ဂြိုဟ်ပရိယာယ်၊ ရပ်ရာရာသီ၊ တည်ရာဘာဝ၊ အိမ်ရှင်/သခင်ဖြစ်ရာ

နက္ခတ်ဗေဒင်ကျမ်းများတွင် ရာသီတစ်ခုတွင် ရပ်တည်သော ဂြိုဟ်တို့အသီးသီးတို့၏ အကျိုးအပြစ်၊ အတန့်ဘာဝတစ်ခုတွင် ရပ်တည်သော ဂြိုဟ်တို့၏ အကျိုးအပြစ် စသည်ဖြင့် အကွဲကွဲအပြားပြား ဖေါ်ပြပါရှိသည်။ ရာသီရပ်တည်မှုနှင့်အတန့်တည်မှု ယှဉ်တွဲပြမှုမှာမူ မလွယ်ကူလှပေ။ ထို့ထက် အိမ်ရှင်(ကသစ်)/(မူလတြိဂုဏ်း)သခင်သည် လဂ်မှမည်သည့်အတန့်နည်းဟူ၍ ထပ်မံဆက်စပ်ပြမှုမှာ ပို၍မလွယ်ကူပေ။ အဘယ်ကြောင့်နည်း။ ဤပိုစ့်ကို အခါအားလျော်စွာ ဖြည့်သွင်း ရေးသားလျှက်ရှိပါသည်။ ပြန်လည်စစ်ဆေး ဖတ်ရှုနိုင်ပါကြောင်း သတိပေးပါရစေခင်ဗျာ။ (ယခု တနင်္လာအတွက် ဖြည့်သွင်းရေးသားထားပါသည်။)

ဥပမာအားဖြင့် ၁ နွေဂြိုဟ်အတွက် ရာသီစက်ရပ်တည်မှုအရ အကျိုးအပြစ် ၁၂ မျိုးအဖြေရသည်။ ရာသီစက်တွင်ရပ်တည်မှု အခြေအနေတစ်ခုတွင်မှ ဘာဝစက်အရ လဂ်မှမည်သည့်အတန့်ကျသောကြောင့် မည်သည့်အကျိုးဟု ထပ်မဲစိတ်ဖြာလိုက်လျှင် အဖြေ ၁၂ မျိုးထပ်မံကွဲမည်ဖြစ်ရာ ရာသီစက်တွင်ဂြိုဟ်ရပ်နှင့် လဂ်မှတည်ရာအတန့်အကျိုးနှစ်ခု ပေါင်းစပ်အဖြေသည် ၁၄၄ ခုမျှ ကွဲပြားသွားပြန်သည်။

တစ်ဖန် ဘာဝစက်တွင် အတန့်တည်မှုကိုပင် တည်ရာဘာဝတွင်သာမက အိမ်ရှင်(ကသစ်)နှင့်(တြိဂုဏ်း)သခင်ဖြစ်နိုင်ရာ ဘာဝအတန့် ၁၂ ကိုပါ ထည့်သွင်းစဉ်းစားလိုက်ပါလျှင် ထပ်မံ၍ ၁၂ မျိုးထပ်မံကွဲမည်ဖြစ်သောကြောင့် ဂြိုဟ်တစ်လုံးအတွက် အဖြေများသည် ၁၄၆၄ မျိုးဖြစ်သွားသည်။ ဆင့်ကွဲဖြစ်နိုင်ခြေကို ပုံအဖြစ်ဖေါ်ပြသော် အောက်ပါအတိုင်းဖြစ်သည်။
ဇာတာသည် ဂြိုဟ်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသည်မဟုတ်။ အကယ်၍ အတန့်ပိုင်ဆိုင်မှုမရှိသော ရာဟုနှင့်ကိတ်ဂြိုဟ်တို့ကို ထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်ဖြစ်စေတော့ မိမိဝေဖန်လိုသော ဂြိုဟ်အသီးသီးအတွက် ဖြစ်နိုင်ဖွယ်အဖြေသည် ၁၀၂၄၈ ခုဖြစ်သွားသည်။ ၄င်း အဖြေတစ်သောင်းကျော်သည် မိမိအဖြေထုတ်လိုသော ဂြိုဟ်တစ်လုံးအတွက် ဖြစ်တန်စွမ်း အဖြေမျှသာဖြစ်သေးသည်။

ဇာတာတွင် ဂြိုဟ်တစ်လုံးတည်းပါရှိသည် မဟုတ်သည့်အပြင် တစ်ခါတစ်ရံ အခြားဂြိုဟ်တစ်လုံးနှင့် ဆက်စပ်ခြင်း၊ တစ်ခါတစ်ရံ အခြားဂြိုဟ်နှစ်လုံးနှင့် ဆက်စပ်ခြင်း တစ်ခါတစ်ရံတွင် တစ်ရာသီတည်းတွင်ပင် ဂြိုဟ် ၈ လုံးမျှ ပူးယှဉ်ဆက်သွယ်ခြင်းမျိုးဖြစ်နိုင်လေရာ ဂြိုဟ်အချင်းချင်းဆက်စပ်မှုသည် တနင်္ဂနွေအစ စနေအဆုံးဂြိုဟ် ၇ လုံးပင်ဖြစ်စေတော့
ဂြိုဟ်နှစ်လုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၄၉ မျိုး (မှတ်ချက် ၁ နွေမှ ၂ လာသို့ဆက်နွယ်မှုနှင့် ၂ လာမှ ၁ နွေသို့ဆက်နွယ်မှုတို့သည် တစ်ဦးမှမိတ်မြင်သော်လည်း တစ်ဦးမှ ပြန်လည် မိတ်အမြင်မမြင်တတ်ခြင်းစသည့် မတူညီမှုတို့ကြောင့် ကွဲပြားကြသည်သာဖြစ်သည်။)
ဂြိုဟ်သုံးလုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၃၄၃ မျိုး
ဂြိုဟ်လေးလုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၂၄၀၁ မျိုး
ဂြိုဟ်ငါးလုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၁၆၈၀၇ မျိုး
ဂြိုဟ်ခြောက်လုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၁၁၇၆၄၉ မျိုး
ဂြိုဟ်ခုနစ်လုံးဆက်နွယ်မှုသည် ဖြစ်တန်စွမ်းအဖြေ ၈၂၃၅၄၃ မျိုး ဟူ၍
စုစုပေါင်းဂြိုဟ်အချင်းချင်း ဆက်နွယ်မှု ၉၆၀၇၉၂ ခုမျှ ရှိသည်။

ထို ၉ သိန်းမျှသော ဆက်နွယ်မှုတို့တွင် ဂြိုဟ်တစ်လုံးချင်းစီ၏ ဖြစ်တန်စွမ်းအဖြေ ၁ သောင်းမျှ ဖြည့်သွင်းမစဉ်းစားခင် ဂြိုဟ်နှစ်လုံးဆက်နွယ်မှုကို စဉ်းစားကြည့်ပါက အဖြေသည် ၁၀၅,၀၂၁,၅၀၄ ဟူ၍ အဖြေ သန်း ၁၀၀ ခန့်မျှထုတ်ဖေါ်ရလိမ့်မည်။ အခြားသော သုံးလုံးဆက်နွယ်မှု လေးလုံးဆက်နွယ်မှုတို့အတွက်ကား တွေးဆနိုင်ဖွယ်မရှိပေ။ အပင်ပမ်းခံတွက်လိုပါက ဂြိုဟ်သုံးလုံးဆက်နွယ်မှုအတွက် အဖြေသည် ၁,၀၇၆,၂၆၀,၃၇၂,၉၉၂ ဖြစ်မည်။ ဂြိုလ်တစ်လုံးအတွက် ဖြစ်တန်စွမ်း ၁၀၂၄၈ များ အားရပါးရ စီတန်းမြှောက်သွားယုံသာရှိတော့သည်။


ထိုမျှ များပြားသော အဖြေကို ရှေးကျမ်းများတွင် မဖေါ်ပြနိုင်ခဲ့သလို ယခုခေတ်တွင်လည်း မဖေါ်ပြနိုင်ပါ။ အစီအစဉ်ချကာ ရေးသားနိုင်သော ပရိုဂရမ်မာရှိစေဦးတော့ အဖြေကိုများဖြေထုတ်ပေးရမည့် နက္ခတ်ဗေဒင်ဆရာသည် သူ့တစ်သက်တာကာလလုံး ဖြစ်နိုင်ဖွယ်အဖြေများကို ပြုစုရင်း အသက်ဆုံးသွားမည် အဖြေကား ကုန်မည်မထင်။


သို့သော်လည်း လူသားများတွင် အလွန်လျှင်မြန်သော ဥာဏ်အလျှင်ရှိရာ ရှေးဆရာများ အပြည့်အစုံရေးမသွားလေခြင်းဟု စိုးရိမ်ဖွယ်မရှိပေ။ ရှေးကျမ်းများသည် နမူနာမျှသာ အရိပ်မျှသာ ဖေါ်ပြသွားသော်လည်း နောက်လူတို့ စဉ်းစားနိုင်ရန် အတွေးလမ်းစ ကြံဆပုံများ ချန်ထားရစ်ခဲ့ပါသည်။ လေ့လာသူ ၀ါသနာရှင်အနေဖြင့် ကျမ်းအဆိုတို့ကို အလွတ်ကျက်စရာမလိုပဲ ကြံဆသွားပုံတို့ကို ဆွယ်ယူ စွဲသုံးယုံမျှသာ လိုပါသည်။ မတွေးတောဘဲ အစီအစဉ်တကျ ရေးဆွဲထားသော အဖြေအပြည့်အစုံပါ နက္ခတ်ဗေဒင် ပရိုဂရမ်တစ်ခုကို မျှော်လင့်နေပါက မည်သည့်အခါမျှ ဆန္ဒပြည့်မည်မဟုတ်ပါ။ 


ဆရာနျူမာန်၏ အကြံပေးချက်အရ နက္ခတ်ဗေဒင်လေ့လာစ ၀ါသနာရှင်များအတွက် တွေးခေါ်ယူဆပုံ တစ်ချို့ကို ဆက်လက်ဖေါ်ပြလိုက်ပါသည်။ နမူနာပြုဇာတာမှာ http://www.motaa.info/2011/01/blog-post_19.html တွင်ဖေါ်ပြထားသော ပထမဇာတာကို မှီငြမ်းပါသည်။ တနည်းအားဖြင့် MOTAA ပထမဆင့် စာမေးပွဲဖြေဆိုစဉ်က ကျွန်တော့်အဖြေလွှာမှ အဖြေကိုပင် ပြန်လည်အသေးစိပ်တင်ပြခြင်းပင် ဖြစ်ပါသည်။

အဆိုပါ စာမေးပွဲမေးခွန်းတွင် အောက်ပါအတိုင်း ဇာတာတွင်းမှ ရာသီ ၁၂ ပါးတွင် ဂြိုဟ်များ ရပ်တည်ပုံကို ဖေါ်ပြပါရှိသည်။ (ဘာဝစက်တွက်ထုတ်နိုင်ရင် ဂြိုဟ်အသီးသီး၏ တည်ရာ ရာသီ ဒီဂရီမိနစ်(အင်သာလိတ္တာ) လည်းဖေါ်ပြပါရှိသည်။) ဖြေကြားရမည့် အကြောင်းအရာမှာ ထိုဇာတာရှင်၏ စရိုက်သဘာဝကို ဖေါ်ထုတ်နိုင်သမျှ ဖြေဆိုရန်ဖြစ်သည်။
ရာသီအင်သာများအရ တွက်ထုတ်သော် အောက်ပါအတိုင်း ဘာဝစက်ကိုရရှိသည်။ (ဘာဝစက်သည် ဘာဝများကို ၃၀ ဒီဂရီစီ အညီအမျှပိုင်းခြားသော စနစ်အရ တည်ဆောက်ထားသည်။)

ရာသီစက်၏ အခြေခံသတ်မှတ်ချက်ဖြစ်သော ရာသီ ၁၂ မျိုး၏ အမည်နှင့် ရာသီတစ်ခုချင်း၏ အိမ်ပိုင်ကသစ်ကို တွဲယှဉ်ဖေါ်ပြရသော် အောက်ပါအတိုင်းရရှိသည်။ တြိဂေါဏဟူသော အမည်မှာ လဂ်မှ ၁၂၀ ဒီဂရီစီ သက်ရောက်ရာ ကောင်းကင်၏ တြိဂံပုံဆက်စပ်မှုဟူ၍လည်း ဖေါ်ပြတတ်သည်။ ယခုဖေါ်ပြမည့် တြိဂေါဏသည် အချို့ကျမ်း၌ တြိဂုဏ်းသခင်ဟု ဖေါ်ပြတတ်သော အိမ်ရှင်(ကသစ်)ဂြိုဟ်များမှ ထပ်ဆင့်ဝေဖန် အထူးပြုထားသော သခင်ဂြိုဟ်များအဖြစ်သာ ရည်ရွယ်ပါသည်။ ပါဌိပျက်စကားတစ်ခုမှ မွေးစားယူခြင်းဖြစ်သဖြင့် နာမည်ဆင်တူခြင်းလည်းဖြစ်နိုင်သည်။ မှတ်သားထားရန်မှာ တြိဂေါဏသခင်/တြိဂုဏ်းသခင် သည် ကသစ်(အိမ်ရှင်)ဂြိုဟ်များစာရင်းတွင် ပါဝင်သည်။ ပရိယာယ်သဘောအရ ရာသီနှစ်အိမ်ပိုင် ဂြိုဟ်များအတွက် ရာသီတစ်ခုအပေါ် အလေးထား စိုးမိုးသခင်ပြု ညွှန်းဆိုလိုရင်းအနက်သာဖြစ်သည်။ ဥပမာအားဖြင့် အင်္ဂါသည် မိဿရာသီ နှင့် ဗြိစ္ဆာရာသီတို့၏ (ကသစ်)အိမ်ရှင်ဂြိုဟ်ဖြစ်သည်။ အင်္ဂါသည် မိဿရာသီသဘာဝများနှင့် ပိုမိုကိုက်ညီသဖြင့် အင်္ဂါသည် မိဿရာသီ၏ သခင်အဖြစ်မှည့်ခေါ်ခြင်းဖြစ်သည်။ စနေ၏ သခင်ဖြစ်ရာ ရာသီသတ်မှတ်မှုတွင် မကာရနှင့်ကုမ် ကွဲလွဲမှုရှိသော်လည်း န၀င်းစိုးမိုးမှုအရ ကုမ်ရာသီကို စနေ၏ သခင်ဖြစ်ရာ ရာသီအဖြစ် သတ်မှတ်သည်။ ထိုသို့ပြောင်းယူသတ်မှတ်မှုကို MOTAA သင်တန်းတွင် အသေးစိပ်ပါရှိပါသည်။

ရာသီများကို ဇာတကဘရဏကျမ်း ဟောရသာရကျမ်းစသည်တို့တွင် အမျိုးမျိုးအစုအဖွဲ့ပြု ပိုင်းခြားမှုများရှိသော်လည်း ထိရောက်သော ဝေဖန်မှုအဖြစ် အောက်ပါ သဘောတရားနှစ်မျိုးဖြင့် MOTAA သင်တန်းမူအတိုင်း ပိုင်းခြားဝေဖန်ပါမည်။

အသေးစိပ်ကို MOTAA စာစဉ်များတွင် ဖတ်ရှုနိုင်ပါသည်။ ယခုအကျဉ်းမျှဖေါ်ပြပါလျှင် ဥတုရာသီ အပြောင်းအလဲဖြစ်ရာ အီကွေတာပေါ်သို့ နေလုံးကျရောက်ချိန် ကမ္ဘာ့တောင်ခြမ်းနှင့် မြောက်ခြမ်းကြား နေမင်း အကူးအပြောင်းကာလ ဧပြီ ၁၃/၁၄ နှင့် အောက်တိုဘာ ၁၃/၁၄ ၀န်းကျင် ကာလတို့နှင့်  မြောက်ယဉ်စွန်းတန်းနှင့် တောင်ယဉ်စွန်းတန်းတို့ အပေါ် နေလုံးရောက်ရှိရာ ဇူလိုင် ၁၃/၁၄ နှင့် ဇန်န၀ါရီ ၁၃/၁၄ ၀န်းကျင်ကာလ ၄ ခုကို အစတည်သော အပြောင်းအလဲသဘာဝ ရွေ့လျားပြောင်းလဲခြင်းသဘာဝ (စရ) ရာသီ လေးခု၊ ထို စရ ရာသီလေးခုနှင့် ကပ်လျှက် မပြောင်းမလဲ တည်ငြိမ်သော (ထိရ) သဘာဝ ရာသီလေးခု၊ တည်ငြိမ်ကာလမှ ရွေ့လျားခြင်းမပြောင်းမီကြား သဘာဝနှစ်ပါး ရောယှက်သော ဒွိဘာဝ ရာသီလေးခု စသည်ဖြင့် (ကမ္ဘာ ၂၃.၅ ဒီဂရီပြောင်းလဲမှုကြောင့် ဖြစ်ဖေါ်လာသော ကမ္ဘာ့ရာသီဥတုများအရ) ပိုင်းခြားပါသည်။ ထိုသို့ စတုရန်းပုံ လေးထောင့်ဆက်နွယ်မှုသည်ပင် နက္ခတ်ဗေဒင်၏ သွေးကြော ကိန်းရာသီခွင်များ (၁တန့်၊ ၄တန့်၊ ၇တန့် နှင့် ၁၀တန့်) ဆက်နွယ်မှုကို တည်ဆောက် တွေးခေါ်ခဲ့ဟန်ရှိပါသည်။

ဧပြီ ၁၃/၁၄ မှအစတည်သော ပူလောင်ကျွမ်းရာ မီးရာသီဓာတ်ရာသီမှ လောင်ကျွမ်းမှု၏ နောက်ကွယ် အကျိုးဆက်ဖြစ်သော ကုန်မြေသီးသန့် မြေဓာတ်ရာသီသဘာဝ၊ မြေပြင်လွင်တီးခေါင်မှ လေဖိအားကွာခြားမှုကြောင့် လေတိုက်ရာမှ လေဓာတ်ရာသီသဘာဝ၊ မုတ်သုန်လေတို့သယ်ဆောင်ရာမှ လွင့်ပါလာသော ရေမှုန်တို့ကြောင့် ပြောင်းလဲလာသော ရေဓာတ်ရာသီသဘာဝဟူ၍ ဓာတ်လေးပါးစက်ဝန်း ရာသီ ၁၂ ပါး ပိုင်းခြားပါသည်။ မီးဓာတ်ရာသီအချင်းချင်း ၁၂၀ ဒီဂရီစီခြားကာ စက်ဝန်းကို သုံးနားညီတြိဂံပုံဝန်းရံပတ်၏။ အခြားဓာတ်များလည်း ထိုသို့ပင် ၀န်းရံပါ၏။ ထိုသုံးထောင့်ညီ တြိဂံသည်ပင် နက္ခတ်ဗေဒင်၏ အသက်သွေးကြော တြိဂေါဏ(၁ တန့်၊ ၅ တန့်နှင့် ၉ တန့်) ဆက်နွယ်မှုကို တည်ဆောက်တွေးခေါ်ခဲ့ဟန်ရှိပါသည်။

ကိန်းဆက်နွယ်မှုထက် တြိဂေါဏက အားကြီးသည်ဟု မှတ်သားရပါသည်။ စရထိရဒွိဘာဝထက် ဓာတ်ကြီးလေးပါးသည် အခရာကျသည်ဟု ယူဆလိုဟန်ရှိပါသည်။ ကျွန်တော်၏ ဝေဖန်မှုတွင်လည်း ဓာတ် ၄ ပါးကိုသာ အဓိကထားဝေဖန်သွားပါမည်။

ဂြိုဟ်အားဖြင့် ၁ နွေအစ ၀ နေအဆုံး ဂြိုဟ် ၇ လုံးဖြင့် ဝေဖန်သွားပါမည်။

တနင်္ဂနွေဂြိုဟ်

အဖြေ = (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၃ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၉ တန့် ဘာဝတွင်ရပ်သည်။
ဇာတာရှင်၏ အောင်မြင်ကျော်ဇောမှု အဆင့်အတန်းကိုဖေါ်ပြသော တနင်္ဂနွေသည် (ရာသီအိမ်ရှင်မှ မိတ်ပြုရာ) မိန်ရာသီတွင် တည်သဖြင့် အောင်မြင်ကျော်ဇောမှု ရှိသူဖြစ်သည်။ တဖန် မိန်ရာသီသည် ရေရာသီဖြစ်သဖြင့် ထို ကျော်ဇောမှုသည် အနိုင့်အထက်ဖြင့် ရရှိမှုမျိုးမဟုတ်ဘဲ အေးချမ်းသောနည်းလမ်းဖြင့် မျှတစွာဖန်းတီးယူနိုင်မည်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖေါ်မှု၊ စွန့်စားမှုကို အသေးစိတ်လေ့လာမှုကို ကိုယ်စားပြုသော ၃ တန့်သခင်သည် ၉ တန့် အတွေးအခေါ်ပညာ တင့်တယ်မှုအတန့်တွင်ရပ်တည်သဖြင့်၊ စွန့်စားတီထွင်ခြင်းဖြင့် အောင်မြင်ကျော်ဇောသူအဖြစ် ရောက်ရှိနိုင်မှုကို ဖေါ်ပြသည်။

အထက်ပါအဖြေကို ပြန်လည်ဖြေရှင်းပေးပါဦးမည်။
စစ်ဆေးမည့် တနင်္ဂနွေသည် မိန်ရာသီတွင်တည်သည်။ (ရာသီစက်ကို ရှုပါ။) မိန်ရာသီ၏ ကသစ်အိမ်ရှင်သည် ကြာသာပတေးဖြစ်သည်။ မိန်ရာသီ၏အကြောင်းကို ဖေါ်ပြပါက ရှည်လျားလွန်းသွားပါမည်။ ကြာသာပတေးသည် (လူတစ်ဦး၏ စရိုက်အရ) လေ့လာမှု၊ စာရိတ္တ၊ ဂုဏ်သိက္ခာကို ညွှန်းဆိုသည်။ တနင်္ဂနွေမှာ (လူတစ်ဦး၏ စရိုက်အရ) ဖန်တီးနိုင်မှု ရှင်သန်မှု အစွမ်းအစထုတ်ဖေါ်မှုတို့ကို ညွှန်းဆိုသည်။ သူတို့နှစ်ဦးကြား တစ်ဦးကို တစ်ဦး အညမည ကူးလူးမှုရှိနေသည်။ အနှစ်သာရ တစ်မျိုးအနေဖြင့် ကြာသာပတေးသည် ဝေဖန်ပိုင်းခြားခြင်းအနက်ကို ဖွင့်ဆိုကာ တနင်္ဂနွေသည် စူးစိုက်အုပ်စိုးခြင်းကို ပြဆိုပါသည်။ ကြာသာပတေးသည် နှစ်ဖက်မျှ တွေးခေါ်ခြင်းကို ပြဆို၍ တနင်္ဂနွေသည် ခြုံယူတွေးဆခြင်းကို ညွှန်းဆိုပါသည်။ ထို့သို မခြုံယူမတွေးတောနိုင်သေးက အောက်ပါဇယားကို မှတ်သားထားနိုင်ပါသည်။

Sun မှ Jupiter သို့ အစိမ်းရောင်ဖြင့် မိတ်ပြုသည်။ တစ်ဖန် Jupiter မှ Sun သို့လည်း အစိမ်းရောင်ဖြင့် မိတ်ပြုပါသည်။ ဤတွင် လာရပ်ရာဂြိုဟ်က ရာသီပိုင်ကို ဆက်ဆံမှုထက်၊ ရာသီပိုင်မှ လာရပ်ရာကို ဆက်ဆံမှုက ပိုမိုအရေးကြီးပါသည်။ ဆိုလိုရင်းမှာ မိန်ရာသီအိမ်ရှင်က လာရပ်ရာ တနင်္ဂနွေကို ဆက်ဆံမှုက ပိုအရေးကြီးကြောင်းဆိုလိုပါသည်။

အထက်ပါရပ်တည်မှုအရ ဇာတာရှင်၏ စူးစိုက်မှုနှင့်ပညာကောင်းမွန်မှုကို အရည်အချင်းအားဖြင့် အဖြေရရှိပါသည်။ အရည်အချင်းဟူသည် အသုံချတတ်မှ အသုံးတည့်ပါမည်။ အရည်အချင်းရှိသော်လည်း တိမ်မြုပ်နေသူများလည်း ရှိနိုင်သည်။ အရည်အချင်းကို မကောင်းသော ပညာရပ်တွင် အသုံးချပါကလည်း ကျော်ဇောမှုမှာ မကောင်းသတင်းဖြင့် ဖြစ်ချေတော့မည်။

လူတစ်ယောက်ဘ၀ကို ကဏ္ဍကြီး ၁၂ မျိုးဖြင့် ပိုင်းခြားထားသော လူမှုဘ၀ စက်ဝန်းကြီးရှိနေပါသေးသည်။ ၄င်းကို ဘာဝစက်ဟုခေါ်ပါသည်။ ဘာဝစက်တွင်ရော တနင်္ဂနွေမည်သို့တည်သနည်းဟု သုံးသပ်ရန်လိုလာပါသည်။

အထက်ပါ ပုံမှာ ပေးထားချက်မှ တွက်ယူရရှိသော (အပေါ်ဝဲဖက်) ဘာဝစက်ဖြစ်သည်။ အပေါ်ယာဘက် တွင်ဖေါ်ပြသည်မှာ "လ" အက္ခရာတည်ရာမှ လက်ဝဲရစ် ရေတွက်သော အတန့် ၁၂ ခုကို ပြဆိုပါသည်။ အထက်ပါ ၂ ပုံအရ ဇာတာ၏ ၂ တန့်တွင် ကိတ်ဂြိုဟ်၊ ၆ တန့်တွင် ၂ လာဂြိုဟ်၊ ၉ တန့်တွင် ၁ နွေနှင့် ၅ တေးဂြိုဟ်၊ ၁၀ တန့်တွင် ၄ဟူး ၆ ကြာ ၀ နေ တို့ရပ်တည်သည်ကို တွေ့ရပါသည်။ မပြောင်းလဲသည့် အိမ်ရှင်/သခင် ပုံစံခွက်ကိုပါ ပြန်လည်ထည့်သွင်းပေးထားပါသည်။ တနင်္ဂနွေအတွက် စစ်ဆေးမှုပြုပုံကို အောက်ပါအတိုင်း ဖေါ်ပြနိုင်ပါသည်။
တနင်္ဂနွေသည် ၉တန့်ဘာဝတွင် တည်ကြောင်း ဖေါ်ပြပါရှိပြီးဖြစ်သည်။ တနင်္ဂနွေသည် မည်သည့် အိမ်ရှင်/သခင် ဖြစ်သနည်းသိရရန် ပုံစံခွက်တွင်ကြည့်သော် ၃ တန့်ဘာဝ၏ သခင်ဖြစ်ကြောင်း တွေ့ရသည်။ ဤတွင် အတန့်ဘာဝကို လဂ်မှ ရေတွက်ကာ အိမ်ရှင်/သခင်ကို ရာသီစက်ပုံသေခွက်မှ ဆွဲယူလိုက်ကြောင်း သတိပြုပါ။ ထိုအချက်သည် စတင်လေ့လာစ ၀ါသနာရှင်များအဖို့ ကျမ်းများဖတ်ရင်း လည်ထွက်သွားစေနိုင်သော အချက်တစ်ခုဖြစ်သည်။ ယခုဖေါ်ပြမည့်အတန့်ဟူသည် ယေဘုယျအားဖြင့် "လ" မှသာ ရေတွက်သည်။ စန်း ၂ လာမှ ရေတွက်ခြင်းအပြင် ဂြိုဟ်တစ်လုံးမှ တစ်လုံးရေတွက်ခြင်းမျိုးလည်း ရှိသေးသည်။ ထိုသို့ရေတွက်ခြင်းမျိုးကို ဤပိုစ့်တွင် မသုံးပါ။ ရာသီရပ်တည်မှု လဂ်မှတည်မှု အတန့်သခင်ဟူသော ဝေါဟာရများကိုသာ ဤပိုစ့်တွင် ဖေါ်ပြလိုရင်းဖြစ်ပါသည်။

၃ တန့်သခင် ၉ တန့်ရပ်ခြင်းသည် အဘယ်အကျိုးများဖြစ်မည်နည်း။

ဤတွင် အတန့်ဘာဝများ၏ ပရိယာယ်လိုလာသည်။ အတန့်၏ဖြစ်ပေါ်ပုံကို MOTAA သင်ခန်းစာများတွင်လည်းကောင်း၊ ဤဘလော့ဂ်အစပိုင်း ပိုစ့်များတွင်လည်းကောင်း ဖေါ်ပြခဲ့ပြီဖြစ်သည်။

၃ တန့်ကို သဟဇ (ပတ်ဝန်းကျင်) ဘာဝဟု ခေါ်ဆိုသည်။ အတန့်တစ်ခုစီသည် ပိုင်းခြားမှုအလိုက် ပရိယာယ်ကွဲပါသည်။ ၃ တန့်သည် အမျိုးအဆွေအားဖြင့် ဆွေမျိုးညီငယ်သားချင်းဝန်းကျင်ကို ဆိုသည်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် စမ်းသပ်လိုစိတ်၊ တဆင့်ဖေါက်သည်ချလိုစိတ်၊ အသေးစိတ်လေ့လာလိုစိတ်ကို ခေါ်ဆိုသည်။ MOTAA သင်ခန်းစာများမှ အနှစ်ချုပ် အတန့်ပရိယာယ်ဇယားတွင် ဖေါ်ပြပါရှိသည်။ ၃ တန့်၏ အခြားသောပရိယာယ်များမှာ ၀ီရိယ လေ့ကျင့်မှု သတ္တိဖြစ်သည်။ ထိုသို့သော များမြှောင်လှသော အဓိပ္ပါယ်များမှ တစ်ချိုကိုသာ ကျွန်ုပ်တို့ ဆွဲယူဖွင့်ဆိုခွင့်ရှိမည်ဖြစ်သည်။

၉ တန့်ကို သုဘ တင့်တယ်ခြင်း ဘာဝဟုခေါ်ဆိုသည်။ ဓမ္မဘာဝဟုလည်း ခေါ်တွင်ပါသေးသည်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် အတွေးအခေါ် ဘာသာရေး ကိုညွှန်းကာ၊ ခရီးသွားခြင်း ရပ်ဝေးဟူ၍လည်း ဖွင့်ဆိုကြပါသေးသည်။ တနည်းအားဖြင့် အမြော်အမြင်ဟုလည်းဆိုပါသည်။ သုဘ၏ အနက်အရ တင့်တယ်ခြင်းသည် အချုပ်သဘောဖြင့်ရှိနေပါသည်။

ယခုတနင်္ဂနွေသည် ၃ တန့်သခင်ဖြစ်ကာ ၉ တန့်ရပ်သည်။ ၃ တန့်က ၉ တန့်အကျိုးကို တွန်းပို့မည်လား၊ ၉ တန့်က ၃ တန့်အကျိုးကို တွန်းပို့မည်လား စဉ်းစားရမည်ဖြစ်သည်။ အရိပ်အယောင်အားဖြင့် ၃ တန့်ကိုနောက်ကွယ်မှ ပိုင်ဆိုင်ကာ လက်တွေ့တွင် ၉ တန့်ရပ်နေသည်။ လတ်တလောတည်ရာသည် အထင်အရှားဖြစ်သင့်ပါသည်။ ထို့ကြောင့် ၉ တန့်ပရိယာယ်များ ၃ တန့်ပရိယာယ်များကြောင့် ကျေးဇူးရမည်ဖြစ်သည်။

ယခင် အဖြေရခဲ့သော  ( ရာသီစက်တွင် တနင်္ဂနွေ ကြာသာပတေးပိုင်ရာသီ တည်ခြင်းကြောင့် ရသော) စူးစမ်းမှုနှင့် ပညာကောင်းမှုအဖြေသည် ယခု ၃ တန့်နှင့်ပေါင်းကာ ၉ တန့်ကို မည်သို့ အကျိုးပေးမည်နည်းဟု သုံးသပ်ရပါမည်။ ၃ တန့်ပရိယာယ်များ အရိပ်အယောင်သဖွယ် ဘဘောများယူရမည်ဖြစ်ရာ စူးစမ်းမှုနှင့် ပညာကောင်းမှုနှင့် ဆက်စပ်နိုင်မှုမှာ စမ်းသပ်လိုစိတ်၊ အသေးစိတ်လေ့လာလိုစိတ်သာ ရရှိပါမည်။ (သဟဇ ပတ်ဝန်းကျင်ဟု တိုက်ရိုက် မယူဆခြင်းမှာ သွယ်ဝိုက်ပတ်သတ်ခြင်းကြောင့်ဖြစ်ပါသည်။ အကယ်၍ ၃ တန့်တွင်သာ ၁ နွေရပ်ပါက ၃ တန့် ပရိယာယ်များတောက်ပသဖြင့် ထူးချွန်သော ညီကိုမောင်နှမများဟူ၍လည်းကောင်း နာမည်ကြီး ပတ်ဝန်းကျင်တွင် ရှင်သန်ရတတ်ခြင်းဟူ၍လည်းကောင်း ဖွင့်ဆိုသွားမည်ဖြစ်သည်။)

၉ တန့်တွင် ရပ်ခြင်းကြောင့် သုဘတင့်တယ်ခြင်းကို အဓိက ဖွင့်ဆိုရမည်ဖြစ်သဖြင့် စူးစမ်းမှုနှင့် ပညာဥာဏ်ကြီးမှုသည် ဇာတာရှင်၏ တင့်တယ်ခြင်း နာမည်ကြီးခြင်းကို ဖြစ်စေပါတော့သည်။ စမ်းသပ်လိုစိတ် အသေးစိတ်လေ့လာလိုစိတ်တို့သည် သွယ်ဝိုက်ကာ ကူညီပေးမည်ဖြစ်သည်။

ဤတွင် ဥာဏ်ကျက်စားဖွယ် အခြားအကြောင်းအရာများ ရှိလာပါသည်။ တနင်္ဂနွေသည် မိန်ရာသီတွင် တစ်နှစ်လျှင် တစ်လ တည်လေ့ရှိသည်။ ၁ နှစ်တွင်းမွေးသူများ၏ ၁၂ ပုံပုံ တစ်ပုံသည် ထိုသို့ ဥာဏ်ထက်မြက်ပါမည်နည်းဟု စောကြောဖွယ်ဖြစ်သည်။ တနည်းအားဖြင့် မိန်ရာသီဖွားများသည် ထိုသို့ဥာဏ်ထက်မြက်မည်လောဟု မေးလာနိုင်ပါသည်။ ကျွန်တော့်အားထိုသို့မေးလာခံရပါက ကျွန်တော်ကလည်း မေးခွန်းတစ်ခု ပြန်မေးပါမည်။ တနင်္ဂနွေ မိန်ရာသီတွင် တည်နေခြင်းသည် အကယ်၍ အာရီခေါ် ရန်သဘာဝ ၆ တန့်ဘာဝကျရောက်ခြင်း၊ မရဏခေါ် သေဆုံးခြင်းသဘာဝ ၈ တန့်ဘာဝကျရောက်ခြင်း၊ ဗျယခေါ် ပျက်စီးခြင်းဘာဝ ၁၂ တန့်ဘာဝကျရောက်ပါက မည်သို့ ဆုံးဖြတ်မည်နည်းဟု မေးမြန်းပါမည်။

မိန်ရာသီရပ် တနင်္ဂနွေ ၆ တန့်ကျက ရန်စွယ်ငေါငေါ ပြိုင်ဆိုင်စိတ်ပြင်းစွာ မိမိဥာဏ်ကို အသုံးချပါလိမ့်မည်။ မကောင်းသော အတန့်သဘောအရ မိမိဥာဏ်ရည်ကို မိမိပြန်ဖျက်စီးပါမည်။ မိန်ရာသီရပ် တနင်္ဂနွေ ၈ တန့်ကျက ကျမ်းမာရေးထိခိုက်ကာ အတွေးစများ ပျက်စီးတိမ်ကောမည်။ အသက်ဓာတ် တနင်္ဂနွေ မရဏဘာဝကျသဖြင့် အသက်တိုလိမ့်မည်။ မိန်ရာသီရပ် တနင်္ဂနွေ ၁၂ တန့်ကျပါက ဥာဏ်ထက်သလောက် ပူလောင်သံသယများတတ်ကာ ဗျာယပျက်စီးခြင်းကြုံပါလိမ့်မည်။

တဖန် မိန်ရာသီရပ် တနင်္ဂနွေသည် လဂ် အရ ၁၁ တန့်သခင်ဖြစ်ပါက ရလိုမှု လာဘ်လာဘ အလို့ငှာ ပညာကိုအသုံးချခြင်း၊ ၆ တန့် နိုင်ထက်စီးနင်း နှိပ်စက်လိုခြင်းကြောင့် ပညာကို အသုံးချခြင်းစသည့် ကွဲပြားသည့် ပရိယာယ်များဖြစ်ပေါ် ပါလိမ့်မည်။

ဤ အချက်များအရ ရာသီဖွားထက် လဂ်တည်ရာသည် မည်မျှ အရေးကြီးကြောင်း ရိပ်စားမိပါသည်။ ရက်အတူတူ မွေးဖွားသူ နှစ်ယောက်သည် အနည်းဆုံး အချိန် ၂ နာရီကျော်မျ ကွာခြားမွေးဖွားလျင် လဂ် ကွဲပြားသွားပါမည်။ ရက်ကွာခြားမွေးလျင် မိန်ရာသီ တနင်္ဂနွေရပ်ရာခြင်းအတူတူ ၁ ဒီဂရီမျှ ကွာခြားသွားပါသည်။ ထိုသို့ဆိုလျင် ရာသီဖွားတစ်ဦး ကမ္ဘာကျော်ခြင်းနှင့် ရာသီတူတစ်ဦး ချို့တဲ့ရခြင်းတို့၏ သဘာဝကို နားလည်နိုင်မည်ထင်ပါသည်။

အခြားဂြိုဟ်များကိုပါ အသေးစိတ်ဝေဖန်ပေးလိုသော်လည်း ကျွန်တော့်မှာ ကျောင်းတစ်ဖက်နှင့် မအားလပ်ပါသဖြင့် မိမိတို့ဖာသာ တွေးတောဆင်ခြင်ကြနိုင်ရန် အဖြေများကို ဖေါ်ပြလိုက်ပါသည်။ တွေးတောပုံကို ချရေးရသည်မှာ ပင်ပမ်းလှပါသည်။ လက်တဖျစ်အတွင်းမှ စိတ်ဖြစ်ပျက် ကုဋေတစ်သိန်းမှ စိတ်တစ်ခုပြန်ဖေါ်ပြဖို့မလွယ်ပါ။ တွေးတောဆင်ခြင်ပါက ခဏသာကြာပါလိမ့်မည်။ ပရိယာယ်များကိုမူ တင်ကြို စောကြောထားရန် လိုပါသည်။ အောက်ပါအဖြေများတွင် ဂြိုဟ်မြင်ခြင်း ဂြိုဟ်ပူးခြင်းများ ထည့်သွင်းဖေါ်ပြမထားပါ။ အကျဉ်းမျှ ဝေဖန်ခြင်းသာဖြစ်ပါသည်။

---၀---

ဆရာနျူမာန်၏ အကြံပေးချက်အရ ဂြိုဟ်အသီးသီးအတွက် ဝေဖန်မှုကို ဤပိုစ့်တွင်ပင် ထည့်သွင်း ဝေဖန်သွားပါဦးမည်။

တနင်္လာ- (ရေရာသီ) ဗြိစ္ဆာရာသီတွင်တည်သည်။ ၂ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၆ တန့် ဘာဝတွင် တည်သည်။
ဇာတာရှင်၏ အေးချမ်းမှု၊ စိတ်ခံစားမှုတို့ကို ဖေါ်ပြသော တနင်္လာသည် (ရာသီအိမ်ရှင်မှ မိတ်ပြုရာ) ဗြိစ္ဆာရာသီတွင် တည်သဖြင့် အေးချမ်းသော ငြိမ်းအေးသော စိတ်ခံစားမှုကို ဖြစ်စေသည်။ တဖန် ရေရာသီတွင်တည်သဖြင့် ပေါ့ပါးလွတ်လပ်သော စိတ်သဘောထားကိုလည်း မွေးမြူစေနိုင်လေသည်။ စုဆောင်းမှု ပိုင်ဆိုင်မှုဆိုင်မှုဆိုင်ရာ ၂ တန့်ဘာဝ၏ သခင်သည် ရန်အတန့် ၆ တန့်တွင်တည်သဖြင့် ဥစ္စာပစ္စည်းများစွာ စုဆောင်းပိုင်ဆိုင်မည့်သူမဟုတ်။ အေးချမ်းသော စိတ်သဘာဝအရ မက်မောတွယ်တာလိမ့်မည်မဟုတ်ပေ။

တနင်္ဂနွေဂြိုဟ်ကို ဆုံးဖြတ်ခဲ့သည့်အတိုင်း တည်ရာရာသီနှင့် သင့်တင့်မှုကို ဦးစွာစစ်ဆေးမည်ဖြစ်သည်။ တနင်္လာသည် (ရာသီစက်တွင်) ဗြိစ္ဆာရာသီတွင်တည်သည်။ (ရာသီစက်ကို ကြည့်မှသာ တည်ရာ ရာသီကို သိနိုင်သည်။ တခါတရံ ဘာဝစက်ကို ကြည့်ကာ ဆင်တူယိုးမှား ရာသီအမှတ်များတတ်သည်။ ဘာဝစက်သည် လဂ်မှ ရေတွက်ယုံသက်သက်သာ ဖြစ်သည်။)

ဗြိစ္ဆာရာသီ အိမ်ရှင် အင်္ဂါသည် တနင်္လာကို မိတ်ပြုသဖြင့် အိမ်ရှင်မှ ကြိုဆိုခြင်းခံရသည်။ တနင်္လာအတွက် ကောင်းကျိုးပိုစေသည်။ ဗြိစ္ဆာရာသီသည် ရေဓာတ်စိုးမိုးရာ ရာသီလည်းဖြစ်ရာ တနင်္လာ၏ အအေးသဘာဝနှင့် ကိုက်ညီသည်။ ထို့ကြောင့် အေးချမ်းသော စိတ်သဘောကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

မှတ်ချက်။ ။ ဤတွင် အလွန်အရေးပါသော အချက်တစ်ခုကို ထောက်ရှုနိုင်သည်။ တနင်္လာသည် ပြိဿတွင် ဥစ်မူကာ တောက်ပသည်။ တနည်းအားဖြင့် တန်ဆောင်မုန်းလ လပြည့်ဝန်းသည် အတောက်ပဆုံးဖြစ်သောကြောင့်ပင်။ (အဘယ်ကြောင့် တန်ဆောင်မုန်းလဟူမူ ပြိဿရာသီ ၂ လာ ရပ်ပါက လပြည့်ရန် တနင်္ဂနွေသည် ဗြိစ္ဆာတွင်ရှိရမည်။ တနင်္ဂနွေမိဿတည်စဉ်ကို တန်ခူးဟုရေတွက်လျှင် ဗြိစ္ဆာသည် တန်ဆောင်မုန်းလကျသောကြောင့်ပင်။) မည်သည့်ပညာရပ်သင်ကြားမှုမဆို တင်ကြိုသိသင့်သည် သတ်မှတ်ချက်များ၊ သတ်မှတ်ချက်များမှ ဆင့်ပွားထားသော သီအိုရီများ၊ သီအိုရီများမှ အသုံးချထားသော ကော်လော်ရာရီ အသုံးချမှုများ စသည်ဖြင့် ရှိတတ်ကြသည်။ ဥစ်မူခြင်းသည် တောက်ပခြင်း သဘောရှိသည်ဟု သီအိုရီရှိရာ၊ ဥစ်မှ ဆန့်ကျင်ဘက် တည်ခြင်းသည် နိစ်မူသည် မတောက်ပဟု သီအိုရီကို မှီကာ ကောက်ချက်ဆွဲကြသည်။ ထိုသို့ဆိုလျှင် ဗြိစ္ဆာတွင် ၂ လာ နိစ်မူလေသည်။ နိစ်တိုင်းတူညီကြပါသလောဟု ဆန်းစစ်ဖွယ်ရှိသည်။ ၂ လာ နိစ်မူခြင်း (တနည်းအားဖြင့် ဗြိစ္ဆာရာသီရပ်ခြင်း) သည် အိမ်ရှင်အင်္ဂါမှ မိတ်ပြုသည်။ ၁ နွေသည် မိဿတွင် ဥစ်မူသဖြင့် တူရာသီတွင် နိစ်မူသည် မတောက်ပ။ ၁ နွေ တူရာသီတည်ခြင်းသည် တူရာသီသခင် သောကြာက ရန်ပြုခြင်းခံရသည်။ ၁ နွေကလည်း သောကြာကို ရန်ပြုကာ ပြန်လှန်ရန်ဖြစ်သည်။ ထို နှစ်ချက်ကို ထောက်ဆကာ ဥစ်/နိစ် ဟူ၍ တရားသေမှတ် ကောင်းဆိုးခွဲခြင်းသည်လည်း နည်းမှန်မဟုတ်တော့ပေ။

ဗြိစ္ဆာတွင် ၂ လာ တည်ခြင်းသည် ပြီးပြည့်စုံအောင် ကောင်းမွန်ပါ၏လောဟုလည်း ဆန်းစစ်ဖွယ်ဖြစ်လာသည်။ အိမ်ရှင်က မိတ်ပြုသော်လည်း မိမိက အိမ်ရှင်ကိုမူ မိတ်ရန်မမူဘဲတည်၏။ တခြမ်းသာကောင်းလေသည်။ အခြားတစ်ခြမ်းတွင် မည်သည့်အကျိုးဆက်များရှိသနည်း။

ဗြိစ္ဆာရာသီသည် မူလမိဿမှ ၆ တန့်ကျရာ ရာသီဖြစ်သည့်ပြင် ကာလပုရိသခေါ် ရာသီစက်ဝန်းမှ လိင်အင်္ဂါကျရာ ကာမဖေါက်ပြန်မှုနှင့်ဆိုင်သော ရာသီဖြစ်သည်။ ရာသီရုပ်ကိုပင် အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်ကို ထားရှိသတ်မှတ်သည်။ ဗြိစ္ဆာကိုပင် ပိုးလောက်ရာသီဟုခေါ်ကာ ပိုးမွှားအနာတရများနှင့် ဆက်စပ်ယူဆကာ ဆေးဝါး/ဆရာဝန်များနှင့် ဆက်စပ်ကြသေးသည်။ ဗြိစ္ဆာရာသီသည် သားသမီး ၅ တန့်ကျကာ ၈ဟု၉ကိတ် အားရှိစွာမြင်ကာ စနေကဲ့သို့သော မလွန်ဆန်နိုင်မှုများဝင်စွက်သူတို့တွင် ပရိသန္ဓေတားဆေးအသုံးပြုနိုင်ရခြင်း၊ ကိုယ်ဝန်ဖျက်တတ်ဖူးခြင်းဟူသော အဆိုးအခြေအနေများ ဆန်းစစ်ဖူးပါသည်။ ဆိုလိုရင်းမှာ ဗြိစ္ဆာသည် တနင်္လာမတည်သင့်သော ရာသီတစ်ခုလည်းဖြစ်နေသည်ဟု ဆိုလိုလိုရင်း ဖြစ်ပါသည်။ အခြားအကြောင်းတစ်ခု ဆက်စပ်ပြပါဦးမည်။

တနင်္လာနှင့်အင်္ဂါ ဆက်စပ်မှုကို စန္ဒမင်္ဂလယုဂ်ခေါ်၍ မိန်းကလေးများအတွက် ဖေါက်ပြန်စေတတ်သော ယုဂ်အဖြစ် အထင်အရှား အသိအမှတ်ပြုထားပါသည်။ ယောကျာ်းလေးများအတွက်မူ အောင်မြင်ခြင်းရစေတတ်ကြောင်းလည်း ဖေါ်ပြပါရှိတတ်သည်။ အဘယ်ကြောင့် ထိုဆက်စပ်မှုကို သတ်မှတ်သနည်းမူ မိန်းကလေးများ၏ ကာမဆန္ဒချစ်စိတ်ကို ရှက်ရွံ့ခြင်းက တားဆီးထားရာ ကမဆန္ဒချစ်ခင်ရင်းနှီးလိုစိတ် ၂ လာသည် ရဲတင်းပွင့်လင်းခြင်း ၃ င်္ဂါနှင့် ဆက်စပ်ခြင်းကြောင့် မိန်းကလေးများအတွက် မထိန်းသိမ်းနိုင်ဖြစ်ရသည်ဟု ဆရာဦးမြကြီးဆက်စပ်ပြဖူးပါသည်။ ယခုဇာတာရှင်မှာ ကျားမ မသိရပေ။ ကျားပင်ဖြစ်စေတော့ မိတ်ပြုခံရသော စိတ်ခံစားမှုသည် ကောင်းကျိုးပြဌာန်းနိုင်သော်လည်း သတ္တိဗျတ္တိသဘာဝ အင်္ဂါအတွက် ကောင်းမွန်သော အခြေအနေမဟုတ်ပေ။ တနည်းအားဖြင့် အများအမြင်တွင် သတ္တိကောင်းသူတစ်ယောက်ဟု (အင်္ဂါကို မစစ်ဆေးသေးဘဲ တင်ကြို) ကောက်ချက်ဆွဲနိုင်သည်။

ယခုစစ်ဆေးနေသော တနင်္လာသည် ထိုသို့ သတ္တိကောင်းမွန်မှုကို ချေဖျက်ကာ ရေရာသီတည်သဖြင့် နူးညံ့လွန်းသော ခံစားလွယ်သော စိတ်ထားကို ပြဆိုနေတော့သည်။ (သို့သော် တနင်္လာမှာ မထိခိုက်သဖြင့် ခံစာလွယ်ခြင်း နူးညံ့ခြင်းသည် သူ့ကို ဒုက္ခပေးမည့် စိတ်သဘောထားမျိုးအထိ ဆွဲယူသွားမည်မဟုတ်ပေ။)

တနင်္လာသည် ၂ တန့်ဘာဝ၏ သခင်ဟု ပုံတွင် ပြထားသည်။ ၂ တန့်ဘာဝကို ကုဋမ္ဗဘာဝ ဥစ္စာစည်းစိမ်ဟု မူရင်းအဓိပ္ပါယ်ရှိသည်။ အာသ ဘာဝဟုလည်းခေါ်သည် ဇာတာရှင် တန်ဖိုးထား အာသီသရှိရာကို ညွှန်းသည်။ တနင်္လာသည် အထက်ပါ အဓိပ္ပါယ်နှစ်မျိုးကို အရိပ်အားဖြင့် ပိုင်ဆိုးထားသည်။ (အရိပ်ဟူသည်မှာ အတွင်းသဘော ပိုင်ဆိုင်မှုသာဖြစ်၍ ရပ်တည်ခြင်းလောက် အားမကောင်းကြောင်း တနင်္ဂနွေတွင် ရှင်းလင်းပြီးဖြစ်သည်။)

တနင်္လာသည် ၆ တန့်ဘာဝတွင် ရပ်သည်။ ၆ တန့်ဘာဝကို အာရီ ရန်ဘာဝဟုခေါ်သည်။ ရန်ဖက် ယှဉ်ပြိုင်ခြင်း၊ လက်နက်ကိုင်စွဲခြင်းအနက်သဘောတို့ရှိသည်။

၆ တန့်သည်ရန် ၈ တန့်သည် သေဆုံး ချုပ်ပျောက်ခြင်း၊ ၁၂ တန့်သည် ပျက်စီးခြင်းစသည်ဖြင့် အတန့်ဆိုးများအဖြစ် နာမည်ကျော်ရာ ရပ်တည်မှုအရ တနင်္လာ၏ မူလ ပိုင်ဆိုင်မှုအတန့် သဘာဝများ ပျက်စီးတော့မည်ဖြစ်သည်။ ဇာတာရှင်တန်ဖိုးထားရာ အရာများ ဥစ္စာစုဆောင်းမှုများ အတိုက်အခိုက်ရန်ပြုခြင်းခံရမည်ဖြစ်သည်။ အတိုက်အခံပြုရာတွင်လည်း ပင်မ ဇာတ်ဆောင်မှာ တနင်္လာဂြိုဟ်က ပြနေရာ အခြားသော ရန်သူများက ဖျက်စီးမည်မဟုတ် ဇာတာရှင်၏ အေးချမ်းသော စိတ်နေသဘာဝကြောင့်သာဖြစ်သည်။

ဤတွင် အဖြေတစ်ခုရသော်လည်း ထပ်မံ ဆက်စပ်ပြပါဦးမည်။

၆တန့်တွင် ၂ လာရပ်ခြင်းသည် မကောင်းသော အတန့်ဆိုးတွင် သောမလာရပ်ခြင်းဖြစ်သခြင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း အနက်ရှိသော ၆ တန့်သည် အေးချမ်းသော စိတ်သဘာဝ၏ ညှိမ်းသတ်မှုဖြင့် အေးချမ်းရသွားစေသည်။ တစ်ဖက်တည်း ကြည့်မရသဖြင့် ၆ တန့်ကို ကူသော ၂ လာ ဘက်ကလည်း စဉ်းစားရမည်။ အတန့်ဆိုးတွင် ရပ်သော ၂ လာသည် နာကျင်မှုဖြစ်မည်သာတည်း။

အေးချမ်းသော စိတ်သဘာဝကို ရန်ပြုခြင်း စိန်ခေါ်ခြင်းခံရမည်။ ၆ တန့်ပင်ကိုသဘာဝ စစ်မက် လက်နက် ရန်ဘက်ကြောင့် ရတက်မအေးရခြင်းကိုလည်း ပြဆိုသည်။ (ဇာတာရှင်သည် မိမိအစပျိုးသော အနုမြူလက်နက်ကိုပင် မိမိက ပြန်တားမြစ်ရလောက်အောင် ရုန်းကန်ရသည်ဖြစ်ရာ စစ်မက်အတွက် ရတက်မအေးရခြင်းကို ဆင်ခြင်နိုင်ပါမည်။)

လူတစ်ယောက် ဥစ္စာရှင်ဖြစ်မဖြစ်ကို ၂ တန့်အရ ကြည့်ရရာ ဤဇာတာရှင် ပိုင်ဆိုင်မှုမှာ ရွှေလည်း မဟုတ် ငွေလည်းမဟုတ် စာနာခြင်း အေးချမ်းခြင်းအနက်ရှိသော တနင်္လာသာဖြစ်သည်။ ၄င်း တနင်္လာသည်ပင် ၆ တန့်တည်ရာ ဤပုဂ္ဂိုဟ်သည် ဥစ္စာရနိုင်သော အစွမ်းမည်မျှ ရှိစေကာမူ (သူ့တွင် အစွမ်းအစရှိကြောင်း တနင်္ဂနွေ ရပ်တည်မှုတွင် အဖြေရခဲ့ပြီး) အများက သတ်မှတ်သော ရွှေငွေဥစ္စာ များစွာမရှိနိုင်ပေ။

ထပ်ဆင့် စစ်ဆေးဝေဖန် ဦးမည်ဆိုပါက ဗဟိတ္တကို ဖယ်ကာ အဇ္ဈတ္တကို ရှုပါက ၂ တန့်သည် အာသီသ မြတ်နိုးရာကိုညွှန်းရာ အဆင့်လွန်ပညာများကိုလည်း အနက်ရှိသည်။ (MOTAA သင်ခန်းစာများတွင် လေ့လာနိုင်ပါသည်။) ထို အဆင့်လွန်ပညာသည် ရာသီအိမ်ရှင်မှ မိတ်ပြုရာ ရာသီတွင် တည်သည်။ တည်ရာရာသီသည် တစ်ဇွတ်ထိုးတဇောက်ကမ်း သဘာဝနှင့် (မိဿမှ ၈ တန့်ကျရာ) လျှို့ဝှက်ခြင်း/လိင်အင်္ဂါ သဘာဝ စိုးမိုးရာရာသီဖြစ်နေသည်။ ဤတွင် ကာမ အမှုပြုသော သောကြာ၏ အရေးမဟုတ်သဖြင့် လိင်ပိုင်းကို ပယ်ပါက လျှို့ဝှက်သော ပညာကို ပြဆိုနိုင်ပါသည်။ ၆ တန့်ဘာဝရပ်တည်ခြင်းသည် ရန် ဘာဝပင်ဖြစ်သော်လည်း မိမိကိုယ်ကို အားကိုးခြင်းကိုလည်း ပြဆိုသည်။ ၄ တန့်သည် မိသားစုတွင်းအေးချမ်းမှုက ကူညီမှု၊ ၃ တန့်သည် ၀န်းကျင်သားချင်းဆွေမျိုးမှ ထောက်ပံ့မှု၊ ၈ တန့်သည် ဆက်ခံအမွေရမှု၊ ၁၁ တန့်သည် လူချစ်လူခင်လာဘ်လာဘပေါမှု၊ ၁၂ တန့်သည် ပုံမှန်မဟုတ်သော ပညာများ၊ မျက်လှည့်အကြံပေးဗေဒင်စသည့်လုပ်ငန်းများမှ ရမှု စသည်ဖြင့်လည်း ကွဲပြားသေးသည်။ ၆ တန့်သည်ကား မိမိနှင့် အယူမတူသူများကြားမှ ဖေါက်ထွက် ဝေဖန်ခြင်း ဆန်တက်ထိုးဖေါက်ခြင်း အနက်ရှိသဖြင့် ထိုဇာတာရှင်၏ ပညာသည် (တနင်္ဂနွေသည် ၃ တန့်အသေးစိတ်လေ့လာမှုဟု ဆက်စပ်ပြခဲ့သည်နှင့်ယှဉ်ကာ ယခုအမြင်ပါ ပေါင်းစပ်သဖြင့်) မိမိကိုယ်ပိုင်အတွေး ဖေါက်ထွက်မှုဖြင့် အများကြားမှ ထိုးထွက်သော အသိအဆင့်မြင့်ပညာကို ရရှိသူဟု ဆက်စပ်နိုင်ပါသေးသည်။ ထိုပုဂ္ဂိုဟ်ကပင် ၆ တန့်ရပ်ခြင်းကြောင့် ထိုအသိပညာတို့ကို မြတ်နိုးတွယ်တာခြင်း လောဘတပ်မက်ခြင်း မရှိပါဟု ဆိုပါလျှင် လွန်စွာ ထူးဆန်းသွားပါသည်။

မည်မျှ ဆန်းပြားသည့် ဘ၀အခြေအနေများပါနည်း။ ထိုအခြေအနေများကိုပင် အံတုယှဉ်ပြိုင်အံ့သော နက္ခတ်ဗေဒင်သည် မည်မျှ ပရိယာယ်ကြွယ်ဝလှပါသနည်း။ တွေးတောမကုန် လေ့လာမကုန်သော ပညာပင်ဖြစ်ပါသည်။ နက္ခတ်ဗေဒင်သမားတစ်ယောက်၏ ဇာတာတစ်စောင် ကျက်စားမှုနယ်ပင်သည် ထိုဖေါ်ပြထားသည်မက ကျယ်ပြန့်သေးပါသည်။

အခြားဂြိုဟ်များကိုပါ ဝေဖန်ပေးပါဦးမည်။

အင်္ဂါ- (မြေရာသီ) မကာရရာသီတွင်တည်သည်။ ၁၁ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၈ တန့်ဘာဝတွင် တည်သည်။
လက်တွေ့အကောင်အထည်ဖေါ်မှု၊ သတ္တိ၊ စွန့်စားမှုဆိုင်ရာ အင်္ဂါသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မကာရတွင်တည်သဖြင့် အပြင်ပမ်းအားဖြင့် စွန့်စားလွန်းသူ သတ္တိကောင်းသူတစ်ယောက် မဟုတ်ပေ။ အင်္ဂါသည် လာဘ်လာဘဆိုင်ရာ ၁၁ တန့် အိမ်ရှင်ဖြစ်ကာ အပြောင်းအလဲနှင့်လျှို့ဝှက်ချက်ဆိုင်ရာ မရဏ ၈ တန့်ဘာဝတွင် တည်သဖြင့် လျှို့ဝှက်စွာ စွန့်စားရမှုများ၊ ဘ၀ရပ်တည်မှုအတွက် အပြောင်းအလဲဖန်တီးရမှုများကို ဖေါ်ပြနေသည်။ သို့တစေ မြေရာသီတွင်တည်သဖြင့် ခိုင်ကြည်သော အပြောင်းအလဲရပ်တည်မှုများ အဆုံးတွင် ရယူနိုင်မည်ဖြစ်သည်။

ဗုဒ္ဓဟူး- (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၄ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၁၀ တန့်ဘာဝတွင် တည်သည်။
အသိဥာဏ်အတွေးအခေါ် အတွက်အချက်ကို ဖေါ်ပြသော ဗုဒ္ဓဟူးသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်ရပ်တည်သောကြောင့် ပုံမှန်မဟုတ်သော တွေးနည်းခေါ်နည်းများ ပိုင်ဆိုင်မည်။ ရေရာသီတွင်တည်သဖြင့် ပြောင်းလဲလှည့်ယူတွေးခေါ်နိုင်သော ပညာစွမ်းကိုလည်း ပြဆိုသည်။ အတွင်းစိတ်သဏ္ဍန်ကို ညွှန်းဆိုသော ၄ တန့် သခင်ဖြစ်သည့်အပြင် အများသို့ထုတ်ဖေါ်ပြနိုင်သော သဘာဝရှိသည့် ၁၀ တန့်အလုပ်ဘာဝသို့ ကိန်းမှကိန်းချင်းတည်သဖြင့် ပညာစွမ်းအား ထွန်းတောက်မည့်သူ အများက လေးစားရသူဖြစ်မည်။

ကြာသာပတေး- (လေရာသီ) ကုမ်ရာသီတွင်တည်သည်။ ၇ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၉ တန့်ဘာဝတွင် တည်သည်။
အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကြာသာပတေးသည် (မိတ်ရန်မပြုရာ) မိန်ရာသီတွင်တည်သဖြင့် ဂုဏ်သိက္ခာစာရိတ္တအနာအဆာမရှိသည့် အဖြစ်ကို ရရှိမည်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံရေးဆိုင် အိမ်ထောင်ရေးဆိုင်ရာ ၇ တန့်ဘာဝ၏ သခင်ဖြစ်ကာ ဂုဏ်ကျက်သရေ ၉ တန့်ဘာဝတွင်တည်သဖြင့် ပညာဂုဏ်ကြီးမားသူအဖြစ် အများတကာက လက်ခံကြမည်။ ၇ တန့်ဘာဝသည် အိမ်ထောင်ရေးကိုလည်း ညွှန်းဆိုကာ လေရာသီတွင်တည်သဖြင့် ပြောင်းလဲသော အိမ်ထောင်ရေးကိုလည်း(ဆက်ဆံရေး)ကိုလည်း ပြဆိုလေသည်။

သောကြာ- (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၅ တန့်ဘာဝသခင်ဖြစ်ပြီး ၁၀ တန့်ဘာဝတွင် တည်သည်။
ဇနီးအိမ်ထောင်ရေးကာမစည်းစိမ်ကို ညွှန်းဆိုသော သောကြာသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်တည်သဖြင့် စည်းစိမ်ဥစ္စာ ရုပ်ရေရူပကာ ဟန်ပန်အမူအယာအားဖြင့် တင့်တယ်လွန်းသူမဟုတ်ပေ။ ပညာရေးသင်ကြားမှုသားသမီးဆိုင်ရာ ၅ တန့်ဘာဝ၏ သခင်ဖြစ်ကာ အလုပ်အကိုင်ကမ္မဘ၀ ၁၀ တန့်တွင်တည်သဖြင့် ပညာသင်ကြားခြင်းဖြင့် အသက်မွေးနိုင်မည်။ တပည့်တပမ်းလည်း ပေါများနိုင်သည်။ သို့သော် အောင်မြင်သော ထည်ဝါသောအသွင်သဏ္ဍန်ကိုတော့ ပိုင်ဆိုင်မည့်သူတစ်ယောက်မဟုတ်ပေ။

စနေ- (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၉ တန့်ဘာဝ၏သခင်ဖြစ်ပြီး၊ ၁၀ တန့်ဘာဝတွင် တည်သည်။
အပင်ပမ်းခံနိုင်မှု၊ ဇွဲ၊ ကျင့်ဝတ်တရားတို့ကို ဖေါ်ပြသောစနေသည် (ရာသီအိမ်ရှင်မှ မိတ်ရန်မမူဘဲ) မိန်ရာသီတွင် တည်သဖြင့် သင့်တင့်သော သဘောရှိသည်။ ဂုဏ်သိက္ခာအမြော်အမြင်ကို ဖေါ်ပြညွှန်းဆိုသော ၉ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ အများအလယ်တင့်တယ်မှု အလုပ်ဆိုင်ရာ ၁၀ တန့်တည်သဖြင့် ကြီးမြတ်သော အများရိုသေခံရနိုင်သော ဇာတာရှင်အဖြစ်ကို ညွှန်ဆိုနေတော့သည်။

အချုပ်အားဖြင့်ဆိုသော် ပညာမှလွဲ၍ တခြားဘာမျှထည့်မတွက်သော ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပြဆိုလျှက်ရှိသည်။

---၀---
ထိုဇာတာရှင်ကို http://www.motaa.info/2011/01/blog-post_19.html တွင် ဖေါ်ပြပါရှိပါသည်။ 
ပညာရပ်တို့၌ ပျော်မွေ့နိုင်ကြပါစေခင်ဗျာ။
ကိုပခန်း

3 comments:

TTT said...

တနင်္လာကို ငွေကြေးလို့ ယူဆထားတာ. ဒါဆိုရင် ငွေကြေးက ဘာဂြိုလ်လဲ

ကိုပခန်း said...

ဒီဇာတာမှာ တနင်္လာဟာ ၂ တန့်သခင်မို့ စုဆောင်းမှုဥစ္စာနဲ့ ဒီမှာဆိုင်ပါတယ်။ ဂြိုဟ်အရတော့ သောကြာဟာ ဘဏ္ဍာစိုး၊ ဥစ္စာရှင်၊ တင့်တယ်မှု၊ ကာမ၊ စည်းစိမ်လို့ သတ်မှတ်ကြပါတယ်ခင်ဗျ။

Unknown said...

မှတ်သားရပါတယ်

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။