မိဿရာသီ/ ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၅)

မိဿရာသီ၏ အ၀န်းအ၀ိုင်းပေါ်သို့ တနင်္ဂနွေ နေမင်း ဖြတ်သန်းပုံကို ရာသီတွင်းဝင်စ (ပထမပုံ) နှင့် ရာသီမှအထွက် (ဒုတိယပုံ) ဖြင့် အောက်ပါအတိုင်းတွေ့မြင်ရသည်။



မိဿရာသီနှင့်ပတ်သတ်သော အဓိပ္ပါဖွင့်ဆိုချက်၊ ပရိယာယ်များကို တတ်စွမ်းသမျှ ဖေါ်ပြပေးသွားပါမည်။

မိဿရာသီဖွား၊ မိဿလဂ်၊ မိဿတွင်စန်း(တနင်္လာ)ရပ်ခြင်း

မိဿရာသီဖွား ဆိုသည်မှာ (အရှေ့တိုင်းသုံး နိယာယနစနစ်အရ) တနင်္ဂနွေ နေမင်းသည် ကောင်းကင်နက္ခတ်ကြယ်တာရာစက်ဝန်းမှ ၃၀ ဒီဂရီမျှသော မိဿရာသီနှင့်ဆိုင်ရာ ရာသီရပ်ဝန်းပေါ်သို့ တနင်္ဂနွေဖြတ်သန်းချိန်အတွင်း ဖွားမြင်သူကို ခေါ်ဆိုသည်။ ဧပြီ ၁၃/၁၄ မှ မေ ၁၃/၁၄ ကြားတွင် မွေးဖွားသူကို ဆိုလိုသည်။ တနည်းအားဖြင့် တစ်နှစ်တာအတွင်း မွေးသူများကို တနင်္ဂနွေရပ်တည်မှုအရ ၁၂ အုပ်စု ခွဲခြမ်းခြင်းဖြစ်သည်။ (အနောက်တိုင်းသုံး သာယနစနစ်အရမူ မိဿရာသီဖွားတို့သည် အများသိကြသလို မတ်လ ၂၁ ခန့်မှ ဧပြီ ၂၁ ခန့်အတွင်း မွေးဖွားကြမည်ဟု သတ်မှတ်သည်။ ထိုသို့ကွာခြားပုံကို ယခင် ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ်အပိုင်းများတွင် ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။)

မိဿလဂ် ဆိုသည်မှာ  (မိမိဝန်ရိုးပေါ် လည်ပတ်နေသော ကမ္ဘာလုံးကြောင့်) ကောင်းကင်နက္ခတ်ကြယ်တာရာစက်ဝန်းမှ ၃၀ ဒီဂရီမျှသော မိဿရာသီနှင့်ဆိုင်ရာ ရာသီရပ်ဝန်းသို့ နေထွက်ရာအရှေ့အရပ်ကို ညွှန်သော အမှတ်(လဂ်)၏ ဖြတ်သန်းချိန်အတွင်း ဖွားမြင်သူကို ခေါ်ဆိုသည်။ ဧပြီ ၁၃/၁၄ မှ မေ ၁၃/၁၄ မွေးဖွားသူများထဲမှ မနက်နေထွက်စမှ ၂ နာရီအတွင်း မွေးဖွားသူများသည် မိဿလဂ်ဖြစ်သည်။ ထိုတစ်လအတွင်း အခြားအချိန်မွေးသူများ မိဿလဂ်မဟုတ်ကြပေ။ တနည်းအားဖြင့် တစ်ရက်တာအတွင်း မွေးဖွားသူများကို လဂ်ဂြိုဟ်ရပ်တည်မှုအရ ၁၂ အုပ်စု ခွဲခြမ်းခြင်းဖြစ်သည်။

မိဿရာသီတွင် စန်း(၂လာ)ရပ်တည်ခြင်း ဆိုသည်မှာ ကောင်းကင်နက္ခတ်ကြယ်တာရာစက်ဝန်းမှ ၃၀ ဒီဂရီမျှသော မိဿရာသီနှင့်ဆိုင်ရာ ရာသီရပ်ဝန်းသို့ တနင်္လာဂြိုဟ်(လမင်း) ဖြတ်သန်းချိန်အတွင်း ဖွားမြင်သူကို ခေါ်ဆိုသည်။ လမင်းသည် ၂၇ ရက်ခန့်ကာလအတွင်း ရာသီစက်ဝန်းကို ဖြတ်သန်းရာ တစ်ရာသီတွင် ၂ ရက် ကျော်ခန့်နေသည်။ တနည်းအားဖြင့် ၂၇ ရက်ခန့် ကာလအတွင်းမွေးဖွားသူများကို တနင်္လာရပ်တည်မှုအရ ၁၂ အုပ်စု ခွဲခြမ်းခြင်းဖြစ်သည်။

မှတ်ချက်။  ။ လပြည့်ချိန်တစ်ခုနှင့် တစ်ခုသည် ၂၉ ရက်ခွဲကြာသည်။ ရာသီတစ်ခုပေါ်စီးနင်းမှုမှာမူ ၂၇ ရက်ကျော်မျှသာကြာသည်။ အဘယ်ကြောင့်ဆိုသော် လပြည့်ချိန်သည် ဦးတည်ရာတစ်ခုသို့ ရွေ့လျှားနေကြသော တနင်္ဂနွေနှင့် တနင်္လာတို့၏ (ကမ္ဘာမှ ဟိုဘက်ဒီဘက်) ၁၈၀ံ ရပ်တည်မှုကို သတ်မှတ်သောကြောင့် ပိုမိုကြာမြင့်သည်။

အထက်ပါ ရာသီဖွား၊ လဂ်ရာသီ၊ ဇမန(စန်းရပ်)ရာသီ အယူအဆများတွင် ရာသီဖွားကို အများဆုံးသုံးကြသည်။ အဘယ်ကြောင့်ဆိုသော် စိတ်တွက်ဖြင့်ပင် မည်သည့်ရာသီဖွားမှန်း သိနိုင်သောကြောင့်ဖြစ်သည်။ ဧပြီ ၁၃/၁၄ မှ မေ ၁၃/၁၄ ကြားမွေးလျှင် မိဿရာသီဖွား၊ မေ ၁၃/၁၄ မှ ဇွန် ၁၃/၁၄ ကြားမွေးလျှင် ပြိဿရာသီဖွား အစရှိသဖြင့် နှစ်လုံးပေါက် မှန်းနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ထိုသို့တွက်ခြင်းသည် ယေဘုယသာဖြစ်ပါသည်။ နာရီမိနစ် စစ်ထုတ်ရန် ဇာတာဖွဲ့ ပရိုဂရမ်လိုအပ်ပါသည်။

လဂ်ရာသီနှင့် ဇမန(စန်းရပ်) ရာသီ တို့ကိုမူ ဇာတာဖွဲ့ပရိုဂရမ်ဖြင့်သာ တိကျစွာသိနိုင်ပါသည်။

မှတ်သားဖူးသမျှ ဗေဒင်ကျမ်းများတွင် လဂ်စန်း၁နွေ အားကြီးရာမှ ရေတွက်ရန် မယုတ်မလွန်ဖေါ်ပြထားသော်လည်း၊ အတန့်ဘာဝဟူသည် လဂ်မှသာ ရေတွက်ကြောင်း အငြင်းပွားဖွယ်မရှိပေ။

ရေတွက်ပုံ သုံးမျိုးတွင် အသေအခြာ အသေးစိတ်ပါက သက်ဆိုင်ရာ သဘာဝအလိုက်ကွဲပြားပါသည်။

  • ရာသီဖွားအဟော (တနည်းအားဖြင့်) တနင်္ဂနွေတည်ရာအရ အဟောသည် အောင်မြင်မှု၊ သီးပွင့်မှု၊ ထင်ရှားမှုတို့အတွက်သာဖြစ်သည်။
  • စန်းရပ်ရာသီအဟော (တနည်းအားဖြင့်) တနင်္လာတည်ရာအရ အဟောသည် အေးချမ်းမှု၊ စံစားမှု၊ ချမ်းမြေ့မှုတို့အတွက်သာဖြစ်သည်။
  • လဂ်ရာသီအဟော (တနည်းအားဖြင့်) လဂ်တည်ရာအရ အဟောသည် အောင်မြင်မှု၊ အေးချမ်းမှုများသာမက၊ အခြားကဏ္ဍများကိုပါ စုံလင်စွာအဓိပ္ပါယ်ဖွင့်ဆိုသည်။

မိဿရာသီနှင့် သက်ဆိုင်သော ဖွင့်ဆိုမှုများကို ယှဉ်တွဲမှတ်ချက်ပြုကာ ဖေါ်ပြလိုက်ရပါသည်ခင်ဗျား။

* မိဿရာသီတွင်ရပ်သော ၁နွေ၏ဒသာ

၁နွေရဲ့ အတောက်ပဆုံးနေရာမှာရပ်နေတာကြောင့် ရဲစွမ်းသတ္တိရှိခြင်း ဘာသာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခြင်း ဖခင်၏အမွေအနှစ်ရခြင်း တိုင်းပြည်အနှံ့ကျော်ကြားခြင်း အထက်လူကြီး/မင်းနှင့် အဆင်မပြေခြင်း အစာမကြေခြင်း ဦးခေါင်းဒါဏ်ရာရခြင်းတို့ ဖြစ်ပွားတတ်ပါတယ်

မှတ်ချက်။  ။ ဟောရာသာရကျမ်းတွင် အထက်ပါအတိုင်းဖွင့်ဆိုပါသည်။ တနင်္ဂနွေသည် ၄င်းကို မိတ်ပြုရာ အင်္ဂါဂြိုဟ်ပိုင်ရာသီတွင်တည်သောကြောင့် အောင်မြင်မှု ရဲစွမ်းသတ္တိများ ထူးခြားကောင်းမွန်သွားဟန်ရှိသည်။ ဖခင်အမွေအနှစ်ရခြင်းထက် ဦးဆောင်နိုင်စွမ်းသော ဖခင်စိတ်များ အမွေရခြင်းဆိုက ပိုမိုသင့်လျော်မည်ဟု ယူဆပါသည်။ ဦးဆောင်နိုင်စွမ်းကောင်းသော လူငယ်တစ်ယောက်သည် (မိမိခေါင်းဆောင်မဖြစ်ခင်ကာလတွင်) မိမိအထက်လူကြီးနှင့်မူ အဆင်ပြေရန် ခဲယဉ်းမည်ဖြစ်သည်။ တနင်္ဂနွေသည် ဦးခေါင်းခေါင်းဆောင်မှု၊ အင်္ဂါသည် ခိုက်ရန်ဟု တွဲယူပါက ဦးခေါင်းဒဏ်ရာရနိုင်သည်ဟု အဖြေထုတ်နိုင်သော်လည်း အထက်ပါအဟောတွင် ဒသာကိုသာ ညွှန်းသဖြင့် မူလဒသာအဟောများမှသာ ထုတ်နုတ်ရန်သင့်ပါသည်။ အတန့်ရေတွက်မှုအားဖြင့်လည်း မယူဆနိုင်သေးသဖြင့် စန်းရပ်ရာသီကို ဆက်လက် လေ့လာသွားမည်ဖြစ်သည်။


မိတ်ရန်ဇယား

* မိဿရာသီ၌ စန်းရပ်ခြင်း

စိတ်မငြိမ်အလွန်ပြောင်းလဲတတ်မည် လှည့်ပတ်သွားလာကာ စကားများမည် လမ်းလျှောက်ပုံ နွဲ့နှောင်း/နွဲ့နှောင်းကောက်ကွေ့တတ်သည် သားသမီးနည်းတတ်သည် မိသားစုတွင် အကြီးဆုံး/အရေးပါဆုံးဖြစ်တတ်သည် ဒေါသခက်ထန် ရဲစွမ်းသတ္တိရှိမည် ဆွေမျိုးများကြောင့်ဒုက္ခရောက်တတ်သည်။

 မှတ်ချက်။  ။ အိမ်ရှင်မှ မိတ်ပြုရာ မိဿရာသီတွင် စန်းရပ်တည်မှုအရ စိတ်ခံစားမှု နုယဉ်မှုသည် ပွင့်လင်းစွာ ဖေါ်ထုတ်တတ်သော အိမ်ရှင်အင်္ဂါဂြိုဟ်သဘောအရ စိတ်သဘောထားပြောင်းလဲမှု၊ စိတ်ရှိတိုင်းထုတ်ဖေါ်လိုမှု၊ ကိုပြဆိုဟန်ရှိသည်။ သားသမီးနည်းသည်ဆိုခြင်းမှာ စန်းရပ်ရာသီမှ ရေတွက်သော် သားသမီးသဘာဝ ၅ တန့်အိမ်ရှင်သည် ရွှေလျားပြောင်းလဲသော တနင်္ဂနွေဖြစ်သောကြောင့် ဖွင့်ဆိုဟန်ရှိသည်။ တနင်္ဂနွေသည် ၅ တန့်နှင့်ဆက်သွယ်ပါကလည်း သားသမီးနည်းခြင်းကို ပြဆိုကြောင်းဖေါ်ပြမှုများလေ့လာရဖူးပါသည်။ မိသားစုတွင် အရေးပါမှုမှာလည်း ရာသီစက်ဝန်း၏ အစရာသီတွင် တည်ရှိသောကြောင့် ဖွင့်ဆိုဟန်ရှိသည်။ ဒေါသခက်ထန်မှုမှာလည်း အေးငြိမ်းသောသဘာဝ ၂ လာနှင့် ဖွင့်ထုတ်သော အိမ်ရှင် အင်္ဂါတို့၏ သဘာတို့ ရောယှက်မှုကြောင့် ၂ လာ၏ ထိခိုက်ခံရမှုဖြစ်မည်။ ဆွေမျိုးကြောင့် ဒုက္ခရောက်မှုမှာ ရောယှက်မှုကြောင့်ဖြစ်ပေါ်သော ၃ င်္ဂါ၏ ထိခိုက်ခံရမှုဖြစ်မည်။

ထိုအဟောများကို သုံးသပ်ခြင်းဖြင့် ဂြိုဟ်တစ်လုံးနှစ်လုံးနှင့် ရာသီတစ်ကွက်နှစ်ကွက်သည် ဇာတာရှင်အား ထိရောက်စွာ ပုံဖေါ်မပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

  မိဿလဂ်အဟောကို လေ့လာရန် အောက်ပါအချက်များ သိရန်လိုအပ်ပါသည်။

 ရာသီ အိမ်ရှင်များကို ပြဆိုထားသည်။ အရောင်ထူခြယ်သထားသည်မှာ မူလတြိဂုဏ်း သခင်ဂြိုဟ်များဖြစ်သည်။


 မိဿလဂ် အတွက် အတန့်များကို မြင်သာအောင် ဖေါ်ပြထားပါသည်။


စာရှုသူအတွက် အခေါက်ခေါက်အခါခါ ပြန်လည်ဖတ်ရှုခြင်း မပြုရလေအောင် ယခင်ပို့စ်များမှ ပရိယာယ်အချို့ကို ကောက်နှုတ်ဖေါ်ပြသွားပါမည်။

ဂြိုဟ်ပရိယာယ်များ ( MOTAA သင်ခန်းစာများမှ မှီငြမ်းပါမည်။)
  • တနင်္ဂနွေ (၁) အောင်မြင်မှုအဆင့်အတန်း၊ ရာထူးဌာနန္တရ၊ ရည်ရွယ်ချက်၊ ဦးဆောင်မှု၊ စတင်ဖန်တီးနိုင်မှု၊ ဖခင်၊ အသက်ရှင်ရပ်တည်မှု။
  • တနင်္လင်္ာ (၂) စိတ်ခံစားမှု၊ အေးချမ်းမှု၊ မေတ္တာ၊ ပြည်သူ့ဆန္ဒ၊ မိခင်။
  • အင်္ဂါ (၃) လက်တွေ့အကောင်အထည်ဖေါ်မှု၊ ရဲရင့်မှု၊ အသက်ကို စောင့်ရှောက်နိုင်မှု၊ ညီကိုမောင်နှမ၊ (အမျိုးသမီးအတွက်) ခင်ပွန်း။
  • ဗုဒ္ဓဟူး (၄) အသိဥာဏ်၊ အတွေးအခေါ်၊ အတွက်အချက်၊ သင်္ချာ၊ သတင်းဆက်သွယ်ရေး။
  • ကြာသာပတေး (၅) ပညာရေး၊ ဥာဏ်ပညာ၊ ဘာသာရေး၊ စာရိတ္တ၊ ဂုဏ်သိက္ခာ၊ သားသမီးကောင်း။
  • သောကြာ (၆) (အမျိုးသားများအတွက်) ဇနီး၊ အိမ်ထောင်ရေး၊ အချစ်၊ ခရီးသွားလာခြင်း၊ ယဉ်ရထား၊ ကာမဂုဏ်၊ ဇိမ်ခံမှု၊ ဖက်ရှင်၊ အသိုင်းအ၀န်း။
  • စနေ (၀) ဇွဲ၊ အပင်ပမ်းခံနိုင်မှု၊ စောင့်စည်းမှု၊ ကိုယ်ကျင့်တရား၊ အခိုင်းအစေ။
  • ရာဟု (၈) အမှတ်မထင်ဖြစ်မှု၊ လှည့်ဖျားမှု၊ ပရိယာယ်၊ ရုပ်ဝတ္တုပိုင်ဆိုင်မှု။
  • ကိတ် (၉) နာမ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ အကြမ်းဘက်မှု၊ ရုပ်ဝတ္တုပျက်စီးခြင်း။
အလွယ်အားဖြင့် တနင်္ဂနွေသည် မင်းအုပ်ချုပ်သူ ကြမ်းတမ်းစွာစီရင်သူ၊ တနင်္လာသည် မိဖုရား စာနာတတ်သူ၊ အင်္ဂါသည် ကာကွယ်သူ စစ်သူကြီး၊ ဗုဒ္ဓဟူးသည် သံတမန် မင်းစေ၊ ကြာသာပတေးသည် ပညာရှိအမတ်၊ သောကြာသည် ဘဏ္ဍာစိုး၊ စနေသည် ပြည်သူလူထု ရဟန်းသံဃာ အောက်ခြေလူတန်းစား၊ ရာဟုသည် လူမိုက်ဟု အလွယ်မှတ်သားနိုင်သည်။

ဘာဝပရိယာယ်များ ( MOTAA သင်ခန်းစာများမှ အများဆုံး မှီငြမ်းပါမည်။)
  • ၁ တန့်ဘာဝ - ခန္ဓာကိုယ်ဖွံဖြိုးမှု၊ ပင်ကိုယ်ဥာဏ်၊ စရိုက်။
  • ၂ တန့်ဘာဝ - စီးပွားဥစ္စာ၊ မျိုးဆက်သစ်၊ သားယောက်ျားလေး၊ အဆင့်လွန်ပညာ၊ အစား၊ စကား၊ ပါးစပ်။
  • ၃ တန့်ဘာဝ - ရဲရင့်မှု၊ စမ်းသပ်မှု၊ အသက်ရှင်သန်လိုစိတ်၊ ကိုယ်ခံစွမ်းအား၊ ညီကိုမောင်နှမ၊ ပတ်ဝန်းကျင်။
  • ၄ တန့်ဘာဝ - အတွင်းစိတ်၊ အေးချမ်းမှု၊ မိခင်၊ မှတ်ဥာဏ်၊ ကိုယ်ရေးကိုယ်တာ၊ အခြေခံပညာ၊ ငယ်မိတ်ဆွေ။
  • ၅ တန့်ဘာဝ - ဖြည့်ဆည်းပေးရသောအချစ်၊ သားသမီး၊ စွဲလန်းမှု၊ စူးစမ်းမှု၊ ပညာ။
  • ၆ တန့်ဘာဝ - ပြင်ပရန်သူ၊ ယှဉ်ပြိုင်ခြင်း၊ ကိုယ်တိုင်လုပ်ကိုင်ခြင်း၊ လက်နက်ကိုင်တပ်၊ အလိမ်ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ မာန၊ အာဃာတ၊။
  • ၇ တန့်ဘာဝ - အတူလက်တွဲသူ၊ အိမ်ထောင်ဖက်၊ အများနှင့်ဆက်ဆံမှု၊ အပျော်အပါး၊ အပြန်အလှန်အကျိုးပြုခြင်း။
  • ၈ တန့်ဘာဝ - အခြားသူများပိုင်သောဥစ္စာ၊ အမွေ၊ ထီ၊ လျှို့ဝှက်မှု၊ တာဝန်ယူအာမခံမှု၊ လွတ်မြောက်ခြင်း၊ အဓမ္မ၊ တွန့်တိုခြင်း၊ နှမြောခြင်း။
  • ၉ တန့်ဘာဝ - အတွေးအခေါ်ပညာ၊ ဖခင်၊ ယဉ်ကျေးမှု၊ ခရီးသွားမှု၊ ဂုဏ်သိက္ခာ၊ ကျက်သရေ၊ ကြွားဝါမှု၊ အသားယူမှု။
  • ၁၀ တန့်ဘာဝ - အသက်မွေးဝမ်းကျောင်း၊ အရည်အသွေး၊ အနိုင်ယူ၊ အခွင့်အရေး။
  • ၁၁ တန့်ဘာဝ - ရရှိသောမေတ္တာ၊ မိတ်ကောင်းဆွေကောင်း၊ လာဘ်လာဘ၊ စည်းကမ်း။
  • ၁၂ တန့်ဘာဝ - သောက ဗျာပါဒ၊ ရပ်ဝေးမြေခြား၊ အချုပ်အနှောင်၊ လွတ်မြောက်လမ်း၊ ၀ဋ်ကြွေး၊ စိတ်တန်ခိုး၊ ပွေရှုပ်၊ ထွက်ခွာမှု၊ ပျက်စီးမှု။

မိဿလဂ်အဟော
* မိဿလဂ်

မိဿလဂ်မှာဖွားမြင် သူတွေဟာ မောက်မာဝင့်ကြွားတတ်ပါတယ် စိတ်ကြီးဝင်ခြင်း ဒေါသကြီးခြင်း တွန်းလှန်ငြင်းဆန်လိုခြင်း ဆန့်ကျင်လိုခြင်းသဘာဝများ ရှိနေပါမယ် လွတ်လပ်လိုခြင်း နှင့်အတူ အတွေးအခေါ် အယူအဆသစ်များလည်း ဖော်ထုတ်စွမ်းဆောင်နိုင်သူတွေလည်းဖြစ်ကြပါတယ် သားသမီးနည်းတတ်ပါတယ် လူရင်းမိတ်ဆွေများကို ငြီးငွေ့လွယ်ပြီး အပေါင်းသင်းသစ်ရှာတတ်ပါတယ် အဟောင်းကိုပစ် အသစ်ကိုကြင်တတ်တာလည်း သူတို့ပါပဲ

မှတ်ချက်။   ။

တန့်ဘာဝသည် အင်္ဂါပိုင် မိဿရာသီဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံဖြိုးမှုစရိုက်အရ၊ မာန်ဝင့်သော စစ်သူကြီး အင်္ဂါစရိုက်ပေါ်လွင်ကာ မာန်ဒေါသထက်မြက်မည်ဖြစ်သည်။ သွက်လက်သောသွင်ပြင်ရှိတတ်သည်။ ဆန့်ကျင်လိုခြင်း၊ ဖေါက်ထွက်ခြင်းစသည့် စရိုက်သဘာဝများလည်း ပေါ်ပေါက်မည်ဖြစ်သည်။ မိဿရာသီတွင် အင်္ဂါဂြိုဟ်မှာ မူလတြိဂုဏ်းလည်းဖြစ်သဖြင့် ၈ တန့်ဘာဝကျသော ဗြိစ္ဆာရာသီထက် အကျိုးပေးပိုမိုပြင်းထန်မည်ဖြစ်သည်။

တန့်ဘာဝသည် သောကြာပိုင် ပြိဿရာသီဖြစ်ခြင်းကြောင့် စုဆောင်းမှုဥစ္စာများပိုင်ဆိုင်ခြင်းနှင့် အဆင့်မြင့်ပညာများ ဂုဏ်ယူဝင့်ကြွားစရာဖြစ်အောင် ပိုင်ဆိုင်ရဖွယ်ရှိသော်လည်း သောကြာသည် ပြိဿရာသီတွင် မူလတြိဂုဏ်း(သခင်) အဖြစ် တည်ခြင်းမရှိပေ။ ထို့ကြောင့်ပင်လျှင် ၂ တန့်သဘာဝအတွက် မဖွင့်ဆိုသည်ကို တွေ့ရသည်။

တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် မေထုန်ရာသီဖြစ်ခြင်းကြောင့် ရဲဝံ့မှု၊ စမ်းသပ်မှုများ ထင်ပေါ်ထက်မြက်နိုင်သော်လည်း ဗုဒ္ဓဟူးသည် မေထုန်ရာသီတွင် မူလတြိဂုဏ်းသခင်မဟုတ်သဖြင့် ထိရောက်သော အကျိုးပေးဖြစ်ပေါ်ဟန်မတူပေ။

တန့်ဘာဝသည် တနင်္လာပိုင် ကရကဋ်ရာသီဖြစ်ခြင်းကြောင့် မိသားစုဝန်းကျင်အကျိုးပေးကောင်းသူ အောင်မြင်နိုင်ရန် အခွင့်အလမ်းရှိသူဟု ဆိုနိုင်မည်ဖြစ်သည်။ အတွင်းစိတ်သဘောအရ အေးချမ်းသူများဟု ဆိုနိုင်သည်။

တန့်ဘာဝသည် တနင်္ဂနွေပိုင် သိဟ်ရာသီဖြစ်ခြင်းကြောင့် ပညာဥာဏ်အားဖြင့် ထက်မြက်နိုင်သော်လည်း မျိုးဆက်ပြန့်ပွားမှုတွင် အပူရှိန်ပြင်းထန်မှုသဘောတို့ကြောင့် သားသမီးမများနိုင်ပေ။ ပြင်းထန်သည့်သဘောပါပသဘောဖြစ်သည်နှင့်အညီ ထက်မြက်သော၊ ဇွတ်တရွတ်လုပ်တတ်သော သားသမီးရရှိပိုင်ဆိုင်တတ်မည်ဖြစ်သည်။ စွဲလန်းမှု ချစ်စိတ်သည်လည်း ပြင်းထန်ခြင်း ပြောင်းလဲတတ်ခြင်းသဘောဖြစ်သည့် အိမ်ရှင် တနင်္ဂနွေအားသဘောကြောင့် ခဏတာစွဲလန်းမှုအားကြီးသော်လည်း ပြောင်းလဲတတ်သည့် အချစ်စိတ်ကို ဖေါ်ကျူးမည်ဖြစ်သည်။

တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်ခြင်းကြောင့် ပြိုင်ဘက် ရန်ဘက်တို့သည် စာပေသမားများ(သို့) ကလောင်အားဖြင့်တိုက်ခိုက်သူများ ဖြစ်တတ်ပြီး၊ မိမိသည်လည်း မထင်မထင်သလို ပြောဆိုတိုက်ခတ်တတ်ကာ လူမုန်းများတတ်သည့် သဘာဝကိုဖြစ်စေမည်ဖြစ်သည်။ မူလတြိဂုဏ်း(သခင်)ရာသီဖြစ်သဖြင့် အားကြီးသည့်အားလျော်စွာ ၆ တန့်သဘာဝ တိုးထွက်တိုက်ခိုက်မှုသော ရာသီအိမ်ရှင် ဗုဒ္ဓဟူး၏ အတွက်အချက် အကြံအစည်များဖြင့် ပူးပေါင်းသွားကာ အကြံကြီးသူ အကွက်ချစီစဉ်သူတစ်ယောက် အဖြစ်ပုံပေါ်စေတော့သည်။ မာန်မာန အာဃာတသဘောမှာမူ ဗုဒ္ဓဟူး၏ ပေါ့ပါးသော သဘောကြောင့် မပြင်းထန်သော အာဃာတကိုပြဆိုသည်။ စိတ်ထင်တိုင်း တိုက်ခိုက်တတ်စေကာမူ ရန်ငြိုးဖွဲ့နိုင်သော အခြေအနေမရှိပေ။

တန့်ဘာဝသည် သောကြာပိုင် တူရာသီဖြစ်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး အဖေါ်အပေါင်းကဏ္ဍများတွင် သောကြာသဘောကြောင့် ဟန်ဆောင်ကောင်းခြင်း၊ မာန်ပါခြင်းသဘောများနှင့်အတူ မပြင်းထန်သော၊ အစွဲမကြီးသော သဘာဝကို ဖြစ်စေတော့သည်။ အိမ်ထောင်ရေးတွင်မူ အားကြီးသော သောကြာ မူလတြိဂုဏ်းသဘောကြောင့် အမျိုးသားများအတွက် အိမ်ထောင်ဖက်ကောင်း ရရှိစေမည့် သဘောဖြစ်သည်။

တန့်ဘာဝသည် အင်္ဂါပိုင် ဗြိစ္ဆာရာသီဖြစ်ခြင်းကြောင့် ပါပပိုင်ရာသီဖြစ်သည်နှင့်အညီ အတင်းအဓမ္မပြုမူခြင်း၊ စက်ပစ္စည်းများကြောင့်ထိခိုက်ဒဏ်ရာ ရစေခြင်း၊ စိတ်ဒေါသကြောင့် အသက်ဆုံးစေနိုင်ခြင်းစသည့် အကျိုးတို့ဖြစ်စေနိုင်သော်လည်း အားကြီးသော မူလတြိဂုဏ်းမဟုတ်သဖြင့် ပေါ်လွင်သော အကျိုးပေးမရနိုင်ပေ။ သို့သော် လဂ်နှင့်၈ တန့်တွဲပိုင်သော အခြေအနေကြောင့် တစ်ဆုံးတစ်ချက် ကိစ္စပြတ်ပြုလုပ်တတ်သော သဘာဝကို ပိုင်ဆိုင်တတ်မည်ဖြစ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် ဓနုရာသီဖြစ်ခြင်းကြောင့် ဂုဏ်ကျက်သရေပညာများ အထူးထွန်းတောက်နိုင်မည်ဖြစ်သည်။ ပညာရှိကို နေရာပေးတတ်ခြင်း၊ မြှောက်စားခြင်းများပြုမူတတ်မည်ဖြစ်သည်။ မူလတြိဂုဏ်း(သခင်)ရာသီ ဖြစ်သည်နှင့်အညီ မိမိဂုဏ်ကျက်သရေကို တရားသောနည်းဖြင့် ရယူသူများဟူ၍လည်း ဖွင့်ဆိုနိုင်မည်ဖြစ်သည်။

၁၀ တန့်ဘာဝသည် စနေပိုင်မကာရရာသီဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းအရည်အသွေးသည် အပင်ပမ်းခံကာ၊ ကိုယ်ကျင့်တရားဖြင့်တည်ဆောက်ထားရသော အတက်နှေးသည့်လုပ်ငန်းမျိုးဖြစ်တတ်သည်။

၁၁ တန့်သည်လည်း စနေပိုင်ကုမ်ရာသီဖြစ်သဖြင့် အသက်ကြီးသူ၊ အမြော်အမြင်ရှိသူများ၏ မေတ္တာကို ခံစားရတတ်ကာ၊ လာဘ်လာဘသည်လည်း စနေသဘောကြောင့် စီးဆင်းမှုသွက်လက်သော ငွေကြေးကဲ့သို့ပစ္စည်းမျိုးမဖြစ်တတ်ဘဲ ကာလအတန်ကြာ အသုံးမပြုသော ပစ္စည်းများ၊ သို့တည်းမဟုတ်ငွေကြေးလာဘ်လာဘဆိုပါကလည်း မိမိအပင်ပမ်းခံကာ ရင်းနှီးထားရသောလုပ်ငန်းများမှ ဖြစ်တတ်သည်။ လွယ်ကူသော အရလွယ်သော လာဘ်လာဘမျိုးမဖြစ်နိုင်ပေ။

၁၂ တန့်သည် ကြာသာပတေးပိုင် မိန်ရာသီဖြစ်သဖြင့် သောကဗျာပါဒများကို ပညာအားဖြင့်ငြှိမ်းသတ်ရနိုင်မည်။ ပညာရေးအလို့ငှာ ခရီးဝေးထွက်ရခြင်း၊ ဇာတိမှ စွန့်ခွာဖြင်းများ ဖြစ်ပေါ်တတ်မည်။ အသိပညာအတတ်ပညာအတွက် ခြေချုပ်မိတတ်သော သဘာဝဖြစ်သည်။


  ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခွဲခြမ်းပြဆိုပုံဖြစ်သည်။ လဂ်၏ အတန့်အရ ရေတွက်သည်။

မိဿလဂ်မှ သောမဂြိုဟ် (၂၊၄၊၅၊၆ ဂြိုဟ်များ) ပိုင်ရာ ရာသီများနှင့်ဆိုင်သော အတန့်များတွင် အမှတ်စာများပါတတ်၍ ပါပါဂြိုဟ် (၁၊၃၊၀) ပိုင်ရာ ရာသီများနှင့်ဆိုင်သော အတန့်များတွင် ဒဏ်ရာများပါရှိတတ်၊ ခံစားရတတ်သည်ဟု အဆိုရှိပါသည်။ ပါပများဆိုးရွားစွာ မြင်ယှဉ်မှုအရ ရောဂါရှာဖွေရာတွင်လည်း အထက်ပါဇယားကို အသုံးချလေ့ရှိပါသည်။

မှတ်ချက်။  ။ တနင်္လာသည် လပြည့်ချိန်အနီးအနားဖြစ်က အားရှိ၍ သောမဖြစ်ကာ၊ လကွယ်နားနီးက ပါပဖြစ်သည်။ ဗုဒ္ဓဟူးသည် ပေါ့ပါး ပျော့ညံ့သော သဘောရှိသဖြင့် ပါပအမြင်အယှဉ်ရှိက ပါပဂြိုဟ်ဖြစ်သည်။

အထက်ပါအတိုင်းဝေဖန်ပါလျှင် ထို့ထက်မက ပရိယာယ်များဖြင့် မိဿရာသီသဘာဝကို တန်ဆာဆင်နိုင်မည်ဖြစ်သည်။

သို့ပါသော်လည်း အထက်ပါဝေဖန်မှုများသည် ဂြိုဟ်များဇာတာတွင် မည်သို့မည်ပုံရပ်တည်သည်ဟု မပါဘဲ အိမ်ပိုင်တာဝန်များအဖြစ်သာ ဝေဖန်သောကြောင့် ဂြိုဟ်ရပ်ခြင်းကြောင့် ပြောင်းလဲလာသော သွင်ပြင်များကိုမူ ခြုံငုံမိမည်မဟုတ်ပေ။ အကယ်၍ ၅ တန့်တွင် သောကြာ၊ ကြာသာပတေးစသော သောမများ အားကြောင်းစွာစုရပ်ကြပါက သားသမီးနည်းမည်ဟူသော အဆိုသည် ပျက်ပျယ်သွားမည်ဖြစ်သည်။

ထို့ကြောင့် နက္ခတ်ဗေဒင်သည် တစ်စုံတစ်ခုသော အခြေအနေ၊ ဂြိုဟ်ရပ်၊ ဆက်သွယ်မှုအနည်းငယ်ပေါ်တွင် အခြေမခံ၊ အားမကိုး၊ မတည်ဆောက်ထားကြောင်း သိရှိထားစေလိုပါသည်။ သို့တစေ မိဿရာသီဖွားများသည်လည်းကောင်း၊ မိဿစန်းရပ်သူများသည်လည်းကောင်း၊ မိဿလဂ်တို့သည်လည်းကောင်း၊ အထက်ပါ သုံးသပ်မှုများမှ ကျောရိုးအားဖြင့် တူညီကြမည်ဖြစ်သည်။

မည်သည့်စာစောင် ကျမ်းအထိုထိုကမှ ခြုံငုံသုံးသပ်ပုံ အပြည့်အစုံကို မဖေါ်ပြနိုင်သဖြင့် တစ်ချက်တစ်ခုသော အကြောင်းအရာပေါင်းများစွာကို ကျွန်ုပ်တို့အနေဖြင့် ကုန်ကြမ်းသဖွယ် စုဆောင်းမှတ်သားရမည်ဖြစ်သည်။

မိဿရာသီတွင် ရပ်တည်သော ဂြိုဟ်တို့ကို ဆက်လက်လေ့လာကြပါစို့။

မိဿတွင် ဂြိုဟ်ရပ်တည်မှု

    * မိဿရာသီတွင်ရပ်သော ၁နွေ၏ဒသာ

၁နွေရဲ့ အတောက်ပဆုံးနေရာမှာရပ်နေတာကြောင့် ရဲစွမ်းသတ္တိရှိခြင်း ဘာသာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခြင်း ဖခင်၏အမွေအနှစ်ရခြင်း တိုင်းပြည်အနှံ့ကျော်ကြားခြင်း အထက်လူကြီး/မင်းနှင့် အဆင်မပြေခြင်း အစာမကြေခြင်း ဦးခေါင်းဒါဏ်ရာရခြင်းတို့ ဖြစ်ပွားတတ်ပါတယ်

မှတ်ချက်။  ။  ပြန်လှန်မိတ်ပြုသော စွန့်စားသည့် အစွမ်းအစသဘာဝနှစ်ခုဖြစ်သော အိမ်ရှင်အင်္ဂါနှင့် လာရပ်ရာ တနင်္ဂနွေတို့ကြောင့် ရဲစွမ်းသတ္တိနှင့် အောင်မြင်မှု ရနိုင်မည့်သဘာဝဖြစ်သည်။ ဥစ်မူသော တနင်္ဂနွေဟုလည်း အလွယ်ရှုမြင်နိုင်မည်ဖြစ်သည်။ အစွမ်းအစရှိသူတစ်ယောက်အတွက် အထက်လူကြီး၊ မင်းအစိုးရများနှင့် အဆင်မပြေမှုမှာ ဆင့်ပွားတွေးခေါ်မှု ဖြစ်ဟန်ရှိသည်။ တနင်္ဂနွေဦးခေါင်းသည် အင်္ဂါ ထိခိုက်မှု နှင့်ဆက်စပ်သဖြင့် ဦးခေါင်းဒဏ်ရာရနိုင်သည်ဟု ကျမ်းတွင်ဖေါ်ပြသော်လည်း ဤနေရာတွင် ပါပသဘော ထူးခြားမှုမပါသဖြင့် တိုက်ရိုက်အန္တရာယ်ဖြစ်ဖွယ် ယူဆရန်မသင့်ပေ။

     * မိဿရာသီတွင်ရပ်သော ၂လာ၏ဒသာ

ရပ်ဝေးမြေခြားတွင်သွားရောက် အမှူထမ်းခြင်း ဇနီးမယားမိသားစုနှင့် ပြည့်စုံသော်လည်း ညီကိုသားချင်းဆုံးရှုံးတတ်သည် သမာအာဇီဝဖြင့် အသက်မွေးခြင်း ခေါင်းကိုက်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်

မှတ်ချက်။   ။ အင်္ဂါသည် လာရပ်ရာ တနင်္လာကို မိတ်ပြုသည်။ အဆိုးသဘောမရှိစေကာမူ အေးချမ်းမှု တနင်္လာအတွက် အင်္ဂါကပြဆိုသော စွန့်စားမှုမျိုးပြုလုပ်ရတတ်သည်။ သဘာဝအားဖြင့် အေးချမ်းမှု တနင်္လာနှင့် စွန့်စားမှုများ ယှဉ်တွဲသဖြင့် အလိုရှိရာ တစ်စုံတစ်ခုအတွက် ပေးဆပ်ရမည့်သဘာဝဖြစ်သည်။ မိတ်သဘောကြောင့် သမာအာဇီဝဖြစ်မည်။ ညီကိုသားချင်းဆုံးရှုံးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကိုမူ ဆက်စပ်မရပါ။

    * မိဿရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

စိတ်ဒေါသ အလွန်ကြီးနေမည် ထက်မြက်နေသော်လည်းကြမ်းတမ်းနေတတ်သည် ခိုးသူဘေးအား ကြောက်လန့်နေရတတ်သည် မိမိမျိုးနွယ်အတွက် ဦဆောင်ကာကွယ်နေရတတ်သည်

မှတ်ချက်။  ။ မိမိရာသီအိမ်တွင်ရပ်သော အင်္ဂါအားဖြင့် စစ်သူကြီးသဖွယ် ဒေါမာန်ကြီးကာ၊ ဦးဆောင်ဦးရွက် အတိုက်အခံ ခံတပ်သဖွယ် ကာကွယ်နေတတ်ရမည်။ စိုးရိမ်မကင်းသော အကျိုးပေးကို ဖွင့်ဆိုသည်။

    * မိဿရာသီတွင်ရပ်သော ၄ဟူး၏ဒသာ

သိပ္ပံပညာရပ်များလေ့လာနေဖြစ်မည် ဉာဏ်ပညာထက်မြက်နေ၍ ရဲစွမ်းရှိသော်လည်း ဥစ္စာမရှိဖြစ်တတ်သည် မုသားစကားများလည်းပြောဖြစ်နေမည်

မှတ်ချက်။   ။ အိမ်ရှင်အင်္ဂါသည် ဗုဒ္ဓဟူးကို ရန်ပြုသည်။ သဘာဝအားဖြင့် စကားအနုအလှ ပလီပလာပြုသူနှင့်နှင့် စွန့်စွန့်စားစား အမှန်တကယ်ပြုသူကြားတွင် မတူညီသော စရိုက်ရှိသကဲ့သို့ဖြစ်သည်။ ဗုဒ္ဓဟူး သဘာဝ ဆက်သွယ်မှု၊ စကားများ ရန်ပြုခံရကာ၊ မုသားပြောဆိုမှု ဖြစ်တည်တတ်မည်။ ဗုဒ္ဓဟူးသည် အတွက်အချက်ကိုညွှန်းဆိုကာ အင်္ဂါသည် အသေးစိတ်စွန့်စားမှုလည်း ဖြစ်သဖြင့် ကောက်ကွေ့သောဥာဏ် ပုံမှန်မဟုတ်သော အတွေးအခေါ်မျိုးဖြင့် လေ့လာစူးစမ်းမှုများ ပြုမူနိုင်ကြောင်းကို ဖေါ်ညွှန်းသည်။ ရန်ပြုခံရသော ဗုဒ္ဓဟူးသည် သတင်းဆက်သွယ်မှု ပြတ်တောက်သည့်သဘောအားဖြင့် အများမှကွဲထွက်ကာ ခြိုးခြံ အထီးကျန်နေရသကဲ့သို့ဖြစ်မည်။

    * မိဿရာသီတွင်ရပ်သော ၅တေး၏ဒသာ

အုပ်ချုပ်ရသူခေါင်းဆောင်ဖြစ်မည် ပညာရှိ၍ သစ္စာမြဲမည်

မှတ်ချက်။  ။ အပြန်အလှန်မိတ်ပြုသော အိမ်ရှင် အင်္ဂါနှင့် ကြာသာပတေးတို့ပေါင်းစည်းသဖြင့် အကျိုးထူးရဖွယ်အခြေအနေဖြစ်သည်။ အသေးစိတ်ပြုမူစူးစမ်းခြင်း၊ လက်တွေ့လုပ်ခြင်းနှင့် အမြော်အမြင်၊ ဥာဏ်ပညာ စာရိတ္တတို့ ပေါင်းစည်းခြင်းကြောင့် သစ္စာရှိသူ၊ ပညာရှိသူ၊ အုပ်ချုပ်သူခေါင်းဆောင်တစ်ယောက်အဖြစ် တွန်းပို့နိုင်ခြင်းကို ပြဆိုသည်။ တနည်းအားဖြင့် သတ္တိကို ပညာအားဖြင့် ထိန်းချုပ်ကာ၊ ပညာကို စွန့်စားရှာဖွေမှုဖြင့် ထောက်ကန်ထားသည့် သဘောဖြစ်သည်။

    * မိဿရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ဇနီးမယား(အမျိုးသမီးများ)ထံမှပျော်ရွှင်သုခရမည် ငွေကြေးနှင့်ပတ်သတ်၍ သိက္ခာကျတတ်သည် စိတ်လှုပ်ရှားလွယ်၍ သည်းမခံနိုင်ဖြစ်နေမည် အရှင်သခင်သဘာဝရှိမည်

မှတ်ချက်။  ။ မိဿတွင်သောကြာရပ်ပါက မိတ်ရန်မပြုသော သီးခြားသဘာဝနှစ်ခုယှဉ်ပြိုင်လာမည်။ ဥစ္စာစည်းစိမ်ဥစ္စာနှင့် စွန့်စားမှုကြား ဆက်သွယ်မှုဖြစ်ပေါ်လာကာ၊ စီပွားရှာကောင်းသူ၊ စွန့်စားငွေရှာသူဖြစ်လာနိုင်မည်။ ဥစ္စာအတွက် စွန့်ဝံ့လုပ်ဝံ့လာမည်။ စရိုက်အားဖြင့် ရဲဝင့်မှုသတ္တိနှင့် ဇိမ်ခံစွဲလမ်းမှုများဆက်စပ်သဖြင့် စွဲလမ်းမှုကို မချုပ်တည်းနိုင်ဖြစ်လာမည်။ စိတ်လှုပ်ရှားလွယ်ကာ၊ သတ္တိကိုလည်း အချုပ်အနှောင်မဲ့ ပြုမူမည့်သဘောဖြစ်သည်။ သို့သော် သောကြာအပျော်အပါးသည် သတ္တိအင်္ဂါ၏ ဒေါသကို (အခြားပြင်းထန်သော ပါပများကဲ့သို့) အထိန်းအကွပ်မဲ့ တွန်းပို့လိမ့်မည်မဟုတ်ပေ။

    * မိဿရာသီတွင်ရပ်သော ၀နေ၏ဒသာ

အလုပ်အကိုင်မရှိစိတ်လေနေရတတ်သည် တကောင်ကြွက်တမျက်နှာဖြစ်နေရတတ်သည် ခြေထောက်အရေပြားတွင်အနာရတတ်သည် အမြင့်မှကျတတ်သည်

 မှတ်ချက်။  ။ မိဿတွင် စနေရပ်ပါက နိစ်မိသော စနေဖြစ်မည်။ အစွမ်းအစရုန်းကန်မှုကို ဖေါ်ကျူးမည့် အင်္ဂါပိုင်ရာသီတွင် သည်းခံခြင်း၊ ထိုင်းမှိုင်းခြင်း၊ တိတ်ဆိတ်ခြင်းဟူသော သဘာဝများရှိသည့် စနေတည်ခြင်းသည် (စနေက အင်္ဂါကို ရန်ပြုသဖြင့်) အစွမ်းအစမဲ့သွားမည်ဖြစ်သည်။ နုံနဲ့သော အကျိုးပေးများဖြစ်ပေါ်တတ်ကာ၊ စနေ၏ အနိမ့်အောက်ခြေသဘာဝအားဖြင့် ခြေထောက်အရေပြားအနာရောဂါများဖြစ်ကာ၊ အမြင့်မှအောက်သို့ကျခြင်း၊ အောက်လက်ငယ်သား အကျိုးမပေးခြင်း၊ သစ္စာဖေါက်ခံရခြင်းများ ကြုံတွေ့နိုင်ဖွယ်ရှိသည်။

အထက်ပါအဆိုအမိန့်များကို ဟောရသာရကျမ်းမှ ရယူပြီး မှတ်ချက်များကိုမူ ကျွန်တော့်စိတ်အထင်ဖြင့် ပိုင်းခြားမှုပြုထားပါသည်။ သိ၍တတ်၍ ဝေဖန်ခြင်းမဟုတ်ဘဲ စူးစမ်းစွန့်စား ဆက်စပ်တွေးခေါ်မှု အလို့ငှာ တင်ဆက်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကျမ်းစာအတိုင်း အလွတ်ကျက် ပင်ပမ်းမှုမှ ရုန်းထွက်နိုင်ရန် ရည်ရွယ်ပါသည်။

အမှန်ပြင်ကာ အကြံပေးကြမည့် ဆရာများ၏ စေတနာအား ကြိုလင့်လျှက်ရှိပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုးသည်ပိုးနိုင်ပါစေသတည်း။

ကိုပခန်း
25.1.2011

2 comments:

Thet said...

ဒီဆောင်းပါးက အရင်ဖတ်ဘူးသလားလို့။

ပြောထားတာနဲ့ ယူဆပုံက အတော် တိုက်ဆိုင်တယ်။ မိဿလဒ်သမားတွေက ထူးခြားတာတော့ အမှန်ပဲ။

ကိုပခန်း said...

ဖတ်ဖူးမှာပေါ့ခင်ဗျာ။ ဟိုစဉ် ဟောရာသာရကျမ်းရဲ့ အဆိုတွေကို ပြန်လည်ဆန်းစစ်ပေးထားတာပါခင်ဗျ။ ကျက်ရမှတ်ရသက်သာအောင် အကျိုးအကြောင်းပြန်လည် ဆက်စပ်ပြတဲ့သဘောပါခင်ဗျ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။