ဇာတာဆိုသည်မှာ

MOTAA – Astrology Course (Level-1) 

ဇာတာ ဆိုသည်မှာ
ဇာတာဆိုသည်မှာ အမှန်အားဖြင့် သတ်မှတ်ထားသော အချိန်ကာလတစ်ခု၌ ကောင်းကင်တွင်တည်ရှိသော ဂြိုဟ်များ၏တည်နေရာကို လောင်ဂျီတွဒ် တန်ဘိုးအားဖြင့် ဖော်ပြရေးဆွဲထားသော ကောင်းကင်မြေပုံဖြစ်သည်။
ဇာတာခေါ် ကောင်းကင်မြေပုံကို ရေးဆွဲရာတွင် အောက်တွင်ဖော်ပြထားသည့် အတိုင်း ၃-မျိုးရေးဆွဲနိုင်သည်။

• ကမ္ဘာကို အလယ်တွင်ထား၍၊ နေအပါအ၀င် အခြားဂြိုဟ်များကို ဘေးတွင်ရံနေသည့် ပုံစံ၊(Geocentric)
• နေကို အလယ်တွင်ထား၍၊ ကမ္ဘာအပါအ၀င် အခြားဂြိုဟ်များကို ဘေးတွင်ရံနေသည့် ပုံစံ၊(Heliocentric)
• ကမ္ဘာပေါ်ရှိ မိမိတွက်ချက်လိုသောဒေသကို အလယ်တွင်ထား၍၊ နေအပါအ၀င် အခြားဂြိုဟ်များကို ဘေးတွင်ရံနေသည့်ပုံစံ၊(Topocentric)

သို့သော်လည်း- ပညာရှင်အများစုသည် ကမ္ဘာကိုအလယ်တွင်ထား၍၊ နေအပါအ၀င် အခြားဂြိုဟ်များကို ဘေးတွင်ရံနေသည့် ပုံစံ၊ (Geocentric) ကိုသာ အသုံးပြုကြပါသည်။
အချို့သော သုတေသနပြုချက်များအရ- ငလျင်နှင့်ပါတ်သက်သော သုတေသနများတွင် နေကိုအလယ်ထား၍၊ သုံးစွဲသောပုံစံကပိုမို မှန်ကန်သည်ဟု ဆိုကြသော်လည်း- MOTAAအနေဖြင့် ဤကိစ္စကိုသုတေသနဆက်လုပ်ရန်သာ သတ်မှတ်ထားပြီး ကမ္ဘာကိုအလယ်တွင်ထားသော Geocentric ပုံစံကိုသာ အသုံးပြုပါသည်။


ဇာတာ ပုံစံအမျိုးမျိုး

ကမ္ဘာပေါ်တွင် လူမျိုးအလိုက်- ဇာတာ ပုံစံအမျိုးမျိုးကို အသုံးပြုကြသော်လည်း- အခြေခံ အားဖြင့်

• အရှေ့တိုင်း ပုံစံ
• အနောက်တိုင်း ပုံစံ ဟူ၍ ၂-မျိုးသာ ရှိပါသည်။

အရှေ့တိုင်း ပုံစံ ကို ထပ်မံ ခွဲစိတ်လိုက်ပါက-
• အိန္ဒိယ မြောက်ပိုင်း ပုံစံ
• အိန္ဒိယ တောင်ပိုင်း ပုံစံ
• အိန္ဒိယ အရှေ.ပိုင်း ပုံစံ (ဘင်္ဂါလီ ပုံစံ) (မြန်မာ နှင့် ထိုင်း ဇာတာ ပုံစံ)
• သီရိလင်္ကာ ပုံစံ
• စက်ဝိုင်း ပုံစံ

အနောက်တိုင်းပုံစံကို ထပ်မံခွဲစိတ်လိုက်ပါက-
• လက်ရှိသုံး အနောက်တိုင်း ပုံစံ
• ရှေးဟောင်း အနောက်တိုင်း ပုံစံ ဟူ၍ တွေ.မြင်ရပါမည်။

အိန္ဒိယမြောက်ပိုင်းပုံစံတွင်- ရာသီတို့ကို ပုံသေသတ်မှတ်ထားခြင်းမရှိပဲ- အောက်တွင်ဖေါ်ပြထားသော- လဂ် (Ascendant) ကို ပုံသေနေရာချပြီး၊ အတန့်ဘာဝတို့ကို လက်ဝဲရစ်- နာရီပြောင်းပြန်အတိုင်းသတ်မှတ်၍ ရေတွက်နေရာချပေးသော စံနစ်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းစနစ်သည် “ဘာဝပုံသေ နည်းပုံစံ”ဟု ခေါ်ဆိုနိုင်သည်။ ထို့နောက်တွင်တော့ ရာသီတို့ကို ဂဏန်းတန်ဘိုးများဖြင့်- မိဿ=၁၊ ပြိဿ= ၂၊ မေထုန်= ၃၊ စသည်ဖြင့်သတ်မှတ် ပေးထားခြင်းဖြင့်မည်သည့်ဂြိုဟ်သည် မည်သည့်ရာသီ၊ မည်သည့်ဘာဝတွင်ကို ဇာတာ တစ်ခွင်တည်းဖြင့် သိရှိနိုင်သော ပုံစံဖြစ်သည်။ အောက်ပါ ပုံစံသည် မိဿလဂ် အတွက်ပုံစံ ဖြစ်သည်။ အကယ်၍ ဇာတာသည် မေထုန်လဂ်အတွက် ဆိုပါက- လဂ်နေရာသည် အပြောင်းအလဲမရှိပဲ၊ ၄င်း၏အောက်တွင် ၁- အစား၊ ၃-ဟု ရေးကာ၊ အခြားနံပါတ်များကိုလည်း လက်ဝဲရစ်အတိုင်း အစဉ်အလိုက်ရေးရမည် ဖြစ်သည်။

အိန္ဒိယ တောင်ပိုင်း ပုံစံတွင်- ခရေပွင့် အမှတ်အသား (*) ပြထားသောနေရာသည် မိဿရာသီ ဖြစ်၍၊ ၄င်းမှ အစပြုကာ- ပြိဿ၊ မေထုန်စသည်တို့ကို လက်ယာရစ်၊ နာရီလက်တံအတိုင်း သတ်မှတ်ထားသည်။ “ရာသီပုံသေနည်းပုံစံ” ဖြင့် သတ်မှတ်ထားခြင်းဖြစ်၍ ဘာဝတို့မှာ နေရာ အပြောင်းအလဲ ရှိနေပြီး၊ ၁-တန်.ဘာဝ ဖြစ်သော လဂ် နေရာတွင် လဂ် (Ascendant) ဟု ရေးပေးခြင်းဖြင့်လည်းကောင်း၊ မျဉ်းပြိုင် လေး ၂-ကြောင်း ရေးဆွဲ သတ်မှတ် လိုက်ခြင်း ဖြင့်လည်း ကောင်း သုံးစွဲသော နည်းဖြစ်သည်။


အိန္ဒိယအရှေ့ပိုင်းဒေသနှင့် မြန်မာနိုင်ငံတွင်သုံးစွဲသော ပုံစံတွင်- ခရေပွင့်အမှတ်အသား (*) ပြထားသော နေရာသည် မိဿရာသီဖြစ်၍၊ ၄င်းမှ အစပြုကာ- ပြိဿ၊ မေထုန် စသည်တို့ကို လက်ဝဲ ရစ်၊ နာရီ လက်တံ ပြောင်းပြန်အတိုင်း သတ်မှတ်ထားသည်။ “ရာသီ ပုံသေ နည်းပုံစံ” ဖြင့် သတ်မှတ်ထားခြင်း ဖြစ်၍ ဘာဝတို့မှာ နေရာအပြောင်းအလဲရှိနေပြီး၊ ၁-တန့်ဘာဝ ဖြစ်သော လဂ် နေရာတွင် လဂ် (Ascendant) ဟု ရေးပေးခြင်းဖြင့် သုံးစွဲသောနည်းဖြစ်သည်။ သီရိလင်္ကာ ပုံစံသည် မိဿရာသီကို ဘယ်ဘယ်အလယ်ကွက် တွင် နေရာချထား၍ အနောက်တိုင်းပုံစံသဘောမျိုး သက်ရောက်နေသည်မှအပ- မြန်မာ ဇာတာနှင့် ဆင်တူသော ဇာတာပုံစံ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အသုံးပြုသော ဇာတာပုံစံမှာ လည်း မြန်မာ နှင့် အတူတူပင် ဖြစ်ပါသည်။ စက်ဝိုင်းပုံစံ ဇာတာကို အသုံးပြုရာ၍ အချို့က- လဂ်ကို စက်ဝိုင်း၏ ၉-နာရီနေရာမှ စတင် ရေးဆွဲတတ်သော်လည်း- မြန်မာ ထန်းဖူးဇာတာများတွင်မူ-စက်ဝိုင်း၏ထိပ် ၁၂-နာရီနေရာကို မိဿဟု သတ်မှတ်ရေးဆွဲလေ့ရှိပါသည်။

အောက်ဖေါ်ပြပါ ဇာတာသည် ထိုင်းနိုင်ငံ ချက်ကရီမင်းဆက် ပထမရာမမင်း ဘိသိက်သွန်းသော အချိန်ကိုတွက်ချက် ထားသော ဇာတာဖြစ်ပါသည်။

ထိုဇာတာကိုပင် အရေ့တိုင်းဇာတာပုံစံ အမျိုးမျိုးဖြင့် ဖော်ပြရာ၌ အနောက်တိုင်းပုံစံတွင်မူ- ၁၈-ရာစုကာလအထိ အသုံးပြုခဲ့သောပုံစံနှင့်၊ နောက်ပိုင်းတွင်သုံးစွဲသော ပုံစံ ဟူ၍ (၂) မျိုးသာ ရှိသည်။
အောက်တွင် မြင်ရသောပုံစံမှာ- အနောက်တိုင်း ဇာတာခွင်ပုံစံ အဟောင်းဖြစ်သည်။ ၄င်းကိုစာအိတ်ချိုးထားပုံနှင့် တူသောကြောင့် စာအိပ်ပုံစံ ဇာတာဟုလည်း ခေါ်ကြပါသည်။

၎င်းတွင် ထူးခြားချက်မှာ ဘယ်အစွန်နေရာ- (၉-နာရီနေရာ)တွင် ၁-တန့်ဘာဝခေါ်၊ လဂ် (As)ကို အမြဲတမ်းထားရှိသည်။ ပုံမှန်အားဖြင့် လဂ် (As)ဟု၍ ရေးပေးမထားတော့ပါ။ ထိုမှနေ၍ အတန့်ဘာဝ များကို နာရီ ပြောင်းပြန်အတိုင်း နေရာချသွားသည်။ အောက်တွင် - 1, 2, 3, 4, ဟူ၍ အတန်.ဘာဝများကိုဖေါ်ပြထားခြင်းမှာ- ရှင်းလင်းအောင် ဖေါ်ပြထားခြင်း ဖြစ်ပြီး၊ တကယ့် ဇာတာတစ်စောင်တွင် ၄င်းတို့ကို မဖေါ်ပြတော့ပါ။ နက္ခတ္တပညာရှင် အနေနှင့်သိပြီး ဖြစ်နေရပါမည်။
ထို့နောက်တွင်တော့- ရာသီအိမ် နှင့်ဂြိုဟ်များကို သင်္ကေတတို့ဖြင့် ဖေါ်ပြထားလေ့ရှိပါသည်။ အောက်တွင် ဖေါ်ပြထားသည်မှာ အဆိုတော် ဂျွန်လင်နွန်၏ ဇာတာဖြစ်ပြီး- ၄င်းသည် မိဿ ( ) လဂ် ဖြစ်သည်ကိုဖေါ်ပြနေပါသည်။ (ဘယ်ဘက်တွင် ပုံစံအဟောင်းဖြင့် ပြထားပြီး- ညာဘက် တွင် အနောက်တိုင်း ဇာတာပုံစံ အသစ်ဖြင့် ပြထားသည်။)
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း- တွက်နည်းအတူတူပင်ဖြစ်သည်ထား- ဇာတာပုံစံတည်ဆောက်ပုံခြင်း - ကွာခြားတတ်ကြသဖြင့်- သင်တန်းသားတို့အနေဖြင့်- ဇာတာပုံစံအမျိုးမျိုးကို သိနားလည် ထားသင့်ပါသည်။ ထိုမှသာ- အခြားနိုင်ငံသားပညာရှင် တို့နှင့် ဆွေးနွေးသောအခါတွင်- လွယ်ကူအဆင်ပြေမည်ဖြစ်ပါသည်။ နိုင်ငံတကာ သင်တန်းသားများတွင်- ၄င်းတို့ နှစ်ခြိုက်ရာ- အလေ့အကျင့် ဖြစ်နေကျ ဇာတာပုံစံ တို့ရှိနေသဖြင့်- MOTAA အနေဖြင့် မည်သည့် ပုံစံကွက်ကိုသာ အသုံးပြုရမည်ဟုသတ်မှတ်ထားခြင်း မရှိပါ။ သို့သော်- အကယ်၍ သင်တန်းသား တစ်ယောက် အနေဖြင့်- မည်သည့် ပုံစံကို စတင်သည် ဖြစ်စေ၊ အတူတူပင်ဖြစ်ပါက- စက်ဝိုင်းပုံစံ- ဖြစ်သဖြင့်- တကယ့်ကမ္ဘာနှင့်ဂြိုဟ်များ၏ လည်ပါတ်နေပုံကိုလည်း အဓိပ္ပါယ်ဆောင်ကာ- မိုးကောင်းကင်အနေအထား၊ နေ့အချိန်၊ ညအချိန်နှင့် အတန့် ဘာဝများကို မြင်သာသည့် အနောက်တိုင်းပုံစံ ဇာတာကွက်သည်သင့်တော်သော ဇာတာပုံစံ ဖြစ်ပါသည်။ သို့သော်- အကြံပြုခြင်းသာဖြစ်၍ မိမိစိတ်ကြိုက် ဇာတာပုံစံကို အသုံးပြုနိုင်ပါသည်။ မြန်မာသင်တန်းသား အားလုံးအတွက် သင်တန်းစာ များတွင်မူ- အားလုံး အဆင်ပြေစေရန် အတွက် မြန်မာပုံစံ ဇာတာ ဖြင့်သာ ရှင်းပြ သင်ကြားပေးမည် ဖြစ်ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။