ကိုယ်ကတော့ ချစ်တာတစ်ခုတည်းသိတယ် ဆိုပဲဗျ

ကိုယ်ကတော့ ချစ်တာတစ်ခုတည်းသိတယ်ဆိုတဲ့ စကားလေးကို သီချင်းဆိုရင်းဖြစ်တော့ ပြောမိဆိုမိကြမှာပါ။ သီချင်းထဲမှာပါလို့ ဆိုလိုက်တာမဟုတ်ဘဲ ရင်ထဲကနေ နှစ်နှစ်ကာကာ ဟစ်ကြွေးခဲ့ကြသူ မောင်နှံနှစ်ဖေါ်ကိုတော့ ကျွန်တော်မျိုးမောင်ပခန်း ကြုံဆုံခဲ့ရပါတယ်ခင်ဗျာ။
သူကတော့ ကျွန်တော့်ရဲ့ အစ်ကိုတော်ဆိုလည်းမမှား ဆရာသမားဆိုလည်း ငြင်းမရတဲ့ ခင်မင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါခင်ဗျ။
နည်းနည်းလောက် ကြည့်စမ်းဦးဆိုတာနဲ့ အစ်ကို့ဇာတာကို အရင်ကြည့်ဖြစ်ရင်း အစ်ကို့ဇနီးဇာတာကိုပါ ထပ်တိုးကြည့်မိရာကနေ လိုက်လည်းလိုက်တဲ့ စုံတွဲပါပဲဗျာလို့ သုံးသပ်မိရင်း ဘလော့ပေါ်တင်ခွင့်ပါဇွတ်တောင်းခဲ့ပါတယ်ခင်ဗျာ။

အောက်ကပုံမှာ ၀ဲဖက်မှ အစ်ကိုတော်ဇာတာနဲ့ ယာဘက်က မရီးတော်ဇာတာတို့ကို ယှဉ်တွဲပြထားပါတယ်ခင်ဗျာ။

ကျားဇာတာမှာ
၂ လာနှင့် ၆ ကြာတို့ဟာ အပြန်အလှန်မြင်သဖြင့် စန္ဒသုက္ကယုဂ်ကို ရရှိပါတယ်။
စန္ဒသုက္ကယုဂ်ဆိုတာက အချစ်မေတ္တာရေးနှင့် သက်ဆိုင်တဲ့ တနင်္လာဂြိုလ်ပေါ်ကို အခြားဂြိုလ်များ လွှမ်းမိုးရာက စပါတယ်။ ယောက်ျားလေးတစ်ယောက်အတွက် ရင်ထဲက အချစ်ကို ဖေါ်ပြဖို့ ဖွင့်ဟဖေါ်ထုတ်ရဲဖို့ စကားသွက်လက်ခြင်း ပရိယာယ်ဆင်ခြင်းစတဲ့ အနက်တွေ ပေးတဲ့ ၆ကြာ ဂြိုလ်ရဲ့ လွှမ်းမိုးခြင်းလိုအပ်ပါတယ်။
ဒါ့ကြောင့် ယောက်ျားလေးဇာတာမှာ ၂ လာနှင့် ၆ကြာတို့ တစ်မျိုးမျိုးသော သမ္ဗန္ဓနည်းဖြင့် ဆက်သွယ်ပါက မြိုသိပ်မထားဘဲ ပွင့်လင်းခြင်း မာယာပရိယာယ်ကြွယ်ခြင်းစတဲ့ သဘောတရားတွေ ဖြစ်စေတတ်တယ်လို့ နက္ခတ်ကျမ်းများမှာ ဆိုထားပါတယ်။
မဇာတာမှာ
၃င်္ဂါအိမ်မှာ ၂လာရပ်ပြီး၊ ၂လာအိမ်မှာ ၃င်္ဂါရပ်တာကြောင့် စန္ဒမင်္ဂလယုဂ်ရရှိပါတယ်။
စန္ဒမင်္ဂလယုဂ်ဟာ စန္ဒသုက္ကယုဂ်နဲ့ ၂လာပေါ်မှာ အခြေခံတာချင်းတူညီပါတယ်။ မိန်းကလေးတစ်ယောက်အတွက် မာယာပရိယာယ်တွေက မွေးထဲကပါတယ်လို့ ကျမ်းတွေထဲမှာ ဆိုပါတယ်။(ကျွန်တော်ဆိုတာမဟုတ်ပါ။) မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေဘာတွေ ပွင့်လင်းဖို့ ဖေါ်ထုတ်ရဲတဲ့ သတ္တိသဘာဝ ၃င်္ဂါလိုပါတယ်။ ဒါ့ကြောင့် ၂လာနဲ့ ၃င်္ဂါ ဆက်စပ်ကြတဲ့ မိန်းကလေးဇာတာမှတော့ စန္ဒမင်္ဂလယုဂ်မည်တဲ့ ချစ်တာတစ်ခုတည်းသိသော ယုဂ်အခြေအနေ တစ်ခုပေါ်ပေါက်တယ်လို့ နက္ခတ်ကျမ်းများမှာ ဆိုထားပါတယ်။

ဒီ ၂ယုဂ်လုံးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျတတ်တယ်လို့ ဆိုထားတာကို မှတ်သားဖူးပါတယ်။
ကျားဇာတာမှာ ၇ တန့်မှာ ၉ကိတ်ဂြိုလ်ရပ်ပါတယ်။ တစ်နည်းအားဖြင့် ၈ ဟုဂြိုလ်မြင်ပါတယ်။
မဇာတာမှာ ၇ တန့်မှာ ၂ လာဂြိုလ်ရပ်ပါတယ်။

ဇာတာရှင် ၂ဦးလုံးရဲ့ ငယ်ရွယ်စဉ်တွေမှား ဒသာစားကြသော "ကျား" အတွက် ၈ဟုဒသာ "မ" အတွက် ၂လာဒသာ များ မှာ မိဘတွေသဘောမတူပဲ ခိုးပြေးကြခဲ့ပါတယ်တဲ့ ခင်ဗျာ။ ပုံထဲမှာတော့ အ၀ါရောင်နဲ့ ကာလကို ပြထားပါတယ်ခင်ဗျာ။ ခိုးပြေးစဉ်မျာ အသက် ၁၈ နှစ်ဝန်းကျင်စီလောက်သာ ရှိကြပါသေးသတဲ့ခင်ဗျာ။

နှစ်ဦးလုံးရဲ့ တူညီတဲ့ ယုဂ်တစ်ခုကို ဖေါ်ပြရမယ်ဆိုရင်
ကျား ဇာတာရဲ့ ၉ တန့်မှာ ၁နွေနှင့် ၄ပူးပါတယ်။ ဗုဒ္ဓတိကျယုဂ်ဖြစ်ပါတယ်။ ၄ဟူးဟာ မေထုန်ရာသီ မိမိအိမ်မှာတည်တာကြောင့် သန့်စင်သောယုဂ်ထဲမှာ ပါဝင်နေပါတယ်။ ၄င်းတို့ ဒသာမှာ ထင်ရှားစွာ အောင်မြင်ကျော်ကြားမည်လို့ မျှော်လင့်ရပါတယ်ခင်ဗျာ။

မ ဇာတာရဲ့ လဂ်မှာတော့ ၁နွေနဲ့ ၄ဟူးပူးပါတယ်။ ဗုဒ္ဓတိကျယုဂ်ဖြစ်ပါတယ်။ ၁ နွေသည် နိစ်ဖြစ်တဲ့ အပြင် ၄ဟူးသည် လဂ်မှကြည့်ပါက ၁၂ တန့် နှင့် ၉ တန့်အိမ်ရှင်ဖြစ်တာကြောင့် ၄င်းတို့ဒသာမှာ လွဲမှားပြီး အဆီအငေါ်မတဲ့တဲ့ အကျိုးတွေ ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါခင်ဗျာ။

၎င်းယုဂ်နှစ်ခုကို ကျားမှ မဆီသို့ မျှော်မှန်းကြည့်ပါက ကျားဇာတာမှာ မေထုန်ရာသီ မဇာတာတွင် တူရာသီဖြစ်တာကြောင့် ကျားမှ မ ဆီလို့ လှမ်းကြည့်ပါက ၅တန့်ဖြစ်ပြီး၊ မ မှ ကျားဆီသို့ လှမ်းကြည့်ပါက ၉ တန့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျားသည် မကို သားသမီးသဖွယ် ယုယကြင်နာတတ်ပြီး၊ မ သည်ကျားကို အုပ်ထိမ်းသူသဖွယ် လေးမြတ်မည်တို့ကိုပါ စစ်ဆေးတွေ့ရှိရပါသည်။

တစ်ဖန် ကျားဇာတာအတွက် ၇ တန့်အိမ်ရှင် ၃င်္ဂါသည် သိဟ်တွင်ရပ်ပြီး၊ မ ဇာတာအတွက် ၇ တန့်အိမ်ရှင် ၃င်္ဂါသည် ကရကဋ်ရာသီတွင်ရပ်တည်တာကြောင့် နှစ်ဦးလုံး၏ အိမ်ထောင်ရေးစွန့်စားမှုတွင် ညီမျှမှုမရှိတာကိုတွေ့ရပါတယ်။ ကျား အတွက် စွန့်စားခြင်းသည် ၁၁ တန့်ရပ်သဘောအရ အကောင်းဘက်ဖြစ်သော်လည်း၊ မ အတွက်မူ နိစ်မူသော ၃င်္ဂါသဘောအရ ရူးရူးမိုက်မိုက်ဖြစ်သွားကာ အခွင့်အရေး များ ဆုံးရှုံးနိုင်ပါတယ်ခင်ဗျာ။

ဆုံးရှုံးမှုကို စီစစ်ပြန်ပါက မ ဇာတာတွင် ၁ နွေနိစ်နှင့် ၁၂ တန့်ရပ် သောကြာတို့က ပြဆိုပါတယ်။ ၁၂ တန့်ရပ်သောကြာဟာ ယောက်ျားလေးများအတွက် ရေချိုးပျင်းတာ ဖြစ်သလိုနေတာလောက်နှင့်သာပြဆိုပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ (အလှအပမြတ်နိုးတဲ့သဘာဝကိုထည့်တွက်ပြီး) မပူစာတတ်တဲ့ အိမ်ထောင်ရှင်မကောင်းလို့ ဟောပြောမိပါတယ်။ ဒီအသက်အရွယ်တိုင် နားကတ်လေးတစ်ရံသာ စကားထဲထည့်ပြောတာကြားခဲ့ပါကြောင်း အစ်ကိုကြီးမှ သူ့ဇနီး သိတတ်ပုံကို ချီးမွမ်းဝန်ခံပြောဆိုပါတယ်ခင်ဗျာ။

မ ဇာတာရဲ့ ၁ နွေ နိစ်အရ ဖခင်မကောင်းဘူးပြောဖို့ရာကလည်း မဖြစ်နိုင်ပါ။ မ ဇာတာ ၉ တန့်တွင် ၅တေးတည်ပြီး ဇာတာရှင် ငယ်စဉ်မှာ ၆ကြာဒသာစားတာကြောင့် (တနည်းအားဖြင့် ၆ကြာပိုင်နက္ခတ်တွင်မွေးဖွားတာကြောင့်) ငယ်စဉ်ဘ၀အကျိုးပေးကောင်းမွန်ခဲ့တာကို ပြဆိုပါတယ်။ ဇာတာရှင် အစ်မကသာလျှင် အချစ်ကို ဦးစားပေးပြီး ရာထူးဂုဏ်သိန်ကြီးသော ဖခင်ကို ဆန့်ကျင်ပြီး ချစ်သူခေါ်ရာလိုက်ခဲ့ပါကြောင်း လေ့လာသိခဲ့ပါတယ်ခင်ဗျာ။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓတိကျယုဂ်အရ အခိုက်အတန့်တစ်ခုပေးဆပ်အပြီးမှတော့ မြူတိမ်ကင်းလို့ လမင်းသာချိန်ကို ရောက်လာရပေဦးမပေါ့ဗျာ။

ကျွန်တော့်ခများလည်း အတိတ်တွေ စဉ်းစားရတာ ခေါင်းကိုက်တာနဲ့ အစ်ကိုကြီးရဲ့ လတ်တလော အရေးတွေကို ဒသာဇယားအရ ဝေဖန်ခဲ့ပုံကို နမူနာ အဖြစ်တင်ပြလိုက်ပါရစေခင်ဗျာ။

အစ်ကိုကြီးဇာတာက ရာသီစက် ဘာဝစက်နဲ့ ၀ိသောတ္တရီဒသာ ဇယားတွေဖြစ်ပါတယ်ခင်ဗျာ။

ထူလဒသာ (7.9.2004 မှ 7.9.2020) မှာ ၅ တေးဖြစ်တာကြောင့် အကြမ်းအားဖြင့် မိတ်ဆွေ၊ ဆရာသမား၊ ပညာနှင့်ယှဉ်ရသောကာလဖြစ်ပါမယ်။ ဒသာရှင် ၅ တေးဟာ မူလဇာတာရဲ့ ၃ တန့်နဲ့ ၆ တန့်အိမ်ရှင်တွေ ဖြစ်တာကြောင့် အတိုက်အခံတွေပေါ်ပေါက်မယ်။ ၈ တန့်မှာ သွားရပ်တာကြောင့် စွန့်လွှတ်တဲ့စိတ်နဲ့ ပတ်ဝန်းကျင်က မဖြစ်မြောက်နိုင်ဘူးထင်တာတွေ ကို ဖြစ်အောင် အကောင်အထည်ဖေါ်မယ့်ကာလဖြစ်မယ်လို့ ယေဘုယျခန့်မှန်းရပါတယ်ခင်ဗျာ။

အန္တရဒသာ (7.5.2009 မှ 13.8.2011) မှာ ၄ဟူးစားတာကြောင့် အကြမ်းအားဖြင့် ဟောပြောစည်းရုံးရတာတွေ အောင်မြင်မှုတွေရရှိချိန်လို့ပြောလို့ရပါမယ်။ သို့သော် ဘာဝစက်မှာ ၄ဟူးနဲ့အတူ ဂြိုလ်တွေ ပူးတာကြောင့် အကြောင်းရာပေါင်းစုံကို ရူးမတတ်သော်လည်း စဉ်းစားချင့်ချိန်နေရချိန်ဖြစ်ပါမယ်။ ဇာတာမှာ ၁နွေနဲ့ ၄ဟူးဟာ အလွန်အံသားနီးတာကြောင့် ၄ဟူးဟာ အတ္တမိချိန်လည်းဖြစ်ပါတယ်။ ခေါင်းရှုပ်စရာများထဲကြားမှ ကိုယ်တစ်ယောက်တည်း တိမ်းတိမ်းပွေပွေ အဖေါ်ရှာမရ တစ်ကုပ်ကုပ်နဲ့ ချောက်ကပ်ကပ်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ခင်ဗျာ။ တစ်ခုလိုချင် တစ်ခုပေးရတယ်ဆိုသလို အောင်မြင်မှုကို တစ်ယောက်တည်းအားနဲ့ ကြုံးရုန်းတည်ဆောက်နေရချိန်ပေါ့ခင်ဗျာ။

ပြတ္တန္တရဒသာ(21.10.2009 မှ 7.3.2010) မှာ ၆ကြာဂြိုလ်စားတာကြောင့် ယေဘုယျအားဖြင့် မျက်နှာပန်းပွင့်စရာ ချစ်မှုရေးရာတွေနဲ့ ကြုံဆုံရဖွယ်ရှိပါတယ်။ မူလဇာတာအရ ၆ ကြာသည် ၀နေနဲ့ ပူးတာကြောင့် အတော်ကလေးပူပန်စရာ စကားကြွေး ငွေကြေးအကြွေး အချစ်ကြွေးဘာညာလည်း တင်နေဖို့ရှိပါတည်။ ၆ကြာသည် မယားသဘာဝကိုလည်းဖေါ်တာကြောင့် ဇနီးနဲ့ပတ်သတ်လို့ ပူပန်ရတာတွေ ရှိနေပါမယ်။ အစ်ကိုကြီးရဲ့ ဇနီးသည့်ဇာတာက ၁၁ တန့်ရပ် ၀နေကြောင့် ဇနီးနဲ့ပတ်သတ်တဲ့ ငွေကုန်ဖွယ်ရာ ပေးချေစရာများလည်း ပေါ်ပေါက်နေတယ်လို့ ဟောပြောရင်းက သိရပါတယ်ခင်ဗျာ။

7.3.2010 ကျော်ပါက တနင်္ဂနွေပြတ္တန္တရကြောင့် မျက်စိဝေတာတွေဖြစ်မယ်လို့ ဟောမိရာက အခုတောင် ရီဝေေ၀ဖြစ်နေပါကြောင်းသိရပြန်ပါတယ်။ အဆိုပါကာလမှာ ဗုဒ္ဓတိကျယုဂ်အရ ကောင်းသောရလဒ်များတိုးတက်လာပါမည့်အကြောင်းနှင့် ဒသာစားကာလများအလိုက် တစ်နှစ်စာခန့် ကိုပခန်းတို့ ထင်ရာမြင်ရာ အဟောတွေထုတ်ဖြစ်ခဲ့ပါတယ်ခင်ဗျာ။

အဲဒီနောက်မှာတော့ ညနက်သွားတာအကြောင်းပြုပြီး နားလိုက်ပါတယ်ခင်ဗျာ။ ဟုတ်တာမဟုတ်တာအပထား ကျွန်တော့်မှာတော့ မူးဝေနောက်ကျိသွားပါတယ်။

မှားယွင်းဟောဆိုမိပါက အကျွန့်တာဝန်သာရှိပါတယ်။ ဖေါ်ပြခွင့်ပေးသော အစ်ကို့အား ကျေးဇူးတင်မိကြောင်းဖေါ်ပြရင်း ညနက်တာအကြောင်းပြုပြီး နားလိုက်ပါပြီခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။