ကရကဋ်ရာသီ/ ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၈)

ကရကဋ်ရာသီ၏ အ၀န်းအ၀ိုင်းပေါ်သို့ တနင်္ဂနွေ နေမင်း ဖြတ်သန်းပုံကို ရာသီတွင်းဝင်စ (ပထမပုံ) နှင့် ရာသီမှအထွက် (ဒုတိယပုံ) ဖြင့် အောက်ပါအတိုင်းတွေ့မြင်ရသည်။




ရာသီဖွား၊ စန်းရပ်နှင့်၊ လဂ်သဘာဝများကို ယခင်ပိုစ့်  http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖေါ်ပြခဲ့သည့်အတိုင်းဖြစ်၍ ထပ်မံမဖေါ်ပြတော့ပါ။

ကျွန်တော်ရေးသားထားသော ဇတာဖွဲ့ပရိုဂရမ်အရမူ အောက်ပါပုံတွင် ကရကဋ်ရာသီတွင်တည်သော  တနင်္ဂနွေ (1)၊
စန်း (2)လဂ် (L) တို့ကို နမူနာပြထားပါသည်။


ရာသီပိုင်ဆိုင်မှုမှာ မပြောင်းလဲပေ။


အတန့်ရေတွက်မှုမှာမူ ကရကဋ်လဂ်ကို မူတည်ရေတွက်မည်ဖြစ်သဖြင့် အောက်ပါအတိုင်း ပြောင်းလဲဖြစ်တည်သွားမည်ဖြစ်သည်။



ပရိယာယ်များကိုလည်း ယခင်ပိုစ့် http://astro.technohalo.com/2011/01/blog-post_24.html တွင် ဖတ်ရှုနိုင်ပါသည်။

ကရကဋ်လဂ်အဟော

    * ကရကဋ်လဂ်

ကရကဋ်လဂ်မှာဖွားမြင်သူတွေဟာစိတ်လှုပ်ရှားလွယ်ခြင်း လရောင်ကို နှစ်သက်ခြင်း သနားကြင်နာလွယ်ခြင်း ကရုဏာထားခြင်းတို့ဖြင့်ပြည့်စုံပါမယ် သွားလာလှုပ်ရှားမှုနှေးကွေးခြင်း ဝေဖန်ကန့်ကွက်ခံရခြင်းတို့လည်းပူးတွဲရရှိတတ်ပါတယ် မျိုသိပ်တတ်သူများလည်းဖြစ်ကြပါတယ်

မှတ်ချက်။  ။ 
တန့်ဘာဝသည် တနင်္လာပိုင် ကရကဋ်ရာသီဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံဖြိုးမှုစရိုက်အရ၊ နုနယ်သော၊ ခံစားချက်အား ရှေ့တန်းတင်သော လူငယ်အသွင်စရိုက်ပိုင်ဆိုင်မည်ဖြစ်သည်။ သနားကြင်နာတတ်သော သဘာဝရှိကာ အမြဲတစေ အေးရာအေးကြောင်း ကြံစည်နေသူဖြစ်မည်။ ခန္ဓာကိုယ် ကိုယ်ခံအားသဘာဝအရ နုနယ်တတ်ကာ အပင်ပမ်းမခံနိုင်ခြင်း၊ စိတ်စွဲကြီးခြင်းကြောင့် အာရုံကြောရောဂါရခြင်း စသည်တို့ခံစားရတတ်သည်။

တန့်ဘာဝသည် တနင်္ဂနွေပိုင် သိဟ်ရာသီဖြစ်ခြင်းကြောင့် စုဆောင်းမှုဥစ္စာများပိုင်ဆိုင်မှု မမြဲတတ်ပေ။ အထုအထည်နှင့် ရလာတတ်သော်လည်း သိမ်းဆည်းစုဆောင်းနိုင်စွမ်း နည်းတတ်သည်။ တမိပေါက်တစ်ယောက်ထွန်း ဥာဏ်ပညာတောက်ပတတ်သည်။ စွန့်လွှတ်စွန့်စားမှုဖြင့် ဥစ္စာရှာရတတ်သည်။

တန့်ဘာဝသည် ဗုဒ္ဓဟူးပိုင် ကန်ရာသီဖြစ်ခြင်းကြောင့် ရဲဝံ့ စမ်းသပ်မှုများ ပြုလုပ်နိုင်မှုမှာ စိတ်ကူးပေါက်ချိန် အားကောင်းကာ ကြာရှည်မတည်မြဲသော သဘာဝရှိမည်။ သို့သော်လည်း တခါတရံပေါ်ပေါက်လာသော မိမိစွန့်စားမှုတိုင်းသည် အများနှင့်မတူ တမူထူးခြားကာ ထက်မြက်ကောင်းမွန်တတ်သည်။

တန့်ဘာဝသည် သောကြာပိုင် တူရာသီဖြစ်ခြင်းကြောင့် မိသားစုဝန်းကျင်အကျိုးပေး ကောင်းမွန်သူ၊ ပြည့်စုံသူ၊ ရုပ်ရည်ချောမောလှပသော မိခင်ကို ပိုင်ဆိုင်သူ မျိုးဖြစ်တတ်သည်။ ငယ်စဉ်ဘ၀တွင် အများက အလေးပေးလိုက်လျော ဂရုစိုက်ခံရသူမျိုးဟု ဆိုနိုင်မည်ဖြစ်သည်။ လောကတခွင်အား တရားဥပဒေစိုးမိုးစေလိုခြင်း၊ တရားသဖြင့် ပျော်ရွှင်စေလိုခြင်းစသည့် ကောင်းမြတ်သော နေ့စဉ်ဘ၀ခံယူချက်များ ဖြစ်ထွန်း ခံစားရတတ်သည်။

တန့်ဘာဝသည် အင်္ဂါပိုင် ဗြိစ္ဆာရာသီဖြစ်ခြင်းကြောင့် ပညာဥာဏ်အားဖြင့် သွက်လက်ထက်မြက်နိုင်သည်။ ရဲရဲဝင့်ဝင့်စွန့်စားတွေးခေါ်နိုင်သူဖြစ်သည်။ ချစ်မေတ္တာတွင်လည်း အပြိုင်အဆိုင်အထိအခိုက်များတတ်သည်။ မူလသဘာဝ စိတ်သဘောထားနူးညံ့သူဖြစ်ပြီး (၅ တန့်အိမ်ရှင် အင်္ဂါသည် ဗြိစ္ဆာတွင် တြိဂေါဏမဟုတ်သဖြင့်) အချစ်ရေးကံကောင်းသူဟု မဆိုနိုင်ပေ။ ငယ်ရွယ်သူ ဖျတ်လတ် သွက်လက်သူများနှင့် ပတ်သတ်မိကာ အချစ်ဒုက္ခခံစားရတတ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် ဓနုရာသီဖြစ်ခြင်းကြောင့် စာပေပညာနှင့် ပတ်သတ်၍ ပြိုင်ဘက် ရန်ဘက်မျာပေါများတတ်သည်။ သို့သော် မိမိကသာ ပန်းဝင်ကြိုးသဖွယ် အနိုင်ရနေမည်ဖြစ်သည်။ မိမိဆန္ဒ ဇောအပူကို မိမိအပြိုင်အဆိုင်ရှေ့ဝယ် ထိန်းချုပ်နိုင်ခြင်းသည် ကရကဋ်လဂ်များ၏ ထူးခြားသော အစွမ်းဖြစ်သည်။ ရွယ်တူတန်းတူ လုပ်ဖေါ်ကိုင်ဖက်များနှင့်ပတ်သတ်၍ ဆင်ခြင်နိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်း ကြီးမားသူဖြစ်မည်။

တန့်ဘာဝသည် စနေပိုင် မကာရရာသီဖြစ်ခြင်းကြောင့် ပေါင်းသင်းဆက်ဆံရေး အဖေါ်အပေါင်းကဏ္ဍများတွင် ရှေးရိုးဆန်ဆန် စီမံတတ်မည်။ မိမိက ခေတ်မီသည်ထင်သည့် အဆင်အပြင် အပြုအမူမျိုးသည် အခြားသူအတွက် ရှေးရိုးဆန်နေတတ်မည်။ မိမိအပေါင်းအသင်းများ တွေ့ကြုံနေရသူများသည် များသောအားဖြင့် အသက်ကြီးသူ အတွေ့အကြုံများသူများဖြစ်တတ်သည်။ ကရကဋ်လဂ်တို့၏ အိမ်ထောင်ဖက်များသည် မိမိထက် ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ အသက်အရွယ်အားဖြင့် ကြီးသူများဖြစ်စေ ခံယူချက်ပြင်းပြသူ ရည်မှန်းချက်ကြီးသူများဖြစ်တတ်သည်။

တန့်ဘာဝသည် စနေပိုင် ကုမ်ရာသီဖြစ်ခြင်းကြောင့် ကျန်းမာရေး သေဆုံးမှု စသည့် အဆုံးသတ်ကိစ္စများတွင် ပူပမ်ရတတ်သည်။ သိုသော် (မူလတြိဂေါဏသခင်ဖြစ်ရာ ရာသီအားလျော်စွာ) ထိုသို့ ပူပမ်ရမှုကို တရားသဘော၊ ဘာဝနာ သတိပဌာန်အားဖြင့် ထိန်းချုပ်နိုင်ကြမည်ဖြစ်သည်။ အိမ်ထောင်ရေး ကာမသုခများတွင် ချုပ်ချယ်ခံရမှုမျိုးကြုံရတတ်သည်။

တန့်ဘာဝသည် ကြာသာပတေးပိုင် မိန်ရာသီဖြစ်ခြင်းကြောင့် ဂုဏ်ကျက်သရေတိုးကာ အထူးထွန်းတောက်နိုင်မည်ဖြစ်သည်။ မိမိပညာစွမ်းကြောင့် ဂုဏ်ကျက်သရေတိုးခြင်း၊ တပည့်တပမ်း ဆရာသမားအားလျော်စွာ အမွေဆက်ခံပညာတိုးခြင်းမျိုးလည်း ခံစားရမည်။ မိမိဘ၀ မိမိအလှအား ပညာဆင်ခြင်ဥာဏ်အားဖြင့် ထိန်းကျောင်းကွပ်ကဲသွားနိုင်သူမျိုးဖြစ်မည်။

၁၀ တန့်ဘာဝသည် အင်္ဂါပိုင် မိဿရာသီဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းအရည်အသွေးသည် စက်ကိရိယာ၊ လျှက်စစ်စသည်တို့နှင့် သက်ဆိုင်ကာ၊ အမြဲတစေ လုံ့လပြုလေ့လာနေရသော အလုပ်အကိုင်မျိုးဖြင့် အသက်မွေးတတ်သည်။ ရဲရဲဝံ့ဝံ့ဆုံးဖြတ် ပြောဆို ထုတ်ဖေါ်နေရသော အစွမ်းအစ ရပ်တည်မှုမျိုး ကြုံရတတ်သည်။ အမြဲတစေ ပြင်ပအတိုက်အခိုက် ယှဉ်ပြိုင်စိန်ခေါ်မှုမျိုးလည်း ကြုံနေရတတ်သည်။ သို့သော် အောင်မြင်သော အသက်မွေးဝမ်းကျောင်းတစ်ခုကို အမြဲပိုင်ဆိုင်နေနိုင်မည်ဖြစ်သည်။ 

၁၁ တန့်သည်လည်း သောကြာပိုင် ပြိဿရာသီဖြစ်သဖြင့် လှပသေသပ်သူ၊ မျက်နှာပမ်းပွင့်သူများ၏ မေတ္တာကို ခံစားရတတ်ကာ၊ လာဘ်လာဘသည်လည်း သောကြာသဘောကြောင့် ရွှေငွေ အလှဆင်ပစ္စည်းများ၊ အကြံပေးအလုပ်စသည်တို့နှင့် သက်ဆိုင်တတ်သည်။ မူလတြိဂေါဏရာသီသခင်မဟုတ်ကာ၊ အလုပ်အကိုင် ၁၀ တန့်သည် အင်္ဂါအိမ်ရှင်ဖြစ်သဖြင့် ရရှိလာသော မေတ္တာနှင့် ၀င်ငွေလာဘ်လာဘတို့သည် ရာနှုန်းပြည့်ဖြူစင်မည်ဟု မဆိုနိုင်ပေ။

၁၂ တန့်သည် ဗုဒ္ဓဟူးပိုင် မိဿရာသီဖြစ်သဖြင့် သောကဗျာပါဒများကို ပျော်ရွှင်မှု/ အပြောင်းအလဲတစ်ခုခု ဖြင့် အစားထိုး ဖျော်ဖြေမှုတစ်ခုဖြင့် ငြှိမ်းသတ်တတ်သည်။ ၁၂ ရပ်၏ ဗုဒ္ဓဟူး၏ အားလျှော်စွာ စကားအပြောအဆို အရေးအသားကြောင့် စွပ်စွဲခံရတတ်ကာ ဂုဏ်သိက္ခာကျဆင်းကာ စိတ်ညစ်ရတတ်သည်။



ကရကဋ်ရာသီတွင်ရပ်တည်သော ...

    * ကရကဋ်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ

ဖခင်ဆွေမျိုးနှင့်ဝေးကွာနေတတ်ခြင်း ဆန့်ကျင်ဘက်လိင်များအပေါ်စိတ်ဝင်စားမှုများနေခြင်း အပြောအဆို ထက်မြက်ပြတ်သားနေခြင်း အထက်လူကြီး၏အရေးပေးမှုကို ရရှိခြင်းတို့ဖြစ်ပေါ်မည်

မှတ်ချက်။  ။ကရကဋ်ရာသီတွင် တနင်္ဂနွေတည်ခြင်းသည် တနင်္ဂလာအိမ်ကို တနင်္ဂနွေရပ်သဖြင့် နေနှင့်လတို့ ပေါင်းစပ်ယှက်နွယ်အကျိုးပေးမှုဖြစ်သည်။ တနင်္လာ အေးချမ်းမှုသို့ တနင်္ဂနွေ အထီးကျန်မှု လွှမ်းမိုးသဖြင့် ဆွေမျိုးတို့နှင့် ကင်းကွာနေရတတ်သော သဘာဝကို ပြဆိုသည်။ ဆန့်ကျင်ဘက် နေလနှစ်ပါး အတိုက်အခိုက်ကြောင့် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှုများ ဖြစ်လာနိုင်ကာ၊ အပြန်အလှန်မိတ်ပြုသော ဂြိုဟ်အားလျော်စွာ အထက်လူကြီးအကျိုးအပေးနှင့် မိမိစိတ်ကူးသမျှ အကောင်အထည်ပေါ်တတ်ခြင်းကို ပြဆိုလျှက်ရှိသည်။


    * ကရကဋ်ရာသီတွင်ရပ်သော ၂လာ၏ဒသာ

သမာအာဇီဝလုပ်ငန်းများမှ စီပွါးရမည် တောတောင်ချောင်ကျရာအရပ်များသို့သွားလာရတတ်သည် အစာဟောင်းအိမ်နှင့် ပတ်သတ်၍ ရောဂါရမည်

မှတ်ချက်။  ။ မိမိပိုင်ရာသီတွင်တည်သဖြင့် စိတ်ကူးဥာဏ်ကွန့်မြူးကာ စီးပွားဖြစ်မည်။ တောတောင်ချောင်ကျရာအရပ်များဟု မဖွင့်ဆိုဘဲ အေးချမ်းတိတ်ဆိတ်ရာ အရပ်ဒေသတစ်ခုတွင် ရောက်ရှိနေတတ်သည်ဟု ဖွင့်ဆိုသင့်သည်ထင်ပါသည်။ ကရကဋ်တွင် စန်းတည်၍ စန်းမှရေသော အေးချမ်းမှုအရ ကြည့်လျှင် ၇ တန့် ၈ တန့်တို့သည် စနေပိုင် ရာသီများဖြစ်သဖြင့် စအိုဆည်းစပ်အင်္ဂါဇာတ်များ ထိခိုက်နိုင်ဖွယ် ရှိပုံကို ဖွင့်ဆိုသည်။ လဂ်အားလုံးအတွက် ခန္ဓာဗေဒထိခိုက်ပုံအကျိုးဆက်ကို မိဿရာသီအပိုင်းတွင် တင်ဆက်ခဲ့ပြီးဖြစ်သည်။


    * ကရကဋ်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ခြေလက်များထိခိုက်မိမည် လူအများအားလှည့်စားမိမည် သမာအာဇီဝလုပ်ငန်းများ အကျိုးပေးမည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်နေတတ်သည်

မှတ်ချက်။  ။ အင်္ဂါသည် ကရကဋ်တွင်တည်ခြင်းသည် နိစ်မူသဖြင့် အင်္ဂါ၏ သဘာဝ ခြေဖျားလက်ဖျားများ ထိခိုက်မိနိုင်ခြင်းကို ပြဆိုသည်။ တနင်္လာနှင့် အင်္ဂါပေါင်းစပ်ခြင်းသည် စန္ဒမင်္ဂလဟူသော အမျိုးသမီးများအတွက် ဖေါက်ပြန်စေတတ်သည်ဆိုသော ယုဂ်တစ်ခု၏ အသွင်သဖွယ်ဖြစ်သောကြောင့် လှည့်ဖျားလိုသည့် သဘာဝဖြစ်ပေါ်မည်ဖြစ်သည်။ ဤဘလော့၏ တစ်နေရာတွင် စန္ဒမင်္ဂလနှင့် စန္ဒသုက္ကတို့ကို ရှင်းခဲ့ပြီးဖြစ်သည်။ စန္ဒမင်္ဂလသဘောမှာ အေးချမ်းသော ထိန်းသိမ်းသော မိန်းကလေးသဘာဝ တနင်္လာသည် စမ်းသပ်လိုစိတ် ပွင့်လင်းလိုစိတ် ကျားသဘာဝ အင်္ဂါနှင့်ယှဉ်တွဲသဖြင့် အနေနီးမှု စမ်းသပ်လိုမှုမျိုးဖြစ်စေတတ်ခြင်းကို ပြဆိုသည်။ ထိုယုဂ်နှစ်မျိုးသည် အောင်မြင်ကြီးပွားစေတတ်သော လောကီအကျိုးပြယုဂ်မျိုးလည်းဖြစ်သဖြင့် အောင်မြင်သီးပွင့်မှုကို ခံစားနိုင်မည်ဖြစ်သည်။

    * ကရကဋ်ရာသီတွင်ရပ်သော ၄ဟူး၏ဒသာ

ဆွေမျိုးကြောင့်ဒုက္ခရောက်တတ်သည် ကဗျာစာပေများနှင့်ပတ်သတ်၍ ၀င်ငွေရတတ်သည် ရပ်ဝေး၌နေရတတ်သည် စည်းစိမ်ဥစ္စာတော့ယုတ်လျော့နေမည်

မှတ်ချက်။   ။ ဗုဒ္ဓဟူးသည် အိမ်ရှင် တနင်္လာကို ရန်ပြုလျှက် ရပ်တည်သည်။ အေးချမ်းမှုသည် အပြောအဆို အရေးအသား ဥာဏ်ဆက်ဆော့မှုတို့ကြောင့် အားနည်းလျှက်ရှိမည်။ ပေါင်းသင်းဆက်ဆံရေး မကြေညက်မှုကြောင့် အပူအပင်ခံစားရမှုမျိုးကြုံရမည်ဖြစ်သည်။

    * ကရကဋ်ရာသီတွင်ရပ်သော ၅တေး၏ဒသာ

နာမည်ကောင်းနှင့်ကြွယ်ဝချမ်းသာမည် မိဘများနှင့်ပတ်သတ်ရ၍ ဘိုးဘွားအမွေရတတ်သည် လှည့်လည်သွားလယနေရတတ်သည်

မှတ်ချက်။  ။ ကြာသာပတေးသည် ဥစ်မှုကာ အိမ်ရှင်ကို မိတ်ပြုသဖြင့် ကောင်းကျိုးများခံစားရနိုင်သည်။ ပညာဥာဏ် ဆရာသမား တပည့်တပမ်းအားလျော်စွာ အကျိုးကျေးဇူးခံစားရသည့်အပြင်၊ ဥစ်၏ ထွန်းလင်းမှုသဘောအရ အရှိန်အ၀ါ အရိပ်အာဝါသကြီးသော အဘိုးအဘွား အမွေအနှစ်များခံစားရမည့်သဘောဖြစ်သည်။ ဆေးလုပ်ငန်း၊ ပညာရေးခရီးများလည်း အကျိုးပေးကောင်းမည်ဖြစ်သည်။

    * ကရကဋ်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ဇနီး၂ဦးရှိတတ်သည် လောကီစည်းစိမ်ပြည့်တတ်သည် သီလဖြူစင်နေတတ်သည်

မှတ်ချက်။  ။ သောကြာသည် အိမ်ရှင် တနင်္လာကို ရန်ပြုလျှက်ရှိသည်။ အပျော်အပါးလိုက်စားမှု၊ ဇနီးမယားသဘာဝတို့သည် မိမိ၏ အေးချမ်းတည်ငြိမ်မှုကို ဖျက်စီးနေမည့်အခြေအနေဖြစ်သည်။ စန္ဒသုက္ကယုဂ်အားလျော်စွာ ယောကျာ်းများအတွက် အိမ်ထောင်ရေးဖေါက်ပြန်စေသော ယုဂ်တစ်မျိုးဖြစ်ကာ၊ ဥစ္စာစည်းစိမ် ခံစားမှုကား လောကီအကျိုးအားလျော်စွာ ဖြစ်ထွန်းမည်ဖြစ်သည်။ ပေါင်းသီလဖြူစင်မည်ဆိုပါကလည်း မဖြစ်မနေ ဖြူစင်ရမည့် အခြေအနေကြောင့်သာဖြစ်နိုင်မည်။

    * ကရကဋ်ရာသီတွင်ရပ်သော ၀နေ၏ဒသာ

မိခင်ဆွေမျိုးမရှိဖြစ်တတ်သည် အမြင်အကြားချွတ်ယွင်းတတ်သည် စိုးရိမ်မှုများနေရတတ်သည်

မှတ်ချက်။  ။ စနေသည် အိမ်ရှင်ကို ရန်ပြုလျှက်ရှိသည်။ စနေသည်လည်း အိမ်ရှင် မကာရမှ သွေဖယ်ကာ ကရကဋ်လာတည်သဖြင့် "ပြ" တည်လျှက်ရှိသည်။ ခံစားမှုများ ဆိုးရွားစွာ ပျက်စီးသဖြင့် အာရုံကြောများချွတ်ယွင်းတတ်သည်။ အတွေးအခေါ်အယူအဆ မရင့်ကျက်သူ၊ သဘောထားမကြီးသူများဖြင့် ဆုံတွေ့ရဖွယ်ရှိသော အခြေအနေမျိုးဖြစ်သည်။

မိတ်ရန်ဇယားကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။



No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။