အခြေခံကောင်းကင်သဘောတရား (၂)

MOTAA – Astrology Course (Level-1) 

စန္ဒရမာသ, လ (Lunar Month) ခေါ် လမင်း အနေဖြင့် ကမ္ဘာအား တစ်ပါတ် ပါတ်မိရန် ကြာသော အချိန်ကာလ

စန္ဒရမာသ (တနင်္လာကို အမှီပြုသော သာဝဏရက်) တနည်း အားဖြင့်-လမင်း အနေဖြင့် ကမ္ဘာအား
တစ်ပါတ် ပါတ်သည့် ကာလကို သူရိယ သိဒ္ဓန္တကျမ်းအလာ- ဖေါ်ပြ ထားသည်မှာ - ၂၉-ရက်၊ ၃၁-နာရီ၊ ၅၀-ဗီဇနာ၊ ၆-အခယာ၊ ၅၉-၀ိခယာ၊ ၄၉-အနုခယာ၊ ၅၅- ဓနုခယာ ဖြစ်သဖြင့် ၄င်းတို.ကို အငယ်ဆုံး အတိုင်း အတာ ဖြစ်သော ဓနုခယာ အဖြစ်သို. ပြောင်းလိုက်ပါက- စုစုပေါင်း ၁,၃၇၇,၇၇၉,၁၁၁,၃၉၅ ဓနု ခယာကို ရသည်။ အောက်တွင် အသေးစိတ် တွက်ပြထားပါသည်။

ထို ဓနုခယာကိုရက် အဖြစ် ဖွဲ့လိုက်ပါက- ၂၉.၅၃၀၅၈၇၉၅ ကိုရပါသည်။ ထိုကာလသည်- လွန်ခဲ့သော နှစ်ပေါင်း ၄- ထောင်ခန့်က- ရှေးဟောင်း နည်းစနစ်ဖြင့် တွက်ချက် ထားသော လမင်းမှ ကမ္ဘာကို တစ်ပါတ် ပါတ်မိရန် လိုအပ်သော ပျမ်းမျှ အချိန်ကာလ ဖြစ်သည်။ ၄င်းကို ယခု ခေတ်တွင် အသုံးပြုသော နာရီ၊ မိနစ်၊ စက္ကန်. အဖြစ်သို.ပြောင်း လိုက်ပါက - ၂၉-ရက်၊ ၁၂-နာရီ၊ ၄၄-မိနစ်၊ ၂.၈ စက္ကန့်ကို ရမည် ဖြစ်သည်။



ယခု သိပ္ပံနည်း စနစ်များဖြင့် တွက်ချက်ထားသော လမင်းတစ်ပါတ် အချိန် ကာလ အနီးစပ်ဆုံးမှာ - ၂၉.၅၃၀၅၉ ဖြစ်ပြီး၊ ၄င်းကို နာရီ၊ မိနစ်၊ စက္ကန့် အဖြစ်သို့ ပြောင်းလိုက်ပါက - ၂၉-ရက်၊ ၁၂-နာရီ၊ ၄၄-မိနစ်၊ ၃
စက္ကန့် ကို ရမည် ဖြစ်သည်။ (http://en.wikipedia.org/wiki/Lunar_month) တွင် ကြည့်ပါ။ ဤသည်ကို ကြည့်၍ ရှေးပညာရှိကြီး တို့၏ တွက်ချက်နိုင်မှု စွမ်းရည်ကို သင်တန်းသား တစ်ယောက် အနေဖြင့် နားလည် လောက်ပါပြီ။ ယခုခေတ်ကဲ့သို. ကွန်ပျူတာများ၊ နက္ခတ်တာရာ ကြည့် မှန်ပြောင်းများ၊ အဆင့်မြင့် သင်္ချာပညာ များကို အသုံးမပြုပဲ- ပေါင်းနှုတ် မြှောက်စား လုပ်ရုံမျှဖြင့်ပင်- လမင်း အနေဖြင့် ကမ္ဘာကိုပါတ်သည့် အချိန်ကာလ ကို တိကျစွာ တွက်ချက် ထားသည်မှာ အံ့စရာ မဟုတ်ပါလော။ ထိုသို့သော နည်းစနစ်ကို အသုံးချ ဟောပြောသည့် ပညာ ရပ်သည် လည်း လွန်စွာ အဆင့်မြင့် သော သဘောတရားများ ပါဝင် ရမည်ဆိုသည်ကို နားလည် ထားသင့်ပါသည်။

(အထူးမှတ်ချက်- မြန်မာ ပြက္ခဒိန် အပါအ၀င်၊ တရုတ်ပြက္ခဒိန် အစ ရှိသည့် ပြက္ခဒိန် အများစုသည်
သာမာန် လူတို့ အမှတ်အသား ပြုရန် သတ်မှတ်ထားသော ဝေါဟာရ ပြက္ခဒိန် များသာ ဖြစ်သည့် အတွက်-တိကျသော လပြည့်၊ လကွယ် တို့ကို မဖော်ပြ နိုင်ပါ။ မြန်မာ ပြက္ခဒိန် ဆိုလျှင်- ရက်စုံ လ တွင်- ရက် (၃၀)၊ ရက်မစုံသော လ တွင် (၂၉) ရက်ဖြင့် သတ်မှတ် ထားခြင်း ကြောင့် (ပျမ်းမျှ တန်ဘိုး ၂၉.၅ ရက် ရစေရန်ဖြစ်သည်။) ၀ါမထပ်သော နှစ်များ အတွက်- တစ်နှစ်လျှင် ၃၅၄-ရက် သာ ရှိပါသည်။ သို့သော် တစ်နှစ်ကို ၃၆၅.၂၅ နှင့် ပြန်ညှိရန် အတွက်- ၀ါထပ်ခြင်း၊ ၀ါကြီး ထပ်ခြင်း ပြန်လုပ် ပေးခြင်း ဖြင့်- ၀ါထပ်သော နှစ်တွင်- ၃၈၄- ရက်ဖြစ်ကာ၊ ၀ါကြီးထပ်သော နှစ်တွင် ၃၈၅-ရက် ဖြစ်သွားခြင်း ကြောင့်- လပြည့် လကွယ်၊ ဆန်း၊ ဆုတ် ရက်များသည် အံချော်နေရပါသည်။ ထိုသို.သော အံချော် နေမှုတို.ကြောင့်- မင်္ဂလာ အခါ ရွေးချယ်ခြင်း၊ လောကီအစီအရင် များ ဆောင်ရွက်ခြင်း တို.တွင်- ပြက္ခဒိန်မှ လဆန်း၊ လဆုတ်ရက် များကိုသာ မူတည်၍ တွက်ပါက-တိကျမှု ရှိရန် အလွန်ခက်ခဲ ပါသည်။ MOTAA Certified Astrologer မိုးတား အသိအမှတ်ပြု နက္ခတ္တ ပညာရှင်အဆင့်တွင်- ထိုသို. ကိစ္စများ အတွက် တွက်ချက်ခြင်း ကို သင်ကြားပို့ချပေးမည် ဖြစ်သည်။) စန္ဒရမာသ လ (Lunar Month) သည်- စန္ဒရမာသ ရက် (Lunar Day) များဖြင့် ဖွဲ.စည်းထားသည်။ ထိုသို့သော စန္ဒရမာသ ရက် ကို အင်္ဂလိပ် အမည် ဖြင့် Lunar Day ၊ ဟိန္ဒူ နက္ခတ် အခေါ် တိထီ ဟု ခေါ်တွင်သည်။ ထိုတိထီ ရက် ကို မူတည်၍ သာ မင်္ဂလာ အခါ ရွေးချယ်ခြင်း၊ လောကီ အစီအရင် များကို ဆောင်ရွက်ရမည် ဖြစ်သော် လည်း- ကျေးလက် တောရွာမှ- နက္ခတ် ပညာကို မတတ်သော တောသူ တောင်သားများ အလွယ်နားစေ ရန်အတွက် လဆန်း၊ လဆုတ် ရက် ဟု အလွယ် ခေါ်တွင် ထားသည်ကို ပညာရှင် အဖြစ် လေ့လာ မည့်သူများ သတိပြုရမည် ဖြစ်ပါသည်။



သူရိယမာသ, နှစ် (Sidereal Year) ခေါ် ကမ္ဘာမှ နေမင်းအား တစ်ပါတ် ပါတ်မိရန် ကြာသော အချိန်ကာလ

သင်တန်းသား တစ်ယောက် အနေဖြင့်- တစ်နှစ် ဆိုသော အချိန်ကို မည်သို့ နားလည် ထားပါသနည်း။
သာမာန် အခေါ် အားဖြင့် တစ်နှစ် ဆိုသော အချိန်မှာ မြန်မာ သက္ကရာဇ်၊ သို့မဟုတ် ခရစ်သက္ကရာဇ် နှစ်ဟောင်း မှ နှစ်သစ် သို့ ပြောင်းချိန် ဟု နားလည် ထားကြမည် ဖြစ်သော်လည်း၊ နက္ခတ္တပညာ ကိုလေ့လာ သူတစ်ဦးအနေဖြင့်မူ ထို့ထက်ပို၍ တိကျ စွာ နားလည် ထားရပါမည်။ တစ်နှစ်ဟု ဆိုကြရာတွင်- အောက်ပါ အတိုင်း အမျိုးမျိုး အဓိပ္ပါယ် ရှိသည်ကို အကြမ်းအားဖြင့် သိထားရန် လိုပါသည်။ (MOTAA သင်ခန်းစာ နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသာ - အခြား သော နှစ် အမျိုး အစား များကိုချန်လှပ် ထားပါသည်။)

• ဂျူလီယန် နှစ် (Julian year)
• စန္ဒရ မာသ နှစ် (Lunar year)
• သူရိယ မာသ နှစ် (Sidereal Year)
• ဥတု နှစ် (Tropical Year)

ဂျူလီယန် တစ်နှစ်- ဆိုသည်မှာ ၃၆၅.၂၅ ရက်ရှိသော အင်္ဂလိပ် တစ်နှစ်ကို ဆိုလိုခြင်း ဖြစ်သည်။ မူလကရောမ ဧကရာဇ် ဖြစ်သူ ဂျူလီးယက် ဆီဇာမှ - စတင်သတ်မှတ်ခဲ့သဖြင့် ဂျူလီယန် နှစ် ဟု ခေါ်ခဲ့ သော်လည်း - နောက်ပိုင်းတွင် အင်္ဂလိပ် ဘုန်းတော်ကြီး ဂရီဂိုရီ မှ ၄င်းစံနစ်ကို အပြောင်းအလဲ လုပ်ပြီးနောက်- ဂရီဂိုရီယန် နှစ်ဟုလည်း ခေါ်တွင် သော ခရဇ် သက္ကရာဇ် တစ်နှစ်တာ ကာလ ဖြစ်သည်။ ၄-နှစ်လျှင် တကြိမ် တစ်ရက်တိုးသော ရက်ထပ်နှစ်ကို အသုံးပြု သည် ဆိုသော် လည်း- ၄-နှင့် စား၍ ပြတ်သည့် အပြင်- ၁၀၀ နှင့် စား၍ လည်ပြတ်နေပါက- ၄င်းနှစ်ကို ရက်ထပ်နှစ် အဖြစ် မသတ်မှတ် ရပဲ၊ ၄၀၀ နှင့် စား၍ ပြတ်မှ သာ ရက်ထပ်နှစ် အဖြစ်သတ်မှတ်သည်။ ထို့ကြောင့် ခရစ် သက္ကရာဇ် ၁၆၀၀၊ ၂၀၀၀ နှင့် ၂၄၀၀ တို့သည် ရက်ထပ်နှစ်များဖြစ်သော်လည်း၊ သက္ကရာဇ် ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀၊ ၂၁၀၀ တို့သည် ရက်ထပ် နှစ်များ မဟုတ် ကြပါ။

စန္ဒရမာသနှစ် (Lunar Year) ဆိုသည်မှာ- လပြည့်၊ လကွယ်၊ စသည်ဖြင့် ၁၂-ကြိမ် ပြည့်မြောက်သောကာလ- တစ်နှစ် ကို ခေါ်တွင် ခြင်းဖြစ်သည်။ စန္ဒရာမာသ တစ်နှစ် တွင် - စန္ဒရာမာသ လ ပေါင်း (၁၂) လရှိသဖြင့်- အကြမ်းပျင်း အားဖြင့် ၃၅၄.၃၇ ရက် ရှိပါသည်။ သူရိယမာသ နှစ် (Sidereal Year) (တနည်းအားဖြင့် “နိယာယန နှစ်”) ဆိုသည်မှာ- စကြာဝဠာ အတွင်းမှ မပြောင်းလဲသော အမှတ် တစ်ခုကို ပုံသေ အမှတ် အသား ထားပြီးနောက်၊ ကမ္ဘာမှ နေကို တစ်ပါတ်- ပါတ်မိရန်ကြာမြင့်သော အချိန်ကာလ ဖြစ်သည်။ သူရိယ သိဒ္ဓန္တကျမ်း အရ- ၃၆၅.၂၅၆၃၆၂၇ ရက် ရှိ၍၊ ယခုခေတ် သိပ္ပံတွက်ချက် နည်းအရ- - ၃၆၅.၂၅၆၃၆၃၀၅ ရက် ရှိသည်ကို လည်း အံ့သြဘွယ် ထပ်တွေ့ရပြန်ပါသည်။ ထိုသို.သူရိယမာသ - တစ်နှစ်ပြည့် သည်ကို မဟာသင်္ကြန် ကျသည် ဟူ၍ သတ်မှတ် ပြီး- နှစ်သစ်၊ တစ်နှစ် ပြောင်းသည်ဟု ဟိန္ဒူ၊ မြန်မာ၊ ရခိုင်၊ ထိုင်း၊ ပြက္ခဒိန် တို.တွင် တွက်ချက်ပါသည်။

ဤသို့ဆိုလျှင်- သင်တန်းသား များအနေဖြင့်- မြန်မာ ပြက္ခဒိန် ၏ သဘောကို အကြမ်းပျင်း နားလည်လောက် ပါပြီ။ မြန်မာ ပြက္ခဒိန် တွင်- တစ်လခြင်းကို စန္ဒရာမာသ လ အနေဖြင့် တွက်၍၊ တစ်နှစ်ဆို လျှင်-အမှန်အားဖြင့် စန္ဒရ မာသ (၁၂) ပြည့်သော စန္ဒရ မာသ နှစ် (၃၅၄.၃၇ ရက်) ကို မယူပဲ၊ သူရိယမာသ နှစ်(၃၆၅.၂၅၆၃၆၃၀၅ ရက်) ကို ယူလိုက်ခြင်း ကြောင့်၊ ကွာခြား သွားသော ရက်ငင် များကို ထပ်ညှိနိုင်ရန် အတွက်၊၀ါထပ်ခြင်း၊ ၀ါကြီး ထပ်ခြင်းကို ပြုလုပ် ရခြင်း ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ၀ါထပ် လိုက်ပြန်သော အခါတွင်လည်း- ထိုနှစ်တွင် ၃၈၄- ရက်၊ သို.မဟုတ် ၃၈၅-ရက် ဖြစ်သွားခြင်း ကြောင့် - အချို.သောနှစ်များတွင် ကဆုန် လတွင် သင်္ကြန်ကျ ခြင်းသည် နက္ခတ် ပညာအားဖြင့် ထူးခြား သောဖြစ်ရပ် မဟုတ်ပဲ- မတူညီသော အတိုင်းအတာ ယူနစ် ၂-မျိုးကြောင့် ဖြစ်သည် ကို သိထား စေလိုပါသည်။ (အသေးစိတ်သိလိုသူများအနေဖြင့် သူရိယ သိဒ္ဓန္တကျမ်း ဗိုလ် ၆-ပါး တွက်ခြင်း အခန်း နှင့် ဆရာဦး အုန်းကြိုင် ပြုစု ရေးသားသော မြန်မာပြက္ခဒိန် သုတေသန ကျမ်း တွင် လေ့လာပါ။)

ဥတုနှစ် (Tropical Year)- (တနည်းအားဖြင့် “သာယန နှစ်”) ဆိုသည်မှာ- ကမ္ဘာသည် နေအားလှည့်ပါတ် ရာ၌- မိမိအနေဖြင့် အီကွေတာ ပေါ်ရှိ အမှတ် နေရာသို့ တစ်ပါတ် ပြန်ရောက်သော ရက်ပေါင်းကိုခေါ်ခြင်း ဖြစ်သည်။ သူရိယ သိဒ္ဓန္တကျမ်း အရ- ဥတု နှစ် (Tropical Year)တစ်နှစ် တွင် ၃၆၅.၂၄၂၁၇၅၆ ရက် ရှိပြီး၊ ယခု သိပ္ပံနည်း အရ- ၃၆၅.၂၄၂၁၉၀၄ ရက် ရှိသဖြင့် ၁.၄ စက္ကန့် သာကွာခြားပါသည်။ ဥတု နှစ် (သာယန နှစ် ) သည် သူရိယ မာသ နှစ် (Sidereal Year နိယာယန နှစ်) နှစ်ထက် စာလျှင်လည်း အနည်းငယ် တိုတောင်းပါသည်။ အဘယ့်ကြောင့် ဆိုသော်- အာယာန ခေါ် Precession ကြောင့် ဖြစ်သည်။ အာယန ဖြစ်ပေါ် ရသည့်အကြောင်းမှာ- ကမ္ဘာသည် မိမိ ၀င်ရိုးပေါ်တွင် ၂၃ ဒီဂရီ၊ ၂၇ မိနစ် ခန်. တိမ်းစောင်း နေခြင်းကြောင့် ဖြစ်ပြီး၊ ထိုအကြောင်းကို နောက်အခန်းတွင် သီးသန်. ရှင်းပြ ပေးပါမည်။



နေကြတ်ခြင်း

နေကြတ်ခြင်း ဆိုသည်ကို- အလွယ်ဆုံး ပြောရမည် ဆိုလျှင်- ကမ္ဘာနှင့် နေ၏ အတွင်းသို. လ-က ၀င်ရောက် လာခြင်း ဖြစ်သည်။ လ သည် ၁၂-ရာသီ စက်ဝန်းကို တစ်လလျှင် တစ်ကြိမ် (တစ်နည်း အားဖြင့် တစ်နှစ်လျှင်- ၁၂-ကြိမ်) လှည့်ပါတ် နေရာ- ထိုကဲ့သို. နေနှင့် ကမ္ဘာအကြား တွင်းသို. ၀င်ရောက်မှု ပေါင်း ၁၂-ကြိမ်ရှိမည် ဖြစ်သော်လည်း-လောင်ဂျီတွဒ် တန်ဘိုးသာမက- Declination ခေါ် လတ္တီတွဒ် တန်ဘိုး ပါ နီးစပ်သွား သောအခါတွင် ကမ္ဘာသို့လ၏ အရိပ်ကျ ရောက်သဖြင့် နေမင်းကို မမြင်ရတော့ ပဲ ကွယ် သွားခြင်းကို နေကြတ်ခြင်းဟုခေါ်သည်။ ထိုကဲ့သို့ အတိ အကျ တူညီရန် အတွက် -နေကြတ်ခြင်းသည်- လကွယ် နေ.တွင် သာဖြစ်၍ အခြားနေ.တွင် မဖြစ်ရပါ။ မိမိတို. အသုံးပြုသော ပြက္ခဒိန်တွင် နေကြတ် သောနေ.သည်- လကွယ်နေ့ မဟုတ်၊ လကြတ် သောနေ့ သည်- လပြည့် နေ့မဟုတ်သည့် အကြိမ် အရေ အတွက် များလာ ပါက- ပြက္ခဒိန် ပညာရှင်များစုစည်း၍ ပြက္ခဒိန် စည်းမျဉ်းများ ကို ပြန်လည် သုံးသပ် ရန် လိုအပ်သည်။ လကွယ် နေ့ဆိုသည် မှာ- ကမ္ဘာ၏တစ်ခြမ်း တွင် နေနှင့် လ တို.ပူး တည်နေသော အနေ အထား (မြန်မာ ဇာတာပုံစံ တွင် ဇာတာ၏ အလယ်ချက်သည်- ကမ္ဘာ ကိုရည်ညွှန်းသည်။) တွင် တည်သော နေ. ဖြစ်သည်။ ထို.အပြင် - နေ သဗ္ဗကြတ် ဆိုသော Total Solar eclipse အနေအထားတွင် ရာဟု နှင့် ကိတ် တို့ကပါ ၄င်းတို.နှင့် နီးစပ် စွာ ပူးယှဉ်လျှက် ရှိသည်။






လကြတ်ခြင်း

လကြတ်ခြင်း ဆိုသည်မှာ- အလွယ်ဆုံး ပြောရမည် ဆိုလျှင်- ကမ္ဘာ၏ ဘယ်ညာ တစ်ဘက် တစ်ချက် စီတွင် နေနှင့် လ တို့ အတိအကျ တည်နေပြီး၊ ၄င်းတို့သည် ပြင်ညီ အားဖြင့်လည်း တစ်တန်း တည်း ဖြစ်နေခြင်း
(တနည်း အားဖြင့် - လောင်ဂျီတွဒ် တန်ဘိုးသာမက- Declination ခေါ် လတ္တီတွဒ် တန်ဘိုး ပါ နီးစပ် သွားခြင်း)ဖြစ် သော အခါတွင် ကမ္ဘာ၏ အရိပ်သည် လအပေါ် ကျသွားသဖြင့် လကို မမြင်ရခြင်းကို လကြတ်ခြင်း ဟုခေါ်သည်။ ထိုကဲ့သို့ လကြတ် ခြင်းသည်- လ ပြည့် နေ့တွင် သာဖြစ်၍ အခြားနေ့တွင် မဖြစ်ပါ။ သင်တန်းသားများအနေဖြင့် နားလည် ထားရမည် မှာ လပြည့် နေ.ဆိုသည် မှာ- ကမ္ဘာ၏ တစ်ဘက် စီတွင် နေနှင့် လတို့တည်နေသော အနေအထား (ဇာတာပုံ တွင် နေ နှင့် လ တို့သည့် ဇာတာ၏ တစ်ဘက်ခြမ်း မျက်နှာခြင်းဆိုင်တည့်တည့်တွင် တည်နေသော အနေအထား) တွင် တည်သော နေ့ရက် ဖြစ်သည်။ ထို.အပြင် - လ သဗ္ဗကြတ်သည် ဆိုသော Total Lunar eclipse အနေအထားတွင် ရာဟု နှင့် ကိတ် တို့ကပါ ၄င်းတို့နှင့် နီးစပ် စွာ ပူးယှဉ်လျှက် ရှိသည်။






No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။