အရှေ့တိုင်းနှင့်အနောက်တိုင်းပညာ (၂)

MOTAA – Astrology Course (Level-1) 

 အရှေ့တိုင်းနှင့်အနောက်တိုင်းပညာ ကွာခြားမှုများ

ကွာခြားချက် (၃) ဘာဝ တို့၏ အစမှတ်နှင့် ဘာဝတို့၏ အတိုင်းအတာ ယူဆပုံ

အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း လဂ်ကို တွက်ချက်ရာတွင် ကွာခြားသွား သကဲ့သို့- ဘာဝ တို့၏ အတိုင်းအတာတို့ကို ယူဆရာတွင်လည်း အနောက်တိုင်းနှင့် အရှေ့တိုင်းတို့အနေဖြင့် ထင်ရှားစွာ ကွာခြားသွားပြန်သည်။ အရှေ့တိုင်း ဝေဒပညာတွင် လဂ်သည် ၁-တန့်ဘာဝ၏ အလယ်မှတ် အနေဖြင့် ယူဆသော်လည်း အနောက်တိုင်း ပညာရှင်တို့သည် လဂ်သည် ၁-တန့်ဘာဝ၏ အစ အနေဖြင့် ယူဆသည်။ ထို့နောက် အရှေ့တိုင်း စနစ်တွင် ၃၆၀ ဒီဂရီ ရှိနေသော ၁၂-ရာသီ စက်ဝန်းကြီးအား အပိုင်း ၁၂-ခု အညီ အမျှ ပိုင်းလိုက်ပြီး ဘာဝ တစ်ခုစီအား တပိုင်းစီ (၃၀ ဒီဂရီ) ဖြင့် တွက်လိုက်သည်။ ထို့ကြောင့် လဂ်၏ ဘယ်ညာ ၁၅-ဒီဂရီ သည် လဂ် ခေါ် ၁-တန့်ဘာဝ ပိုင်သော နေရာဖြစ်၍၊ အခြားသော ၂-တန့်၊ ၃-တန့် စသည်တို့ကိုလည်း၊ တစ်ဆင့်ခြင်း ဆက်တွက် သွားသဖြင့် ဘာဝ ခေါ် အတန့်များ တွက်ချက်ရာတွင် အရေ့တိုင်း နည်းမှာ လွန်စွာရှင်းလင်း လှသည်။

သို့သော် အနောက်တိုင်း နည်းစနစ်တွင် ဘာဝ တွက်ချက်ရာတွင် လွန်စွာ အဆင့်မြင့် ရှုပ်ထွေးလှသည်။
အနောက်တိုင်း နည်းစနစ် အချို့သည်- တည်နေရာ ဒေသ၏ လတ္တီတွဒ် ပေါ်တွင် မူတည်၍ ဘာဝ
တို့အနေဖြင့် အညီအမျှ မရှိနိုင်ဟူသော သဘောတရားဖြင့် အဆင့်မြင့် ထြီဂို နိုမေတြီ များဖြင့် တွက်ချက်
ထားခြင်း ဖြစ်ရာ ဇာတာ တစ်စောင်ကို အနောက်တိုင်း နည်းဖြင့် တွက်ပါက ဘာဝများ တွက်ချက်ရာတွင်
အဆင့်များစွာ ပိုလာသည်။


အောက်တွင် ဖေါ်ပြထားသည်မှာ ထင်ရှားသော အနောက်တိုင်း ဘာဝတွက်နည်း များပင်ဖြစ်သည်။

• Porphyry - ဘာဝ စနစ်။
• Alchabitius - ဘာဝ စနစ်။
• Regiomontanus - ဘာဝ စနစ်။
• Placidus - ဘာဝ စနစ်။
• Campanus - ဘာဝ စနစ်။
• Koch - ဘာဝ စနစ်။

Porphyry - ဘာဝ စနစ်

အနောက်တိုင်း ဘာဝစနစ်များတွင် အစောဆုံး ပေါ်ထွက်လာသည့် နည်းစနစ် ဖြစ်ပြီး၊ ဂရိ ပညာရှင်ကြီး
ပေါ်ဖီရိ တိုင်းရို့စ်အား ဂုဏ်ပြု အမည်ပေးထားသော်လည်း ၄င်းအား ဖေါ်ထုတ်ခဲ့သူမှာ ၂-ရာစုကာ အနောက်တိုင်း နက္ခတ္တပညာရှင် ဗက်တီယက် ဗေလင် ဆိုသူ ဖြစ်သည်။ ၄င်းရေးသား သော တတိယမြောက် စာအုပ် ထိုနည်းကို ဖေါ်ပြ ထားခဲ့သည်။
နေသွားလမ်းကြောင်းအား အပိုင်း ၄ ပိုင်း ပိုင်းခြားပြီး ၄င်းတို့  တစ်ပိုင်းစီအား အညီအမျှ ၃-ပိုင်းစီ
ပိုင်းခြား ခြင်းဖြင့် ဘာဝ ၁၂-ခု ရလာအောင် တွက်ချက်သော နည်းဖြစ်သည်။

Alchabitius - ဘာဝ စနစ်။

၁၀-ရာစုတွင် ပေါ်ထွန်း လာခဲ့ပြီးနောက်- Porphyry - ဘာဝ စနစ် အား အစားထိုးလာခဲ့သော နည်းစနစ်
ဖြစ်ပြီး- Placidus စနစ်၏ ကနဦး နည်း ဖြစ်သည်။ ၄င်း၏ နောက်တွင် ပေါ်လာသော Regiomontanus မတိုင်မီအထိ ဥရောပ တွင် အသုံးပြုသော နည်းဖြစ်သည်။

Regiomontanus - ဘာဝ စနစ်

၁၅-ရာစု တွင် ပေါ်ထွန်းခဲ့သော ဂျာမာန် လူမျိုး အာကာသ နက္ခတ္တပညာရှင် လည်းဖြစ်၊ သင်္ချာ ပညာရှင်လည်း ဖြစ်၊ နက္ခတ် ဗေဒင် ပညာရှင်လည်း ဖြစ်သော ဂျိုဟန် မူလား ၏ ကလောင် အမည်
Regiomontanus ကို အစွဲပြု ထားသော နည်းစနစ် ဖြစ်သည်။ နောက်ပိုင်းတွင် ၄င်း၏ နည်းကို Placidus စနစ်မှ လွှမ်းမိုးသွားခဲ့သည်။

Placidus - ဘာဝ စနစ်

၁၆၈၈ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ပြီးနောက်- Placidean Tables of Houses ခေါ် ဘာဝ ကောက်ကိန်း
ဇယားများ ပေါ်လာကာ- တကမ္ဘာလုံးကို လွှမ်းမိုးသွားခဲ့ သော နည်းစနစ် ဖြစ်သည်။ ခရစ်သျှနား မူရတီး K.P စနစ်သည်- အနောက်တိုင်း နည်းစနစ် ဖြစ်သော Placidus - ဘာဝ စနစ်ကို အသုံးပြုသည့် နည်း ဖြစ်သည်။ တည်နေရာ၏ လတ္တီတွဒ် တန်ဘိုး ပေါ် မူတည်၍ ဘာဝ တို့သည် အကျဉ်းအကျယ် ကွာခြားသွားသည်။

အီကွေတာ အနားတွင်ရှိသော ဒေသများ အတွက်- ဘာဝ တို့သည် အညီအမျှ နီးပါး ရှိသော်လည်း ကမ္ဘာ၏
မြောက်ဘက်စွန်းကျသော ဒေသများအတွက်မူ အချို့ဘာဝများသည် အလွန်ကျဉ်းသွား၍ အချို့ဘာဝ
များသည် အလွန်ကျယ် သော စနစ်ဖြစ်သည်။ ဤစနစ်သည် အနောက်တိုင်း နက္ခတ္တပညာ တွင် အသုံးအများဆုံး နည်းစနစ် ဖြစ်သည်။ သို့သော်လည်း မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်း စသော လတ္တီတွဒ် တန်ဘိုး ၆၆ ဒီဂရီ ထက်ပိုသော ဒေသ များတွင်မူ- ဘာဝ တို့ကို တွက်ရန် မဖြစ်နိုင်တော့၍ ဤဒေသ များအတွက်မူ ပြဿနာ ရှိနေသော စနစ်ဖြစ်သည်။

Campanus - ဘာဝ စနစ်

၁၃-ရာစုတွင် ပေါ်ထွန်းခဲ့သော အီတလီ လူမျိုး - အာကာသ နက္ခတ္တပညာရှင်၊ သင်္ချာ ပညာရှင်၊ နက္ခတ်
ဗေဒင် ပညာရှင်လည်း ဖြစ်သော ဂျိုဟန် ကန်ပန်နက်စ် ကို အစွဲပြု၍ သုံးစွဲသော နည်းစနစ်ဖြစ်သည်။

Koch - ဘာဝ စနစ်

ဂျာမာန် လူမျိုး နက္ခတ်ဗေဒင် ပညာရှင် ဖြစ်သူ ဝေါ်လ်တာ ကို့ခ်ျ မှ ဖေါ်ထုတ်သော ပို၍ ရှုပ်ထွေးသည့်
Placidus - ဘာဝ စနစ် ဖြစ်သည်။ ၁၉၆၄-ခုနှစ်တွင် - စတင် ဖေါ်ထုတ်ပြီးနောက်- ကောဇာ ဟောပြော
ချက်များတွင် တိကျမှု ရှိလှသဖြင့် ဗေဒင် ပညာရှင် များ အကြားတွင် ရေပန်းစားပြီး- အမေရိကန်တွင်
အသုံးများသော နည်းစနစ် ဖြစ်သည်။

ကွာခြားချက် (၄) ရာဟု၊ ကိတ်နှင့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို၊

ဤသည်မှာလည်း- အရှေ့တိုင်းနှင့် အနောက်တိုင်း နက္ခတ်ပညာတို့၏ ကွာခြားချက် ပင်ဖြစ်သည်။
အရှေ့တိုင်း နက္ခတ်ပညာ တွင် ရာဟု၊ ကိတ် တို.ကို အရေးပါ သော အခန်းကဏ္ဍမှ တွက်ချက်သော်လည်း
အနောက်တိုင်း ပညာတွင် ၄င်းတို့အား အရေးမထားပဲ၊ ၄င်းတို့ အစား အရှေ့တိုင်း မှ ထည့်မတွက်သော ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို တို့ကို ထည့်တွက်ခြင်း ကို တွေ့ရသည်။
အမှန်အားဖြင့် အနောက်တိုင်း ပညာရှင်များ အနေဖြင့် ပကတိ ဂြိုဟ် စင်စစ်မဟုတ်သော ရာဟုနှင့် ကိတ်
(၄င်းတို့သည် အမှန်အားဖြင့် ကမ္ဘာ၏ နေပါတ် လမ်းကြောင်း နှင့် လ သွားလမ်းကြောင်း တို့ ၏ ဖြတ်မှတ်သာဖြစ်သည်။) တို့ကို ဂြိုဟ်အဖြစ် လက်ခံ ရန် ငြင်းဆိုထားကြသည်။ သို့သော်လည်း ၄င်းတို့သည် မကြာ သေးခင်ကာလ (၁၈-ရာစုနှင့် ၂၀) ရာစု ကြာမှ တွေ့လာခဲ့ရသော ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို တို့ကို နှစ်ထောင်ပေါင်း များစွာကပင် ပေါ်ပေါက်လာခဲ့သော နက္ခတ္တ ဗေဒင်ပညာ တွင် ထည့်သွင်းလိုက်ကြသည်။

ကွာခြားချက် (၅) ဂြိုဟ်အမြင်များ

ဂြိုဟ်တို့သည် မိမိရပ်တည်ရာမှ အခြားဂြိုဟ်များပေါ်၊ အခြားသော ဘာဝ အတန်.များပေါ်သို့ အင်အား
လွှမ်းမိုး ကြရာတွင်လည်း အနောက်တိုင်းနှင့် အရှေ့တိုင်းတို့ ကွာခြား ကြပြန်ပါသည်။ အရှေ့တိုင်း နည်းအရ ဂြိုဟ် အမြင်ကို ဂရဟ ဒြိထိ ဟုခေါ်၍ ၊ အနောက် တိုင်း စကားလုံး အရ (Planetary Aspect) ဟုခေါ်သော ဂြိုဟ်အမြင် ယူဆချက်ကို နှိုင်းယှဉ်ကြရာတွင် အရှေ့တိုင်းနည်း တွင်လည်း အပြည့်မြင် မဟုတ်သော အမြင်များ ရှိနေသော်လည်း ရှုပ်ထွေးသွား မည်ဖြစ်သဖြင့် အပြည့်မြင် များကိုသာ ဖေါ်ပြပါမည်။
(မှတ်ချက်- ဂြိုဟ်ပူးခြင်း၊ Conjunction သည် စနစ် ၂-ခုစလုံးတွင် အတူတူပင် ဖြစ်သဖြင့် ဂြိုဟ်မြင်ခြင်း၊
Planetary Aspect ကိုသာ နှိုင်းယှဉ် ဖေါ်ပြပါမည်။)

အရှေ့တိုင်း နည်းအရ- ဂြိုဟ်တိုင်းသည် မိမိရပ်တည်ရာနှင့် ဆန့်ကျင်ဘက် တည့်တည့် ဖြစ်သော ၇-တန့်
အနေအထား၊ (၁၈၀ ဒီဂရီ) တွင် တည်သော အခြားဂြိုဟ်၊ ဘာဝ အတန့်တို့ကို မြင်သည်။ (ဂြိုဟ် အမြင်များနှင့် ဆိုင်သော အခန်းတွင် အသေးစိတ် ဖေါ်ပြပါမည်။)
သို့သော် အထူးအမြင် များအနေဖြင့်-

• အင်္ဂါသည်- ၇-တန့်သာမက- ၄-တန့်နှင့် ၈-တန့်ကို မြင်သည်။ (၁၈၀-ဒီဂရီ၊ ၉၀-ဒီဂရီ၊ ၂၁၀-ဒီဂရီ)
• ကြာသပတေး၊ ရာဟုနှင့် ကိတ်တို့သည် - ၇-တန့်သာမက-၅-တန်.နှင့် ၉-တန့်ကို ပါ မြင်သည်။ (၁၈၀-ဒီဂရီ၊ ၁၂၀-ဒီဂရီ၊ ၂၄၀-ဒီဂရီ)
• စနေသည် - ၇-တန့်သာမက-၃-တန့်နှင့် ၁၀-တန့်ကိုပါမြင်သည်။ (၁၈၀-ဒီဂရီ၊ ၆၀-ဒီဂရီ၊ ၂၇၀-
ဒီဂရီ)


အရှေ့တိုင်း နည်းတွင် မည်သည့် အမြင်သည် အကောင်းမြင်၊ မည်သည့် အမြင်သည် အဆိုးမြင် ဟူ၍ သတ်မှတ် မထားပါ။ မြင်သော ဂြိုဟ်က ကောင်းလျှင် ကောင်းသော အမြင် ဖြစ်မည်။ မြင်သော ဂြိုဟ်က ဆိုးလျှင် ဆိုးသော အမြင် ဖြစ်မည်။
အနောက်အတိုင်း ဂြိုဟ်မြင်များကို ကြည့်ပါမူ ဂြိုဟ်တိုင်းသည် အဓိက အမြင်များ Major Aspect နှင့် သာမည အမြင် များ Minor Aspect ဟု ၍ရှိသည်။
အဓိက အမြင်များ (Major Aspect) - ဂြိုဟ်များသည်- ၄င်းတို့တည်နေရာမှ-

• Opposition -ဆန့်ကျင်ဘက် ၁၈၀ ဒီဂရီ ကို အမြင်ပြုသည်။ (၇-တန့်) (အဆိုးမြင်)
• Trine- ၁၂၀-ဒီဂရီကို အမြင်ပြုသည်။ (၅-တန့်) (အကောင်းမြင်)
• Square- ၉၀-ဒီဂရီကို အမြင်ပြုသည်။ (၄-တန့်) (အဆိုးမြင်)
• Sextile- ၆၀-ဒီဂရီကို အမြင်ပြုသည်။ (၃-တန့်) (အကောင်းမြင်)


သာမည အမြင် များ Minor Aspect ဂြိုဟ်များသည်- ၄င်းတို့တည်နေရာမှ-
• Inconjunct- ၁၅၀-ဒီဂရီကို အမြင်ပြုသည်။ (၆-တန့်) (အဆိုးမြင်)
• Quintile- ၇၂-ဒီဂရီကို အမြင်ပြုသည်။ (အကောင်းမြင်)
• Semi-Sextile ၃၀-ဒီဂရီကို အမြင်ပြုသည်။ (၂-တန့်) (အဆိုးမြင်)
• Semi-Square - ၄၅-ဒီဂရီကို အမြင်ပြုသည်။ (အဆိုးမြင်)
• Sesquiquadrate - ၁၃၅-ဒီဂရီကို အမြင်ပြုသည်။ (အဆိုးမြင်)

အထက်တွင် မြင်ရသည့် အတိုင်း- အရှေ့တိုင်းနှင့် အနောက်တိုင်း တို့သည်- ဂြိုဟ် အမြင်နှင့် ပါတ်သက်၍
မတူသော သဘောထား ရှိနေသည်ကို တွေ့ရပါသည်။ သို့သော်လည်း သတိထားကြည့်ပါမူ အနောက်တိုင်း၏ အဓိက အမြင်များသည် အရှေ့တိုင်း အမြင်များနှင့် သဘောအားဖြင့် လွန်စွာ ကွာခြားမှု မရှိသည်ကို တွေ့နိုင်ပါသည်။

အရှေ.တိုင်းနှင့် အနောက်တိုင်း တို.၏ တူညီချက်များ

အနည်းငယ်ကွာခြားသည် မှလွဲ၍ အရှေ့တိုင်းနှင့် အနောက်တိုင်း စနစ်တို့တွင် အောက်ပါအချက်တို့သည် ထူးခြားစွာ ကိုက်ညီမှု ရှိနေကြသည်ကို တွေ့ရပါသည်။ ၄င်းသဘာဝ တို့ကို နောက်ပိုင်း သင်ခန်းစာတွင် ဆက်လက် ရှင်းပြမည် ဖြစ်သဖြင့် ဤနေရာတွင် အကျယ် မချဲ့တော့ပါ။

• တူညီချက် (၁) ရာသီ တို့၏ သဘာဝ၊
• တူညီချက် (၂) ဂြိုဟ် တို့၏ သဘာဝ၊
• တူညီချက် (၃) ဘာဝ တို့၏ သဘာဝ၊
• တူညီချက် (၄) ဂြိုဟ်တို့မှ ရာသီ တို့အား ပိုင်ဆိုင်ခြင်း၊
• တူညီချက် (၅) ဂြိုဟ်တို့၏ ဥုစ်ရခြင်း၊ နိစ်ရခြင်း။

နှိုင်းယှဉ် သုံးသပ်ချက်။ သင်တန်းသား တစ်ဦး အနေဖြင့်- ယခု အထိ ဖတ်လာခဲ့ပြီးနောက်တွင်- မည်သည့် အချက်ကို သဘောပေါက် လာပါသနည်း။
ထပ်သိလာသော အတွေးအခေါ်ပညာ၊ သင်္ချာပညာ တို့ကို အချိန်နှင့် အမျှ- ပညာရှင် တစ်ဦးပေါ်လာလျှင် ပေါ်လာသလို နောက်ထပ် ဆင့်ကဲ၍ ထည့်သွင်းလာသော သဘောမှလွဲလျှင် အရှေ့တိုင်းနှင့်
အနောက်တိုင်းတို့သည် လုံးဝမတူညီသော သီးခြားပညာများ မဟုတ်ကြပါ။ သို့သော်လည်း အရှေ့တိုင်း
ပညာတွင်ပင်လျှင် ပရာသျှရ ဆရာရသေ့၏မူ၊ ၀ရဟိမိရ ဆရာ ရသေ့၏မူ စသည်ဖြင့် အနည်းငယ် ကွဲလွဲမှုများ ရှေးယခင် တည်းကပင် ရှိလာခဲ့သလို နောက်ပိုင်းတွင် ဒဿာကို နည်းမျိုးစုံဖြင့် ထပ်ထွင်ခဲ့ကြသဖြင့် ဒဿာမူကွဲများ အမျိုး (၆၀) အထိပင် ရှိလာခဲ့သည်။ ထိုအထဲတွင် မြန်မာပြည်မှ ထပ်ထွင်သော အာယုစန်းနည်း၊ ရတနာပုံ နက္ခတ်၊ တိုင်ဆယ်ပါး စသည် တို့မပါသေးပါ။ ဤသည်မှာနက္ခတ္တပညာတစ်ခုတည်းပင် ရှိသေး၍ နောက်သောအခါ ခက်ခဲသော ဇာတာကို ဖွဲ့မည့် အစား အလွယ်တကူ တွက်နိုင်သော နည်းတိုများပေါ်ပေါက်လာခြင်း မပါသေးပေ။


မည်သည့် စနစ်က ပိုကောင်းသနည်း

 ဤမေးခွန်းသည် ရာစုနှစ်ပေါင်းများစွာ မေးလာခဲ့သော မေးခွန်း၊ ပညာရှင်များ တစ်ဦးနှင့် တစ်ဦး အခြေ
အတင် ငြင်းခုံခဲ့ရသော မေးခွန်းဖြစ်သည်။ “နိယာယန မူ” တနည်းအားဖြင့် Sidereal Zodiac ကို သုံးစွဲသော ဟိန္ဒူ ပညာရှင်များက ၄င်းတို့၏မူသည် မဟာဗြဟ္မာမှ ဝေဒကျမ်းများကို ချပေးသော မူဖြစ်ပြီး နှစ်ထောင်ပေါင်း များစွာ အပြောင်းအလဲ မရှိ (အချို့သော အချက် အနည်းငယ်မှ အပ) သော မူနည်းစနစ် ဖြစ်သောကြောင့် ၄င်းတို့၏ အရှေ့တိုင်း ဝေဒနည်း နိယာယန မူသာလျှင် ဗေဒင် အစစ်အမှန် ဖြစ်သည်။ အနောက်တိုင်း မူသည်  တစ်ချိန်က အနောက်တိုင်းတွင် ဗေဒင် လိုက်စားသူများအား စုန်း အတတ်၊ မှော်အတတ် လုပ်သူများ အနေဖြင့် သတ်မှတ်ပြီး နှိပ်ကွပ်ခဲ့သောကြောင့် ပျောက်ဆုံး မတတ် ဖြစ်သွားပြီး နောက်မှ ပြန်ပေါ်လာခဲ့ပြီး ထိုသို့ ပေါ်လာရာတွင်လည်း သိပ္ပံတွေ့ရှိချက်၊ သင်္ချာ တွေ့ရှိချက်များကို အဆက်မပြတ် ထည့်သွင်းလာခြင်းကြောင့် စစ်မှန်မှု နည်းပါးပြီး မတိကျသော မူဟု၍ ချေပ ကြသည်။
သို့သော်- အနောက်တိုင်းနည်း “သာယန မူ” (Tropical Zodiac) မူသည်လည်း ယုတ္တိကျသော အချက်အလက် များရှိနေခြင်း၊ ကမ္ဘာကျော် အနောက်တိုင်း နက္ခတ် ပညာရှင်ကြီးများ ပေါ်ပေါက်ခဲ့ ခြင်းမှာ မိမိကိုယ်မိမိ ကြော်ညာ၍ ထင်ရှားလာခြင်း မဟုတ်ပဲ၊ အဆင့် မြင့်မားသော ဥာဏ်ပညာ၊ သင်္ချာပညာ၊ နက္ခတ်ပညာတို့ကို အသုံးပြု၍ သုတေသနများ၊ လက်တွေ့ တိကျသော အဖြေများကို ပေးနိုင်သော မူ ဖြစ်သောကြောင့် အနောက်တိုင်း မူကိုလည်း အထင်မသေး အပ်ပါပေ။

ဆရာ နျူမာန် ကိုယ်တွေ့ အရလည်း မိတ်ဆွေ ဖြစ်သူ ဘရာဇီး နိုင်ငံမှ အနောက်တိုင်း နက္ခတ် ပညာရှင်
တစ်ဦးသည် ၄င်းသုံးစွဲနေကြ အနောက်တိုင်း နည်းစနစ်ဖြင့်ပင် အလွန်တိကျသော အဖြေများကိုများစွာသော အိန္ဒိယ နက္ခတ်ပညာ ထက်သာလွန်စွာ ဟောပြော နိုင်ခြင်းကြောင့် အနောက်တိုင်း စံနစ် ကို အထင်မသေး နိုင်ပါ။
မည်သည့် နည်းစနစ်မဆို သက်ဆိုင်ရာ အလိုက် အားသန်ချက်၊ အားနည်း ချက်များ ရှိနေ တတ်သဖြင့်၊ နက္ခတ်ပညာ ရှင်တစ်ဦးသည်- မိမိသုံးစွဲသော နည်းစနစ်၏ နောက်ကွယ်မှ- လျှို.၀ှက်ချက် အဓိပ္ပါယ်များကို
နားလည် သဘောပေါက်ထားခြင်း ဖြင့်- အခြား နည်းစနစ်များကို လည်း ကဲ့ရဲ့ စရာမလိုပဲ မိမိ၏ နည်းစနစ်ကို ပိုမိုကျွမ်းကျင် မှုကသာ အဓိက ကျသည်ကို တွေ့ရပါသည်။ ဥပမာ- အချက်တစ်ခု အနေဖြင့် ပြောရမည် ဆိုလျှင် အရှေ.တိုင်း နက္ခတ်ပညာသည် ဖြစ်လာမည့် ဖြစ်ရပ်များပေါ်တွင် ပိုမိုမှန်သော အားသန်ချက် ရှိပြီး၊ အနောက်တိုင်းနက္ခတ်ပညာ သည် ဇာတာရှင်၏ စိတ်နေ သဘောထား၊ စရိုက်သဘာဝ တို့အပေါ်တွင် ပို၍ အားသန်ချက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း အနောက်တိုင်း နက္ခတ်ပညာကို စိတ်ပညာနှင့် ဆိုင်သော နက္ခတ်ပညာ Pshcyological Astrolgy ဟု အချို့က ခေါ်၍ အရှေ့တိုင်း ပညာကို ဖြစ်ရပ်နှင့် ဆိုင်သော နက္ခတ်ပညာ ဟု ခေါ်သည်။ အချို့ကမူ အရှေ့တိုင်း နက္ခတ်ပညာသည် အဆိုးကို ပို၍ ဦးစားပေး ဟောပြောသည်ဟုပင် ဆိုစမှတ် ပြုကြပါသည်။ ပို၍ ရှင်းအောင် ပြောပါဦးမည်။ ဥပမာ-အားဖြင့် လူတစ်ယောက် အား ကားတိုက်သည် ဆိုပါစို့- အရှေ့တိုင်း နက္ခတ်သဘောအရ ထိုသူ၏ ကံကြမ္မာတွင် ဂြိုဟ်ဆိုးများ လွှမ်းမိုးသောကြောင့်- အတိတ်ဘ၀ က အကုသိုလ်ကံ အကျိုးပေးခွင့်ရလာပြီး- သူ၏ ကိုယ်ခန္ဓာကို ထိခိုက်စေသော အနေအထား များရှိသောကြောင့်- ထိုသူအား ကားတစ်စီးမှ ၀င်တိုက်ခြင်း ဖြစ်သည်ဟု မြင်ရသလို အနောက်တိုင်း နက္ခတ်ပညာ အားဖြင့် ထိုသူ၏ စိတ်အား ဂြိုဟ်ဆိုးများက လွှမ်းမိုးထားသဖြင့် စိတ်သည် ရှုပ်ထွေး နေပြီး မိမိ၏ အခြေအနေ ကားလမ်း အခြေအနေကို သိရှိရန် မဖြစ်နိုင်သဖြင့်- ထိုသူအား ကားတိုက်ရခြင်း ဖြစ်သည်ဟု သတ်မှတ် ပါသည်။ (မှတ်ချက်- ယေဘူယျ အချက်သာ ဖြစ်ပါသည်။) ထို့ကြောင့် အရှေ့တိုင်း- အနောက်တိုင်းသည် ဦးစားပေးမှု ကွာခြားသော်လည်း ဖြစ်ရပ်တစ်ခု၏ ဖြစ်နိုင်ချေကို ဆွဲငင် သုံးသပ်မှုမှာ သူ့နည်းဖြင့် သူ မှန်နေကြသည်သာ ဖြစ်ပါသည်။ MOTAA အနေဖြင့်မူ နက္ခတ္တ ပညာ၏ မူရင်းလည်းဖြစ်၊ ပို၍ ခိုင်မာသော စနစ်လည်း ဖြစ်သော “နိယာယနမူ” တနည်းအားဖြင့် Sidereal Zodiac ကိုသာ အသုံးပြုပါသည်။

2 comments:

Unknown said...

ကိုပခန်း ရေ

ဘယ်ပျောက်နေလဲလို့ ရှာလိုက်ရတာ။ လိပ်စာ ပြောင်းသွားတာကိုး။ အခုလိပ်စာသစ်နဲ့ လင့်ခ် ပြန်ချိတ် ပေးလိုက်ပါပြီဗျာ။ စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေ။

ကိုပခန်း said...

ဆရာခင်ဗျား

ကျွန်တော်ရေးတာမဟုတ်လို့ ကောင်းတာဖြစ်မှာပါဗျာ။ ဆရာ နျူမာန် ရဲ့ MOTAA သင်တန်း သင်ခန်းစာတွေပါခင်ဗျ။

ချမ်းမြေ့ပါစေခင်ဗျာ။
ကိုပခန်း

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။