သိဟ်ရာသီ/ ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၉)

သိဟ်ရာသီ၏ အ၀န်းအ၀ိုင်းပေါ်သို့ တနင်္ဂနွေ နေမင်း ဖြတ်သန်းပုံကို ရာသီတွင်းဝင်စ (ပထမပုံ) နှင့် ရာသီမှအထွက် (ဒုတိယပုံ) ဖြင့် အောက်ပါအတိုင်းတွေ့မြင်ရသည်။




ရာသီဖွား၊ စန်းရပ်နှင့်၊ လဂ်သဘာဝများကို ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖေါ်ပြခဲ့သည့်အတိုင်းဖြစ်၍ ထပ်မံမဖေါ်ပြတော့ပါ။

ကျွန်တော်ရေးသားထားသော ဇတာဖွဲ့ပရိုဂရမ်အရမူ အောက်ပါပုံတွင် သိဟ်ရာသီတွင်တည်သော တနင်္ဂနွေ (1)၊ စန်း (2)၊ လဂ် (L) တို့ကို နမူနာပြထားပါသည်။



ရာသီပိုင်ဆိုင်မှုမှာ မပြောင်းလဲပေ။

အတန့်ရေတွက်မှုမှာမူ သိဟ်လဂ်ကို မူတည်ရေတွက်မည်ဖြစ်သဖြင့် အောက်ပါအတိုင်း ပြောင်းလဲဖြစ်တည်သွားမည်ဖြစ်သည်။

ပရိယာယ်များကိုလည်း ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖတ်ရှုနိုင်ပါသည်။
သိဟ်လဂ်အဟော

    * သိဟ်လဂ်

ရဲဝင့်စွန့်စားလိုသူ ၀င့်ထည်လိုသူတွေဖြစ်ကြပါတယ် စိတ်အားထက်သန်လွန်းသူ ပွင့်လင်းလွတ်လပ်သူတွေဖြစ်ကြပါတယ် စံပြပုဂ္ဂိုလ်တွေဖြစ်ကြပါတယ် ၀မ်းခါးသေးတတ်ပါတယ် သားသမီးနည်းတတ်ပါတယ် လက်အောက်ငယ်သားပေါ်တင်းကြတ်လွန်းလို့ တော်လှန်ပုန်ကန်ခံရတတ်ပါတယ်

မှတ်ချက်။  ။ 
တန့်ဘာဝသည် တနင်္ဂနွေပိုင် သိဟ်ရာသီဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံဖြိုးမှုစရိုက်အရ၊ လှည့်လည်သွားလာလိုသော၊ ရဲဝင့်သော စိတ်အားထက်သန်သော အသွင်စရိုက်ပိုင်ဆိုင်မည်ဖြစ်သည်။ ပွင့်လင်းလွတ်လပ်ကာ အလုပ်တစ်ခုကို ထင်ထင်းရှားရှားဖြစ်အောင် စီမံလိုသော အများဂရုစိုက်ခံရအောင် ဖန်တီးနိုင်သော သဘာဝရှိမည်။ အမြဲတစေ ဖျတ်လတ်နေမှု ပေါ့ပါးမှုကြောင့် လေးကွေးသော သဏ္ဍာန်ကို တွေ့ရချေနည်းသည်။ ခေါင်းဆောင်စိတ်ထားသဘောကြောင့် နောက်လိုက်များ၏ အလိုမကျခြင်းကိုမူ လက်ခံရရှိတတ်မည်ဖြစ်သည်။

တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်ခြင်းကြောင့် စုဆောင်းမှုဥစ္စာများပြားတတ်သည်။ သို့သော်လည်း ကြာရှာတည်မြဲတတ်သော ခိုင်ခံ့မည့် ဥစ္စာမျိုးမဟုတ်ပေ။ ငွေကဲ့သို့သော ပြောင်းလဲလွယ်သည့် ပိုင်ဆိုင်မှုမျိုးကို ပိုင်ဆိုင်ရတတ်သည်။ အဆင့်မြင့်ပညာများ မူလဗီဇအစွမ်းဖြင့် ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ပိုင်ဆိုင်မှုတို့သည် အပေါင်းအသင်းများထံမှ လာဘ်လာဘအဖြစ် မိမိထံသို့ ဆင်းသက်လာတတ်သည်။

တန့်ဘာဝသည် သောကြာပိုင် တူရာသီဖြစ်ခြင်းကြောင့် ခမ်းနားသော လူသိများသော ရဲဝံ့ စမ်းသပ်မှုများ ပြုလုပ်နိုင်မည်။ သို့သော် ကြာရှည်မခံတတ်ပေ။ သိဟ်လဂ်သမားများအတွက် စမ်းသပ်မှုသည် ခဏတာ အလှသာဖြစ်၍ လမ်းရိုးလိုက်ကာ အခြေခိုင်သောအောင်မြင်မှုမျိုးကိုသာ အမြဲတစေ ကြံစည်ကြိုးစားနေမည်ဖြစ်သည်။ ထိုသို့သော အလုပ်အတွက်မူ မနှေးသော လုံ့လဖြင့်ပြည့်စုံကြမည့်သူမျိုးဖြစ်ကြသည်။

တန့်ဘာဝသည် အင်္ဂါပိုင် ဗြိစ္ဆာရာသီဖြစ်ခြင်းကြောင့် မိသားစုဝန်းကျင်တွင် မိမိရဲဝံ့မှု ပြတ်သားမှုကြောင့် ထင်ပေါ်တတ်သည်။ အင်္ဂါသည် ဗြိစ္ဆာတွင် မူလတြိဂေါဏမဟုတ်သဖြင့် ထိုသို့သော ထင်ပေါ်မှုသည် ကချွန်းကယွန်းလုပ်တတ်သော မိမိအကျင့်ဆိုးကြောင့် မကောင်းသော ကျော်ဇောခြင်းမျိုးဖြစ်တတ်သလို၊ ရဲဝံ့စွန့်စားမှုကြောင့် ဆွေမျိုးသားချင်းအလယ် အသိအမှတ်ပြုခံရတာမျိုးလည်း ဖြစ်နိုင်ပါသည်။ မိခင်အကျိုးပေးညံ့သူ (သို့မဟုတ်) မိခင်မေတ္တာကို ကြာရှည်စွာ မခံစားရသူ မိခင်မေတ္တာ၊ မိသားစုဝန်းကျင်နှင့်ပတ်သတ်၍ ပူပမ်ရသူမျိုးဖြစ်တတ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် ဓနုရာသီဖြစ်ခြင်းကြောင့် ပညာဥာဏ်အားဖြင့် ခွဲခြမ်းသိမြင်နိုင်စွမ်းကြီးသော အဖြစ်ကို ရရှိစေမည်ဖြစ်သည်။ ချစ်မေတ္တာတွင် ပညာတတ်သူ ပညာရှိသူများကို ချစ်မြတ်နိုးတတ်မည်။ မိမိအချစ်သည်လည်း ဝေဖန်ပိုင်းခြားမှုကြီးသဖြင့် ချစ်သူရည်းစားထားမည်ဆိုပါက ရွေချယ်လွန်းတတ်ခြင်း၊ ချစ်သူရည်းစားရပြီးပါကလည်း သံသယများခြင်းစသော အခြေအနေမျိုးလည်း ကြုံတတ်သည်။

တန့်ဘာဝသည် စနေပိုင် မကာရရာသီဖြစ်ခြင်းကြောင့် ရေရှည်တည်မြဲမှု ဘ၀လမ်းအသက်မွေးမှုအားဖြင့်  ပြိုင်ဘက် ရန်ဘက်မျာပေါများတတ်သည်။ မိမိ၏ ရှည်ကြာစွာ ရပ်တည်နေရမှုကို မရှုစိမ့်သူ များပြားတတ်သည်။ မူလတြိဂေါဏမဟုတ်သဖြင့် မိမိလက်အောက်ငယ်သား အခိုင်းအစေများ၏ ရန်လိုမှုကို ခံရတတ်သည်။ သိဟ်လဂ်တို့၏ ပြိုင်ဆိုင်မှုသည်လည်း အခွင့်ကောင်းကို စိတ်ရှည်စောင့်ဆိုင်းကာ ချက်ပိုင်မှ အနိုင်ယူတတ်သော အကြံကြီးသည့်အဖြစ်မျိုးလည်း ဖြစ်ပေါ်စေတတ်သည်။

တန့်ဘာဝသည် စနေပိုင် ကုမ်ရာသီဖြစ်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး အဖေါ်အပေါင်းကဏ္ဍများတွင် ရှေးရိုးဆန်ဆန် စီမံတတ်မည်။ မိမိက ခေတ်မီသည်ထင်သည့် အဆင်အပြင် အပြုအမူမျိုးသည် အခြားသူအတွက် ရှေးရိုးဆန်နေတတ်မည်။ ထိုသို့ ပြုမူမှုသည်ပင် အများက မိမိအမြင်တွင် နေ့စဉ်ဘ၀နှင့် မတူ ထူးခြားပြုမူသည်ဟု ထင်မြင်တတ်ကာ အပေါင်းအသင်းများ၏ တည်တံ့ရှည်ကြာသော ရင်းနှီးမှုကို ရရှိတတ်သည်။ မိမိအပေါင်းအသင်းများ တွေ့ကြုံနေရသူများသည် များသောအားဖြင့် အသက်ကြီးသူ အတွေ့အကြုံများသူများဖြစ်တတ်သည်။ သိဟ်လဂ်တို့၏ အိမ်ထောင်ဖက်များသည် မိမိထက် ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ အသက်အရွယ်အားဖြင့် ကြီးသူများဖြစ်စေ ခံယူချက်ပြင်းပြသူ ရည်မှန်းချက်ကြီးသူများဖြစ်တတ်ကာ မိမိတက်လမ်းအား (မူလတြိဂေါဏသခင်အားဖြင့်) ကူညီလက်တွဲနိုင်သည့် အရည်အချင်းရှိသူများ ဖြစ်တတ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် မိန်ရာသီဖြစ်ခြင်းကြောင့် ကျန်းမာရေး သေဆုံးမှု စသည့် အဆုံးသတ်ကိစ္စများတွင် ဘာသာရေး၊ ပညာဥာဏ်အားဖြင့် ချိန်ဆပြင်ဆင်ထားတတ်သည်။ မူတြိဂေါဏအိမ်ရှင်မဟုတ်သဖြင့် စွဲမြဲသော ပြင်ဆင်မှုတော့ မဖြစ်နိုင်ပေ။ မမေ့လျော့သော်လည်း သေချာစေ့ငုစွာဖြင့် မစီမံနိုင်တတ်ပေ။

တန့်ဘာဝသည် အင်္ဂါပိုင် မိဿရာသီဖြစ်ခြင်းကြောင့် ဂုဏ်ကျက်သရေပိုင်းတွင် တိုက်ခိုက်တွန်းလှန်တတ်သော မိမိပင်ကိုယ်သဘာဝကြောင့် အမျာ၏လေးစားမှုနှင့်အတူ ကြောက်ရွံ့မှုကိုပါ ပူးတွဲရရှိတတ်သည်။ မိမိ၏ဂုဏ်ကျက်သရေကို ထိခိုက်လာသူရှိပါက တုန့်ပြန်တိုက်ခိုက်တတ်သော လူယုံတပည့်များလည်း ပိုင်ဆိုင်တတ်သည်။ မိမိသည်လည်း ဂုဏ်သိက္ခာပိုင်းတွင် ထိခိုက်ပြောဆို ခံနိုင်သူမဟုတ်တတ်ပေ။

၁၀ တန့်ဘာဝသည် သောကြာပိုင် ပြိဿရာသီဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းအရည်အသွေးသည် အလှဆင်ပစ္စည်းကိရိယာမျိုးနှင့်ဖြစ်စေ (ဇာတာရှင်သည် ထက်မြက်မည့်အသွင်ရှိက) အများရှေ့မှ မျက်နှာပြကာ ရှေ့ဆောင်ရှေ့ရွက်ပြုရနိုင်သော ရပ်တည်မှုမျိုးပိုင်ဆိုင်တတ်သည်။ သို့သော် မူလတြိဂေါဏ မဟုတ်သဖြင့် ကြာရှည်မမြဲသော တည်တံ့မှုမျိုးဖြစ်တတ်သည်။  

၁၁ တန့်သည်လည်း ဗုဒ္ဓဟူးပိုင် မေထုန်ရာသီဖြစ်သဖြင့် ငယ်ရွယ်နုပျိုသူ၊ စိတ်အပြောင်းအလဲများသူတို့၏ မေတ္တာကို ရရှိတတ်သည်။ ၀င်ငွေလာဘ်လာဘသည်လည်း စာပေအနုပညာလုပ်ငန်များ၊ အပေါင်းအသင်းဝန်းကျင်မှ ရရှိတတ်သည်။ မူလတြိဂေါဏမတည်သဖြင့် သူ့အလိုလိုဖြစ်တည်လာသော လာဘ်လာဘမျိုးမဖြစ်နိုင်ပေ။

၁၂ တန့်သည် တနင်္လာပိုင် ကရကဋ်ရာသီဖြစ်သဖြင့် သောကဗျာပါဒများကို အေးချမ်းစာ ဖြေရှင်းလိုသည့် သဘောရှိသည်။ ၁၂ တန့် သခင် တနင်္လာအားလျှော်စွာ မအေးချမ်းနိုင်သော မိခင်အကျိုးပေးထိခိုက်သော အခြေအနေမျိုးကို ပြဆိုသည်။ မူလတြိဂေါဏသခင်ဖြစ်သဖြင့် ကြာရှည်ပူပမ်ခြင်းတော့ ရှိမည်မဟုတ်ပေ။



သိဟ်ရာသီတွင်ရပ်တည်သော ...

    * သိဟ်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ

စည်းစိမ်အမျိုးမျိုးရရှိခြင်း မင်းတပါးကဲ့သို့ပြည့်စုံစွာနေရသော်လည်း အထီးကျန်ဆန်နေတတ်ခြင်း ဇနီးမယားနှင့်အတူပျော်ရွှင်နေရခြင်း အနှံအပြားထင်ရှားခြင်းတို့ဖြစ်ပေါ်မည်
မှတ်ချက်။  ။ သိဟ်ရာသီတွင် တနင်္ဂနွေတည်ခြင်းသည် မိမိသခင်/အိမ်ရှင်ဖြစ်ရာ ရာသီတွင်တည်ရှိသဖြင့် တနင်္ဂနွေပရိယာယ်အရ မင်းတစ်ပါးနှယ်အောင်မြင်မှုရတတ်သည်။ ဇနီးမယားနှင့်အတူထင်ပေါ်ရနိုင်သော်လည်း ဇနီးမယားကောင်းရမည်ဟု မဆိုနိုင်သေးပေ။


    * သိဟ်ရာသီတွင်ရပ်သော ၂လာ၏ဒသာ

ဗဟုသုတနှင့်ပြည့်စုံ၍ အလိုဆန္ဒလည်းပြည့်စုံကာ ကံကောင်းနေမည် သားသမီးနည်းခြင်း ခြေလက်များချွတ်ယွင်းခြင်းတို့လည်းဖြစ်ပေါ်တတ်သည်
 သီလစင်၍ ချစ်ဖွယ်ကရုဏာသက်ဖွယ်ရှိ၏ ဒေါသကြီးလွယ်သော်လည်း ခဏအတွင်း၌ ပြေလွယ်၏ ခန္ဓာကိုယ်ပိန်လှီကာ ထင်ရာစိုင်းတတ်၏ ဦးခေါင်းယားယံတတ်မည် သားသမီးနည်းမယ် ရန်ကိုအနိုင်ယူသော်လည်း အများဆန္ဒကိုမူ လစ်လျူမရှုသော စိတ်ထားရှိမည်

မှတ်ချက်။  ။ တနင်္လာသည် ပြန်လှန်မိတ်ပြုရာ တနင်္ဂနွေအိမ်တွင်တည်သဖြင့် အလိုဆန္ဒပြည့်ဝမည်။ အပူအအေးအတိုက်အခိုက်သဘောအရ ဒေါသထွက်လွယ်ကာ ခဏတွင်း ပြေလွယ်သော အခြေအနေမျိုးဖြစ်ပေါ်မည်။ ရန်ကိုအနိုင်ယူလိုသော်လည်း အများဆန္ဒကို လစ်လျူမရှုမှုမှာ တနင်္ဂနွေနှင့် တနင်္လာတို့၏ မျှခြေသဘောအရဖြစ်မည်။ ကောင်းဆိုးနှစ်တန်ရောလျှက် (မိတ်သဘောအားဖြင့်) အကောင်းဘက်မှ အလေးပါနေမည်။



    * သိဟ်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

အခြွေအရံနှင့်တကွ ခေါင်းဆောင်ဖြစ်တတ်သည် စိတ်အားတက်သန်လွန်းနေမည် လက်နက်မီးဘေးကြုံတတ်သည်

မှတ်ချက်။  ။ ပြန်လှန်မိတ်ပြုသော ဂြိုဟ်နှစ်လုံးဖြစ်သည်။ တနင်္ဂနွေနှင့် အင်္ဂါတို့သည် တော်လှန်တွန်းထုတ်တတ်သော ယုဂ်တစ်မျိုးကို ဖေါ်ဆောင်သည်။ စွန့်စားတတ်သည့် သဘာဝချင်းတူသည့် အင်္ဂါနှင့် တနင်္ဂနွေတို့ ဆက်စပ်မှုဖြစ်သည်။ ပါပများချည်းဖြစ်သဖြင့် အထိအခိုက်ဘေးကြုံနိုင်သည်။ အောင်မြင်မှုထက် မိမိဘက်ရန်ဘက် နှစ်ဘက်လုံးတွင် ထိခိုက်မှုက ပိုမိုအားကောင်းနေမည်ဖြစ်သည်။

    * သိဟ်ရာသီတွင်ရပ်သော ၄ဟူး၏ဒသာ

မသတ္တ၀ါများနှင့်ကောင်းကျိုးမပေးပေ ဥစ္စာလျော့၍ အတွေးအခေါ်ညံဖျင်းစေကာမူ အများကြား၌ ထင်ပေါ်နေဦးမည်
မှတ်ချက်။   ။ ဗုဒ္ဓဟူး မင်းစေအချီတော်အချော့တော်သဘာဝသည် တနင်္ဂနွေ အုပ်ချုပ်သူမင်းကို မှီခိုနှစ်သက်သော်လည်း အုပ်ချုပ်သူမင်းသည် အလုပ်သဘောသာရှုမြင်၍ ပြန်လှန်နှစ်သက်ခြင်းမရှိပေ။ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေဆက်စပ်မှုသည် ဗုဒ္ဓတိကျ ယုဂ်တစ်မျိုးကို ဖြစ်စေကာ၊ ဥာဏ်ပညာကောင်းမှု ကျော်ဇောမှုအဖြစ်ကို ရစေသည်။ အိမ်ရှင်ပါပမှ ဥဒသိန်ပြုခံရသော သောမအလိုအားဖြင့် ပျော့ညံ့သောသဘာဝရှိသည့် ဗုဒ္ဓဟူးသည် ဆက်ဆံရေး ပေါင်းသင်းရေးတွင် ထိခိုက်ခံရမည်။ သို့တစေယုဂ်အားဖြင့် ကျော်ဇောနေမည်ဖြစ်သည်။

    * သိဟ်ရာသီတွင်ရပ်သော ၅တေး၏ဒသာ

ဘာသာရေးခေါင်းဆောင်ဖြစ်တတ်သည် ပတ်ဝန်းကျင်နှင့်ပတ်သပ် အဆင်ပြေမည်
မှတ်ချက်။  ။ ထင်ပေါ်ကျော်ဇောလိုမှု တနင်္ဂနွေနှင့် စီမံပိုင်းခြားနိုင်မှု ကြာသာပတေးတို့သည် ပြန်လှန်မိတ်ဖြစ်သဖြင့် အစီအမံ ဥာဏ်ပညာကြောင့် အောင်မြင်မှုရစေမည်ဖြစ်သည်။ ကြာသာပတေးသည် မွေးရာပါဗီဇ သဘောမျိုးထက် မိမိကိုယ်တိုင်တွေးယူ ကြံဆရသော မြင့်မြတ်သည့် ဥာဏ်ရည်သဘာဝကြောင့် ဘာသာရေးနှင့် ပတ်သတ်တတ်သည် အတွေးနက်သည်ဟုလည်း ဖွင့်ဆိုတတ်ကြပါသည်။

    * သိဟ်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ထင်ရှားသောအမျိုးသမီးနှင့်ပတ်သတ်၍ ဥစ္စာရတတ်သည် သားသမီးနည်းတတ်သည် ဉာဏ်ပညာထက်မြက်နေမည်
မှတ်ချက်။  ။ အောင်မြင်ကျော်ဇောလိုသူသည် ကာမသုခကို အလိုမရှိ၊ ကာမသုလယစ်မူးသူသည် စွန့်စားတွေးခေါ်ဖေါက်ထွက်မှုကို အလိုမရှိသဖြင့် သောကြာနှင့် အိမ်ရှင် တနင်္ဂနွေတို့ ပြန်လှန်ရန်ပြုသည်။ သားသမီးခြွေရံနည်းမည်။ ကာမအမှုတို့ကို ရွံမုန်းနေမည်။ အချစ်မေတ္တာကြောင့်လည်း ဘ၀လမ်းတွင် အနှောင့်အယှက်ဖြစ်နေနိုင်သည်။ အမျိုးသမီးများနှင့် ပတ်သတ်မှုသည် မေတ္တာရေးမဆန်ဘဲ အောင်မြင်မှုရှေးရှုသည့် စီးပွားဆန်ဆန်ဖြစ်တည်တတ်သည်။

    * သိဟ်ရာသီတွင်ရပ်သော ၀နေ၏ဒသာ

အနာရောဂါပေါများ၍ မိသားစုနှင့်နားလည်မှုလွဲနေမည် တိရစ္ဆာန်များနှင့်ပတ်သတ်၍၀င်ငွေရတတ်သည်

မှတ်ချက်။   ။  အောင်မြင်တွန်းထုတ်လိုသော သဘာဝ တနင်္ဂနွေနှင့် သည်းခံစောင့်စားအေးဆေးလိုသော စနေတို့ ပြန်လှန်ရန်ပြုသည်။ စနေအထိနာခြင်းသည် အသက်အနေကို ထိခိုက်သည်။ တနင်္ဂနွေအထိနာမှုသည်လည်း ရှင်သန်သည့်ဓာတ် ဆုတ်ယုတ်ခြင်းကိုပြသည်။ အတွင်းပူများ ကျိတ်ခံစားရတတ်သည်။ ပါပနှစ်လုံးအတိုက်သဘောကြောင့် သေးသိမ်သောလုပ်ငန်းများ ဒုရာဇီဝလုပ်ငန်းများမှ အကျိုးအမြတ်ရတတ်သော်လည်း ရေရှည်အကျိုးပေးဖွယ်မရှိချေ။

မိတ်ရန်ဇယားကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။


No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။