ဟောကိန်းတစ်ခုထုတ်နိုင်ဖို့ဆိုတာ (၁)


ဇာတာတစ်ဆောင်မှရသော အောက်ပါ ဂြိုဟ်တည်ရာများကို မူတည်တွက်ချက် ဥပမာပြုပါမည်။ ထိုဂြိုဟ်ရပ်တည်ရာများကို မွေးနေ့၊ မွေးချိန်နာရီမိနစ်၊ မွေးဖွာရာဒေသ သိယုံမျှဖြင့် ပရိုဂရမ်သုံး၍ တွက်ချက်နိုင်ပါသည်။ ဤပို့စ်တွင် ဖေါ်ပြခဲ့ပါသည်။

ဂြိုဟ်အချင်းချင်း အားကြီးသော ဆက်နွယ်မှုများကို MOTAA စနစ်အရ အောက်ပါအတိုင်း သိနိုင်ပါသည်။ အောက်ပါ ဇယားမှ ဂြိုဟ်မြင်များသည် MOTAA စနစ်အရ ယူဆထားခြင်းဖြစ်ပါသည်။ ဂြိုဟ်မြင်ခြင်းကို ဤပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။ ၁ တန့် ဒီဂရီများသည် မူလ ဇာတာမှ ရာသီအင်သာလိတ္တာဝိလိတ္တာများကို ၃၆၀' တွင် အခြေခံသော စက်ဝိုင်းအသွင် ဖွဲ့ထားသော ဒီဂရီများဖြစ်သည်။

စက်ဝိုင်းစနစ်ဖြင့်သရုပ်ပြခြင်း

အထက်ပါ ဇယားအရ ကောင်းကင်တွင် တည်နေပုံကို ရာသီစက်အရ၊ ဘာဝစက်အရ၊ ဂြိုဟ်မြင်အရ ခွဲခြမ်းတင်ပြပေးပါမည်။

 ရာသီစက်


အထက်ပါ ပုံတွင်
  • (၁) ကောင်းကင်ပြင်ကို 0' မှ 360' တိုင် ခွဲဝေလိုက်ပုံကို ကြည့်ပါ။ 0' အမှတ်သည် သင်္ကြန်ကျချိန် နေမင်းရပ်ရာ ကောင်းကင်နက္ခတ်တို့၏ အစ (တနည်းအားဖြင့် အဆုံးရေ၀တီနက္ခတ်နှင့် အာသာဝဏီနက္ခတ်တို့၏ အစ) ဖြစ်ပါသည်။ ၄င်း 0' မှ 30' အတွင်းကို မိဿရာသီပိုင်သောနယ်မြေ၊ 30' မှ 60' ကြားကို ပြိဿ စသည်ဖြင့်ရေပါသည်။
  • (၂) ဂြိုဟ်များကို နေရာချပါသည်။ ၂ လာသည် ၈ ရာသီ ၁၅ အင်သာတွင် တည်သည်ဆိုသည်မှာ ဓနုရာသီ ၁၅ ဒီဂရီဟု ဆိုလိုပါသည်။ ဓနုရာသီ အစသည် ရာသီစက်အစ 0' မှ 240' ဝေးသောကြောင့် ၂ လာ၏ တည်ရာကို 0' မှတိုင်းလျှင် 240'+15'=255' ဖြစ်ပါသည်။ ထိုကဲ့သို့ အခြားဂြိုဟ်များကို နေရာချပါသည်။ ထိုသို့နေရာချပြီး ရရှိလာသမျှကို ကမ္ဘာမှ ကြည့်လျှင် မည်သည့်ရာသီတွင် မည်သည့်ဂြိုဟ် ရပ်သည်ဖေါ်ပြသဖြင့် ၄င်းကို ရာသီစက်ဟုခေါ်ပါသည်။
  • (၃) လဂ် တည်ရာ တည့်တည့် လောင်ဂျီကျုကို ၁တန့်ဘာဝအလယ်မှတ်ဟုခေါ်ပါသည်။ ထိုအလယ်မှတ်မှ ရှေ့နောက် ၁၅ အင်သာ(ဒီဂရီ) အကွာအဝေးအကျယ်ကို ၁ တန့်ဘာဝဟုခေါ်ပါသည်။ ထိုကဲ့သို့ ပင် 30' စီတိုးသွားရာမှာ ဖြစ်လာသော ၁၂ ကွက်ကိုမူ လဂ်မှရေတွက်သော အတန့်ဘာဝများဖြစ်၍ ဘာဝစက်ဟုခေါ်ပါသည်။ လဂ်သည် ရာသီတစ်ခု၏အလည် ၁၅ ဒီဂရီတွင် ရှိမှသာ ရာသီစက်နှင့်ဘာဝစက်တူညီပြီး ၁၅ ဒီဂရီအတိအကျတွင် မရှိက ရာသီစက်နှင့် ဘာဝစက် နယ်နိမိတ်တို့သည် အံချော်နေမည်ဖြစ်သည်။ ( အထက်ပါပုံတွင် အဖြူရောင် နယ်နိမိတ်များနှင့် အနက်ရောင် နယ်နိမိတ်တို့ အံချော်နေသည်ကို သတိပြုပါ။) အောက်ပါပုံကို ဆက်ကြည့်ပါ။

ဘာဝစက်


အထက်ပါပုံတွင် ရာသီအတိုင်းအတာ အဖြူရောင် နယ်နိမိတ်များကို ဖျောက်ထားလိုက်ပါသည်။ ၁၂ ကွက်သော အတိုင်းအတာတို့သည် လဂ် မှသာလျှင် ဖြစ်ပေါ်လာသည် တနည်းအားဖြင့် ၄င်းကို အတန့်ဘာဝများသာဖေါ်ပြသောကြောင့် ဘာဝစက်ဟု ခေါ်ပါသည်။ လဂ်သည် ၁ တန့်ဘာဝ၏ အလယ်မှတ်ဖြစ်ပါသည်။
ဥပမာအားဖြင့် ၃ တန့်ဘာဝဆိုသည်မှာ လဂ်မှရေတွက်သော 60' အကွာအဝေး ( ၃ တန့်အလယ်မှ) ရေတွက်သော ရှေ့နောက် ၁၅ ဒီဂရီအကွာ နေရာအကျယ်တစ်ခုသာဖြစ်ပါသည်။

ဂြိုဟ်မြင်များ ဆက်နွှယ်မှုများ

အောက်ပါပုံတွင် ဂြိုဟ်မြင်များကို ဖေါ်ပြထားပါသည်။


ဂြိုဟ်နာမည်များကို ဖျောက်လိုက်ကာ ၄င်းအသီးသီးမှ သက်ရောက်သော ဆက်သွယ်မှုများကို ဖေါ်ပြပေးထားပါသည်။

ဆက်နွယ်မှုများကို အကြမ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်း အုပ်စုခွဲနိုင်ပါသည်။

မိမိကိုယ်ပိုင် လည်ပတ်နှုန်းဖြင့် လှည့်လည်နေကြသော ဂြိုဟ်တို့ကို ကမ္ဘာမှကြည့်လျှင်
  • တစ်ခါတစ်ရံ လောင်ဂျီကျုတစ်ခုအတွင်း ပူးယှဉ်ကြသည်၊(၄င်းကို ဂြိုဟ်အတိအကျ ပူးသည်ဟု ခေါ်ဆိုပါသည်။ ၄င်းကို နေနှင့်လ ကမ္ဘာ့မျက်နှာပြင်တစ်ဖက်တည်းမှ ပူးကာ လကွယ်သော အခြေအနေဖြင့် သိနိုင်ပါသည်။ ၄င်းကို ဤပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။)
  • တစ်ခါတစ်ရံ လတ္တီကျုချင်းပါ ထပ်တူကျကြသည်။(ထိုအခါမျိုးတွင် ဂြိုဟ်စစ်ထိုးခြင်းဟူသော အားပြိုင်မှုဖြစ်ပေါ်ပါသည်။ နေနှင့်လတို့ ထိုသို့ပူးပါက နေကြတ်ခြင်း ဖြစ်ပေါ်ပါသည်။)
  • တစ်ခါတစ်ရံ ကောင်ကင်ကြယ်စုတစ်စုအတွင်း ပူးယှဉ်ကြသည်။(၄င်းကို နက္ခတ်တစ်ခုအတွင်း ပူးယှဉ်ခြင်းဟု ခေါ်ဆိုပါသည်။)
  • တစ်ခါတစ်ရံ ကြယ်စုနှစ်စုနှင့် တစ်စိတ်ပေါင်းထားသော ၃၀ ဒီဂရီလောင်ဂျီကျုအတွင်းပူးယှဉ်ကြသည်။(၄င်းကို ရာသီတစ်ခုအတွင်းတွင် ပူးယှဉ်ခြင်းဟု ခေါ်ဆိုပါသည်။)
  • တစ်ခါတစ်ရံတွင်မူ အချင်းချင်း ၁၈၀ ဒီဂရီဖြင့် ကမ္ဘာကို ညှပ်လျှက်တည်ကြသည်။(၄င်းကို နေနှင့်လ ကမ္ဘာကိုညှပ်ကာ လပြည့်သော အခြေအနေဖြင့် သိရှိနိုင်ပါသည်။)
  • တစ်ခါတစ်ရံ ၀' ၁၂၀' ၂၄၀' စသည်ဖြင့် သုံးနားညီ တြိဂံပုံဖြင့် ကမ္ဘာကို ပတ်လျှက်တည်ကြပါသည်။(၄င်းကို အားအကြီးဆုံး ဆက်နွယ်မှုတစ်ခုအဖြစ် နက္ခတ်ဗေဒင်တွင် ယူဆပါသည်။)
  • တစ်ခါတစ်ရံတွင် ၀' ၉၀' ၁၈၀' ၂၇၀' စသည်ဖြင့် စတုရန်းပုံဖြင့် ကမ္ဘာကို ပတ်လျှက်တည်ကြပါသည်။(၄င်းကို ဒုတိယတန်းစား ဆက်နွယ်မှုတစ်ခုအဖြစ် နက္ခတ်ဗေဒင်တွင် ယူဆပါသည်။)
  • တစ်ခါတစ်ရံတွင် ၁၅၀' ၂၁၀' ၃၃၀' စသည်ဖြင့် ကြားနေပုံစံများဖြင့်ဆက်သွယ်လည်ပတ်ကြသည်။(၄င်းကို ဖျက်စီးမှုအမျိုးအစား ဆက်နွယ်မှုအဖြစ် နက္ခတ်ဗေဒင်တွင် ယူဆပါသည်။)

ဥပမာအားဖြင့် အင်္ဂါသည် ၄င်းမှ 90' 180' 210' များကို ဆက်သွယ်လွှမ်းမိုးပါသည်။ 90' သည် ထောင့်မှန်ပုံ ဖြစ်၍ အတန့်ဆန်ဆန်ရေတွက်က ၄ တန့် အကွာအဝေးဖြစ်သည်။ ဂြိုဟ်မှ ရေတွက်သည်ကို အတန့်ဟု ခေါ်ပါသည်။ လဂ်မှရေတွက်သော အတန့်တို့ကိုမူ အတန့်ဘာဝဟုခေါ်ပါသည်။
ဥပမာ အထက်ပါဇာတာတွင် လဂ်ဘာဝကို စနေဂြိုဟ်က 60' အမြင်၊ ၅တန့်ဘာဝကို 180' အမြင်၊ ၈တန့်ဘာဝကို 270' အမြင်ဖြင့် မြင်ထားပါသည်။

ဇယားစနစ်ဖြင့်ဖေါ်ပြခြင်း

အထက်ပါဂြိုဟ်မြင်များကို ဇယားစနစ်ဖြင့် ဖေါ်ပြပါက အောက်ပါအတိုင်း ရရှိပါသည်။


အထက်ပါဇယားအရ လဂ်တည်ရာ 252.98 ဒီဂရီမှ 30' ဆီ ပေါင်း သွားသော ဘာဝအလည်မှတ် ၁၂ ခုကို အတန်းလိုက်ဖေါ်ပြထားသည်။ လဂ်တည်ရာ 252.98' ၁နွေတည်ရာ 258.19' ၂ လာတည်ရာ 255.70' စသည်ဖြင့် ဂြိုဟ်တည်ရာ အမှတ်တို့ကို ထောင်လိုက်ဖေါ်ပြထားပါသည်။

အလယ်မှ တွက်ချက်ထားသည်မှာ ၁ နွေသည် ၇တန့်မြင်ပုံ၊ ၃င်္ဂါသည် ၄တန့် ၇ တန့် ၈ တန့် စသည်ဖြင့် ဆက်သွယ်ပုံတို့ကို ဖေါ်ပြထားပါသည်။ အထက်ပါဇယားသည် ဂြိုဟ်မြင်သဘာဝကို အသုံးချယုံမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးကျရန် ထပ်ဆင့်ပြုပြင်ရန်လိုပါသည်။

MOTAA သင်ခန်းစာများမှ ဇယားကို ထပ်ဆင့်ပြင်ဆင် အဟောထုတ်ခြင်း

အောက်ပါ ဇယားကို ဂြိုဟ်တည်ရာထည့်သွင်းယုံမျှဖြင့် ဂြိုဟ်ရပ်ရာဘာဝ၊ မည်သည့်အတန့်၏ သခင်ဖြစ်သနည်း၊ မည်သည့်အတန့်၏ အိမ်ရှင်ဖြစ်သနည်း၊ ဂြိုဟ်တစ်လုံးနှင့်တစ်လုံး အင်အားမည်မျှ ပူးယှဉ်မြင်သနည်း၊ ဂြိုဟ်အချင်းချင်းတို့ မိတ်ရန်မည်သို့ပြုသနည်း ဟူသော အဖြေတို့ ပေါင်းစပ်ဖြည်ရှင်းနိုင်အောင် excel ဖြင့် ရေးသွင်းထားခြင်းဖြစ်ပါသည်။


အစိမ်းရောင် အကွက်များသည် မိတ်ပြုခြင်းကို ဆိုလို၍ အနီရောင်သည် ရန်ပြုချင်းကို ဆိုလိုပါသည်။
ဥပမာ ၂င်္လာမှ ၄ဟူးသို့ 74.05% ဖြင့်မိတ်ပြုသော်လည်း၊ ၄ဟူးမှ ၂င်္လာသို့ 74.05% ဖြင့် ရန်ပြုနေပါသည်။
တဖန် ၀နေမှ ၁နွေသို့ 89.04% အားဖြင့် ရန်ပြုကာ၊ ၁နွေမှ ၀နေသို့ 0.00% ဖြင့်ရန်ပြုပါသည်။
ထိုသို့ မိတ်ရန်ပြုခြင်းသည် ပုံသေဖြစ်၍ အား % များမှာ ဇာတာဂြိုဟ်ရပ်အရ အားကွာသွားမည်ဖြစ်သည်။

ဇာတာအရ ဗုဒ္ဓဟူးသည် လဂ်ဘာဝ(၁တန့်ဘာဝ)တွင်ရပ်ကာ ၁၀တန့်ဘာဝ သခင်ဖြစ်သည်။ ၇တန့်ဘာဝ၏ အိမ်ရှင်လည်းဖြစ်သည်။ ၄င်းသို့ခွဲခြားခြင်းကိုမူ ခွဲခြားပုံကိုနားလည်လျှင် excel တွင် ဖေါ်မြူလာသုံးကာ ဖြေရှင်း ထည့်သွင်းစေခိုင်းနိုင်ပါသည်။

မှတ်ချက်။  ။ ၈ဟုနှင့် ၉ကိတ် မိတ်ရန်ပြုပုံကို ကျွန်တော်ထည့်သွင်းထားခြင်းဖြစ်ကာ၊ အားတွက်ပုံကိုမူ ကျွန်တော့်ဘလော့တွင်း ဖေါ်ပြထားသော MOTAA သင်တန်း စာစောင်များအတိုင်း တွက်ချက်ထားပါသည်။

အထက်ပါဇယားအတွင်းမှ အားအကြီးဆုံး ဆက်သွယ်ချက်တစ်ခုကို ကောက်ယူစစ်ထုတ်ပြပါမည်။


အထက်ပါ အနီရောင် 89.04% အားပြုသော ဆက်သွယ်ချက်သည် စနေမှ တနင်္ဂနွေသို့ ရန်သဘောဖြင့် ဆက်သွယ်သော ဆက်သွယ်ချက်ဖြစ်သည်။ စနေသည် ၁၁ တန့်တွင်ရပ်ကာ၊ ၃ တန့်၏ သခင်၊ ၂ တန့်၏ အိမ်ရှင်ဖြစ်သည်။ တနင်္ဂနွေသည် ၁ တန့်တွင်ရပ်ကာ၊ ၉ တန့်၏ သခင်ဖြစ်သည်။

ဂြိုဟ်အချင်းချင်း ဆက်သွယ်သော ယုဂ်များ
၁နွေ နှင့် ၀နေ ပေါင်းသော သူရိယာသောရီယုဂ်

 ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ဦးဆောင်မှု၊ အရည်အချင်းဆိုင်ရာ တနင်္ဂနွေသည် ဇွဲအပင်ပမ်းခံမှု၊ ကိုယ်ကျင့်တရား၊ စောင့်စည်းနိုင်မှုဆိုင်ရာ စနေတို့ ဆက်သွယ်သောအခါ ထိုဇာတာရှင်၏ ရည်ရွယ်ချက် ရည်မှန်းချက်ဖေါ်ဆောင်ရာတွင် လမ်းရိုးလိုက်ကာ ရေရှည်အတွက် ရည်ရွယ်သော အနေအထားကိုပြဆိုသည်။ ရှေးကျမ်းများအရ အလုပ်ကြမ်းလုပ်ရသူဖြစ်မည်ဟု ဖေါ်ပြပါရှိသည်။ ထိုအဆိုကို လက်မခံနိုင်သေးပါ။ ဆက်လက်စစ်ထုတ်ရန်လိုပါသည်။

ရုန်းထွက်ဦးဆောင်၊ စွန့်ထွက်သည့်သဘာဝသည် သည်းခံစောင့်စည်းသော သဘာဝကို ဆန့်ကျင်သည်။ ထို့အတူ သည်းခံစောင့်စည်းမှုသည်လည်း ရည်ရွယ်ချက် ရည်မှန်းချက်ကို ဇွတ်တရွတ်ဖေါ်ဆောင် လိုမှုကိုလည်း ဆန့်ကျင်သည်။ ထို့ကြောင့်လည်း တနင်္ဂနွေနှင့် စနေတို့သည် ပြန်လှန်ရန်ပြုကြသည်။

အထက်ပါအကြောင်းများအရ အလုပ်ကြမ်းလုပ်ရမည့်သူဟု ဟောရန်မှာ စောလွန်းသေးသည်ထင်မိပါသည်။ ပင်ပင်ပမ်းပမ်း ခြေခြေမြစ်မြစ် လုပ်တတ်မည့် စရိုက်ကိုသာ အဟောထုတ်နိုင်ပါမည်။ ယုဂ်အားဖြင့် 89.04% အားရှိပါသည်။

ဂြိုဟ်ရပ်တည်ရာမှ ဖြစ်လာသော ယုဂ်များ
၃ တန့်နှင့် ၁၁ တန့် ဆက်သွယ်သော ကုသလယုဂ်
စနေသည် ၃ တန့်သခင်ဖြစ်ကာ ၁၁ တန့်တွင်ရပ်သည်။

ပတ်ဝန်းကျင် သဟဇဘာဝ သဘာဝ ၃ တန့်သည် လာဘဘာဝ လာဘ်လာဘ ၁၁ တန့် တို့ဆက်နွယ်ကာ လာဘ်လာဘကို ပတ်ဝန်းကျင်ကိုဖြန့်တတ်သော လှူဒါန်းတတ်သည် ကုသလ ကုသိုလ်သဘာဝကို ပေးစွမ်းပါသည်။ လှူဒါန်းသည်ဟု ကျမ်းမှ ဖွင့်ဆိုသည်မှာ ၃ တန့်မှ ရေလျှင် ၁၁ တန့်သည် ၉ တန့်ကျ၍ အမြော်အမြင်ကျက်သရေရှိသော သဘာဝ၊ ၁၁ တန့်မှ ရေလျှင် ၃ တန့်သည် ၅ တန့်သဘာဝ ပေးဆပ်ဖြည့်စီးခြင်းကိုလည်း ညွှန်းဆိုသောကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့်ပင်လျှင် ကုသိုလ်ပြုတတ်သော ကုသလယုဂ်ဟု ကျမ်းများက ဖွင့်ဆိုခြင်းဖြစ်မည်ဟု ယူဆပါသည်။

ကုသိုလ်ပြုသည် ဆိုရာဝယ် ဖေါ်ဆောင်သော ဂြိုဟ်မှာ စနေဖြစ်ကာ ဖြစ်၍ လှူကား လှူပါ၏၊ သို့သော် အလှူရှင်သည် စနေသဘာဝအရ ခက်ခဲစွာ ကြိုးပမ်းလှူဒါန်းရမည့်သဘောဖြစ်သည်။ ပိုလျှံ၍ လှူဒါန်းခြင်းမျိုးမဟုတ်ဘဲ ကြိုးစားလှူဒါန်းရမည့်သဘောဖြစ်သည်။ လှူဒါန်းသော ပစ္စည်းသည်ပင် အ၀တ်အစား အလှအပတို့ မဖြစ်နိုင်ပဲ အငြိမ်သဘောဆောင်သည့် ပညာအလှူ တရားအလှူတို့ဖြစ်နိုင်ပါသည်။

ဇယားအရ စနေသို့ သက်ရောက်သော အားတို့မရှိ၍ ထိုယုဂ်သည်ခိုင်မြဲပါသည်။ အကယ်၍ တစ်စုံတစ်ခုက ရန်အမြင်မြင်လာပါက မြင်လာရ သဘာဝအရက် နှောင့်ယှက်မှုပြုနိုင်သလို၊ အားပေးမှုလည်းဖြစ်နိုင်သေးသည်။

တည်နေပုံအရမူ စနေတစ်လုံးတည်းနှင့် ဖေါ်ဆောင်သော ယုဂ်ဖြစ်၍ စနေ၏အားသည် မုချလိုအပ်မည်ဖြစ်ပါသည်။





ဂရပ်ဖ်အရ စနေသည် ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိသော အားအသင့်တင့် ဂြိုဟ်ဖြစ်သည်။ ယုဂ်အားဖြင့် ဖေါ်ဆောင်နိုင်ပါသည်။

ထိုမျှမကသေး ယုဂ်ဖေါ်ဆောင်မည့် ၁၁ တန့်နှင့် ၃ တန့်တို့၏ အားကိုလည်း စစ်ရန်လိုပါသည်။
H3 နှင့် H11 တို့တွင် အနှောင့်အယှက်မရှိ အားကောင်းကြပါသည်။ ယုဂ်အောင်ရန် ဖေါ်ဆောင်နိုင်ပါမည်။

မှတ်ချက်။   ။ ၉ တန့်သခင် ၁ တန့်ရပ်သောကြောင့် ဖြစ်တည်လာသော ရုပ်ဆင်းအင်္ဂါ၊ ကြံအင်လက္ခဏာနှင့် ပြည့်စုံစေသော ရူပယုဂ်ကိုမူ ချန်လှပ်ခဲ့ပါမည်။

စနေသည် တနင်္ဂနွေကိုမြင်ခြင်းသည် ၃ တန့်သခင်သည် ၉ တန့်သခင်ကို မြင်ခြင်းလည်း ဖြစ်ပါသည်။ ၄င်းကို ယုဂ်တစ်ခုအားဖြင့် မှတ်သားဖူးခြင်းမရှိပါ။ သို့သော် သဘာဝအားဖြင့်မူ ဆက်စပ်ယူ၍ ရနိုင်ပါသည်။

၃ တန့်သခင်သည် သဟဇဘာဝ မိမိပတ်ဝန်းကျင် ညီကိုမောင်နှမကို ညွှန်းဆိုကာ ၉ တန့်သခင်သည် သုဘသဘာဝ တင့်တယ်ခြင်းကို ဆိုလိုပါသည်။ ၄င်း နှစ်ခုကြားအားကြီးသော 89.04% အမြင်ရှိသည်။ ၃ တန့်မှရေလျှင် ၉ တန့်သည် ၇ တန့်ကျခြင်း၊ ၉ တန့်မှရေလျှင် ၃ တန့်သည် ၇ တန့်ကျခြင်းကြောင့် အပြန်အလှန်အကျိုးပြုသော ဆက်သွယ်ချက်ရှိကာ အကောင်းဖက်သို့ညွန်သော ဆက်နွယ်မှုဖြစ်သည်။ ညီကိုမောင်နှမသည် တင့်တယ်ကျက်သရေရှိခြင်းကို ညွှန်းပြဆိုသောကြောင့် မောင်နှမသားချင်းနှင့် ပတ်သော ပျော်ရွှင်မှုကို ပြဆိုသည်။ ရန်ခံသော အမြင်ကြောင့် တစ်စုံတစ်ခုရင်းနှီးပြီးမှ အကျိုးအမြတ်ရခြင်း၊ ဒဲ့တိုးမပေးသော အကျိုးအမြတ်ကိုပြဆိုခြင်း ဟူသည့်သဘောတို့သက်ရောက်သည်။

ဇာတာအရ H9 နှင့် H3 တို့လည်း အားကောင်းကြသည်။ အနှောင့်အယှက်မရှိကြ။

နိဂုံးချုပ်အနေဖြင့် ဇာတာရှင်သည် ညီကိုမောင်နှမ၊ ပတ်ဝန်းကျင်ကြောင့် ပျော်ရမည်။ ၄င်းသည် အနစ်နာခံသော ယုဂ်တစ်ခုကိုလည်း ဖေါ်ဆောင်သည့်အားလျော်စွာ၊ မိမိက ထောက်ပံ့ရခြင်း၊ လှူဒါန်းခြင်း၊ အပင်ပမ်းခံခြင်းကို ပြဆိုသည်။ ထောက်ပံခြင်းကဏ္ဍတွင် ဂြိုဟ်ဆိုးတဲ့ မသက်ရောက်၍ ဖြူစင်သော ကျောင်းစရိတ်၊ အသုံးအစွဲတို့အတွက်ဖြစ်မည်။ အမှုအခင်းအတွက် ပေးလျော်ခြင်းများ မဖြစ်နိုင်ပေ။ ထိုသို့ ထောက်ပံ့ရသည်မှာပင် ဇာတာရှင်အတွက် ကျက်သရေ မင်္ဂလာဖြစ်သည်။ သို့တစေ ဇာတာရှင်၏ H1 သည် ဂြိုဟ်ဆိုးလွှမ်းမိုးမှုရှိနေ၍ အခြား(မစစ်ဆေးရသေး)သော ကဏ္ဍများကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။

အထက်ပါအဟောသည်ပင် တစ်သက်တာလုံးမရည်ရွယ်ဘဲ အချိန်ကာလတစ်ခုကိုသာ ညွှန်းဆိုသောကြောင့် ထိုကာလကို သိနိုင်ရန် တွက်ချက်မှုများ လိုအပ်ပါသေးသည်။ ဆက်လက်တင်ပြပေးပါမည်။

ထိုမျှဆိုလျှင် အဟောတစ်ခုထုတ်ရန် မည်မျှ ခက်ခဲမည်ကို မှန်းဆနိုင်ကြမည်ထင်ပါသည်။

နက္ခတ်ဗေဒင်ပညာသည် လူသားများအတွက် အထောက်အပံ့ဖြစ်ပါစေကြောင်း
ကိုပခန်း
24.11.2010

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။