ကွန်ပျူတာ ပရိုဂရမ်များကို အသုံးပြု တွက်ချက်ခြင်း

MOTAA – Astrology Course (Level-1) 
lvl 1 သင်ခန်းစာအတွက် စာစဉ်များစွာ ကျန်ပါသေးသည်။ ယခုအချိန်တွင် http://motaa.net/discussion/ ကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ပါသောကြောင့် သင်တန်းပိုင်စာမူသီးသန့်ဖြစ်စေရန် ဘလော့တွင်ဆက်လက်မဖေါ်ပြတော့ပါ။ ယခင်က ဖေါ်ပြခဲ့ခြင်းမှာလည်း သင်တန်းသားများအတွက် အွန်လိုင်းတွင် လွယ်လင့်တကူ ဆွေးနွေးစရာနေရာရစေရန်နှင့် အများအတွက် နက္ခတ်အခြေခံဗဟုသုတ ရစေရန် အလို့ငှာဖြစ်ပါသည်။ ပို့ချချက်များကို ထပ်မံလေ့လာလိုပါက http://motaa.net/discussion/ သို့ ကြွပါရန် ဆရာနျူမာန်ကိုယ်စား ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။
ကိုပခန်း
ကွန်ပျူတာ ပရိုဂရမ်များကို အသုံးပြု တွက်ချက်ခြင်း

ယခုအခါ ဇာတာ တစ်စောင် ကို အလွယ်တကူ နှင့် တိကျစွာ တွက်ချက်ပေးနိုင်သော ကွန်ပျူတာ ဆော့ဖ်ဝဲ များ- များစွာ ရှိနေပါသည်။ ၄င်းတို့ အားလုံးနီးပါးသည် - SWISS EPHEMERIS ခေါ် ဆွဇ်ဇာလန် ဂြိုဟ်သွား ပြက္ခဒိန် ကို အသုံးပြု ထားကြ ခြင်းကြောင့် လွန်စွာ တိကျပါသည်။ သို့သော်- မိမိသုံးစွဲသော ဆော့ဖ်ဝဲ သည် များစွာသော နည်းစနစ်များ အနက်မှ-မည်သည့် နည်းစနစ်ကို သုံးစွဲသည် ကိုသိနိုင်ရန် လိုသလို- မိမိသုံးစွဲလိုသော နည်းစနစ်ကို ကြိုတင် သတ်မှတ် ထားရန် လိုသည်။ လွန်ခဲ့သော ၁၅- နှစ် ခန့်က- ကျွန်တော့်အနေဖြင့် မြန်မာပြည်တွင် ထင်ရှားသော ဆရာကြီး တစ်ဦးအား- ဆရာကြီး၏ ပညာများကို ကွန်ပျူတာ စနစ်ဖြင့် တွဲဘက် လုပ်ဆောင် ပါရန် ရိုးသားစွာ အကြံပေးဘူးပါ၏။ သို့သော်-ဆရာကြီး အနေဖြင့် တူးတူး ခါးခါး ငြင်းဆို ခဲ့သည်။ ဆရာကြီး၏ ၀ါဒမှာ- “ကောက်ကိန်း ဇယား တို့ကြောင့်၊ လက်ရိုး ပညာ ပျောက်ကွယ်ခဲ့ရပြီ၊ ယခု ကွန်ပျူတာကြောင့်- နက္ခတ်ပညာ မပျောက်ပါစေနှင့်” ဟူ၍ ဖြစ်သည်။ ထုံးတမ်း စဉ်လာကို ချစ်မြတ်နိုးသော ဆရာကြီးအား ကျွန်တော့်အနေဖြင့် လေးစားပါ၏။

သူ၏အမြင် အားဖြင့် ပညာကို မပျောက်စေရန် ထိမ်းသိမ်း တန်ဘိုးထားသော ဆရာကြီးကို ကျွန်တော် ကြည်ညိုပါ၏။ သို့သော်- ကောက်ကိန်း ဇယား တို့ကြောင့်၊ လက်ရိုး ပညာ ပျောက်ကွယ်ခဲ့ ရခြင်း မဟုတ်ပါ။ ကောက်ကိန်း ဇယားတို့ကြောင့် ဗေဒင် ပညာကို ယခု အချိန် အထိ တည်တန့် နေရခြင်းသာ ဖြစ်ပါသည်။ ကောက်ကိန်း ဇယားမပေါ် လျှင်လည်း- ဇာတာ တစ်စောင်ကို နာရီပေါင်း များစွာ ကြာအောင် တွက်ချက်နေခြင်း၊ လေ့လာရန် ခက်ခဲသောကြောင့် တတ်မြောက်သူ အလွန် ရှားပါးခြင်း ဖြစ်နေသော လက်ရိုး ပညာ သည် တိမ်ကော မည်သာ ဖြစ်ပါသည်။ ကောက်ကိန်း ဇယားကြောင့် - နက္ခတ် ပညာ အနေဖြင့် ယခင် ကထက် စာလျှင် လွယ်ကူ သွားခြင်းကြောင့်၊ ၀ါသနာ ရှင်များ လေ့လာခွင့် ရသောကြောင့် ဆက်လက် တည်ရှိ နေခြင်းသာ ဖြစ်ပါသည် ဟု ကျွန်တော့် စိတ်ထဲမှသာ ပြောခဲ့ရပါသည်။ သို့သော်လည်း- ထိုအချိန်ကလည်း- ဆရာကြီးသည် သူမထောက်ခံသော ကောက်ကိန်း နည်းဖြင့်သာ ကျွန်တော့် ဇာတာကို ဖွဲ့ပေးခဲ့ပါသည်။

ဂက်စ်မီးခြစ် နှင့် အလွယ်တကူ မီးမွှေးရသော ခေတ်တွင်- မီးရရှိအောင် ထို ဂက်စ်မီးခြစ်ကို မသုံးစွဲပဲ- တီထွင်မှု များကို အသိအမှတ်မပြုပဲ- ကျောက်တုံးချင်း ပွတ်၍ မီးမွှေးရသော ခေတ်သို့ မည်သူမျှ ပြန်မသွားချင်ပါ။ အမှန်အားဖြင့်- ပညာရပ် တစ်ခုသည် ခက်ခဲစွာ တွက်နေရခြင်းပေါ်တွင် မူမတည်ပါ- ကျောက်သင်ပုန်း- ကျောက်တံ ဖြင့် “ဒွေး ဧက ဒွေး၊ ” ဖြင့် တွက်နေခြင်းကို ဆက်လက် လုပ်ဆောင်နေပါက- အာကာသ သို့ လူ မရောက် နိုင်ပါ။ ခက်ခဲစွာ တွက်ချက်ပြီးမှ- မည်သို့မျှ ထူးမြောက်သည့် ဟောပြောချက်ကို မပြုလုပ်နိုင်ပါလျှင်- ထိုကဲ့သို့ တွက်ချက် ခြင်းကို မည်သူကမျှ စိတ်ဝင်စားတော့မည် မဟုတ်။ ထိုပညာသည် တစ်ဖြေးဖြေးနှင့် ထိမ်းသိမ်း နိုင်သူတို့ နည်းပါးကာ ပျောက်ကွယ်မည်သာ ဖြစ်သည်။ လူတစ်ယောက်၏ ဘ၀ တစ်သက်တာသည် အလွန်တိုတောင်းပါသည်။

ထိုတိုတောင်းသော ကာလ ၏ အများစုသော အချိန်တို့ကို ခက်ခဲစွာ သင်ကြားရခြင်း၊ ခက်ခဲစွာ တွက်ချက်ရခြင်းတို့နှင့် နပမ်း လုံးနေရခြင်း ဖြင့်- နောက်ကွယ်မှ သဘော တရား တို့ကို မလေ့လာနိုင်တော့ပဲ မိမိတို့၏ ဘ၀ကို ဇတ်သိမ်း စေခြင်းနှင့်၊ ကိရိယာ ပစ္စည်းတစ်ခု၏ အကူ အညီကို ယူသုံး၍ အချိန်ကုန်သက်သာ အောင်လုပ်ပြီး- မိမိတို့ အနေဖြင့် ပညာ၏ သဘော တရားကို အာရုံစိုက် နားလည်အောင် ကြိုးစား ခြင်း တို့ အနက် မည်သည် ပို၍ သဘာဝ ကျပါသလဲ။ ကျွန်တော့်အနေဖြင့် ဇာတာပေါင်း များစွာကို သုတေသနပြုခဲ့ပါသည်။ ကွန်ပျူတာ အကူအညီသာ မရှိလျှင် စိတ်ကူးဖြင့်ပင် မဖြစ်နိုင်သော ကိစ္စ ဖြစ်ပါ၏။ နောင်တွင် သုတေသန နှင့်ဆိုင်သော အကြောင်းတို့တွင် ရှင်းပြ ပါမည်။

လူတစ်ယောက် အနေဖြင့် တစ်နေ့တွင် ၈-နာရီ အလုပ်လုပ်သည် ဆိုပါအံ့- လက်ရိုး တွက်နည်းကို အသာထား၊ သူ့ထက်စာလျှင် များစွာ ပို၍ လွယ်ကူသော ကောက်ကိန်း စနစ်ဖြင့်ပင် နာရီ ၀က်၊ ၄၅-မိနစ်မျှ ကြာအောင် ကြိုးစားပြီးမှ ဇာတာ တစ်စောင် ထွက်လာပါမည်။ မူလ ဇာတာ တစ်စောင်ပဲ ရှိပါသေးသည်။ အပေါင်း အနှုတ် မှားလျှင်ကား- ထိုဇာတာသည် သုံးမရတော့ပါ။ မှားမှန်း သိလျှင် တော်ပါသေး၏။ မသိပဲ ဆက်တွက်၊ ဆက်ဟော လျှင်ကား- ပြောစရာပင် မလိုတော့ပါ။ နောက်ထပ် ကောဇာ တစ်စောင် ကို ထပ်ဖွဲ့မည် ဆိုလျှင်- ထိုမျှ လောက် အချိန် ထပ်ကုန်ပါဦးမည်။ ၄င်းအပြင် -ထိုမူလဘွား ဇာတာ နှင့် ကောဇာ ဇာတာကို ယှဉ်တွဲ စစ်ဆေး ရပါ ဦးမည်။ လူတစ်ယောက်အတွက်- မူလ ဘွားဇာတာနှင့် ကောဇာ ဇာတာ ဖြစ်ရန် အတွက်- တွက်ချက်ရုံ သက်သက် အချိန် တစ်နာရီကျော် ကြာပါမည်။ ထိုအထဲတွင် ၀ဂ္ဂစက်များ၊ မပါသေးပါ။ ဆန်းစစ် ဟောပြောခြင်း မပါသေးပါ။ ထိုဆရာသည် တစ်နေ့လျှင် ဇာတာ ၈-စောင်ထက် ပိုမဖွဲ့နိုင်ပါ။ အကယ်၍ ဖွဲ့နိုင်သည် ဆိုပါအံ့- အကြမ်းပျင်း- တည်နေရာ တန်ဘိုး များကိုသာ အနီးဆုံး ယူတွက် သွားခြင်းကြောင့် ဖြစ်သည်။ ၄-စောင်ထက် ပို၍ ဆန်းစစ် လေ့လာခြင်း မပြုနိုင်ပါ။ ထိုအခါ- ဗေဒင်ပညာကို ၁၀-နှစ် တာမျှ နေ့စဉ် ကြိုစား လေ့လာသူ တစ်ဦးသည် ဇာတာ အရေအတွက် မည်မျှကို လေ့လာခဲ့ နိုင်ပါသနည်း။ မည်မျှကော တိကျနိုင်ပါမည်နည်း။

အခမဲ့သုံးစွဲ နိုင်သော ကွန်ပျူတာ ပရိုဂရမ်များကို အသုံးပြု တွက်ချက်ခြင်း

ယခု အခါ- ဇာတာဖွဲ.ပေးနိုင် သော Software များ အများ အပြား ရှိသည့် အနက်မှ- မြန်မာ များ အသုံးပြုသော ဇာတာ ကိုဖွဲ.ပေးနိုင်ပြီး- ငွေကြေး ကုန်ကျမှု လည်း မရှိသော Software တစ်ခုကို အသုံးပြုနိုင်ရန် အတွက်- အောက်ပါ Website သို.သွားရောက်၍- http://www.vedicastrologer.org/jh/ Jagannatha Hora ပရိုဂရမ်ကို Download လုပ် လိုက်ပါ။

MOTAA အသင်းဝင်များ အတွက်မူ- MOTAA Vedic group ဖိုင်များ- (http://groups.yahoo.com/group/motaa_Vedic/files/MOTAA%20Tools/) သဖြင့် - ၄င်းမှလည်း Download လုပ် နိုင်ပါသည်။ တွင်တင်ပေးထား ထို.နောက် ကွန်ပျူတာ တွင် Install လုပ်ပါ။ ထူးထူး ခြားခြား လုပ်စရာ မလိုသဖြင့်- Install လုပ်ပုံကို အသေးစိတ် မဖေါ်ပြတော့ပါ။ သင်ကွန်ပျူတာ နှင့် ကိုက်ညီ မှု ရှိမရှိကို ထို Website တွင် ဖတ်ကြည့်ပါ။

(၁) ၄င်းကို Install လုပ်ပြီးနောက်- File -> New ကို နှိပ်လိုက်ခြင်းဖြင့် အောက်ပါ အတိုင်း- မွေးနေ. မွေးချိန်- နှင့် မွေးဖွားရာ ဒေသ ကိုပေးသွင်းရန်- Dialog Box ပေါ်လာပါမည်။ အခမဲ့ Version တွင်မူ ထိုကဲ့သို့ အသစ် လုပ်ခွင့် မပေးထားသဖြင့် File -> Edit-> Birthdata မှ မိမိတွက်လိုသော အချက်အလက် များကို ဖြည့်သွင်း ပေးပါ။
(၂) အောက်တွင် ညွှန်ပြထားသည့် အတိုင်း- မိမိနှင့် သက်ဆိုင်သော အချက်များကို မှန်ကန်စွာ ဖြည့်သွင်း ပေးပါ။ သက်ဆိုင်ရာ- Time Zone၊ လတ္တီ တွဒ်၊ လောင်ဂျီတွဒ် တန်ဘိုးများကို- အရှေ.၊ အနောက် မှန်ကန်စွာ ရွေးချယ် ပေးရပါမည်။ ၄င်း အချက် အလက်များကို မသိပါက- Google Map ကို အသုံးပြု၍ ရှာဖွေပါ။ မြန်မာပြည် သည် ဂရင်းနစ် စံတော်ချိန် မျဉ်း၏ အရှေ.ဘက်တွင် ကျရောက်ပြီး၊ အရှေ. လောင်ဂျီတွဒ်၊ မြောက်လတ္တီ တွဒ် ဖြစ်ပါသည်။
(၃) ထို.နောက် ဇာတာခွင်ကို မြန်မာ များအသုံးများသော ပုံစံ ဖြစ်သည့် အိန္ဒိယ အရှေ.တိုင်း ပုံစံ အနေဖြင့် တွေ.မြင် ရစေရန်၊ အောက်ပါ အတိုင်း လုပ်ဆောင် လိုက်ပါ။
(၄) ထို.နောက် ဇာတာခွင်ကို မြန်မာများအသုံးများသော ပုံစံလည်း ဖြစ်၊ MOTAA စနစ်တွင် အသုံးပြုသော လာဟီရိ ဂြိုဟ်သွား ပြက္ခဒိန်မှ အာယာန အံသာ ကို အသုံးပြု တွက်ချက် စေရန် အတွက်၊ ဖေါ်ပြထားသည့် အတိုင်း ရွေးချယ် ပေး လိုက်ပါ။
(၅) ဆက်လက်၍- ရာဟုနှင့် ကိတ်တို့ကို တွက်ချက်ရာတွင်- ပျမ်းမျှ နေရာ (Mean Position) နှင့် အတိအကျ နေရာ (True Position) တို့ (၂) မျိုးရှိသည့် အနက်မှ- MOTAA အနေဖြင့် သုံးစွဲသော အတိအကျ နေရာ (True Position၊ True Node) ဖြင့် တွက်စေရန် ရွေးပေးထား လိုက်ပါ။
(၆) ယခု ဆိုလျှင် အောက်တွင် မြင်ရသည့် အတိုင်း၊ ဇာတာခွင် ရာသီစက်ကို မြင်ရပါလိမ့်မည်။

ကောက်ကိန်းမှ ရသော ဇာတာနှင့် ကွန်ပျူတာမှ ရသော ဇာတာ ၂-စောင် နှိုင်းယှဉ်ခြင်း။

ယခု ဇာတာတွင်မူ- အနည်းငယ်မျှသော ကွာခြားမှုမှ လွဲ၍- ကြီးကြီးမားမား ပြဿနာ မရှိပါ။ သို့သော် အကယ်၍ ဇာတာရှင် မွေးဖွားသော ဒေသ၏ လတ္တီတွဒ်တန်ဘိုးသည် ဇယားတွင် ဖေါ်ပြထားသော လတ္တီတွဒ် တို့နှင့် ကွာဟမှု များနေပါက- ဂြိုဟ်တို့၏ တည်နေအားဖြင့် သိပ်ကွာခြားမှု မရှိသော်လည်း- လဂ်အားဖြင့် လွန်စွာ ကွာခြား သွားပါလိမ့်မည်။ ၁-ဒီဂရီ မျှသော ကွာခြားမှုသည် ဇာတာရှင်အား- ဓနုလဂ်လော၊ ဗြိစ္ဆာလဂ်လော ဆိုသည်ကို ပြောင်းလဲ ပစ်လိုက် နိုင်သဖြင့်- ဟောချက်တို့ ကွာခြားသွား နိုင်သည်သာ မက- ယတြာများ မှားယွင်း သွားနိုင်သည် အထိ အရေးပါသည်ကို နားလည် စေလိုပါသည်။ အထူးသဖြင့် ၀ဂ္ဂစက်ကို လေ့လာသူများ အနေဖြင့် အနည်းငယ်မျှ ကွာခြားမှု အတိုင်း အတာလေးသည် ဆဋ္ဌတိ ၀ဂ္ဂစက် ခေါ် (ဂြိုဟ်တစ်လုံး၏ တည်နေရာကို အပုံ ၆၀ အထိခွဲ တွက်သော စက်တွင်) တွင် ၃၀-ဒီဂရီ (တစ်ရာသီ) အထိ ကွာခြား သွားမည် ဖြစ်ပါသည်။ အခြားသော ၀ဂ္ဂစက် များတွင်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ထိုအခါတွင် ၄င်းတို့ကို မူတည် ထားသော ဆဋ္ဌဗလ ဆိုသော အား (၆) ပါးတို့သည်လည်း မမှန် နိုင်တော့ပါ။ ၀ဂ္ဂစက်များသည် အဆင့် (၁) သင်ခန်းစာ တွင်မပါဝင်သေးပါ။

No comments:

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။