ကျွန်ုပ်၏ မေးဖြေများ(၂)

ကျွန်တော့်အတွေးနဲ့ ဖြေထားတာတွေရှိပါတယ်။

မေးခွန်း(၃)။ ကျိန်းကျေတယ်ဆိုတာရှိသလား?
အဖြေ (၃)။ ။ကျွန်တော် တစ်ခါကကြုံဖူးတာလေးပြောပြလိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က လမကုန်ခင် တစ်ပတ်လောက်အလို အချိန်အတောအတွင်းလေးပေါ့ဗျာ။

ကျွန်တော့်ထက် အသက်ကြီးရာထူးကြီးတဲ့ ဌာနတူအစ်ကိုတစ်ယောက်က လာမေးတာပါ။ မေးတာကတော့ အပျော်ပါပဲ။ ကျွန်တော်ကြည့်နေတာကလည်း တစ်ပတ်စာ ဖဲဗေဒင်လေ။ ဖဲချပ်လေးတွေဆိုတော့လည်း ဘယ်လေးစားပါ့မလဲနော်။ ကျွန်တော်ကတော့ အေးဆေးပါ။ သူ့ယုံကြည်မှုနဲ့ အမျှခံစားရမယ်ပေါ့ဗျာ။


ကြည့်လိုက်တော့ ၁၀ နှစ်ချပ်ပေါ်မှာ ၅ အုပ်တာလေ။ ကျွန်တော့်ကိုသင်ပေးတဲ့ သူရဲ့ နည်းအရ။ ၁၀ က ငွေကြေးအများကြီးကို ဆိုလိုပြီး ၅ ကတော့ သတင်းစကားပါ။ ငွေအများကြီးရမယ်ဆိုတဲ့ သတင်းကြားမယ်ဟောလိုက်ပါတယ်။


သူကတော့ရယ်တာပေါ့ဗျာ။ ရှေ့တပတ်အတွင်းလခထုတ်မှာကိုးဗျ။ ငွေမရဘဲနေမလားလို့ လှောင်ရယ်ရယ်တာပေါ့ဗျာ။ ကျွန်တော်ကတော့ ဒီလို ပုံမှန်ဝင်ငွေမဟုတ်ပါဘူး။ ရုတ်တရက်ရတာမျိုးပါ။ သတိလေးပေးလိုက်ပါတယ်။ ကျိန်းကျေမှာစိုးတယ်။ တခြားကံစမ်းတာတွေ မလုပ်ဘဲ အောင်ဘာလေထီထိုးဖို့ပါ သတိပေးလိုက်ပါတယ်။ သူကတော့ အေးအေးဆေးဆေးပါပဲ။


ထီထွက်တဲ့နေ့ပေါ့ဗျာ။

မနက်အစောကြီးတည်းက အဲဒီအစ်ကို သိန်း ၂၀ ထီပေါက်တယ်လို့ သတင်းတွေကြားရပါတယ်။ ကျွန်တော်လည်း ပျော်သွားပါတယ်။ သူနဲ့တွေ့တော့ သိပ်ပျော်ဟန်မတူဘူးဗျ။ ကျွန်တော်လည်း ၀မ်းသာအားရ မေးပါတယ်။ သူက ထီမထိုးဘူးဖြေပါတယ်။


သိပ်မကြာပါဘူးခင်ဗျာ။

သူ့နှစ်လုံးထီပေါက်လို့ ဆိုပြီး လူတစ်ယောက်က လာလျော်ပါတယ်။ သူ့မျက်နှာကဲကိုတော့ ကျွန်တော် မဖတ်တတ်ပါဘူး။

နောက်တော့လည်း ထီပေါက်တယ်ဆိုတဲ့ သတင်းက ဘယ်က ထွက်လာမှန်းမသိတော့ပါဘူး။ နာမည်ကြီးသွားတာတော့အမှန်ပါပဲ။ တကယ်တော့ ထီမပေါက်ရှာဘူးလေ။

သေချာတာတစ်ခုတော့ ပြောနိုင်ပါတယ်။ ကံစမ်းမယ်ဆိုရင် အချီကြီးတွေ ကြံသင့်တယ်လို့ ထင်ပါတယ်။


လွန်ခဲ့တဲ့ နှစ်က

ကျွန်တော်အသက် ၅၀ ကျော်လူတစ်ယောက်နဲ့ အမှတ်တရဖြစ်မိစေတာမျိုးကြုံဖူးပါတယ်။ အမှတ်တရဖြစ်စေတာကတော့ သူ့နားရွက်ပါ။ သူ့နားရွက်ရဲ့ အောက်စွန်းဟာ ညီညာလွန်းပြီး ၀ိုင်းစက်နေပါတယ်။ နားကပ်လေးပန်ထားသလိုဝိုင်းနေပါတယ်။ ကြည့်လိုက်ရတာနဲ့ ရှေးဇာတ်တော်ပန်းချီတွေထဲက နားတောင်းပန်ထားတဲ့ လူကြီးတစ်ယောက်လို ထင်သွားပါတယ်။ တော်တော်ကျက်သရေ ရှိပါတယ်။ ကျွန်တော် မချီးမွမ်းပဲ မနေနိုင်လို့ ထုတ်ချီးမွမ်းမိပါတယ်။


ဦးက တော်တော်ကံကောင်းမယ့်ပုံပဲဗျ လို့။

သူကပြန်ပြောပါတယ်။ ဒီကညီက ဘာကြည့်ပြီးပြောတာလဲတဲ့။ မြင်ဖူးသမျှ နားရွက်ထဲမှာ တော်တော်တင့်တယ်ပါတယ်လို့ ပြောခဲ့ပါတယ်။

သူထီပေါက်တာ အကြိမ် ၂၆၀ ကျော်ကြောင်းပြောပါတယ်။ သိန်းရာကျော်တွေကနေ သိန်း ၂၀ ထိပါတယ်လို့ သိရပါတယ်။ လစဉ်ထီကစားတယ်လို့လည်းပြောပါတယ်။ သူက တွက်နည်းတွေပြောပြပါသေးတယ်။ အုပ်လိုက်ကစားတာ ဆိုတာပဲ မှတ်မိပါတယ်။ နည်းလိုချင်ရင် စုံစမ်းတောင် ပေးလိုက်ချင်ပါသေးတယ်။ ပြင်ဦးလွင် GE တပ်က ဆရာကြီးတစ်ယောက်ပါခင်ဗျ။


သူ့ကျတော့ရော အခွင့်အရေးတိုင်းကို လက်လွှတ်မခံဘူးလို့ ယူဆရင် အပေါ်က ထီမထိုးတဲ့ ပုဂ္ဂိုလ်ကိုကျတော့ အခွင့်အရေးကို မမျှော်ကိုးဘူးလို့ ဝေဖန်ရမလိုလိုပါပဲ။ သေချာတာကတော့ သူအခွင့်အရေးကို လက်လွတ်တယ်လို့မပြောရဲပါဘူး။ ဒါကို ဘယ်သူကမှ သက်သေပြမရဘူးလေ။ အတိတ်ဆိုတာ ပြန်လှည့်လျှောက်လို့ မရတဲ့ ခရီး။ ခရီးလွန်နေပြီလေဗျာ။


အနာဂတ်လာမယ့် အဖြစ်အပျက်ဟာ အခွင့်အရေးတစ်ခုလို့ ပြောရလောက်အောင် ကျွန်တော်က သေချာ မခံယူရဲပါဘူး။ ဒါ့ကြောင့် ကျိန်းကျေသလားဆိုတဲ့ မေးခွန်းဟာ ဝေခွဲရခက်တဲ့ အနာဂတ်အကျိုးကို ရင်ဆိုင်ခြင်းပါ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။