ဗေဒင်ကို တကယ်ရော ယုံရဲ့လား

နက္ခတ်ဗေဒင်ပညာတွင် လူတစ်ဦးမွေးဖွားစဉ်တွင် ရပ်တည်သော ကောင်းကင်ဂြိုဟ်နေအရ ထိုလူသား၏ ကံကြမ္မာကို ပုံလောင်းပေးလိုက်သည်ဟု ကြိမ်ဖန်များစွာ မှတ်သားရပါသည်။ ထိုကဲ့သို့ ပုံလောင်းပေးလိုက်သည့်အတိုင်း မုချဖြစ်မည်ဟု ယူဆမည်ဆိုပါက ချမ်းသာမည့်ဇာတာရှင်သည် မည်သည့်အလုပ်မျှ လုပ်စရာမလိုဟု တစ်လွဲဆံပင်ကောင်း ယူဆသွားနိုင်ကြပါသည်။ ထိုသို့ယူဆသူမှာ နက္ခတ်ဗေဒင်ပညာ အပေါ်နားလည်မှု နည်းသောကြောင့်ပင်ဖြစ်ပါသည်။

  • (၁) နက္ခတ်ဗေဒင် ပညာသည် လူသား၏ စရိုက်ကို ဦးစွာဖေါ်ဆောင်ပြပါသည်။ သို့သော် စရိုက်တစ်မျိုးတည်းသာ ဖေါ်ပြသည်မဟုတ်ပါ။ 

ဗုဒ္ဓဘာသာတွင် ၀ါသနာနှင့်ဝဋ်သည် ဘုရားချွတ်တောင် မကျွတ်ဟုလည်းကောင်း၊ ဘုရားမြတ်စွာသည်သာ ကိလေသာကို ၀ါသနာနှင့်တကွ ပယ်နိုင်သည်ဟုလည်းကောင်း မှတ်ယူကြပါသည်။ ရဟန္တာမထေရ်မြတ်တို့သည်ပင် ၀ါသနာကို မစွန့်ပယ်နိုင်သော သာဓကများစွာရှိပါသည်။
ထိုကဲ့သို့ အထုံပါလာသော စရိုက်များအရ ကံကြမ္မာတို့ဖြစ်ပျက်ကြရသည်။

စရိုက်မည်မျှပင် ကောင်းစေကာမူ အစိုးမရသည့် အနတ္တလောကသဘောအရ ယခုလုပ်သောကောင်းကျိုးသည် ယခုချက်ချင်းစင်ကြယ်သွားသော စိတ်အခြေအနေအကျိုးမျှသာ ပေးစွမ်းကာ ထူးခြားသော လက်တွေ့လောကီအကျိုးကို ပေးချင်မှ ပေးနိုင်မည်ဖြစ်သည်။ စရိုက်ဆိုးကာ ကြမ်းတမ်းစေဦးတော့ ကောင်းကျိုးချမ်းသာများလည်း ခံစားရနိုင်သည်။ အဟောသိကံ ဖြစ်သွားမည့် ဘုရားဟန္တာတို့၏ ကံကိုမူကား ကျွန်တော့်အနေဖြင့် မှန်းဆနားလည်နိုင်ရန် အလှမ်းဝေးလှပါသည်။


ယခု ဖြစ်ပျက်နေသော အကျိုးပေးသည် မည်သည့်အချိန် မည်သည့်ကာလက ပြုလုပ်ခဲ့သော ကံစွမ်းက ၀င်စွက်ဖက်နေသည်ဟု ခွဲခြားသိရန်မှာ မဖြစ်နိုင်သလောက်ခက်ခဲပါသည်။ ထိုနည်းတူ ယခုလုပ်သော ကံအကြောင်းတို့သည် မည်သည့်အခါတွင် အကျိုးပေးမည်ဟုလည်း ကြိုသိဖို့ ခဲယဉ်းပါသည်။

ကြိုတင်သိနိုင်ရန် မည်မျှပင် ခဲယဉ်းစေဦးတော့ လူသားတို့သည် ထိုသို့ကြိုတင်သိရန် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ကြသည်ချည်းပင် ဖြစ်သည်။ မည်သည့်နည်းကမျှ ရာနှုန်းပြည့်သိရန် မဖြစ်နိုင်။ နက္ခတ်ဗေဒင်ပညာကို ၀ါသနာပါသူ ကျွန်တော့်အနေဖြင့် နက္ခတ်ဗေဒင်နှင့်ပတ်သတ်၍ သိမှတ်မိသမျှ တင်ပြရပါလျှင်

လူ ၁၀၀ တွင် ၉၉ ယောက်သည် မိမိစရိုက်ကို ဆန့်ကျင်ရန် ခဲယဉ်းပါသည်။ စရိုက်အရ ပုံဖေါ်ဟောပြောနိုင်မည်ဆိုပါက ထို ၉၉ ယောက်အတွက် ရာခိုင်နှုန်းများစွာ အမှန်ဖြစ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း နက္ခတ်ဗေဒင်ပညာသည် နှစ်ထောင်ချီတည်တံ့ခဲ့သည်ဟု ယူဆမိပါသည်။ တနည်းအားဖြင့် မိမိစရိုက်ကို ဆန့်ကျင် ကြိုးစားသူသည် အတိတ်အကျိုးပေးကို ဆန့်ကျင်မည့်သူဟု ဖေါ်ပြနေပါသည်။ အကျိုးပေးပြောင်းလဲလာအောင် ဆန့်ကျင်ခြင်းသည် ယတြာ ဟု ထင်မိပါသည်။ အခြေခံအကျဆုံးနှင့် အမှန်ကန်ဆုံး ယတြာမှာ စရိုက်ဝါသနာပေါ် ထိန်းသိမ်းနိုင်မှုပေါ်တွင်သာ မူတည်သည်ဟု ယူဆမိပါသည်။

သာမန်လူတစ်ယောက်အတွက်မူ တနင်္ဂနွေ တနင်္လာမှအစ ရာဟု ကိတ်အဆုံး ဂြိုဟ်တို့သည် သီးခြားအဓိပ္ပါယ်မျိုးစုံဖြင့် လူတစ်ဦး၏စရိုက်ကို ပုံဖေါ်ကြသည်။
ထိုအပိုင်းတွင် ဇာတာတစ်စောင်၏ ရာသီ ၁၂ ပါးမှ ဂြိုဟ်တစ်လုံးချင်းရပ်တည်ပုံအရ ဂြိုဟ်အားများ၊ ဂြိုဟ်အချင်းချင်း ပေါင်းစပ်ရပ်တည်ပုံများ ပါဝင်ကာ အချင်းချင်းသင့်မြတ်မှု မသင့်မြတ်မှုအရ ဂြိုဟ်မြင်၊ ဂြိုဟ်ပူး၊ မိတ်ရန်၊ အံသာအနုအရင့် န၀င်းစသည်ဖြင့် ပါဝင်ပါသည်။ အခြားကျွန်တော်မသိသေးသော အခန်းကဏ္ဍများစွာ ရှိနိုင်ပါသည်။

ဥပမာအားဖြင့် ဖွားဇာတာအရ
-မိဿရာသီတွင်ရပ်သော အင်္ဂါဂြိုဟ်အရ ဇာတာရှင်၏ ခက်ထန်သောစရိုက်
-ဓနုရာသီတွင်ရပ်သော ကြာသာပတေးအရ ပညာကြီးသော စရိုက်
-အင်္ဂါနှင့် ကြာသာပတေးဂြိုဟ်တို့ ပေါင်းယှဉ်ဆက်နွယ်သော ပညာကို လက်တွေ့အသုံးချသော စရိုက်
-ကြာသာပတေးသည် အင်္ဂါကို မြင်သောအခါ နီးစပ်မှုရှိမရှိ အား ရာခိုင်နှုန်း % အရ၊ ပညာကို လက်တွေ့တကယ်အသုံး ချဖြစ် မချဖြစ် % ရာခိုင်နှုန်း စသည်ဖြင့်ပါဝင်ပါမည်။

  • (၂) နက္ခတ်ဗေဒင်ပညာသည် စရိုက်နှင့်အတူ အကျိုးပေးကိုလည်း လူမှုဘ၀နှင့် ယှဉ်ကာ အပြန်အလှန်သဘောအရ ဖေါ်ပြပေးပါသည်။ 

အားရှိ အားမဲ့သော ဂြိုဟ်တို့သဘောအရ ဇာတာရှင်၏ စရိုက်မှသည် အိမ်ထောင်ရေး စီးပွားရေးစသော လူမှုကဏ္ဍများအသွင် ဖေါ်ဆောင်ကာ အကျိုးအပစ်များ ဖေါ်ပြလာပါသည်။


ဤအပိုင်းတွင် ဘာဝ ၁၂ ပါး အယူအဆများနှင့် ယုဂ်(ယောဂ) ဆက်စပ်မှုများပါဝင်လာပါသည်။ ၄င်းအပြင် အချိန်ကာလအပိုင်းအခြားအရ မျှဝေခွဲခြမ်းအကျိုးပေးသော ဒသာစနစ်များလည်း ပါဝင်လာကာ၊ ဒသာစနစ်များကို အားတင်အားချ ပေးသော လတ်တလော ကောင်းကင်ဂြိုဟ်နေ ကောဇာဇာတာခွင်များလည်း ပါဝင်လာပါတော့သည်။

ဥပမာအားဖြင့် ဖွားဇာတာအရ -အား ရာခိုင်နှုန်းကောင်းစွာ ဆက်သွယ်သော ကြာသာပတေးနှင့် အင်္ဂါတို့သည် ဘောမာဇီဝ အမည်ရ သူဌေးသူကြွယ် ရာထူးကြီးမူကို ပေးစေမှု
-ထို ဆက်သွယ်မှု(သို့)ယုဂ်(ယောဂ) သည် ဇာတာရှင်၏ ဘာဝစက်အရ အနိုင်အထက်ပြုကျင့်မည့် ၆ တန့်သခင် အိမ်ရှင်ဖြစ်နေပါက သူဌေးသူကြွယ်ရာထူးကြီးမှုသည် အေးချမ်းစွာ ရရှိလာသော အောင်မြင်မှုမဟုတ်နိုင်ခြင်းဟု ဖေါ်ထုတ်ခြင်း
-အထက်ပါ အကျိုးပေးသည် ဇာတာရှင်၏ မည်သည့်အသက်အပိုင်းအခြားတွင် အကျိုးပေးနိုင် အကျိုးမပေးနိုင် ဒသာအရ စစ်ဆေးရာတွင် ဇာတာရှင်၏ အသက် ၂၀ မှ ၃၀ အတွင်းတွင် တစ်ခါ၊ ၄၀ မှ ၅၀ အတွင်းတွင် တစ်ခါ ဖြစ်နေပါက ထိုနှစ်များအတွင်း ကောင်းကင်ဂြိုဟ်နေအရ မည်သည့်အချိန်သည် ပိုမိုဖြစ်နိုင်ခြေရှိမည်နည်းဟူ၍ စစ်ထုတ်ခြင်း တို့ဖြစ်သည်။

နက္ခတ်ဗေဒင် စတင်လေ့လာသူ တစ်ဦးအနေဖြင့် စရိုက်ဖေါ်ပြသောအဟော၊ အကျိုးပေးဖေါ်ပြသောအဟော၊ အင်အားတွက်ချက်မှု အစရှိသဖြင့် များမြောင်လှသော အကြောင်းအကြာများကို စုဆောင်းလေ့လာရပါသည်။ ထိုသို့လေ့လာရင်းပင် အားလျှော့ကာ ဆက်လက်မလေ့လာတော့သူများလည်း အများအပြားရှိနိုင်မည်ဖြစ်ပါသည်။

တချို့သော လေ့လာသူသည် မိမိလေ့လာစဉ်က သိခဲ့သမျှအား ဟုတ်သည်မှန်သည်ဟု စွဲကိုင်သွားနိုင်ပါသည်။ ထိုသူသည် ထို့ထက်ပိုမသိတော့ပါ။ တချို့သော လေ့လာသူသည် မိမိလေ့လာစဉ်က သိခဲ့သမျှအား ဥာဏ်မ၀ါးနိုင်ဖြစ်ကာ အခြေအမြစ်မရှိသော ပညာဟူ၍ ကောက်ချက်ချကာ မိမိသိခဲ့သမျှနှင့် တွက်ချက်ကာ မှားယွင်းကြောင်း သက်သေပြကြပါတော့သည်။ ထိုသူနှစ်မျိုးလုံးသည်ပင် ပညာအတွက် ရန်သူဖြစ်ပါသည်။

နက္ခတ်ဗေဒင်ပညာသည် ပေါင်းနှုတ်မြှောက်စားမျှနှင့် ရပ်တန့်နေသော ပညာမဟုတ်ပါ။ အာဂုံဆောင် ကျက်မှတ်ရသော ပုံသေဆန်ဆန် ပညာမဟုတ်ပါ။ မိမိစိတ်အာရုံကျရာ အထင်အမြင်ကို ဟောပြောရသော အတိတ်ကောက် နိမိတ်ပညာတစ်ခုလည်းမဟုတ်ပါ။ အခြေအမြစ်ကျကျတွေးခေါ်ရသော ပညာတစ်ခုသာဖြစ်ပါသည်။ အဆုံးမရှိသော ပညာလည်းဖြစ်ပါသည်။

လူတစ်ယောက်သည် ကြိုတင်ယုံကြည်မှု သဒ္ဒါမရှိဘဲ အယူအဆတစ်ခုကို လက်ခံနိုင်ရန် ခဲယဉ်းပါသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင် ဟူသည့် စကားလည်းရှိပါသည်။ ထို့အတူ ပညာရပ်တစ်ခုအားလည်း သဒ္ဒါတရားမရှိက တတ်မြောက်နိုင်မည်မဟုတ်ပါ။

ဥပမာအားဖြင့် အင်္ဂါဂြိုဟ်သည် အတိုက်အခိုက်ကို ကိုယ်စားပြုသည်မှာ အဘယ့်ကြောင့်နည်းစသော မေးခွန်းများကို တွေးနေပါက ကြိုတင်ယူဆချက်ကို ပစ်ပယ်လိုက်သလိုဖြစ်ကာ ရှေ့ဆက်လေ့လာဖို့မဖြစ်နိုင်ပါ။ သီအိုရီတိုင်းသည်ပင် ကြိုတင်ယူဆချက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အချို့အရာများသည် တီထွင်ခဲ့သူ အဟောပြုခဲ့သူ အဆိုပြုခဲ့သူတို့၏ အလိုအရ မတင်မကျဖြစ်ရသော အချက်အလက်များရှိနေပါသည်။ သို့သော် ပညာရပ်ကိုသင်ယူသူသည် ပညာရပ်သမိုင်းကို သင်ယူသူမဟုတ်ပါ။ ကျွန်တော်သည်လည်း တစ်ချိန်က နက္ခတ်ဗေဒင်ပညာ၏ အစ ရှေးဦးကာလနှင့် တီထွင်သူတို့၏ ဥာဏ်ပညာကို စောကြောဖူးပါသည်။

ဥပမာအားဖြင့် ဘာဝ ၁၂ ပါးကို ပရိယာယ်ဝေခြမ်းပုံမျိုးဖြစ်ပါသည်။ အတန့်တစ်ခုက နောက်ကပ်လျှက်တစ်ခုကို ဖျက်စီးစေခြင်း၊ အတန့်တစ်ခုက ၄င်း၏ ၈ တန့်ကို အဆုံးပို့စေခြင်းစသည့် သဘောသဘာဝများကို ကိုက်ညီအောင် ပုံစံချထားပုံမှာ ယနေ့တိုင် အံ့သြမကုန်နိုင်ဖြစ်ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ မှ ပေါ်ပေါက်လာသော ထူးခြားသည့် လူမျိုးစုနှင့် ပညာရပ်များအကြောင်း ဆရာနျူမာန်ထံမှ ကြားသိရသဖြင့် ပိုမို အံ့သြရပြန်ပါသည်။

သို့သော် ကျွန်တော်အဓိက စိတ်ဝင်စားသည်မှာ ပညာရပ်ဖြစ်ပါသည်။ ပညာရပ်သမိုင်းမဟုတ်ပါ။ သမိုင်းသည် အနာဂတ်အတွက် သင်ခန်းစာမျှသာဖြစ်သင့်သဖြင့် အစဉ်အဆက်ပေါ်ပေါက်ခဲ့သော နက္ခတ်ကျမ်းများ အဟောများသည်သာ လေ့လာအပ်သည်ဟု ခံယူမိပါသည်။

ငယ်စဉ်ကလေးဘ၀တည်းမှ ကောင်းကင်ကြယ်များနှင့် လူမှုဘ၀အကြောင်း လူကြီးလူကျယ် စိတ်ဝင်းစားခဲ့ပါသည်။ လက္ခဏာ လူကဲခတ်စသည်မှ လက်လှမ်းမှီသလောက် လေ့လာခဲ့ကာ၊ နက္ခတ်ဗေဒင်ပညာအရောက်တွင် ၁၀ စုနှစ်ချီကာ သောင်တင်နေခဲ့ရပါသည်။ မည်သည့်အချိန်မျှဆုံးနိုင်မည် မသိသော်လည်း လေ့လာရန်ကား ၀ါသနာကြီးလှပါသည်။

နက္ခတ်ဗေဒင်ပညာသည် အနာဂတ်ကို ဟောသည့်ပညာဖြစ်သော်လည်း ကျွန်တော်လေ့လာခဲ့သည်မှာ ကျွန်တော့်အနာဂတ်ကို သိလို၍ မဟုတ်ပါ။ ထိုနေရာတွင် ပညာရပ်လေ့လာသူနှင့် အသုံးချသူ ကွာခြားပုံကို သတိပြုပါသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်တို့ ကျောင်းတုန်းက လက္ခဏာကျမ်းတစ်အုပ်စပ်တူ ၀ယ်ခဲ့ဖူးပါသည်။ သူသည် သူ့လက်နှင့်တိုက်အဖြေရှာခဲ့သော်လည်း ကျွန်တော့်မှာ နုတ်စာအုပ်တွင်ကူးကာ သူတပါးတွေကိုကြည့်ဖို့ မှတ်သားခဲ့ပါသည်။ ကျွန်တော် နက္ခတ်ဗေဒင်စိတ်ဝင်စားခြင်းသည် အနာဂတ်အတွက်မှန်သော်လည်း လူအများ၏ အနာဂတ်အတွက်သာဖြစ်ခဲ့ပါသည်။ မိမိဇာတာမိမိ တွက်နည်းအရ ချတွက်ခဲ့သော်လည်း စစ်ဆေးမှုမပြုခဲ့ပါ။


ဤတွင် ဘာသာရေးသမားတစ်ယောက်မှ မေးသော မေးခွန်းတစ်ခုကို သတိရမိပါသည်။ ထိုသူသည် အွန်လိုင်းမှ ဆက်သွယ်လာကာ ကျွန်တော့်၏ ဤဘလော့ကို ဖျက်စေလိုကြောင်းပြောလာပါသည်။ သူ့အဆိုမှာ ဗုဒ္ဓဘာသာအရ သံသရာရှည်ကြောင်းတရား ဘုရားပယ်သောပညာဖြစ်သောကြောင့်ဟုဆိုပါသည်။ ဗုဒ္ဓဘာသာက အင်ဂျင်နီယာ ပညာရပ်များကိုရော နိဗ္ဗာန်ရောက်ကြောင်းတရားဟု ဟောပါသလောဟု ပြန်လည်မေးခွန်းထုတ်ခဲ့ပါသည်။ နိဗ္ဗာန်မရောက်သော်လည်း အသုံးကျမည်ဟု ယူဆပါက လေ့လာသင့်သည်ဟု ထင်ပါသည်။
ကျွန်တော့်ကိုပါ အမေးပြုပါသေးသည်။

"ဗေဒင်ဘလော့ကို ရေးနေတယ်ဆိုလို့ မေးရဦးမယ်၊ ဗေဒင်ကို တကယ်ရော ယုံရဲ့လား" ဟူ၍ ဖြစ်ပါသည်။

ထိုစဉ်က ထိုမေးခွန်းအဖြေကို မဖြေနိုင်ခဲ့ပါ။ ဒီနေ့ထိလည်း မဖြေနိုင်သလို နောင်လည်း မဖြေနိုင်ပါ။ အဘယ့်ကြောင့်ဆိုမူ မေးခွန်းမပြည့်စုံမှုကြောင့် ဖြစ်ပါသည်။ မေးခွန်းပါ ဗေဒင်သည် ပညာကို ဆိုလိုသလား ဟောကိန်းကို ဆိုလိုသလား မကွဲပြားပါ။

ကျွန်တော်သည် နက္ခတ်ဗေဒင်ပညာဟူသော စည်းစနစ်များ ခိုင်မာစွာ ဖွဲ့စည်းထားသည့် ပညာရပ်တစ်ခု အမှန်တကယ်ရှိခဲ့သည်၊ ယခုလည်းရှိနေသည်၊ နောင်လည်းရှိဦးမည်ဟု ယုံပါသည်။

ထိုပညာရပ်မှ ဟောကိန်းများကိုကား ရာနှုန်းပြည့်မယုံပါ။ အစိုးမရသော လောကတွင် ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအရသာ ဖြစ်ထွန်းခွင့်ရှိသည်ဟု ယူဆမိပါသည်။

ဟောကိန်းများ၏ ဖြစ်ထွန်းခွင့်ရှိသော ရာခိုင်နှုန်းများတွင် စရိုက်ဝါသနာ၊ အကျိုးပေးနှင့် အားထုတ်မှုသည် ပေါင်းစပ်ပါဝင်နေပါမည်။

ဖြစ်ထွန်းခွင့်မရှိခြင်းသည် အနတ္တလောကနှင့် သက်ဆိုင်မည်ဖြစ်သည်။
  • စရိုက်ဝါသနာ မကိုက်ဘဲ အားထုတ်က အရမ်းပင်ပမ်းမည်။ အကျိုးပေးဖို့မသေချာ။ 
  • အားမထုတ်ဘဲလည်း စရိုက်ဝါသနာချည်းဖြင့် အကျိုးပေးမည်မဟုတ်။ 
  • အကျိုးပေးမပါဘဲ အားထုတ်မိပါကလည်း ပင်ပမ်းမှုသာ အဖတ်တင်မည်ဖြစ်သည်။ 

စရိုက်ဝါသနာ၊ အားထုတ်မှုနှင့် အကျိုးပေးသုံးခုကို မျှတစွာ အသုံးချနိုင်သူသည်သာလျှင် အောင်မြင်မှုကို လွယ်ကူစွာ လှမ်းဆွတ်နိုင်မည်ဟု ယုံကြည်မိပါသည်။

ထိုသို့ဆက်စပ်ပေးနိုင်မည့်ပညာများစွာရှိနိုင်ပါသည်။ ၄င်းတွင် နက္ခတ်ဗေဒင်ပညာပါဝင်သည်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် နက္ခတ်ဗေဒင်ကို ကျွန်တော်ယုံပါသည်။ ထိုယုံကြည်ချင်းသည် ကြိုတင်ယုံကြည်မှုသာဖြစ်ပါသည်။ တကယ်သိ၍ ယုံကြည်ခြင်းမဟုတ်ပါ။ လေ့လာဆဲပင်ဖြစ်ပါသည်။ အနာဂတ်ဟောကိန်းများကိုကား လွယ်လွယ်မယုံပါ။ လွယ်လွယ်မဟောချင်သောကြောင့်လည်း ဘလော့တွင် ဟောခန်းမဖွင့်ခြင်းဖြစ်ပါသည်။

မဟောချင်ပါကလည်း ဒီပညာများကို လေ့လာခဲ့ဖြစ်မည်မဟုတ်ပါ။

စိတ်တိုင်းကျ ပန်းတိုင်တစ်ခုကို မရောက်မခြင်း ဟောကိန်းများဖြင့် လူတစ်ယောက်အနာဂတ်အား အဆိပ်မခပ်လိုပါ။ ထို့ကြောင့် အပြုသဘောအရ ဟောပြောခဲ့ရပါသည်။ ပညာကို ပညာဟုမြင်ကာ လေးစားသူ မည်သူ့ကိုမဆို ကူညီရန် အသင့်ရှိပါသည်။ လူငယ်ဖြစ်သည့်အားလျော်စွာ တစ်ချို့လူများ၏ ဆက်ဆံပုံကို သည်းမခံနိုင်ဖြစ်ခဲ့ရဖူးပါသည်။ ဥပမာအားဖြင့် "ဗေဒင်ဆိုတာ မိန်းကလေးတွေ စိတ်ဝင်စားတာမဟုတ်လား၊ မင်းက ယောက်ျားလေးဖြစ်ပြီး ဗေဒင်စိတ်ဝင်စားတာ အံ့သကွာ" ဟူသော အပြောမျိုးဖြစ်သည်။ ထိုအခါ ပြန်လည်တုံ့ပြန်ပုံများ ရိုင်းပြသွားဖူးပါသည်။ ဤနေရာမှ တောင်းပန်ပါသည်။


ကျွန်တော်စိတ်ဝင်စားသော ပညာအတွက် ကျွန်တော် မတတ်ကျွမ်းသော်လည်း မာနထားပါသည်။ ဗေဒင်ဖြင့်အသက်မွေးသော ဆရာများ အစ်ကို အစ်မများကို တစ်ပါးသူများ တိုက်ခိုက်ကြ ထိုးနှက်ကြသောအခါ များစွာရင်နာမိပါသည်။ ဗေဒင်ပညာဖြင့် အသက်မွေးမှုအပေါ် များစွာ စိုးရွံ့မိပါသည်။ ယုံကြည်မှုတိုင်းသည် သက်သေပြရန်မလိုပါ။ သက်သေမလိုပဲ ယုံကြည်သူများစွာရှိပါသည်။ မိမိယုံကြည်ရာပညာကို ၀မ်းကျောင်းနေသူ (သို့) ဖက်တွယ်နေသူသည် သူတစ်ပါးစိတ်ဝင်စားသော ပညာအား အထင်သေးသူထက်များစွာ တန်ဖိုးရှိသည်ဟု ယုံကြည်ပါသည်။


နက္ခတ်ဗေဒင်ပညာသည် အားလုံးအတွက် အသုံးတည့်စေလိုပါသည်။

ဖတ်ရှုပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ကိုပခန်း
24.11.2010

3 comments:

Tayy Aye Yate said...

Astrology can reveals that the effects of our previous Karma, good or bad. All the planets indicate clearly whether we are
enjoying or suffering now as a result of our actions in our previous birth.

The balance of good or bad Karma brought forward from the previous birth is prarabdha, and it is the reading of this that goes under the name of Jataka or
Astrology.

One undergoes the consequences of one's previous Karma from birth to death and this can known from his horoscope. The use of Horary
reveals to us whether a man reaps the fruits of his deeds in his previous birth or the fruits of his actiosn in this birth.

If the horoscope has beneficial planetary patterns and the electional chart malefic ones, then it is to be understood that the native is experiencing the fruits of evil Karma
done in this birth. If vice versa, then also the native is experiencing the effects of good Karma done in this birht.

If the planetary paterns in the horoscope as well as in the Horary chart are similar, then the native is experiencing the fruits of his
past Karma only.

by BV Raman

Anonymous said...

အားပေးသွားတယ် .. နယ်သားရေ ..

ဟွမ် said...

ခုပိုစ့်အဟောင်းတွေကို ထပ်ဖတ်တော့မှ ဆိုလိုရင်းတွေကို နည်းနည်း ပိုသဘောပေါက်လာသလိုပဲ ကိုပခန်းရေ အရင်က ဖတ်သာဖတ်သွားတာ သိပ်နားမလည်ခဲ့ဘူး ခုတော့ ဖတ်ရတာ အတော် အဆင်ပြေလာပြီ

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။