လက်ရိုး၊ လက်ဆန်း၊ နာမည်ပေး၊ ယတြာ ဆိုကြရာဝယ်(၂)

  • နာမည်နဲ့ လူ
လူတစ်ယောက်အတွက် နာမည်ဟာ အလွန်ပဲအရေးပါပါတယ်။ နာမည်လေးကြားလိုက်ယုံမျှနဲ့ မိမိသဏ္ဍန်မှာ ဖြစ်ပေါ်ခံစားရပုံက ပြောင်းလဲလို့နေပါတယ်။ အချို့နာမည်များဟာ ကြားလိုက်ရယုံမျှနဲ့ စိတ်ကြည်နူးမှုဖြစ်စေပါတယ်။ အချို့ကတော့ လေးနက်ဟန်ရှိပြီး၊ အချို့နာမည်တွေဟာတော့ စိတ်ညစ်ညူးစေပါတယ်။ ဒါတွေအားလုံးဟာ နက္ခတ်ဗေဒင်နည်းတွေနဲ့ ယှဉ်ထိုးတာ မဟုတ်ဘဲ ပတ်ဝန်းကျင်ဆက်ဆံရေးမှာ တွေ့ကြုံတတ်ရတာလေးတွေကို သုံးသပ်ကြည့်ယုံမျှ သက်သက်ပါခင်ဗျာ။

အချို့သောသူတွေဟာ ခန္ဓာကိုယ်နွဲ့နှောင်းပြီး နာမည်မှာတော့ အသံပြင်းတွေပါနေတတ်ပါတယ်။ ဥပမာ ဟိန်း တို့၊ ရဲရင့် တို့ပါ။ နာမည်က ခက်ထန်ဟန်ရှိပြီး လူက သွယ့်ပြောင်းဟန်ရှိနေရင်တော့ ဘေးကလူက သူ့ကိုမြင်ရရင် တစ်ခုခုလွဲနေသလို ခံစားရပါတယ်။ အဲလိုလူတွေဟာလည်း ပေါက်ကွဲထွက်လွယ်တဲ့ စရိုက်သဏ္ဍန်နဲ့ မိမိကိုယ်ကို မကျေနပ်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။


အချို့သောသူတွေဟာ ခန္ဓာကိုယ်ခက်ထန်မာကျောသလောက် နာမည်ကတော့ ယဉ်နွဲ့နေတတ်ပါတယ်။ ဥပမာ ယဉ် တို့ သွယ့် တို့ပါ။ ဘေးကလူတွေဟာ ရုပ်ကြမ်းကြီးနဲ့ နွဲ့တဲ့သူလို့ မြင်နိုင်ပါတယ်။ သူတို့ဟာ များသောအားဖြင့် စိတ်နှခွဖြစ်တတ်တဲ့ စရိုက်မျိုးရှိတတ်ပါတယ်။ ဘေးလူတွေအတွက်တော့ နာမည်လေးခေါ်ရာမှာတောင် အနည်းငယ်တော့ စိတ်ထဲ ဘ၀င်မကျဖြစ်မိမှာပါ။

အချို့မှာတော့ လူစရိုက်နဲ့ နာမည်နဲ့ ထပ်တူကျနေတတ်ပါတယ်။ ဥပမာ နှေးနှေးကွေးကွေးလုပ်ကိုင်တတ်လို့ အများကို လိပ် လို့ နာမည်ပေးရာကတော့ နှေးပြီးရင်းနှေးလာတယ်လို့ ထင်ကြရတာမျိုးပါ။ အများကတော့ နာမည်စီးတယ်လို့ သမုတ်ကြပါတယ်။ ဒါတွေလည်း ရှိနေကြမှာပါပဲခင်ဗျ။

အချို့မှာတော့ ဖခင်နာမည်ကိုပါ နာမည်နောက်က တွဲထည့်မှည့်ပေးတတ်ပါတယ်။ သမီးငယ်အတွက် ဖခင်နာမည်ကို ထည့်ကြရာမှာ မိန်းကလေးနဲ့ မလိုက် ပြင်းထန်တဲ့ နာမည်တွေထည့်ထားကြတာကို တွေ့ရပါတယ်။ သမီးငယ်များမှာ ခေတ်ဆန်တာ အတွေးရဲတာ စရိုက်ကြမ်းတာစတဲ့ ယောက်ျားလေးကာရိုက်တာတွေ လွမ်းမိုးသွားတာကို လေ့လာဖူးပါတယ်။

နာမည်ပေးပုံမှာ အဓိပ္ပါယ်တွေအရ စဉ်းစားကြပုံဟာ မြန်မာတစ်မျိုးတည်းတင်မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် နိုင်ငံခြားသား မိသားစုနမည်တွေဟာလည်း တည်ဆောက်သူ တည်ထောင်သူ အောင်နိုင်သူ စတဲ့ အတိတ်နမိတ်ကောင်းတွေ ဖေါ်ဆောင်ထားကြောင်း မှတ်သားရဖူးပါတယ်။

နာမည်ပေးပုံနဲ့ပတ်သတ်လို့ ဗေဒင်နဲ့ပေးပုံတွေများစွာရှိပါတယ်။ လက်ဆန်းဗေဒင်နည်းနဲ့ ပေးပုံကိုတော့ အခြားဗေဒင်ဆိုဒ်တွေမှာ လေ့လာဖို့တိုက်တွန်းပါရစေခင်ဗျာ။

ကျွန်တော်ကတော့ ဇာတာနဲ့ ယှဉ်ထိုးနာမည်ပေးပုံကို ကျွန်တော့်ယူဆချက်များနဲ့ ဖေါ်ပြပေးမှာဖြစ်ပါတယ်။ (အထူးဖေါ်ပြလိုတာတော့ ဇာတာနဲ့ နာမည်ပေးပုံကို ဘယ်ကျမ်းမှာမှ မဖတ်ဖူးတာပါ။ အသစ်ထွင်တာလားဆိုတော့လည်း မဟုတ်ပါဘူးခင်ဗျာ။ ဖြစ်သင့်တယ်ထင်တာကို တင်ပြတာပါ။ ဘာ့ကြောင့်တင်ပြဖြစ်သလဲဆိုတာကတော့ ဇာတာပိုင်းဝါသနာပါသူ ဆရာများနဲ့ စကားပြောဆိုဖြစ်ရင်းက မှတ်သားသင့်တာလေးတွေ ဖေါ်ပြလိုတာရယ် ဒီနာမည်ဟာ ဇာတာရှင်နဲ့ ဘယ်လိုဆက်စပ်နိုင်ပါသလဲ မေးလာကြသူတွေကြောင့်ပါ။)

  • ဇာတာပိုင်းနဲ့နာမည်
ဇာတာပိုင်းက အဟောအချို့မှာ နေ့နံသားသမီးတွေကို ထည့်သွင်းဖေါ်ပြတာမျိုးကြုံဖူးပါတယ်။ ဥပမာ ၇ တန့်အိမ်ရှင်ဟာ ဥစ်ကသစ်မူပြီး အတန့်ကောင်းမှာ ရပ်မယ်ဆိုရင် အိမ်ထောင်ရေးကံ ကောင်းမယ်လို့ ဖေါ်ပြပြီး၊ အိမ်ထောင်ရေးအတွက် စဉ်းစားပါက ထိုအိမ်ရှင်ဂြိုလ်က ဖေါ်ပြတဲ့ စရိုက်လက္ခဏာပါသူတို့ကို လည်းကောင်း၊ ထိုနေ့နံသားသမီးကိုလည်းကောင်း၊ ထိုနေ့နံနဲ့ နာမည်စထားသူတွေကိုလည်းကောင်း၊ နာမည်မှာ ထိုနေ့နံအများဆုံးပါသူတို့ကိုလည်းကောင်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ကျွန်တော့်အမြင်ကတော့ စရိုက်လက္ခဏာကိုသာ အဓိက ထည့်သွင်းစဉ်းစာစေလိုဟန်ရှိပါတယ်။ ဥပမာကြာသာပတေး ၇ တန့်အိမ်ရှင်ဆိုပါတော့။ ကြာသာပတေးစရိုက်အရ ခန္ဓာကိုယ်ကြံ့ခိုင်၍ အရပ်မြင့်၊ ကြီးသေးညီသောမျက်လုံးများရှိ၊ ဉာဏ်ပါရမီရင့်သန်၊ စီမံကိန်းကောင်း၊ သည်းခြေထန်၊ စကားပြောကောင်း၊ အ၀ါရောင်ကြိုက်၊ အဆင့်အတန်းမြင့်၊ ခြင်္သေ့နှင့်တူသော အသံရှိ၊ ကျယ်ပြန့်စိမ်းဖန့်သောမျက်လုံးရှိ၊ ခန္ဓာကိုယ်ဝ၍ သီလဖြူစင်မယ်။ အဲလို စရိုက်နဲ့ကိုက်သူကိုသာ ထည့်သွင်းစဉ်းစားစေလိုဟန်ရှိပါတယ်။

သို့သော် ပတ်ဝန်းကျင်မှာ စရိုက်ကို မြင်သိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ နံမည်အရ ချဉ်းကပ်ဖို့လိုပါမယ်။ နေ့သားအရ ချဉ်းကပ်ဖို့လည်း လိုပါမယ်။ ဒီနေရာမှာ အားနည်းချက်ကတော့ ရှိနေဆဲပါ။

နေ့သားသမီးတွေဟာလည်း မွေးချိန်အလိုက် နေ့သားမပြီသနိုင်သလို နာမည်မှာလည်း ကြာသာပတေးနံတော့ပါပါရဲ့ သူနဲ့တွဲကပ်နေတဲ့ နံတွေနဲ့က သင့်တင့်ပါ့မလားဆိုတာတွေ တွေးရပါတော့မယ်။ နာမည်အရနံတွေဟာ တစ်လုံးနဲ့ တစ်လုံး ရန်ခံနေပါကလည်း နေ့သားသမီး မပြီမသဖြစ်နေနိုင်ပါတယ်။ ဆိုလိုရင်းကတော့ ကျွန်တော်တို့ ရှာဖွေနေတဲ့ စရိုက်ကို အပြည့်အ၀ မပေးသလိုဖြစ်နေတာပေါ့ဗျာ။

ဒါ့ကြောင့် ဇာတာအရလည်း ဇွတ်အတင်း နာမည်နဲ့ ညှိမယ်ဟဲ့လို့လည်း ကျွန်တော်မရည်ရွယ်ပါ။ နာမည်ပေးကျမ်းတွေကိုလည်း မဖျက်ဆီးလိုပါ။ ဒါလေးတွေနဲ့ ညှိရင်တော့ ပိုကောင်းမလားလို့ ပြောလိုက်ပါရစေခင်ဗျာ။ ဒီလိုလေးညှိပေးဖူးပါတယ်။

တစ်ခါက နည်းပညာဒေါက်တာဘွဲ့ရ ခေတ်ပညာတတ်တစ်ဦးက ဇာတာတွင်းက ဂြိုလ်တွေကို လာစစ်ပေးဖို့ အကူအညီတောင်းတယ်ခင်ဗျ။ ဇာတာကတော့ လောလောဆယ် မွေးဖွားထားတဲ့ ကလေးငယ်ဇာတာပါ။ သူ့သားလေးအတွက် နာမည်ပေးချင်လို့ပါတဲ့ခင်ဗျာ။

ကျွန်တော်ကလည်း ရာသီအစပ် နက္ခတ်အစပ် ပါပကတ္တရီ ၆တန့် ၈တန့် ၁၂ တန့် အိမ်ရှင် စတဲ့ မကောင်းတဲ့ ဂြိုလ်တွေကို စစ်ထုတ်ဖယ်လိုက်ပါတယ်။ မဆိုးတဲ့ ဂြိုလ်တွေရလာပါတယ်။

နောက်တစ်ဖန် တြိဂေါဏအိမ်ရှင် ကိန်းအိမ်ရှင်နဲ့ ယုဂ်ကောင်းတွေ ဂြိုလ်ပူးကောင်းတွေကို စစ်ရွေးပါတယ်။ ကောင်းတဲ့ ဂြိုလ်တွေရလာပါတယ်။

နောက်တစ်ဖန်မှာတော့ အဓိပ္ပါယ်အရညှိကြပါတော့တယ်။ နောက်တော့ နာမည်ချိုးတွေအကြောင်း ကျွန်တော်သတိပေးဖြစ်ပါတယ်။ နာမည်တွေမှာ (အထူးသဖြင့်နာမည်ရှည်သူတွေမှာ) နာမည်လုံးတွေကွဲနေတာ တွေ့ရပါတယ်။ ရှေ့သုံးလုံးက နာမည်တစ်မျိုး ဆောင်ပြီး၊ နောက်ဆုံးအလုံးက သီးသန့်ကွဲထွက်နေတာမျိုးပါ။ ဥပမာပေးဖို့ စဉ်းစားမရဖြစ်နေပါတယ်ခင်ဗျာ။

တစ်ချို့နာမည်တွေရဲ့ လေသံအကျမှာတော့ နာမည်ခေါ်ရာမှာ ရှေ့ဆုံးနာမည်က လေသံပျော့ပြီး နောက်ဆုံးမှာ စောင့်တက်သွားတာမျိုး၊ ရှေ့ဆုံးနာမည်တွေက အသံပြင်းပြီး နောက်ဆုံးအလုံးမှာမှ အသံလျော့သွားတာမျိုးတွေ ရှိနေတတ်ပါသေးတယ်။

ကျွန်တော်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားလိုက်ရာမှာ အကြံပြုတဲ့နာမည်တွေကို တစ်ခုချင်း အကျိုးအပြစ် အတိတ်နိမိတ်ကိုသာပြောမိနေပါတော့တယ်။ ကိုယ်တိုင်က တစ်ခုအသစ်ပြောဖို့ ခက်နေပါတော့တယ်ခင်ဗျာ။ နောက်ဆုံးတော့ အဲဒီ အစ်ကိုကြီးနဲ့ ကျွန်တော် ကလေးအတွက် နာမည်တစ်ခုကို ပေးမိလျက်သားဖြစ်သွားပါတယ်။ နာမည်ပေးချိန် ၅ နာရီလောက်ကြာသွားပါတယ်ခင်ဗျာ။

တစ်ခုသွားစဉ်းစားမိတာက ကျွန်တော့် အဖေကျွန်တော့်ကို ဘယ်လိုနာမည်ပေးခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော့်ဇာတာမှာ အကောင်းဆုံးဂြိုလ်က လဂ်နဲ့ ၄ တန့်အိမ်ရှင် ၅ တေးဖြစ်မယ်ထင်ပါတယ်။ (အသေးစိတ်မစစ်ဖူးပါ။) ၁၁ တန့်မှာတော့ ဥစ် စနေ နဲ့ ၀ဂုတ္တမန၀င်းစီး ၃ င်္ဂါရပ်ပါတယ်။
မွေးနံဖြစ်တဲ့ ၃ င်္ဂါကို ရှေ့ဆုံးမှာထားလိုက်ဟန်ရှိပါတယ် ၃င်္ဂါ။
နောက် သူနဲ့ မိတ်ကျတဲ့ ဇာတာမှာလည်း ကောင်းမွန်တဲ့ ၅ တေးကို ကပ်လိုက်ပါတယ်။
နောက်တစ်ဖန် ၅ တေးတစ်လုံးထပ်ထည့်ပါတယ်။
ဇာတာအရ မွေးနံ ၃ င်္ဂါနဲ့ တွဲနေတဲ့ ၀ နေကို နောက်ပိတ်ထည့်ပါတယ်။

၃ + ၅ + ၅ + ၀ ပါ။  ၃၅ က မိတ်ဖြစ်ပြီး ၅၀ တို့ဟာ ဥဒသိန်ပါ။ ၃ နဲ့ ၀ မှာတော့ ၀ နေက ၃ င်္ဂါကို ရန်ပြုပါတယ်။ ၅ တေးနဲ့ ၀နေကတော့ ဥဒသိန်ပါ။

မွေးနံအရ ၃ င်္ဂါလည်း ပါစေပါတယ်။ လဂ်အိမ်ရှင်လည်း ပါစေပါတယ်။ ဥစ်လည်းပါစေပါတယ်။ ရန်ပြုတဲ့ ၃ ၀ တွဲကို အလယ်မှာ မိတ်နဲ့ ဥဒသိန်ဖြစ်စေတဲ့ ၅ တေးနှစ်လုံးတွဲကာ ပေးလိုက်ပုံကတော့ စိတ်ထဲထင်တာ ရမ်းပေးလိုက်တာ ဖြစ်မှာပါလို့ မပြောရဲပါခင်ဗျာ။ သူဖတ်ဖူးတဲ့ စာအုပ်တွေအရသာ ခန့်မှန်းရမလိုလိုပါပဲ။

ယတြာအကြောင်း ဆက်လက် တင်ပြပေးပါ့မယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။