ဟောကိန်းတစ်ခုထုတ်နိုင်ဖို့ဆိုတာ (သို့) Character တစ်ခု ပုံဖေါ်ခြင်း


ဂိမ်းထဲက Character တစ်ခုကို ပုံဖေါ်ခြင်း

ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော့်အတွက် ကျောင်းသွားတက်ရာက ပြန်လာတိုင်း ဂိမ်းဆော့ရတာ အမောပါပဲ။ နှစ်လုံးပေါက်အောင် ဆော့ခဲ့ရပါတယ်။ အခုလည်းဆော့ဆဲ နောက်လည်း ဆော့မယ့်ဂိမ်းလေးကတော့ 9Dragons ဆိုတဲ့ Online Game တစ်ခုပါ။ ဂိမ်းများစွာထဲက ဒီဂိမ်းကိုမှ ဘာလို့ဆော့လဲလို့ မေးခံရမယ်ဆိုရင်တော့ ၁၀ ဂဏန်းရှိတဲ့ ဂိမ်းဆာဗာတွေနဲ့ ကျွန်တော့်လိုစွဲလမ်းသွားကြတဲ့ Game player သန်းပေါင်းများစွာကို ညွှန်းရမှာပါပဲ။

တရုတ်ပြည် "မင်" မင်းဆက်နောက်ပိုင်းက သိုင်းလောကဂိုဏ်းနာမည်တွေကို အစွဲပြုပြီး တိုက်ခိုက်ရတဲ့ သိုင်းဂိမ်းဆိုပါတော့ဗျာ။ အဖြူရောင် ၃ ဂိုဏ်း၊ အနက်ရောင် ၃ ဂိုဏ်း၊ တစ်ဂိုဏ်းဆီမှာ role လေးခု၊ role တစ်ခုချင်းဆီမှာ ကွဲပြားတဲ့ သိုင်းကွက် Kung Fu များစွာနဲ့ သိုင်းကွက်အဆင့် Cheng များစွာ စသည်ဖြင့် ဖွဲ့စည်းထားပါတယ်။ ကိုယ်လိုတဲ့ တိုက်ရည်ခိုက်ရည်ကိုရဖို့ Character တစ်ခုတည်ဆောက်ရပါတယ်။ လယ်ဗယ်တစ်ခုတက်ရင် တစ်ခါရတဲ့ Chi ဆိုတဲ့ပွိုင့်လေးတွေကို
  • Strength အပြင်ပမ်း အတိုက်အခိုက်၊ ကိုယ်ကာယကြံ့ခိုင်မှု
  • Essense အတွင်းအား အတိုက်အခိုက်၊ အတွင်းအားကြံ့ခိုင်မှု
  • Wisdom အတွင်းပစ်အား၊ အတွင်းအား သွက်လက်မှုနဲ့ အတွင်းပိုင်းတိမ်းရှောင်နိုင်မှု
  • Constitution သွေးအား၊ သွေးအားဖြည့်တင်းမှုနှုန်း
  • Dexterity အပြင်ပမ်းခုတ်အား၊ အပြင်ပမ်း သွက်လက်မှုနဲ့ အပြင်ပမ်းတိမ်းရှောင်နိုင်မှု
ဆိုတဲ့ ကဏ္ဍငါးခုကို မိမိလိုရာ Character တစ်ခု အချိုးညီညီ အကွက်ကျကျရအောင် ဖြည့်တင်းချိန်ညှိကြပါတယ်။ ဖိုရမ်ပေါင်းများစွာ ဘလော့ပေါင်းများစွာကလည်း (Warrior) ခုတ်ကောင်လား၊ (Nuker) ပစ်ကောင်လား၊ (Healer) အသက်ကယ်သူလား၊ (Hyrbid) ပညာမျှတတ်သူလား စသည်ဖြင့် ပုံဖေါ်နည်းတွေကို ရေးသားတင်ဆက်ကြပါတယ်။


တစ်ချို့ Character တွေဟာ လွယ်လွယ်နဲ့သတ်လို့ မသေနိုင်အောင် ကြံ့ခိုင်ကြတယ်။ တစ်ချို့ကတော့ ခံနိုင်ရည်အားအရမ်းပျော့တယ်။ တစ်ချို့ Character တွေဟာ တိုက်ခိုက်အားအရမ်းပြင်းတယ်။ တစ်ချို့ကတော့  တိုက်ခိုက်အားပျော့တယ်ပေါ့။ တစ်ချို့ Character က player တွေကြားမှာ ရေပမ်းစားတယ်။ တစ်ချို့က NOOB ပေါ့။

စိတ်ဝင်စားဖွယ် Yin Yang Soul Physical Damage/resistance စသည်ဖြင့် ရှုပ်ထွေးလှသော်လည်း ထူးခြားစွာဖြင့် Player သန်းပေါင်းများစွာကို လွှမ်းမိုးထားပါတယ်။

လောကထဲက Character တစ်ခုကို ပုံဖေါ်ခြင်း

လောကဇာတ်ခုံမှာတော့ Character စရိုက်သဘာဝများ ကန့်သတ်လို့မရနိုင်အောင် ရှိနေပါတယ်။ လူ့ဘောင်လောက ကျင်လည်စဉ်မှာလည်း တိုက်ခိုက်ပုံ မတူကြသလို၊ တုန့်ပြန်ပုံတွေလည်း မတူကြပါဘူး။ စိတ်ပညာရှင်၊ ဇီဝပညာရှင် စသည့်ပညာရှင်များစွာနဲ့အတူ နက္ခတ်ဗေဒင်ပညာရှင်များစွာဟာလည်း လူ့လောကက Character တွေအကြောင်း ပုံဖေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။

လူ့သဘာဝ Character တစ်ခုကို နက္ခတ်ဗေဒင်ပညာရပ်မှ ပုံဖေါ်ပုံကို MOTAA သင်တန်း ပထမဆင့်က Graph တွေသုံးပြီး ဥာဏ်မှီသလောက် တင်ဆက်ပြလိုက်ပါမယ်ခင်ဗျာ။

လူတစ်ယောက်စရိုက်ကို ပုံဖေါ်မယ့် ဂြိုဟ်ပေါင်းများစွာထဲမှ အသုံးပြုမှာတွေကတော့

Sun အောင်မြင်မှု၊ အဆင့်အတန်း၊ ရည်ရွယ်ချက်၊ ဦးဆောင်မှု၊ စတင်ဖန်တီးခြင်း၊ ဖခင် စသည်
Moon စိတ်ခံစားမှု၊ အေးချမ်းမှု၊ တစ်ဘက်သား၏ဆန္ဒလိုက်လျောမှု၊ မေတ္တာ၊ မိခင် စသည်
Mars လက်တွေ့အကောင်အထည်ဖေါ်မှု၊ ရဲရင့်မှု၊ (အမျိုးသမီးများအတွက်) ခင်ပွန်း၊ သက်စောင့်ဓာတ်၊ မောင်နှမ စသည်
Mercury အသိဥာဏ်၊ အတွေးအခေါ်၊ အတွက်အချက်၊ သတင်းဆက်သွယ်ဆက်ဆံမှုစသည်
Jupiter ပညာရေး၊ ဘာသာရေး၊ စာရိတ္တ၊ ဂုဏ်သိက္ခာ၊ သားသမီးစသည်။
Venus သွားလာမှု၊ စည်းစိမ်၊ စွဲလမ်းမှု၊ အပျော်အပါး၊ အလှအပ၊ အနုပညာ၊ ဆက်ဆံရေး (အမျိုးသားများအတွက်) ဇနီး စသည်
Saturn ဇွဲ၊ အပင်ပမ်းခံမှု၊ စောင့်စည်းနိုင်မှု၊ ကိုယ်ကျင့်တရား စသည်
Rahu အမှတ်မထင်ဖြစ်မှု၊ လှည့်ဖျားမှုပရိယာယ်၊ ရုပ်ဝတ္တုပိုင်ဆိုင်မှု စသည်
Ketu အကြမ်းဖက်မှု၊ ရုပ်ဝတ္တုပျက်ခြင်း၊ နာမ်ပိုင်းဆိုင်ရာ တိုးတက်ခြင်း စသည်

MOTAA နည်းအရ ပေါ်ပေါက်လာမယ့် လူတစ်ယောက်အတွက် Chart တစ်ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အထက်ပါဇာတာဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတာမှ ဂြိုဟ်အားများဖြစ်ပါတယ်။ အကြမ်းဖျဉ်းစရိုက်အနေနဲ့
  • (၁) တနင်္ဂနွေဟာ အားအသင့်အတင့်နဲ့ အနှောက်အယှက်ကင်းတာကြောင့် လုပ်ရည်ကိုင်ရည် အစွမ်းအစရှိသူအမျိုး သမီးတစ်ယောက်လို့ ဝေဖန်နိုင်ပါမယ်။ ဒီတနင်္ဂနွေအား အရမ်းကောင်းသွားသူ အမျိုးသမီးဇာတာများဟာတော့ အမျိုးသမီးတန်မယ့် ရုန်းကန်ရသူ အစွမ်းအစရှိသူတွေမှာ တွေ့ရများပါတယ်။
  • (၂) တနင်္လာဟာ အနှုတ်သဘောအားဖြင့် လွှမ်းမိုးနေရာမှာ ဂြိုဟ်ကောင်းလွှမ်းမိုးမှုအားထက်များတာကြောင့် ဘ၀တစ်လျှောက် အေးချမ်းမှုနည်းမယ်လို့ အဖြေထုတ်နိုင်ပါတယ်။ မောက်မာမှု မရှိရင်တောင် မာနတော့ ထားမယ့်စရိုက်ဖြစ်ပါမယ်။
  • (၃) အင်္ဂါဟာလည်း အနှုတ်သဘောဖြစ်ယုံမက ဂြိုဟ်ဆိုးများပါ ပိုလွှမ်းထားတော့ သတ္တိအရာလုပ်ငန်းတစ်ခု စွန့်စား အကောင်အထည်ဖေါ်ရာမှာ ထိခိုက်ဦးမယ့်သဘောပါ။ အင်္ဂါသဘာဝ အသက်စောင့်မှုမှာလည်း အဆိုးမြင်လာပါတယ်။
  • (၄) ဗုဒ္ဓဟူးဟာ အနှုတ်သဘောဆောင်သော်လည်း ဂြိုဟ်ကောင်းလွှမ်းမိုးမှုက ပိုနေတာမို့ အတွေးအခေါ်အသိဥာဏ်၊ အတွက်အချက် ကောင်းမွန်လာပါမယ်။
  • (၅) ကြာသာပတေးဟာ အနှုတ်သဘောဆောင်နေပါတယ်။ ပညာသင်ကြားရေးနဲ့ စာရိတ္တမှာ ထိနိုင်ပါမယ်။ စာရိတ္တဟာ အနည်းငယ်မနာလို ၀န်တိုတတ်မယ့် သဘောလောက်နဲ့တင် ပြီးသွားနိုင်တာမို့ ထည့်သွင်းမဝေဖန်သင့်လို့ထင်ပါတယ်။
  • (၆) သောကြာဟာ ဇာတာမှာ အားအကောင်းဆုံးဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာနဲ့ အလှအပဘက်မှာ ကောင်းကျိုးရသွားပါမယ်။
  • (၇) စနေဟာ အနှုတ်အားကို ပြပါတယ်။ အပင်ပမ်းခံမှု စောင့်စည်းမှု သိပ်မကောင်းတာကို တွေ့ရပါမယ်။ သည်းခံစိတ်နည်းမယ့်စိတ်ထားကိုပြပါတယ်။
  • (၈) ရာဟုဟာ အနှုတ်ကိုဆောင်ပြီး ဂြိုဟ်ဆိုးလည်း လွှမ်းထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မယ်။ မမျှော်လင့်တာတွေဖြစ်လာမယ်ဆိုတာပြပါတယ်။
  • (၉) ကိတ်ဟာလည်း အနှုတ်ကိုဆောင်ပြီး ဂြိုဟ်ဆိုးလွှမ်းမှုများလှပါတယ်။ နာမ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ပါမယ်။


ဇာတာရှင်ဟာ သောကြာအားအရ ပြဆိုတဲ့ ချောမောလှပမှု ဂုဏ်ဒြပ်ကိုရရှိပါတယ်။ ပစ္စည်းဥစ္စာလည်းပြည့်စုံပါတယ်။ အေးချမ်းမှု တနင်္လာနဲ့ အသက်စောင့်ဓာတ် အင်္ဂါအားနည်းမှုအရ ကိုယ်လက်အင်္ဂါတစ်ခု မလုပ်ရှားနိုင်တဲ့ ဝေဒနာဆိုးတစ်ခုကို နှစ်ရှည်လများ ခံစားရပြီး ခွဲစိတ်မှုပြုရပါတယ်။ ထိုအကျိုးဆက်ဟာ အားနည်းတဲ့ ကြာသာပတေးကိုပါ ဆွဲယူပြီး ပညာသင်ကြားရေးကို ဖျက်ဆီးတဲ့ အထိ ထိခိုက်ခဲ့ပါတယ်။ ထိုသို့သော ကံကြမ္မာနဲ့ ထိုအမျိုးသမီးဟာ စိတ်ရှည်တတ်သူ သည်းခံတတ်သူတစ်ယောက် ဖြစ်ခွင့်ကနည်းမှာ ဧကန်ပါပဲ။

 ထိုကဲ့သို့သော အားများအရ စိတ်ထားကောင်းသူ၊ ယုတ်မာသူ၊ စည်းစနစ်ကြီးသူ စသည်ဖြင့် စရိုက်များပေါ်ကြသော်လည်း လက်တွေ့ဘ၀တွင် စိတ်ထားကောင်းသော်လည်း အကျိုးမပေးသူ၊ စိတ်ထားမကောင်းသော်လည်း ချမ်းသာသူ စသည်ဖြင့် ကွဲလွဲတဲ့ အကျိုးပေးတွေအတွက် တခြားဂရပ်ဖ်တစ်ခုက ဖေါ်ပြနေပုံကို ဆက်လက်တင်ပြပါမယ်ခင်ဗျ။

နောက်ဇာတာ တစ်ဆောင်ကို လေ့လာကြပါစို့ခင်ဗျ။ အောက်ပါ ဂရပ်ဖ်ကို ကြည့်ပါခင်ဗျ။


ဒီဇာတာရှင်ဟာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ များ အနှုတ်မပြဘဲ ဘက်စုံကောင်းသူဖြစ်သည်။ အားအကောင်းဆုံးမှာ စနေဖြစ်သောကြောင့် အခွင့်ကောင်းကို စောင့်ဆိုင်းနိုင်သည်။ တနင်္ဂနွေက ဒုတိယလိုက်သည်။ ခေါင်းဆောင်ကောင်းဖြစ်မည်။ ရာဟုကိတ်တို့သည် အနှုတ်ထွက်သော်လည်း အပေါင်းကများသည်။ ဆက်ဆံရေး၊ အရည်အချင်းတို့သည်လည်း သင့်သည်။ ထူးခြားမှုမှာ မူလ ပျမ်းမျှအားမဲ့သော တနင်္လာဖြစ်သည်။ အများဆန္ဒသဘောကို မလိုက်သူဖြစ်သည်။

ထိုဇာတာရှင်မှာ သက်ရှိထင်ရှား နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ဇာတာဖြစ်ပါသည်။

ထိုဇာတာ၌ ဂြိုဟ်အားများကောင်းယုံမျှဖြင့် အစစအရာရာ ပြည့်စုံသော ဘ၀တစ်ခု ဖန်ဆင်းနိုင်မနိုင်ကို အောက်ပါ ဂရမ်က ဖြည့်စွက်ပြောပါသည်။ ထိုဂရပ်ဖ်သည် MOTAA ဗေဒင်စနစ်၏ ဘာဝအားပြ ဂရပ်ဖ် ဖြစ်ပါသည်။

အထက်ပါ ဂရပ်ဖ်မှာ H1 မှ H12 တိုင် ကဏ္ဍ ၁၂ ခုပါပါသည်။ ပရိယာယ်များမှာ
  • H1 ကိုယ်ကာယ၊ ပကတိစရိုက်
  • H2 ဥစ္စာပိုင်ဆိုင်မှု၊ မျိုးဆက်၊ အဆင့်လွန်ပညာရပ်၊ အကြိက်/မကြိုက်
  • H3 တည်ဆောက်ခြင်း၊ ရဲရင့်ခြင်း၊ အရှံးမပေးသောစိတ်၊ ကိုယ်ခံစွမ်းအား
  • H4 အတွင်းအဇ္ဈတ္တ၊ အေးချမ်းမှု၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ မှတ်ဥာဏ်၊ မိခင်
  • H5 ပညာရေး၊ သားသမီး၊ ချစ်ခင်မှု၊ အစွဲအလမ်း၊ တပည့်တပမ်း
  • H6 ယှဉ်ပြိုင်ခြင်း၊ ရင်ဆိုင်ခြင်း၊ လုပ်ကြံခြင်း၊ လက်နက်ကိုင်ခြင်း၊ ပဋိပက္ခ၊ ရုပ်ပိုင်းဆိုင်ရာ ကျမ်းမာရေး
  • H7 နီးစပ်သောမိတ်ဆွေ၊ အိမ်ထောင်ဖက်ဇနီး၊ အများတကာနှင့် ဆက်ဆံရေး
  • H8 အခြားသူများပိုင်သောအရာ၊ အမွေထီ၊ ပျက်စီးခြင်း၊ အပြောင်းအလဲ၊ လျှို့ဝှက်ခြင်း၊ အဓမ္မ
  • H9 အတွေးအခေါ်ယဉ်ကျေးမှု၊ ဂုဏ်ဒြပ်၊ ရပ်ဝေးခရီး၊ 
  • H10 အလုပ်အကိုင်၊ အသက်မွေး၊ အတိတ်ကံ၊
  • H11 အများက ချစ်ခင်ခြင်း၊ မိတ်ဆွေကောင်း၊ မြင့်မားသော အဆင့်အတန်းရှိသည့် မိတ်ဆွေများ၊ လာဘ်လာဘ၊
  • H12 စိတ်ပိုင်းဆိုင်ရာ၊ သောက ဗျာပါဒ၊ ပျက်စီးခြင်း၊ အချုပ်အနှောင်၊ ရပ်ဝေး

စသည့်အချက်များ ယှဉ်ထိုးပါက အနီပြကာ ဖျက်စီးနေသော " H5 ပညာရေး၊ သားသမီး၊ ချစ်ခင်မှု၊ အစွဲအလမ်း၊ တပည့်တပမ်း" များနှင့် "H11 အများက ချစ်ခင်ခြင်း၊ မိတ်ဆွေကောင်း၊ မြင့်မားသော အဆင့်အတန်းရှိသည့် မိတ်ဆွေများ၊ လာဘ်လာဘ၊" တို့သည် အများက မနှစ်သက်ခြင်း၊ မိတ်ဆွေကောင်းမရှိခြင်း၊ လာဘ်လာဘများ မသန့်ခြင်း၊ ဆိုးရွားသော အစွဲအလမ်း၊ တပည့်တပမ်းများက ဒုက္ခပေးနိုင်သော အနေအထားများကို ဖေါ်ဆောင်နေပါသည်။

အထက်ပါ ဂရပ်များအပြင် ဂြိုဟ်အချင်းချင်းဆက်စပ်သော ဇယားများလည်း MOTAA တွင် ဖေါ်ထုတ်တွက်ချက်ပါသည်။ ဂြိုဟ်အချင်းချင်း ဆက်စပ်မှုမှ ဖေါ်ဆောင်သော ယုဂ်များအကြောင်းကိုလည်း တင်ပြပေးပါဦးမည်။ ထိုအပိုင်းမှာ ဂြိုဟ်အချင်းချင်းတွဲသော ယုဂ်၊ အတန့်များအချင်းချင်း တွဲသော ယုဂ် စသည်ဖြင့် များမြောင်လှသောကြောင့် ပိုစ့်တစ်ခုအဖြစ် တင်ပြပေးပါဦးမည်။

ထိုဂရပ်ဖ်များကို ပြုစုခဲ့သော ဆရာနျူမာန်သည် ထိုဂရပ်များအနက်ကို ပိုမိုအဓိပ္ပါယ် ဖေါ်ဆောင်နိုင်ပါလိမ့်မည်။ ထို့ထက် ဂြိုဟ်နှင့် ဘာဝများကို စီရင်ခဲ့ကြသော အနက်ပရိယာယ် ဖွင့်ခဲ့ကြသော ဆရာစဉ်ဆက်သည် ပိုမိုနက်နဲစွာ သိကြမည်အမှန်ဖြစ်ပါသည်။ မနေ့တနေ့ကမှ စတင်လေ့လာနေသော ကျွန်တော်ကား ကကြီးရေက မျှသာ သိသူပင်ဖြစ်ပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုး ဆောင်ကြဉ်းနိုင်ပါစေသတည်း။
ကိုပခန်း
22.11.2010

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။