ဂြိုဟ်နှင့်လူသား အဆက်အစပ်

MOTAA – Astrology Course (Level-1)

ကောင်းကင်မှ ဂြိုဟ်တို့သည် လူသားတို့အပေါ် လွှမ်းမိုးနေပုံ

အမှန်အားဖြင့် ကောင်းကင်မှ ဂြိုဟ်တို့သည် လူသားတို့ အပေါ်တွင်သာမက၊ ကမ္ဘာကြီး၏ရေမြေ
တောတောင်တို့ အပေါ်တွင်ပါ လွှမ်းမိုးထားပါသည်။
မည်သို့ မည်ပုံလွှမ်းမိုးထားပါသနည်း။

• ဒြဗ်ထု ဆွဲအား၊ တွန်းအား (Gravitational Force)
• လျှပ်စစ်သံလိုက် ညှို.အား (Electromagnetic Force)
• ရောင်ခြည်ဓါတ် လွှမ်းမိုးမှု အင်အား(Cosmic Energy Force)
• အခြားသော သိပ္ပံပညာ ဖြင့်ရှာဖွေ၍ မရသေးသော အင်အားများ။



ဒြဗ်ထု ဆွဲအား၊ တွန်းအား (Gravitational Force) 

အထင်ရှားဆုံးနှင့် အမြင်သာဆုံးလည်းဖြစ်၊ သိပ္ပံပညာအားဖြင့် အတိအကျတွက်ချက်၍ရသော အင်အားမှာ ရုပ်ဝတ္ထုအချင်းချင်း၊ တွန်းဆွဲနေသော Gravitational Force ဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် အီဂျစ်ပြည်တွင် နိုင်းမြစ်ရေ အတက်အကျသည် လ, နှင့် ဆက်စပ်ပါတ်သက် နေသည်ကို တွေ့ရှိခဲ့ကြရပြီးနောက်- လူတို့သည် မည်သည့် နေ့ရက်တွင် ရေအမြင့်ဆုံးတက်မည်၊ မည်သည့်အချိန်တွင် ရေစတင် တက်လာမည် ကိုတွက်ချက်နိုင်ခဲ့ ကြသည်။ မြန်မာပြည်တွင် ပင်လယ်၊ မြစ်ချောင်း တို့နှင့် နီးစပ်သောဒေသတို့တွင်- လ,ဆန်း တစ်ရက်လျှင်- ၁-ကျပ်ကို တစ်မတ် နှုတ်၊ နည်းဖြင့် မည်သည့်အချိန်တွင် ရေတက်မည်ကို တွက်ခဲ့ကြသည်။ မြန်မာ့ တပ်မတော်(ရေ) တွင် ထိုနည်းကိုပင် သင်္ချာမှုပြုကာ- လ,ဆန်း၊ လ, ဆုတ် ရက် ကို ၃/၄ ဖြင့် မြှောက်၍၊ ပင်လယ်မှ အကွာအဝေးကို မူတည်၍ ဒီရေအတက်အကျချိန် အတိအကျ တွက်နည်းကိုသင်ကြား ပေးခဲ့သည်။

ပင်လယ် သမုဒ္ဒရာမှ ဒီရေကို လ, ၏ ဆွဲအားဖြင့် သက်ရောက်မှုရှိသည်ဆိုလျှင်- ခန္ဓာကိုယ်တွင် ရေဓါတ်
၇၀% ရှိသော လူတို့အပေါ်တွင် ထိုဆွဲအားများ သက်ရောက်သည်ကို လက်မခံစရာအကြောင်း မရှိပါ။ ထို့ထက်ပို၍ ထင်ရှားသည့် အခြားအချက်တစ်ခုမှာ- ငလျင် များဖြစ်သည်။ အင်မတန် အင်အားပြင်းထန်သော ငလျင်ကြီး များသည်- လ, ပြည့်နေ.၊ လ, ကွယ်နေ့ ဆိုသော- ကမ္ဘာ-လ-နေ တို့ တဖြောင့်တည်းကျသော နေ့နှင့် တစ်ရက်၊ နှစ်ရက်ကာလ အတွင်းတွင် ဖြစ်ပွားခဲ့ပါသည်။ ချော်ရည်ပူများ အပေါ်တွင် တည်နေသော မြေလွှာ Crust သည်- သဘာဝ အက်ကွဲ ကြောင်းကြီးများ၊ Fault Line တို့တည်ရှိနေသောကြောင့် ထိုမြေအက်ကြောင်းကြီးများ သည် ဂြိုဟ်များ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆွဲငယ်မှုကြောင့်- မြေလွှာ ကြောကြီးများ တစ်ခုနှင့် တိုက်မိခြင်း၊ ပွတ်ဆွဲမိခြင်း တို့ကြောင့် - ဘေးတိုက် ငလျင်၊ အထက်အောက် ငလျင် စသည်ဖြင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

လ, ပြည့် နေ့တွင် လှုပ်ခဲ့သော အကြီးမားဆုံး ငလျင်လည်း ဖြစ်၊ အနီးစပ်ဆုံး ကာလ လည်း ဖြစ်သော ငလျင် တစ်ခုမှာ - မကြာသေးခင်ကာလ- ခရစ်သက္ကရာဇ် (2010-February-27- ရက်) ၊မြန်မာ သက္ကရာဇ်- ၁၃၇၁ ခုနှစ်၊ တပေါင်း လပြည့်၊ စနေနေ့တွင်၊ ချီလီနိုင်ငံတွင် လှုပ်ခဲ့သော အင်အား ပမာဏ ၈.၈ ရှိသော ငလျင်ကြီးဖြစ်ပါသည်။

ထိုနည်းတူ- ခရစ်သက္ကရာဇ် (2004-December-26- ရက်) ၊မြန်မာ သက္ကရာဇ်- ၁၃၆၆ ခုနှစ်၊ နတ္တော် လပြည့်၊ တနင်္ဂနွေနေ့တွင်၊ အင်ဒိုနီးရှား ရေအောက်တွင် လှုပ်ခဲ့သော ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းကြီး ဖြစ်ပေါ်ခဲ့ကာ- လူပေါင်း သန်းနှင့် ချီ၍ အသက်ဆုံး ခဲ့ရပါသည်။

ထိုနည်းတူ- လကွယ်နေ့၊ နေကြတ်သောနေ့ ဖြစ်သည့်၊ ခရစ်သက္ကရာဇ် (1988-March-18- ရက်)၊ မြန်မာသက္ကရာဇ်- ၁၃၅၀ခုနှစ်၊ တန်ခူးလဆန်း၊ ၁- ရက်၊ သောကြာနေ့ (မြန်မာ ပြက္ခဒိန် သည်- ရက် ၃၀၊ ၂၉- ရက်ဖြင့် တည်ဆောက် ထားသော ပြက္ခဒိန် ဖြစ်သဖြင့် - အချို့သော နေ့များတွင် -၁-ရက်၊ ၂-ရက် စသည် ဖြင့် လွဲချော် နေတတ်သည်။) တွင် ဂျပန် နိုင်ငံ တွင် နေကြတ်ပြီး ၆-နာရီ အတွင်း လှုပ်ခဲ့သော ငလျင်၊ စသည်ဖြင့် များစွာသော သာဓကတို့ ရှိပါသည်။

ငလျင်နှင့် နက္ခတ္တပညာ ဆက်စပ်မှုကို သုတေသန အနေဖြင့် သတ်မှတ်ထားရာ- MOTAA ဆရာ ဖြစ်သင်တန်း၊ အဆင့် အထိ တက်ရောက်မည့် သူများ အနေဖြင့် သုတေသန စာတမ်း အဖြစ် ရွေးချယ် နိုင်ပါသည်။

ထိုသင်တန်းသား များအတွက်- လိုအပ်သော အချက်အလက် များကို သုတေသန ပြုသော အဆင့် ရောက်သောအခါတွင် MOTAA အဖွဲ.အစည်းမှ ဖြစ်နိုင်သမျှ ကူညီ ထောက်ပံ့ ပေးမည် ဖြစ်ရာ- ယခု ကိစ္စကို ဤနေရာတွင်အကျယ် မချဲ့တော့ပါ။


လျှပ်စစ်သံလိုက် ညှို.အား (Electromagnetic Force) 

လူသား- တစ်ယောက်၏ ကိုယ်ခန္ဓာတွင် လျှပ်စစ်သံလိုက်ဓါတ်များ ရှိနေပါသည်။ ထို့ကြောင့်လည်း အီလက်ထရွန်နစ် ပစ္စည်းများကို ကိုင်တွယ်ရာတွင် မိမိ၏ လက်ချောင်းများကို Earth ချ ပြီး၊ ကိုင်တွယ် မှ စိတ်ချရသည်ကို အီလက်ထရွန်နစ် အင်ဂျင်နီယာများသိထားကြ ပါသည်။ ထိုနည်းတူ- လူသားတို့နေထိုင်ရာ ကမ္ဘာကြီးသည် မြောက်ဝင်ရိုး၊ တောင်ဝင်ရိုးတို့တွင် အင်မတန် အင်အားကောင်းသော သံလိုက် ဆွဲအား ရှိသဖြင့်- သံလိုက် အိမ်မြှောင်ကို အသုံးပြု၍ အရပ်မျက်နှာ ရှာဖွေရာတွင် တောင်နှင့် မြောက်အရပ်ကို ညွန်ပြ နိုင်လောက်အောင် အင်အား ကြီးမားသော သံလိုက်တုံး အကြီးကြီး ဖြစ်ပါသည်။ ထိုနည်းတူ နေ အပါအ၀င် အခြားသောဂြိုဟ်များတွင်လည်း သက်ဆိုင်ရာ သံလိုက်ဓါတ် စွမ်းအင်ကြီးများ ပိုင်ဆိုင် ထားကြပါသည်။ ကြာသပတေး ဂြိုဟ်၊ စနေ ဂြိုဟ်တို့သည်- ဒြဗ်ထု ကြီးမားသည်သာမက- ၄င်းတို့တွင် ရှိနေသာ လျှပ်စစ်သံလိုက် စွမ်းအင်များမှာ ကြီးမားလှပါသည်။ ထိုမျှသာမက- ၄င်းတို့သည် ရာသီခွင်တွင် တစ်ရာသီမှ တစ်ရာသီ ဖြေးနှေးစွာ သွားကြသဖြင့် ၄င်းတို့၏ စွမ်းအင်သည် ကမ္ဘာပေါ်နှင့် လူသား တို့အပေါ်တွင် သက်ရောက်လာပါတော့သည်။ ကမ္ဘာ၏ လျှပ်စစ်သံလိုက် စွမ်းအင်ကို လွှမ်းမိုးလိုက်ရုံတင်မက- လူသားတို့၏ သံလိုက် ဓါတ်ကြောင့် ဖြစ်ပေါ်နေသော ကိုယ်ရောင်ကိုယ်ဝါ Aura ပေါ်တွင် လွှမ်းမိုးမှုကြောင့်- စိတ်ဓါတ်၊ ကျန်းမာရေး၊ စသဖြင့် ထိုဂြိုဟ်တို့၏ ညှို့ဓါတ်ကို ခံစားကြရပါသည်။ အနီးဆုံးဂြိုဟ်ဖြစ်သော လ, ကြောင့် စိတ်ရောဂါ ရှိသူတို့တွင်- လ, ပြည့်၊ လ, ကွယ် တို့၌ ထူးခြားမှု ရှိခြင်း၊ ၀က်ရူးပြန် ရောဂါ ခံစား ရသူတို့အနေဖြင့် ထူးခြားမှု ရှိခြင်း တို့မှာ ထိုအချက်ကြောင့်ဖြစ်ပါသည်။



(အထက်တွင် ဖေါ်ပြထားသော ပုံမှာ- Fundamental Astronomy စာအုပ်တွင် ပါဝင်သော ဂြိုဟ်တို.၏ လျှပ်စစ် သံလိုက် စက်ကွင်းများကို ဖေါ်ပြထားခြင်း ဖြစ်သည်။)

သို့ဆိုလျှင်- လူသား အားလုံးတို့ အနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့် တစ်ယောက် ခံစားရမှု တူညီမှု မရှိရခြင်းမှာ ဘာကြောင့်ပါလဲ။

လူသား တို့ မွေးဖွားလာချိန်တွင်- သူ၏ အတိတ် ကုသိုလ်ကံကြောင့် ကောင်းကင်တွင် တည်နေသော ဂြိုဟ်တို့သည် ၄င်းတို့ထံမှ ကောင်းသောအင်အား၊ ဆိုးသောအင်အားမျိုးစုံ- ကို ပမာဏအချိုးအစား တစ်မျိုးစီနှင့် သွန်းလောင်းခဲ့ လိုက်ကြပါသည်။ ထိုအင်အား ဓါတ်တို့သည် ထိုလူသား၏ ကိုယ်တွင်ရှိနေသော ချက္ကရခေါ် အင်အား စုစည်း ဖြန့်ချိရာ နေရာတို့တွင် လွှမ်းမိုးသွားကာ- အချို့သော ချက္ကရတို့သည် အားနည်းသွားခြင်း၊ အချို့သော ချက္ကရတို့သည် အားကောင်းသွားခြင်း၊ အချို့သောချက္ကရတို့သည် ပိတ်ဆို့သွားခြင်းတို့ကို ဖြစ်စေပါသည်။ လူသားတစ်ယောက် အသက်ရှင်သန်ရန်အတွက် ပရာဏ၊ ကုဏ္ဍလိနီ ဓါတ်ကို ထိုချက္ကရတို့မှတစ်ဆင့် အင်အားဖြန့်ဖြူးပေးရခြင်း ကြောင့်- ထိုအခြေအနေသည် ထိုသူ ပုဂ္ဂိုလ်အတွက်- ကံကောင်းသောသူ၊ ကံဆိုးသောသူ၊ ကျန်းမာ သောသူ၊ ချိနည့်သော သူစသည် ဖြင့် ဖြစ်စေ ရခြင်း ဖြစ်သည်။

ထို့ကြောင့် ယတြာချေ ခြင်း အတတ်ပညာသည် ထိုချက္ကရများ အလိုက်- မည်သည့် ဂြိုဟ်သည် အားနည်း နေသနည်း၊ မည်သည့် အင်အား ချို့တဲ့နေသနည်း၊ မည်သည့် ဓါတ်သဘာဝတို့သည် ထိုသူအတွက် အဆိုးဓါတ်ဖြစ်နေသနည်းကို စိစစ်၍ သက်ဆိုင်သော အင်အား ဓါတ်တို့ကို ညှိပေးရခြင်း ဖြစ်သည်။ ဤပညာနှင့်ပါတ်သက်၍ MOTAA ဆရာအဆင့်ကျမှ သင်ကြားပေးမည် ဖြစ်ပါသည်။



ရောင်ခြည်ဓါတ် လွှမ်းမိုးမှု အင်အား(Cosmic Energy Force) 

အလွယ်ဆုံး၊ အရှင်းဆုံး ဥပမာကို ပြောရမည်ဆိုလျှင်- နေရောင်ပင် ဖြစ်သည်။ နေရောင်သည် “ခရမ်း၊ မဲ၊ ပြာ၊ စိမ်း၊ ၀ါ၊ လိမ္မော်၊ အနီ၊” စသော ရောင်ခြည် ၇-သွယ် တို့ကို အချိုးကျ စုပေါင်းထားသော အလင်းဖြူတန်းအနေဖြင့်သာမက- ခရမ်းရောင် ထက် ပို၍ မြင့်မားသော လှိုင်းအလျား ရှိသည့် ခရမ်းလွန်ရောင်ခြည်၊ အနီရောင်ထက်နိမ့်သော အနီအောက် ရောင်ခြည် အစရှိသည့် သာမာန် လူတို့၏ မျက်စိဖြင့် မမြင်ရသော ရောင်ခြည်တို့ပါဝင်သည့် အလင်းတန်းတို့ကို လွှင့်ထုတ်၍ ကမ္ဘာနှင့်လူသားတို့အပေါ်တွင် လွှမ်းမိုး ထားပါသည်။

ထို့ကြောင့်လည်း- ကမ္ဘာဦးကျမ်း တစ်ခုဖြစ်သည့် “ကပ္ပါလင်္ကာရ ကျမ်းမြတ်” တွင် နေနှင့် ပါတ်သက်၍ အဓိကကျစွာ ရေးသားထား ခြင်း ဖြစ်သည်။
သိပ္ပံပညာကို လေ့လာဘူး တစ်ဦး အနေဖြင့်- "နေကတော့ ဟုတ်ပါပြီ၊ သူ့တွင် ကိုယ်ပိုင်အလင်းရောင်ရှိလို့ ထားပါတော့- အခြားသော ဂြိုဟ်များ မှာ တော့ ကိုယ်ပိုင် အလင်းရောင်မှ မရှိပဲ- မည်သို့ ရောင်ခြည်ဖြင့် လွှမ်းနိုင်ပါ့မလဲ” ဟု ဆိုကောင်း ဆိုပါလိမ့်မည်။ အမှန်က အခြားဂြိုဟ်များတွင်သာမက- လူသားတစ်ယောက်ချင်းပင်လျှင်- အရောင်အ၀ါ ရှိသည်။ ထိုအရောင်အ၀ါ သည် သာမာန် မျက်စိဖြင့်မမြင်ရ သော်လည်း- နောက်ဆုံးပေါ် နည်းပညာများဖြင့် ကြည့်သောအခါ မြင်လာရသည်။ လူသာမာန်တို့ မျက်စိဖြင့်မြင်နှိုင်သည့် အလင်းလှိုင်းများမှာ- လှိုင်းအလျား -၄၀၀ မှ ၇၀၀ နန်နိုမီတာ အကြားတွင် သာဖြစ်ပြီး- ထို့ထက်နိမ့်သော လှိုင်းများ၊ ထို့ထက်မြင့်သော လှိုင်းများကိုမူ မမြင်ရတော့ပါ။ ထို့ကြောင့်လည်း လူတို့ မမြင်ရသော အခြားအရာများကို ခွေး စသော တိရစ္ဆာန်များက မြင်ရတတ် ပါသည်။

မကြာသေးခင်ကမှ အမေရိကန် နိုင်ငံ NASA မှ ထုတ်ပြန်သော အချက်များတွင်- လူသားတို့ နေထိုင်ရာ ကမ္ဘာအပါအ၀င် နေစကြာဝဠာနှင့် အနီးစပ်ဆုံးတွင် မျက်စိဖြင့်မမြင်ရသော- အနီအောက် ရောင်ခြည်များဖြင့်တည်ဆောက် ထားသည့် စကြာဝဠာ အသေးတစ်ခုကို- နောက်ဆုံးပေါ် အနီအောက်ရောင်ခြည် သုံး အင်အားကောင်းသည့် မှန်ဘီလူးဖြင့် မြင်လာရပြီ ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ- လူတို့၏ မျက်စိဖြင့် မြင်ရမှ- ထိုအရာဝတ္ထုသည် တည်ရှိသည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် လူတို့၏ မျက်စိသည် ကန့်သတ်ချက် ရှိနေခြင်းကြောင့်၊ ၄င်းထက် ပိုလွန်သော အရာများကို မမြင်ရပါ။ မမြင်ရသော အရာကို မရှိဟု ယူဆ ခြင်းသည် မျက်စိ အားနည်း သည်သာမက-အသိဥာဏ် အားနည်း ခြင်းကို ဖြစ်စေသည် ဆိုသည့် အချက်ကို သိပ္ပံနည်းကျမှ လက်ခံသည်ဟု ဆိုသူများ သတိထားမိ စေလို ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။