ဂြိုဟ်တို့အကြောင်း (၁)

MOTAA – Astrology Course (Level-1) 

ဂြိုဟ်တို့အကြောင်း

ဂြိုဟ်တို့ဆိုရာတွင် MOTAA နည်းစနစ် အနေဖြင့်

• တနင်္ဂနွေဂြိုဟ် (The Sun), နေမင်း၊ သူရဇ္ဇ၊ သူရိယ
• တနင်္လာဂြိုဟ် (The Moon) လ-မင်း၊ စန္ဒရ၊ စန်း
• အင်္ဂါဂြိုဟ် (Mars)
• ဗုဒ္ဓဟူးဂြိုဟ် (Mercury)
• ကြာသပတေးဂြိုဟ် (Jupiter)
• သောကြာဂြိုဟ် (Venus)
• စနေဂြိုဟ် (Saturn)
• ရာဟု (Rahu) ☊ Moon North Node
• ကိတ် (Ketu) ☋ Moon South Node

တို့ကို အဓိက အသုံးပြုပါသည်။ အနောက်တိုင်း နည်းစနစ်တွင်မူ ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတိုတို့ကိုပါ ထည့်သွင်း အသုံးပြုသော်လည်း သင်တန်းသားများ အနေဖြင့် အရှေ့တိုင်း အနောက်တိုင်း နည်းများလွန်စွာ ရှုပ်ထွေး သွားနိုင်သဖြင့်လည်းကောင်း၊ သမားရိုးကျ အရှေ့တိုင်း နက္ခတ်ပညာတွင် ၄င်းတို့အား ထည့်မတွက်သည့် လည်းကောင်း ယခု သင်ခန်းစာများ အနေဖြင့် ထိုဂြိုဟ်များကို အသုံးပြုနည်း ထည့်သွင်း မထားပါ။

သုတေသန ဆက်လုပ်လို သူများအတွက် ချန်လှပ်ထားပါသည်။ ထို့သို့ ဂြိုဟ်များအကြောင်းကို ရှင်းပြရာတွင် ဆက်စပ် နားလည် နိုင်စေရန်အတွက် ဂြိုဟ်တို့၏ ရောမ သင်္ကေတများကို နားလည် ထားရန် လိုပါသည်။ (ဤသင်္ကေတများကို နားလည်လျှင်- အသုံးဝင်ပါသည်။)

စက်ဝိုင်း ပုံစံ သင်္ကေတသည် အသက်ဓါတ်၊ ရှင်သန်မှု ဓါတ်ဟု အဓိပ္ပါယ် ရပါသည်။

စက်ဝိုင်းခြမ်း သဏ္ဍာန် ပုံစံ သင်္ကေတသည် သိမြင် ခံစားတတ်သော ဓါတ်ဟု အဓိပ္ပါယ်ရပါသည်။

ဒေါင်လိုက် မျဉ်း သဏ္ဍာန် ပုံစံ သင်္ကေတသည် စိတ်ဟု အဓိပ္ပါယ်ရပါသည်။

အလျားလိုက် မျဉ်း သဏ္ဍာန် ပုံစံ သင်္ကေတသည် ရုပ်ဟု အဓိပ္ပါယ်ရပါသည်။

စိတ်နှင့် ရုပ်ကို ပေါင်းစပ်ထားသော ကြက်ခြေခတ် ပုံစံ သင်္ကေတသည် ဘ၀ရပ်တည်မှုဟု အဓိပ္ပါယ်ရပါသည်။

တနင်္ဂနွေဂြိုဟ်သည် စက်ဝိုင်း ပုံစံ သင်္ကေတ အတွင်းတွင် အသိစိတ်ကို ဖေါ်ဆောင်သော အစက်ငယ်ကို ထည့်ထားခြင်းဖြင့် ၄င်းသည်  အသိစိတ် ပြည့်စုံသည့် အသက်ဓါတ်ဟု အဓိပ္ပါယ် ရပါသည်။

တနင်္လာဂြိုဟ်သည် စက်ဝိုင်းခြမ်း  ၂-ခုကို ပေါင်းစပ်ထားခြင်းဖြင့် သိမြင် ခံစားတတ်သော ဓါတ်ချည်း သက်သက် ဆိုသော သဘောကို ဖေါ်ဆောင်နေပါသည်။

အင်္ဂါဂြိုဟ်သည် သိမြင်ခံစားတတ်သော ဓါတ်မပါဝင်ပဲ ကြက်ခြေခတ် ပုံစံ ဖြစ်သော စိတ်နှင့် ရုပ်သည် အသက် ရှင်သန်မှု ဓါတ် အပေါ်တွင် တည်နေသည့် သဘောကို ဆောင်သည်။

ဗုဒ္ဓဟူးဂြိုဟ်သည် ဦးစွာပထမ သိမြင် ခံစားတတ်သော သဘော၊ ထို့နောက် အသက်ရှင်သန်မှုနှင့် ဘ၀ ရပ်တည်မှုတို့ကို အစီအစဉ် အတိုင်း ပေါင်းစပ်ထားသော သဘောကို ဆောင်သည်။

ကြာသပတေး ဂြိုဟ်သည် သိမြင်ခံစားတတ်သော ဓါတ်၊ စိတ်နှင့်ရုပ်တို့ ပေါင်းစပ်ထားသောဘ၀ ရပ်တည်မှု ယှဉ်တွဲ နေသည်ကို ပြဆိုသည်။


သောကြာ ဂြိုဟ်သည် ရှင်သန်မှု ဓါတ်သည် ဘ၀ ရပ်တည်မှု၏ အထက်တွင် တည်နေသည်ကို
ပြဆိုသည်။

စနေဂြိုဟ်သည် ကြာသပတေး ကဲ့သို့ပင်၊ စိတ်နှင့် ရုပ်တို့ ပေါင်းစပ်ထားသော ဘ၀ရပ်တည်မှုအား၊ သိမြင်ခံစားတတ်သော ဓါတ်က ယှဉ်တွဲ နေသည်ကို ပြဆိုသည်။ (ကြာသပတေး နှင့် စနေ၏ သင်္ကေတသည် အပြန်အလှန် ဖြည့်ဘက် ဖြစ်နေ၍၊ အင်္ဂါနှင့် သောကြာတို့သည်လည်း အပြန်အလှန် ဖြည့်ဘက် ဖြစ်ပါသည်။)

ဂြိုဟ်တို့၏ သွားလာလည်ပါတ်နေမှု

ဂြိုဟ်တို့၏သွားလာ လှည့်ပါတ်နေမှု Planetary Motion ဆိုသည်ကို ဟိန္ဒူသက္ကတ ဘာသာအားဖြင့် ဂရဟ စရ (တနည်း အားဖြင့် ဂြဟ စရ) ဟု ခေါ်သည်။ ဂရဟ (ဂြဟ) ဆိုသည်မှာ ဂြိုဟ်ကို ဆိုလို၍ စရ ဆိုသည် မှာ ရွေ့လျားသွားလာမှု ဖြစ်သည်။

နက္ခတ္တဗေဒ၏ အဓိက ပင်မကျမ်းကြီး ဖြစ်သော “ဗြို့ဟဇ်ဇာတက ပရသရ ဟောရသျှတ္တရကျမ်း” အရဆိုလျှင် ဂြိုဟ်တို့၏ သွားလာမှုကို အောက်ပါအတိုင်း ၈ မျိုး ဖော်ပြထားသည်။
• ၀ကျ - နောက်ပြန်သွားခြင်း။
• အနုဝကျ- နောက်ပြန် ပြန်သွားရာတွင်ကျော်ဖြတ်လာပြီးခဲ့သောရာသီသို့ ပြန်ရောက်သည့်တိုင်အောင် နောက်ပြန်သွားခြင်း။
• ၀ိကာလ- လှုပ်ရှားမှု သွားလာမှု မရှိခြင်း၊ ရပ်တန့်နေခြင်း။
• မန္ဒ- ပုံမှန်သွားလာ နှုန်းထက် ပို၍ နှေးကွေးစွာ သွားလာခြင်း၊
• မန္ဒတာရ- ယခင်က သွားလာခဲ့သည့် အမြန်နှုန်းထက် နှေးစွာသွားခြင်း။
• သာမ- ပုံမှန် သွားလာခြင်း၊ (မြန်မာ စကားလုံး “သာမာန်” သည် “သာမ”မှ ဆင်းသက်လာသည်။)
• စရ- ပုံမှန်ထက် ပိုမြန်စွာသွားခြင်း၊
• အတိစာရ- ရှေ့ရာသီကွက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ၀င်ရောက်သွားခြင်း။

၎င်းတို့ကို အနှစ်ချုပ် လိုက်သော် ဂြိုဟ်တို့အနေဖြင့်  ရှေ့သို့သွားခြင်း၊ ရပ်နေသကဲ့သို့ နှေးကွေးစွာသွားခြင်း၊ နှင့် နောက်ပြန်သွားခြင်း ဟု၍ ဆိုရပါမည်။ ဤနေရာတွင် ဂြိုဟ်တို့ အနေဖြင့် နောက်ပြန်သွားခြင်း ဆိုသည့်အချက်ကို ရှင်းပြလိုပါသည်။

ပထမဦးစွာ သိထားရမည်မှာ နေနှင့်လတို့သည် မည်သည့် အခါတွင်မှ နောက်ပြန် မသွားပါ။ ထိုနည်းတူ ရာဟုနှင့် ကိတ်တို့သည် ဂြိုဟ်မဟုတ်ပဲ ကမ္ဘာ၏ အီကွေတာ လမ်းကြောင်းနှင့် လပါတ်လမ်းကြောင်းတို့၏ ဖြတ်မှတ်တို့သာ ဖြစ်သဖြင့် အခြားဂြိုဟ်များ၏ ဆန့်ကျင်ဘက် အတိုင်း သွားနေသဖြင့်အချို့က ၄င်းတို့ကိုနောက်ပြန် သွားသည်ဟု ယူဆကြသည်။ အမှန်က ၄င်းတို့၏ ပုံမှန်သွားလာပုံကိုက ဆန့်ကျင်ဘက် သွားနေခြင်းဖြစ်သဖြင့် ယင်းကို နောက်ပြန် သွားသည်ဟု မယူဆသင့်ပါ။ အမှန်အားဖြင့် နေစကြာဝဠာ ရှိဂြိုဟ်တို့သည် ၄င်းတို့၏ ကိုယ်ပိုင်ဝင်ရိုး ပေါ်တွင် လည်ပါတ်နေယင်းမှပင် နေမင်းအား လှည့်ပါတ် သွားလာနေကြသည်။ လသည် ကမ္ဘာအား လည်ပါတ်နေလျှက် ကမ္ဘာနှင့်အတူ နေကို လှည့်ပါတ် နေသည်။

သို့သော် ရာသီခွင် စက်ဝိုင်းကြီးသည် ကမ္ဘာကို အလယ်ဗဟိုတွင်ပြု၍ ကမ္ဘာအား ဂြိုဟ်များက လည်ပါတ်နေသည့် အနေ အထားဖြင့် ရေးဆွဲထားသည်။ တစ်ဖန် ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် ၂၃း၂၇ တိမ်းစောင်း၍ လည်ပါတ် သည်ကိုလည်း သတိရပါ။ ထိုကြောင့် ကမ္ဘာအနေဖြင့် ကြည့်သော အခါ အချို့သော ဂြိုဟ်တို့သည် ရံဖန်ရံခါ နောက်ပြန် သွားသည့် အနေအထားဖြင့် မြင်ရသည်။ အထူးသဖြင့် နေနှင့် အနီးဆုံးဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်သည် မကြာခဏ နောက်ပြန်သွားသော ဂြိုဟ်ဖြစ်သည်။ (တနည်းအားဖြင့် နောက်ပြန် သွားသည်ဟု မြင်ရသော ဂြိုဟ်ဖြစ်သည်။)
သင်တန်းသားများ အလွယ် မြင်သာစေရန် အတွက်- အောက်တွင် ဖေါ်ပြထားသော ပုံကိုကြည့်ပါ။ ၁၂-
ရာသီ စက်ဝိုင်း တွင် ပုံမှန်ဂြိုဟ်များသည် မိဿ၊ ပြိဿ၊…. စသည်ဖြင့် နာရီလက်တံ ပြောင်းပြန် အတိုင်း
သွားသည်။ ခရမ်းရောင်ဖြင့် ပြထားသည်မှာ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်သည်။ ၄င်းသည် နေကိုလှည့်ပါတ်နေလျှက် နှင့် ၁၂-ရာသီ စက်ဝန်းအား ပတ်နေသည်။


ကမ္ဘာမှ ကြည့်နေပါက- အမှတ် (၁) (၂) (၃) (၄) အတိုင်း သွားနေသော အခါ ထိုဗုဒ္ဓဟူးဂြိုဟ်အား ပုံမှန်
အတိုင်း ရှေ့သို့ သွားနေသည်ဟု မြင်ရသော်လည်း အမှတ် (၅) မှ (၇) သို့သွားသောအခါ ထိုဂြိုဟ်အား နောက်ပြန် သွားနေသကဲ့သို့ မြင်ရသည်။တစ်ဖန် အမှတ် (၂) မှ (၃)သို့သွားသော အခါ အရှေ့သို့ လျှင်လျှင်မြန်မြန် သွားနေ သကဲ့သို့ ဖြစ်ပြီး အမှတ် (၄) မှ (၅) သို့သွားသောအခါ ထိုဂြိုဟ်အား ရပ်နေသကဲ့သို့ မြင်ရသည်။ သို့ဆိုလျှင် ဂြိုဟ်တို့ နောက်ပြန်သွားသည် ဆိုသည့် အနေအထားကို သဘောပေါက်နိုင်ပါပြီ။

ထိုနည်းတူ “ဗြို့ဟဇ်ဇာတက ပရသရ ဟောရသျှတ္တရကျမ်း” တွင် ဆိုထားသော ဂြိုဟ်တို့၏ ၈ မျိုးသည်
မည်သည်ကို ဖော်ပြနေသနည်း ဆိုသည်ကို အထက်ပုံမှ သရုပ်ဖော်ထားပြီး ဖြစ်နေပါပြီ။ အချို့သော ကျမ်းများတွင် ရှေ့သို့ကျားတစ်ကောင်ကဲ့သို့ ခုန်သွားသော ဗျဂ္ဃဇာကျင့်သော ဂြိုဟ်သည်အင်အား ရှိသည်။ နောက်ပြန် (၀ကျ) သွားသော ဂြိုဟ်သည် အင်အား မရှိဟု ဆိုကြသည်။ အမှန်အားဖြင့် နောက်ပြန်သွား နေသည်ဟု မြင်ရသော ဂြိုဟ်သည် ကမ္ဘာနှင့် အကွာအဝေး ပိုနီးလာသောကြောင့် ကမ္ဘာပေါ်တွင် ပို၍ လွှမ်းမိုးမှု ရှိသည့်အပြင် နိယတုံ ကျင့်သည် (ရပ်တန့်သည်) ဟုမြင်ရသော ဂြိုဟ်တို့သည် ၄င်းတို့၏အင်အားကို တစ်နေရာတည်းမှ ရပ်တည်၍ အင်အား လွှမ်းမိုးနိုင်ရန် ပို၍ အချိန်ရသောကြောင့် ကမ္ဘာပေါ်သို့ အင်အားသက်ရောက်မှု ပိုသွားသည်။ ဥပမာ အားဖြင့် သင်တန်းသားတစ်ယောက် အနေဖြင့် မှန်ဘီလူး တစ်ခုယူ၍ နေရောင် အောက်တွင် နေရောင်ခြည်ကို စုစည်းပြီး စက္ကူတစ်ရွက်ကို မီးရှို့ ကြည့်ပါ။ မှန်ဘီလူးကို ငြိမ်ငြိမ် ကိုင်ထားပြီး အပူဓါတ်ကို တစ်နေရာတွင် စုစည်းမှုက စက္ကူကို မီးလောင်စေမည်လား၊ သို့မဟုတ် စက္ကူပေါ်တွင် မှန်ဘီလူးကိုင်၍ လက်ကို ဟိုဟို ဒီဒီ ရွှေ့ပြောင်းနေခြင်းက စက္ကူကို မီးလောင်စေမည်လား၊ ဆိုသည်ကို ကိုယ်တွေ့ မြင်ရပါမည်။

ဤနေရာတွင်  အလျှင်းသင့် သဖြင့် “ဇာတက ပရိဇာတ” ကျမ်းလာ အချက် အချို့ကို ဖော်ပြပါမည်။ အခန်း (၂)၊ အပိုဒ် ၃၇-တွင် - သောကြာ၊ ဗုဒ္ဓဟူး၊ အင်္ဂါ၊ ကြာသပတေးနှင့်၊ စနေတို့သည် နောက်ပြန် သွားကြသောအခါ သို့မဟုတ် တနင်္လာဂြိုဟ် (လ) နှင့် ပူးသော အခါ စစ်အောင်မြင်ကြသည်။ (ဂြိုဟ်အချင်း
အချင်း အင်အားပြိုင်သော စစ်ကို ဆိုခြင်း ဖြစ်သည်။)

အခန်း (၂)၊ အပိုဒ် ၆၃-တွင် အင်္ဂါသည် ၄င်းပိုင်သော အင်္ဂါနေ.တွင်၊ သူပိုင်သော န၀င်းရာသီ တွင်၊ သူပိုင်သော ၀ဂ္ဂစက် တွင်၊ မိန်ရာသီ၊ ဗြိစ္ဆာရာသီ၊ ကုမ်ရာသီ၊ မကာရ ရာသီ၊ မိဿ ရာသီ၊ တို့၌ ညအချိန် ကာလဖြစ်ပြီး နောက်ပြန်သွားနေသော် (၄င်းသည် လဂ်မှ ၁၀-တန့်တွင်တည်၍ ၄င်းသည် “ကာတက ဂြိုဟ်” လည်းဖြစ်သော်)  လွန်စွာ အင်အားရှိလျှက် ဇာတာရှင်အား အိုးအိမ်၊ ဥစ္စာ ပိုင်ဆိုင်မှု ပေးသည်။

အခန်း (၂)၊ အပိုဒ် ၆၆-တွင် သောကြာသည် ၄င်းအနေဖြင့် ဥုစ်ရသော ရာသီတွင်၊ ၄င်းပိုင်သော သောကြာနေ့တွင်၊ လဂ်မှ နေ၍ ၆ တန့်၊ ၁၂-တန့်၊ ၃-တန့်-နှင် ၄-တန့်.ဘာဝတို့တွင် ဖြစ်ပြီး၊ ရာသီအိမ်၏ အလည် တွင် နေလျှက်၊ နေ့လည် မွန်းလွဲပိုင်းတွင်၊ လ-နှင့် ပူးယှဉ်လျှက် နောက်ပြန်သွားနေပါက ကျက်သရေမင်္ဂလာ ရှိသည်။

အခန်း (၂)၊ အပိုဒ် ၆၇-တွင် စနေသည် တူ၊ မကာရ၊ ကုမ် ရာသီတို.တွင် လဂ်မှ ၇-တန့် နေလျှက်၊ ၄င်းပိုင် ၀ဂ္ဂစက်၊ ၄င်းပိုင် စနေ နေ့နှင့် ဒဿာ တွင် ရာသီ တစ်ခု၏ အဆုံးပိုင်းတွင် နေလျှက်- လ-ဆုတ်ကာလတွင်
အင်အား လွှမ်းမိုးနိုင်စွမ်း ရှိသည်။

အထက်ဖေါ်ပြပါ အချက်များတွင် မည်သည့် အချက်ကမျှ နောက်ပြန်သွားသော ဂြိုဟ် အင်အားနည်း
သည်ဟု မဆိုထားပါ၊ အခြားသော အချက်များစွာ ရှိသေးသော်လည်း ယခု သင်ခန်းစာနှင့် မသက်ဆိုင်သေး
သဖြင့် ဤနေရာတွင် မရှင်းပြတော့ပါ။ သင်တန်းသားတို့ အနေဖြင့်လည်း အထက်ပါ ရှင်းပြချက်ကို သဘောပေါက်မည် ဆိုလျှင် MOTAA စနစ်၏ ဥပဒေသ တစ်ခု ဖြစ်သော ဂြိုဟ်တစ်ခု၏ ကိုယ်ပိုင် အင်အား နည်းပါးမှုသည် နောက်ပြန် သွားခြင်း ဖြင့် မသက်ဆိုင်သည် သာမက ထိုသို့ နောက်ပြန်သွားခြင်းသည် ကမ္ဘာနှင့် လူသားတို့ အပေါ်တွင် ပို၍ပင် လွှမ်းမိုးမှု ရှိနိုင်သည် ဆိုသော အချက်ကို နားလည် ပါလိမ့်မည်။ (နောက်ပြန်သွားသော ဂြိုဟ်ကို မိုးတား ဇာတာပုံစံ တွင် “R” ထည့်၍ ဖေါ်ပြပါသည်။)

ဂြိုဟ်တို့သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း သွားလာ နေမှုတို့ကြောင့် ဂြိုဟ်တို့၏ သွားလာနှုန်းကို တိုင်းတာ တွက်ချက်ရာတွင် ပုံသေ နည်း အလွယ်ဖြင့် တွက်ချက်၍ မရပဲ ခက်ခဲစွာ တွက်ယူ ရသည်ကို
သံဒိဌ ပြက္ခဒိန် တွက်တတ်သူများ နားလည် ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် တစ်နေ့လျှင် မည်မျှသွားသည်၊
တစ်နှစ်လျှင် မည်မျှ သွားသည် ဆိုသော အောက်တွင် ဖော်ပြထားသော ဇယားပါ တန်ဘိုးများသည် အကြမ်းဖျင်း ခန့်မှန်းနိုင် ရုံမျှသာ ဖြစ်၍ အသေအချာ သိနိုင်ရန်မှာမူ ဂြိုဟ်သွား ပြက္ခဒိန်ဖြင့် ဖြစ်စေ၊ ကွန်ပျူတာ ပရိုဂရမ်များဖြင့် ဖြစ်စေ တွက်မှ ရမည် ဖြစ်ပါသည်။ အောက်တွင် ဖေါ်ပြထားသော ဇယားတွင် သင်တန်းသားများအနေဖြင့် နောက်အသုံးတည့်လာရန်အတွက် ဂြိုဟ်များ သာမက လဂ်၏ အကြမ်းဖျဉ်း သွားနှုန်းကိုပါ ထည့်သွင်း ထားပါသည်။ ထို့အပြင် အနောက်တိုင်း ပညာတွင် အသုံးပြုသော ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတိုတို့ကိုပါ ထည့်သွင်း ဖေါ်ပြပေးထားပါသည်။

2 comments:

အုပ်စိုး said...

ဒီပို့စ်ကိုတော့ ခင်ဗျားရေးခဲ့သမျှထဲမှာ အတော်ကြိုက်တယ်။ ဂြိုဟ်တွေရဲ့ သင်္ကေတကို ရှင်းပြတာကိုလည်း အတော်လေး သဘောကျတယ်ဗျာ။ တခါမှ မတွေ့ဖူးဘူး။

ဆက်ရေးပါဗျာ။ အားပေးနေတယ်။

ခင်မင်စွာဖြင့်
အုပ်စိုး

ကိုပခန်း said...

ကျွန်တော်မသိသေးတာတွေ အများကြီးရှိသေးကြောင်း ဒီလိုပို့စ်တွေကတဆင့် ဆရာနျူမာန်က ထောက်ပြနေသလိုပါပဲ အစ်ကို။

ဒါ့ကြောင့်လည်း ဒါတွေ ကူးယူဖေါ်ပြခွင့် တောင်းခဲ့တာပါ။ စာစဉ် (၁) ကို တင်ပြခွင့်ရပါတယ်။ ဆက်လက်လိုက်စားလိုရင်တော့ သင်တန်းယူမှ ဖြစ်မယ်အစ်ကိုရေ။

ညီကတော့ ဆရာနျူမာန်နဲ့ ဆုံရတာ၊ ဆရာတင်ခွင့်ရတာ အင်မတန်အားတက်မိပါတယ်။

ကိုပခန်း

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။