လက်ဆောင်ရတဲ့ဒသာစနစ် အပိုင်း(၁)

ယခင်ပို့စ်တစ်ခုမှ လက်ဆောင်ရတဲ့ ဇာတာဖွဲ့ပရိုဂရမ်လေးအကြောင်းတင်ပြခဲ့ပါတယ်။ အခုတဖန်လည်း လက်ဆောင်ရတာလေး တင်ပြလိုပါသေးတယ်။ ဒီတစ်ခါတော့ ပရိုဂရမ်မဟုတ်ဘူးခင်ဗျ။ လက်တွေ့ဟောပြောနေသူ ဆရာတစ်ယောက်ရဲ့ လက်သုံးနည်းလေးပါခင်ဗျာ။ ကျွန်တော်သိသလောက်ကတော့ လက်တွေ့ဟောပြောနေသူတွေမှာ ထုတ်မပြောဖြစ်ကြတဲ့ နည်းနာနိသယျလေးတွေ ရှိနေတတ်ကြပါတယ်။ ထုတ်မပြောဖြစ်ကြတာဟာ သုတေသနသဘောမျိုး စမ်းသပ်ဆဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ဆရာကြီးများဟာ ကျမ်းတွေကို တိုက်ရိုက်ဘာသာပြန်ပေမယ့် ကိုယ်တိုင်သုံးနည်းတွေကိုတော့ သက်သက်မပြုစု မတင်ပြဖြစ်ကြဘူးထင်တာကြောင့် ထိုဆရာက သွားရောက်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရတာတွေကိုလည်း ကျွန်တော့်ကို သင်ပြသွားတာတွေလည်းရှိပါတယ်။ အစ်ကိုပြောတဲ့ ပရိယာယ်ယူဆပုံတွေကလည်း ဆရာတစ်ယောက်မှာ တစ်ခုကောင်းအမြဲရှိတယ် ပြောရမလားပဲဗျာ စာအုပ်တွေ အများကြီးဖတ်တာထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။

အဖွင့်တွေ အညွှန်းတွေများသွားပြီဗျာ။ ဒီစာကို လှမ်းပို့စဉ်မှာ ဆရာဟာ တိုင်းတပါးမှာ ရောက်နေချိန်ဖြစ်ပါတယ်။ စကားနဲ့ရှင်းရင်း ကျွန်တော်နားမရှင်းတာကြောင့် စာနဲ့ရေးပို့ဖို့ ပန်ကြားရာကနေ အောက်ပါ စာနှစ်မျက်နှာရခဲ့ပါတယ်။














ပထမပိုင်းအနေနဲ့ ဆရာရေးတဲ့အတိုင်း တိုက်ရိုက်စာပြန်စီလိုက်ပါတယ်။ ဒုတိယပိုင်းအနေနဲ့ တွက်နည်းကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြန်ရှင်းပေးလိုက်ပါတယ်။ (ပိုမိုရှင်းလင်းသွားစေချင်တဲ့ စေတနာနဲ့ပါခင်ဗျ။)

ညီလေး…အမောင်(ပခန်း)
Date 26.7.09

အာယုစန်းနက္ခတ်တွက်နည်းက ဒသာလိုဘဲ စန်းကို အခြေခံတွက်ထားတာပါ။ ပုံသေဆန်တယ်ထင်ရပေမယ့် အကျိုးပေးတွေက ထင်ရှားတယ်။ ဒသာလိုဘဲ မှန်ပါတယ်။ စာအုပ်တွေမှာ ရေးသားထားတာ သိပ်မတွေ့လို့ အကို့အယူအဆလေးကို မျှဝေလိုက်ပါတယ်။ မွေးချိန်တစ်နာရီလောက်ကွာခဲ့ရင်တောင် အကျိုးပေးကာလ ၅၄ရက်လောက်ဘဲခြားနားတယ်။ အကို့ဆရာတစ်ယောက်က စားန၀င်းတစ်မျိုးတည်းသုံးတယ်။ အကိုကတော့ သုံးမျိုးလုံးကြည့်တာကြိုက်တယ်။ န၀င်းစီးသဘောပါ ထည့်ကြည့်ရင် ကျေနပ်ဖို့ကောင်းတယ်။

အာယုစန်းနက္ခတ်က ဘာဝတစ်ခုကို (၉)နှစ်အကျိုးပေးတယ်။ စားန၀င်းက (၁)နှစ်၊ ဖွားန၀င်းက (၄၀)ရက်အကျိုးပေးတယ်။ (၉)နှစ်အတွင်းကို အာယုစန်းနက္ခတ်က ထင်ရှားတဲ့ အကျိုးပေးတစ်ခုရုပ်လုံးပေါ်စေတယ်။ အဲဒီအာယုစန်းနက္ခတ်ကနေ စားန၀င်းဘာဝကို ရေတွက်လို့ရတဲ့ အတန့်သဘောအတိုင်း စားန၀င်းတည်နေတဲ့ ဘ၀ကို (၁)နှစ်အတိုင်းအတာကာလအတွင်း အကျိုးပေးမယ်။ အာယုစန်းနက္ခတ်ကနေ ဖွားန၀င်းကိုလှမ်းပြီး ရေတွက်လို့ရတဲ့ အတန့်သဘောအရ ဖွားန၀င်းတည်ရာဘာဝကို ထင်ရှားစေတယ်။ အဲဒါက ရက်(၄၀)ကာလပါ။ တိကျလှပါတယ်။ စားန၀င်းကနေ ဖွားန၀င်းကို ဆက်သွယ်မှုကတော့ မထင်ရှားလှပါဘူး။ ဒီအကျိုးပေးလေးရယ် ကောဇာဂြိုလ်တို့ရဲ့ အစီးအနင်းတွေ တိုက်ဆိုင်တဲ့ အချိန်များဆို တော်တော်အားရဖို့ကောင်းပါတယ်။ ဒီအခွင့်အရေးတွေကို အစ်ကိုရဖူးပါတယ်။ အစ်ကိုကတော့ ဒသာကို ယူဆသလိုမျိုးဘဲ အသုံးချတာကြိုက်တယ်။

တွက်နည်းကတော့ ညီလေးဆီမှာ ရှိမှာပါ။ ဒါပေမဲ့ သတိမရမှာစိုးလို့ ရေးပေးလိုက်ပါတယ်။ မူလဇာတာမှ အာယုစန်းနက္ခတ်ရယ် ကောဇာမှ ပဉ္စန်းနက္ခတ်ရယ်ပေါင်းပြီး ဇာတာပေါ်တင်တာပါ။ ပဉ္စန်းနက္ခတ်က နှစ်ဆန်းတစ်ရက်နေ့မှစတဲ့ သုဒ္ခဒိန်ရက်ကို အခြေခံထားတာပါ။ ၁၂၉၆ ခုနှစ်က စပြီး ၀ ပါဒ်လို့ စရေတွက်ပါတယ်။ တစ်နှစ်ကို တစ်ပါဒ်နှုန်းတိုးတိုးပြီးတွက်လာတာပါ။ ပဉ္စန်းနက္ခတ်အတွက် အကိုယေဘုယျတွက်ထားတဲ့ ဇယားလေးလည်း ထည့်ပေးလိုက်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ကို ဧပြီ (၁၇)ရက်နေ့ တည်ပြီးတွက်တာပါ။
၁၂ရာသီ ၂၇လုံး(နက္ခတ်)
၁ရာသီ ၂လုံး ၁ပါဒ် (၉ နှစ်)
၁လုံး ၄ပါဒ် (၄ နှစ်)
၁ပါဒ် ၁၅ဃဋီ (၃၆၀ ရက်)
၁ဃဋီ (၂၄ ရက်)

ဥပမာ ဇော်လွင်ဦး (၁၃.၆.၆၇)
နံနက် ၁၀:၃၇ နာရီ ပဲခူးမွေး စန်း - ၁၁၈’ ၃၄”
အာယုစန်းနက္ခတ်(မူလ) ၈ လုံး ၃ ပါဒ် ၈ ဃဋီ ၁၄ ရက်
ပဉ္စန်းနက္ခတ်(၂၆.၇.၀၉) ၁၈ လုံး ၃ ပါဒ် ၄ ဃဋီ ၅ ရက်
အာယုစန်းနက္ခတ် ၂၇ လုံး ၂ ပါဒ် ၁၂ ဃဋီ ၁၉ ရက် (ကောဇာ)

၂၇ (၀) လုံးကို ၂ ပါဒ်ကျော်သွားလို့ နက္ခတ်(၁)လုံးထဲကို ၀င်လာပြီး ၉ တန့်ဘာဝမှာ အာယုစန်းနက္ခတ်ကြံပါတယ်။ ၉ တန့်ထဲကို ရောက်လာတာ ၂ နှစ် ၁၀ လ ၁၇ ရက်ရှိသွားပါပြီ။ စားန၀င်းကို တွက်ဖို့ နက္ခတ်လုံးရေကို ၃ နဲ့စားရပါတယ်။ ပြီးနောက် ပါဒ်ရေအတိုင်း ရှေ့တစ်ခွင်မှ စချရပါတယ်။ (၀) လုံး ဆိုတော့ ၃ နဲ့စားရင် ၀ ကြွင်းတယ်။ ၁ ခုကြွင်းရင် ကရကဋ်၊ ၂ ခုကြွင်းရင် ဗြိစ္ဆာ၊ ၃(၀) ကြွင်းရင် မိန်မှ စချရပါတယ်။ အခု ၀ ကြွင်းတော့ မိန်မှ စရေပါတယ်။ ၂ ပါဒ် ၁၂ ဃဋီဆိုတော့ ၃ ပါဒ်ထဲကို ၀င်နေပါပြီ။ ထို့ကြောင့် ၁၁ တန့်ဘာဝမှာ စားန၀င်းရှိနေပါတယ်။

ဖွားန၀င်းကိုတော့ စားန၀င်းရှိရာမှ န၀င်းအိမ်ရေတွက်တဲ့ အတိုင်းချရပါတယ်။ ၁၂ ဃဋီ ၁၉ ရက်ကို ရက်ဖွဲ့တော့ ၃၀၇ ရက် ရပါတယ်။ ၄၀ ရက်စီပိုင်းလိုက်ရင် ၈ ခွင်ကို ရောက်နေပါမယ်။ န၀င်းအတိုင်းဝေပုံချရင် သုခုမ ဒသာလိုပဲရတာပါဘဲ။

အကို့ဆရာသင်ပေးတာက စားန၀င်းချနည်းတစ်ခုကိုဘဲ သင်ပေးလိုက်တာပါ။ အဲဒါကို ဗေဒင်မေးသူတွေနဲ့ တွေ့ရင် အဓိကအချက်ကို စဟောလို့ရအောင်ပါ။ ဥပမာ- အိမ်ထောင်ရေး ပြဿနာကြောင့် အခုဗေဒင်မေးလာတာဖြစ်ပါတယ်။ ဒီလိုမျိုးပြောတတ်အောင်သင်ပေးတာပါ။ အကိုက ဒသာကို အားကျတာဆိုတော့ နည်းနည်းထပ်ချဲ့ပြီး အာယုစန်းနက္ခတ်၊ စားန၀င်း၊ ဖွားန၀င်းတွေကို ဒသာပုံစံအတိုင်းတွက်ကြည့်ပြီး ဒသာလိုပဲတွေးကြည့်တာပါ။ ရှေးဆရာကြီးများ ဘယ်လိုယူဆတယ်ဆိုတာ အကိုမဖတ်မိသေးပါ။ အဲဒါကြောင့် လိုအပ်တာလေးများရှိယင် ဖြည့်စဉ်းစားပေးပါ။

ညီလေး စိတ်တိုင်းကျ အသုံးပြုနိုင်ပါပြီ။

ဆရာအောင်မြတ်(ဇော်လွင်ဦး)
အာကာသနက္ခတ္တဗေဒ
ရွှေမော်ဓေါရင်ပြင်တော်(စနေထောင့်)
ပဲခူးမြို့။

မှတ်ချက်။ ။ဒီနည်းကို ကျွန်တော် အောက်ပါအတိုင်းအနှစ်ချုပ်ကြည့်လိုက်ပါတယ်။နောက်ပိုစ့်မှာဖေါ်ပြပေးပါ့မယ်ခင်ဗျ။

2 comments:

Thet said...

ဒီဆရာရဲ့ ဇာတာကလဲ စိတ်ဝင်စားစရာပဲနော်။ ကသစ်တွေ ၊ဥုဒ်တွေ ရထားပြီး ကြာသပတေးနဲ့အတူ အခြားသော ဂြိုလ်တွေ လာပူးနေကြတာ။ ရာဟုနဲ့ကိတ်တည်နေပုံတွေရော၊ ဒါပေမဲ့  အဲဒီပးနေတဲ့ ဂြိုလ်သုံးလုံးက ၁၂တန့်မှာ ရောက်နေကြတယ်။ ကိုပခန်း ဘယ်လိုသဘောရသလဲ။

ကိုပခန်း said...

၁၂ တန့်မှာ ဂြိုလ်ကောင်းတွေတည်တာက ဂြိုလ်တွေရဲ့ ကာရက အနည်းငယ်ညံ့စေပါတယ်။ ၁၂ တန့်သဘောဖြစ်တဲ့ သဘာဝနယ်လွန်တို့ ရပ်ဝေးမြေခြားတို့ တမလွန် သိပ္ပံပညာတို့ သံသရာ့ထွက်ရပ်လမ်း တို့မှာကျတော့ ကောင်းသွားပါတယ်။ ဒီဇာတာမှာတော့ ၁၂ ကဂြိုလ်တွေဟာ အင်အားကြီးတာကြောင့် ကောင်းကျိုးကိုပဲ ဆောင်မယ်လို့ထင်ပါတယ်ခင်ဗျ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။