ဒသာတို့၏ သမိုင်း

ဆရာနျူမာန်(မိုးတား) ရေးသားသည်။

ဒဿာ ဆိုသည်မှာ

အမှန်ကတော့ ဒီဆောင်းပါးကို စောစော ရေးဘို့ မဟုတ်သေးပါ။ MOTAA သင်ခန်းစာ နောက်ပိုင်းကျမှ သင်ခန်းစာ အနေနဲ့ ပို့ချပေးဘို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ ကိုပခန်းရဲ့- Website က ဒဿာ နဲ့ဆိုင်တဲ့ အခန်းကို တွေ့မိလို့ ၀င်ဖတ် ယင်းနဲ့- ဒီဆောင်းပါးကို စောစော ရေးလိုက်ရပါတယ်။ ထူးခြားချက် တစ်ခုကို တွေ့ရပါတယ်။

မှတ်ချက်။  ။ဒသာနဲ့ပတ်သတ်တဲ့ ၃ ပိုစ့်ကတော့ (၁) လဆန်းလဆုပ်ဖွား နေ့ဖွားညဖွား (၂) ၀ိသောတ္တရီဒသာစနစ် (၃) နက္ခတ္တိကဒသာစနစ် တို့ဖြစ်ကြပါတယ်ခင်ဗျ။ နက္ခတ်သခင်ဟု ဖေါ်ပြရမည့်အစား စိုးမိုးဂြိုဟ်ဟု ဖေါ်ပြမိထားခြင်းဖြစ်ပါသည်။ အမှန်ပြင်ပြီးပါကြောင်းခင်ဗျား။ ကိုပခန်း

ဒဿာ စနစ်ကို ရှင်းပြယင်းနဲ့ စိုးမိုးဂြိုဟ် ကိုပါ တွဲထည့်ထားတာ ဖြစ်ပါတယ်။ အမှန်က စိုးမိုးဂြိုဟ် အယူအဆဟာ K.P စနစ်ရဲ့ဖခင် ဖြစ်သူ ခရစ်သျှနားမူရတီး ဆရာကြီးရဲ့ နည်းဖြစ်ပါတယ်။ ဒဿာ စနစ်ဟာ အထူးသဖြင့် ၀ိသောတ္တရီ ဒဿာစနစ်ဟာ ပရာသျှရဆရာရဲ့ မူဖြစ်ခဲ့တဲ့ အတွက်ကြောင့် အဲဒီ အချိန်တုန်းက စိုးမိုးဂြိုဟ် ကိစ္စဟာ မပေါ်ပေါက်သေးပါ။

K.P စနစ်ဟာ သူ့ရဲ့ ကိုယ်ပိုင် အာယနအံသာကို အသုံးပြုခြင်းကြောင့် အများစု အသုံးပြုတဲ့ လာဟီရိ အံသာနဲ့လည်း မတူညီပါ။ ထို့ကြောင့် မတူသော စံနစ်(၂)ခုကို တစ်ပြိုင်တည်း ထည့်သွင်းဖေါ်ပြထားခြင်းဖြင့် နက္ခတ္တဝေဒကို စတင်လိုက်စားသူများ အနေနဲ့ ရောထွေး သွားနိုင်ပါတယ်။ ထိုသူများအနေနဲ့ စိုးမိုးဂြိုဟ်ဟာ ၀ိသောတ္တရီ ဒဿာမှာ တစ်ခါတည်း ပါရှိတယ်လို့ အထင်မှား အမှတ်မှားသွားနိုင်ပါတယ်။

အိန္ဒိယမှာ ပရာသျှရ ဆရာ၊ ၀ရဟိမိရ ဆရာ၊ ဇေမဏိ ဆရာ၊ ဘရိဂု ဆရာ စတဲ့ ပညာရှင် ပေါ်ထွန်းခဲ့သလို နဒီ ဗေဒင် ပညာ၊ လာကိတက်ဘ် ပညာ စသဖြင့် မတူညီတဲ့ နည်းစနစ် များလည်း ရှိပါတယ်။ ၀ိသောတ္တရီ ဒဿာဟာ ပရာသျှရ ဆရာရဲ့ နည်းစံနစ် ဖြစ်ပြီး အခြား ဒဿာများကို အခြား ဆရာများက အသုံးပြုပါတယ်။ စုစုပေါင်း ဆိုယင် အိန္ဒိယ အနေနဲ့ ဒဿာ စနစ်ပေါင်း ရာကျော် ရှိပါတယ်။ ဒီအထဲမှာမှ လူသိတဲ့ ဒဿာ အမျိုးဆိုယင် ၅၀ ကျော်၊ ၆၀ လောက် ရှိပါသေးတယ်။ တစ်ခါ ဒီအထဲမှာမှ ထင်ရှားတဲ့ ဒဿာ စနစ် ဆိုယင် ၁၀ မျိုးလောက် ရှိပါတယ်။ တစ်ချို့စနစ်တွေမှာက ဂြိုဟ်ကို မူတည်ပြီး တွက်ပေမယ့်၊ တစ်ချို့စနစ်တွေမှာတော့ ရာသီကို မူတည်တွက်တဲ့ စနစ်မျိုး တွေလည်း ရှိပါသေးတယ်။ စနစ်တခုမှာ ဒီဂြိုဟ်တွေ ဒဿာ စားနေပေမယ့်၊ အခြား စနစ်ကြယင် တစ်မျိုး ဖြစ်သွားပါတယ်။

ဒါပေမယ့် ဘယ်စနစ်မှာပဲ ကြည့်ကြည့်- လူတစ်ဦးရဲ့ ဘ၀ကို အချိန်ပိုင်းခြားရာမှာ
မဟာ ဒဿာ၊ (မြန်မာတို့က ထူလ ဒဿာလို့ လည်း ခေါ်ပါတယ်။)
အန္တရ ဒဿာ၊
ပြတန္တရ ဒဿာ၊  ဆိုပြီး ပိုင်းခြား ထားပါတယ်။

အချို့သော ဒဿာစနစ်ဟာ လူတစ်ယောက်ရဲ့ အသက် အနေအထား၊ ကျန်းမာရေးကို ဦးစားပေး စစ်ဆေးတဲ့ စနစ်မျိုးဖြစ်လို့- “အာယု ဒဿာ” လို့ ခေါ်ပြီး၊ အချို့ ဒဿာ တွေကတော့ အထွေထွေ ဟောချက် အတွက် စစ်ဆေးတာမို့လို့ သူတို့ကို “ဖလိတ ဒဿာ” လို့ ခေါ်ပါတယ်။

အချိုဒဿာတွေက စန်းခေါ် တနင်္လာဂြိုဟ် (လ) ရဲ့ တည်ရှိရာ နက္ခတ်ကို မူတည်လို့ “နက္ခတ် ဒဿာ” လို့ခေါ်ပြီး၊ အချို့စနစ် များအနေနဲ့ကတော့ လ-ရဲ့ တည်ရာရာသီကို မူတည်လို့ “ရာသီ ဒဿာ” လို့ ခေါ်ပါတယ်။

လူသိများ ထင်ရှားတဲ့ ဒဿာ စနစ် အချို.က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဝိသောတ္တရီ ဒဿာ၊
အဋ္ဌော တရီ ဒဿာ၊ (အတ္ထောတရီ ဒဿာ)
သျှောဒ သျှောတရီ ဒဿာ (သရောဒ သရောဒရီ ဒဿာ)
ဒွာဒ သျှောတရီ ဒဿာ (ဒွာဒ သရောဒရီ ဒဿာ)
ပဉ္စောတရီ ဒဿာ၊
သတ္တဒိဂ် ဒဿာ၊
စတုရာသီတိ သမ္မ ဒဿာ၊
ဒွိသတ္ပတိ သမ္မ ဒဿာ၊
ဆဋ္ဌတိ ဟယဏိ ဒဿာ
သျှတ္တရိ သျှတ္တ သမ္မ ဒဿာ၊ တို့နဲ့ နောက်ဆုံး အသစ်ထွင်ထားတဲ့
ကာလစက္ကရ ဒဿ စနစ်တို့ ဖြစ်ပါတယ်။

ဝိသောတ္တရီ ဒဿာ ဆိုသည်မှာ

ဝိသောတ္တရီဒဿာမှာ အိန္ဒိယ တွင်သာမက ကမ္ဘာပေါ်တွင် အရှေ့တိုင်း နက္ခတ်ပညာကို လေ့လာ ကြသူများရဲ့ အဓိကသုံးစွဲတဲ့ ဒဿာ ဖြစ်ပါတယ်။

ဒီစနစ်မှာ အနှစ်သာရ တစ်ခုက လူတစ်ယောက်ရဲ့ သက်တမ်းကို အနှစ် ၁၂၀- အနေနဲ့ ယူပါတယ်။

ဗြို့ဟဇ်ဇာတက ပရာသျှရ ဟောရ သျှတ္တရ ကျမ်း- အခန်း ၃၂၊ ၁၂-၁၄ မှာ “အို -ဗြဟ္မဏ လုလင်၊ ကာလိ ယောဂ ခေတ်တွင် ဖြစ်တည်ကြကုန်သော လူတို့၏ ပုဏ္ဏ အာယု သက်တမ်း ပြည့်ကာလသည် အနှစ် ၁၂၀ ဖြစ်လေ၏။” လို့ ဆိုထားကို အခြေခံထားပါတယ်။

ကျွန်တော်တို့ မြန်မာ နိုင်ငံတွင် ရှေးယခင်က ကလေးငယ် တစ်ယောက် မွေးဖွားလျှင် ဥပမာ- “….. ၁၂၇၀-ခု၊ တော်သလင်း လဆန်း၊ ၄-ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် မိုးသောက် တွင် မာတာ မိခင် မွေးသန့်စင်သည်။ မည်ပင် သာယာ ခေါ်စရာကား မောင်စံဝင်း၊ အသက် ၁၂၀ ရှည် စေသော်” စသည် ဖြင့် ရေးမှတ် ခဲ့လေ့ ရှိခဲ့ပါတယ်။

အနှစ် ၁၂၀ကို တနင်းလာ ဂြိုဟ်ရဲ့ နက္ခတ် အပေါ် မူတည်ပြီး မဟာ ဒဿာ၊ (ထူလ ဒဿာ) ကို သက်ဆိုင်ရာ ဂြိုဟ်များ အလိုက် ခွဲတမ်းချ သတ်မှတ်ပေးလိုက်ပြီးတဲ့နောက်မှာ တစ်ခုချင်းစီကို ထပ်ပြီး၊ အန္တရ ဒဿာ အနေနဲ့ ဂြိုဟ်တွေရဲ့ သက်တမ်း အချိုးအလိုက် အသေးစိတ် လိုက်ပါတယ်။

နောက်ဆက်ပြီးတော့ အန္တရ ဒဿာ ကို အချို့က ပြတန္တရ၊ သုသမန္တရ၊ ပရဏ ဆိုပြီး ၅ စိတ် အထိ ထပ်ခွဲတတ်ပါတယ်။

ဒါပေမယ့် MOTAA စနစ် အနေနဲ့ ၀ိသောတ္တရီ ဒဿာကို အသုံးပြုပြီး၊ မဟာ ဒဿာ၊ (ထူလ ဒဿာ)၊ အန္တရ ဒဿာ၊ ပြတန္တရ ဒဿာ၊ ဆိုပြီး (၃) ဆင့်ပဲ ခွဲပြီး စိစစ်ပါတယ်။

ဒဿာ စနစ်အားလုံးမှာ အားလုံးကို အသုံးချလို့ ရတဲ့ ဒဿာ စနစ်က ဒီစနစ် တစ်ခု ပဲရှိတယ် လို့၊ ပရာသျှရ ဆရာ ရသေ့ကိုယ်တိုင် က အခြား ဒဿာ ၄၂ မျိုးနှင့် နှိုင်းယှဉ်ပြီး အဆိုအမိန့် ရှိထားသကဲ့သို့ ကျွန်တော် ကိုယ်တိုင် ဇာတာများစွာကို လေ့လာရာတွင်လည်း မှန်ကန်ကြောင်း တွေ့ရ၍ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဆောင်းပါးတွေမှာ ဖော်ပြထားတဲ့ ကံကြမ္မာ ဂရပ်ဖ်ဟာ ဂြိုဟ်တွေရဲ့ အင်အားအလိုက် သက်ဆိုင်ရာ ဒဿာကာလတွေမှာ ကံကြမ္မာ အနိမ့်အမြင့်ကို ဖော်ပြထားတဲ့ ဂရပ်ဖ် ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ်၊ မဟာဒဿာကို ထပ်စိပ် ထားတဲ့ ဒဿာ တွေကို ဘုတ္ထိဒဿာ လို့ ခေါ်ပါတယ်။

အဋ္ဌော တရီ ဒဿာ၊ (အတ္ထောတရီ ဒဿာ)

ဝိသောတ္တရီ ဒဿာ ကလွဲယင် အထင်ရှားဆုံး အခြား ဒဿာစနစ်က အဋ္ဌော တရီ ဒဿာ၊ (အတ္ထောတရီ ဒဿာ) ဖြစ်ပါတယ်။

သူကတော့ လူ့ ဘ၀ သက်တမ်းကို ၁၀၈ နှစ်ပိုင်းခြားတဲ့ စနစ် ဖြစ်ပါတယ်။ ပရာသျှရ ဆရာ ရသေ့ အနေနဲ့

ဒီစနစ်ဟာ အချို့ဇာတာများ အတွက်သာ သုံးလို့ ရတဲ့ စနစ် ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

ဒီစနစ်ဟာ လူတစ်ယောက်ရဲ့ သက်တမ်းကို ဖော်ပြတဲ့ စနစ် ဖြစ်တာကြောင့် အာယု ဒဿာ အနေနဲ့ ပဲ သုံးသင့်တယ်လို့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။

ဒါပေမယ့်လည်း အချို့က ဒီစနစ်ကို အထွေထွေ ဟောချက် အတွက် “ဖလိတ ဒဿာ” အနေနဲ့ သုံးသင့်တယ်လို့ ဆိုပါတယ်။

အချို့ကတော့ ဇာတာအားလုံး အတွက် သင့်တော်တယ်လို့ ပြန်ငြင်းကြပါတယ်။

အချို့ ကတော့ ရာဟု အနေနဲ့ လဂ် (၁-တန့်) မှာ မတည်ပဲ၊ လဂ်သခင် ကနေ ကိန်းအိမ်၊ တြိကုန်း အိမ်မှာ တည်တဲ့ ဇာတာများ အတွက် သင့်တော်တယ်လို့ ဆိုပါတယ်။

အချို့ကတော့ လဆုတ်ရက် ကာလ နေ့မွေးသူများ၊ လ-ဆန်းကာလ ည-မွေးသူ များရဲ့ ဇာတာတွေ အတွက် သင့်တော်တယ်လို့ ဆိုပါတယ်။

အချို့ကတော့ ဒီစနစ်ဟာ ရာဇယုဂ် စတဲ့ ကောင်းမြတ်သော ယုဂ်များမှာ အကျိုးပေးမပေး စစ်ဆေးရာမှာ သုံးသင့်တယ် လို့ ဆိုပါတယ်။

ဂြိုဟ်သက် တွေကို သတ်မှတ်တဲ့ နေရာမှာ အဋ္ဌော တရီ ဒဿာ၊ (အတ္ထော တရီဒဿာ) ဟာ မြန်မာ ဂြိုဟ်စား၊ သက်ရောက် တွက်တဲ့ နှစ်တွေနဲ့ အတူတူပါပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဂြိုဟ်စား၊ သက်ရောက် ဟာ ဒီစနစ်ကို လွယ်ကူအောင် ပြန်ထွင်ထားတဲ့ နည်းဖြစ်လိုပါ။ အောက်တွင် ရှင်းပြထားချက်ကို လေ့လာပါ။

ဘယ် စံနစ်က ပို၍ ကောင်းသနည်း။ 

ရှေးဟောင်း အီဂျစ်၊ ဂရိ ပညာတို့ တွင် ဒဿ စနစ်မပါရှိခဲ့ပါ။ ဒဿာ စနစ်သည် အိန္ဒိယ မှ တီထွင်လိုက်သော နည်းဖြစ်ပါသည်။ တစ်ယောက် တစ်မျိုးနှင့် မရိုးရလေ အောင် ပညာ တစ်ဦးပေါ်လာ လိုက်၊ နောက်တစ်နည်း ထပ်ထွင်လိုက်နှင့် ဂျာမာန် ဗေဒင် ပညာရှင် အမျိုးသမီး တစ်ဦး ပြောသလို ယခု အခါ နက္ခတ်ပညာသည် ခရစ်စမတ်ကာလတွင် ကောင်းကင်ဘုံမှ ဆင်းလာ၍ ကလေးများကို လက်ဆောင် ပစ္စည်းများ ပေးဝေသော စင်တာ ကလော့၏ အိပ်ကြီး ကဲ့သို့ ဖြစ်နေပါပြီ။

မြန်မာပြည်ကလည်း အားကျမခံပါပင် ဖွားဇာတာတွင်ပါသော စင်နက္ခတ်ခေါ် စန်းစီးနက္ခတ် (သို့) စန်းယှဉ် နက္ခတ်-ပါဒ်-ဃဋီ ကို အခြေခံပြီး နက္ခတ္တိဏီ ဒဿာကို တီထွင်ခဲ့သည်။

ထို့နောက် မြန်မာတို့ အနေဖြင့် ဘယ်နက္ခတ်၊ ဘယ်ဂြိုဟ်နှင့် သက်ဆိုင်သည်ဟု သောမူကို မသုံးပဲ ကောဇာ ပြည့်စန်း နက္ခတ် တွက်နည်းကို တီထွင်သည်။

မူလ စင်နက္ခတ်နှင့် မူလပြည့်စန်း နက္ခတ်တို့ ပေါင်း၍ အာယုစန်း နက္ခတ်
အဓိပတိ နက္ခတ် ၉-တိုင်၊ စစ္စလီ သင်္ဘော နက္ခတ် ၃-တိုင်၊ ရှစ်ပင်တိုင် စန်းနက္ခတ်

ထိုမှ နေ၍ စုတ်၊ ဥပါဒ် ရွေး၊ အဓိပတိ ၉-တိုင်၊ အထွန်း ၅-ချက်တိုင်၊ ပုတိ-ဘင်္ဂ၊ မရဏ၊ တို့တွင် အာယုစန်း ရောက်လျှင် မကောင်း စသဖြင့် အာယုစန်း နည်းကို တီထွင် လာခဲ့ ကြသည်။ (ဤအကြောင်း အသေးစိတ်ကို ဆရာကြီး ပျဉ်းမနား ဦးသန်းမောင် ၏ ဒဿာ ဟောနည်း ပြောနည်း စာအုပ်တွင် လေ့လာနိုင်ပါသည်။)

အလွန်မှတ်သားဘွယ် ကောင်းသော အချက်မှာ ဆရာကြီး ပျဉ်းမနား ဦးသန်းမောင်ကလည်း ထိုနည်းများအားလုံးကို သိလျှင် ဘာဖြစ် သွားမည်နည်း၊ ငါးသိုင်းများ ဟင်းဟုံ ရုံသာ ရှိမည် ဟု ဆိုထား ပါသည်။

ဤဆောင်းပါးသည် ကိုပခန်း ဖေါ်ပြထားသော ဒဿာ စနစ်ကို ထပ်မံ ဖြည့်စွက်ပေးသော အနေဖြင့် ဖြင့်သာ ရေးထားခြင်းဖြစ်၍ တွက်နည်း တို့ကို မဖေါ်ပြတော့ပါ။ ကိုပခန်း ဖေါ်ပြထားသော တွက်နည်းကို လေ့လာနိုင်ပါသည်။

နျူမာန် (မိုးတား)

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။