

အမည်၊ မွေးချိန် ရက်လနှစ် နာရီမိနစ်စက္ကန့်၊ မွေးဖွားရာဒေသ၏ လတ္တီကျုလောင်ဂျီကျုများနှင့် ဒေသစံတော်ချိန်များ ပြင်ယူနိုင်ပါပြီခင်ဗျ။ ယခင်က အတိုင်းပင်ဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ကာ Calculate လုပ်ချိန်မှာတော့ အောက်ပါအတိုင်း ဇာတာတစ်ဆောင် သိမ်းသွားပြီးဖြစ်ပါတယ်ခင်ဗျ။

အချက်အလက်များကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်ခင်ဗျ။ အထက်ပါဇာတာကိုပဲ ကလစ်လိုက်ပါက တွက်(load) မလား၊ ဖျက်မလား မေးပါမယ်ခင်ဗျ။

Load လုပ်လိုက်ပါက အောက်ပါအတိုင်း မူလမျက်နှာစာကို ပြန်ရောက်သွားပါတယ်ခင်ဗျ။ သိမ်ထားသမျှ ဒေတာများကို Current Setting မှာ ပြနေတာကို မြင်ရပါမယ်ခင်ဗျ။


Calc ကို နှိပ်ကာ တွက်ပါက Load လုပ်ထားသော ဇာတာမှ ဒေတာများ ဖြည့်သွင်းပြီးသားဖြစ်နေတာမို့ ပြင်ရန်မလိုပါခင်ဗျ။ Main System Anynamasa House System တို့သာ ပြင်ဖို့လိုပါတော့မယ်ခင်ဗျ။ ပြင်စရာမလိုဘဲ သွားကလစ်မိက Default မှသည် လိုရာကို ပြင်ရန်နှိပ်ရမည်စိုးသဖြင့် ပြင်စရာမလိုက မနှိပ်ပါနှင့်ဟု ဆိုရခြင်းဖြစ်ပါသည်။


Calculate နှိပ်ပါက အောက်ပါအတိုင်း အစ ပထမကဲ့သို့ တွက်ချက်ပေးပြီး ဖြစ်ပါတယ်ခင်ဗျ။

Save/Load အပိုင်းတွင် ဇာတာများ ရာချီသိမ်းနိုင်ပါသည်။ ထပ်မံ New နှိပ်ကာ သုံးစောင် သိမ်းထားသည်ကို အောက်တွင် ဖေါ်ပြထားပါသည်။

ဖျက်လိုပါက load လုပ်သလိုပင် မိမိဖျက်လိုရာ အစောင်ကို ကလစ်ကာ ဖျက်နိုင်ပါသည်။ အောက်ပါအတိုင်း Delete လုပ်နိုင်ပါသည်။
အောက်ပါအတိုင်း ၂ စောင်သာ ကျန်နေပါမည်။

ဤတွင်း Edit လုပ်နိုင်ရန် ဖြည့်သွင်းလိုပါသော်လည်း အချိန်အခက်အခဲအရ မဖြည့်နိုင်ပါ။

၎င်းနောက် Ephemeris ဂြိုဟ်သွား ပြက္ခဒိန်အသုံးပြုကို ဆက်လက်ရှင်းပါမည်။ မတွက်သေးခင်တွင် အောက်ပါအတိုင်းမြင်ရပါမည်။ MAIN ကို ကလစ်ကာ မူလမျက်နှာစာကို ပြန်သွားနိုင်ပါမည်။


Setting ကို နှိပ်ပါက အောက်ပါအတိုင်း မြင်ရပါမည်။

ယခင်က ဖေါ်ပြခဲ့သလိုပင် ပြင်ဆင်နိုင်ပါသည်။ ထူးခြားသည်မှာ Daily Point ဖြစ်ပါသည်။ များသောအားဖြင့် ည ၁၂ နာရီ (နေ့အစ)ကို ဂြိုဟ်သွား ပြက္ခဒိန်များသုံးကြသော်လည်း ဤတွင် မိမိနှစ်သက်ရာ နေ့စဉ်အချိန်ကို သုံးနိုင်ပါသည်။ ဂြိုဟ်သွားများဟာလည်း မိမိနှစ်သက်ရာ ဒေသတစ်ခုကို မူတည်ထားပါသည်။ Daily Point Setting မှာအောက်ပါအတိုင်းဖြစ်ပါသည်။

ဤတွင် လကိုသာ ထည့်တွက်ပါသည်။ ရက်ကို မတွက်ပါ။ တစ်လစာကို ဖေါ်ပြမည်ဖြစ်သဖြင့် လစမှ လ အဆုံးထိ အော်တိုတွက်ပေးပါလိမ့်မည်။ တွက်လိုက်ပါက အောက်ပါအတိုင်းမြင်ရပါမည်။

ဤတွင် နှစ်သက်ရာ အာယနစနစ်ဖြင့် ဒေသတစ်ခုအတွက် နေ့စဉ်ဂြိုဟ်သွားများရရှိပါတော့သည်။ ကွယ်နေသည်များကို အောက်ပါပုံများအတိုင်း ဆွဲယူကြည့်နိုင်ပါသည်။


ရာဟုကို Mean နှင့် True အဖြစ် ၂ မျိုးပြထားပါသည်။

ယူရေးနပ်စ်တို့ကိုလည်း တွက်ချက်ပေးထားပါသည်။

ဤတွင် အသုံးပြုပုံပြီးပြီဖြစ်ပါသည်။ ဖြည့်စွက်ရန်အတွက် ပုံအဖြစ်စာအဖြစ်သိမ်းခြင်းများ ယေဘုယျအဟောများကျန်ရှိနေပါသေးသည်။ မြန်မာရောက်မှ ဆက်လက်ရေးသားနိုင်ပါတော့မည်။ ယခုတွက်ချက်ရသလောက်ကို မကြာမီ အွန်လိုင်းတင်ကာ ဈေးနှုန်းအနည်းငယ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်ခင်ဗျား။

ကျေးဇူးတင်စကားအနေဖြင့် ဝေဒဆိုင်ရာအယူအဆ အကြံဥာဏ်များပေးသော ကျွန်တော့်ဆရာရင်း ဆရာနျူမာန်နှင့် java programming အတွက်ကူညီသင်ပြပေးသော ကိုဝဏ္ဏကိုတို့အား အစဉ်ဦးခိုက်လျှက်ရှိပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
6.7.2012

ဆက်လက်၍...