ဘာဝတို့ အကြောင်း (၁)

MOTAA – Astrology Course (Level-1) 

ဘာဝတို့ အကြောင်း

MOTAA သင်တန်းသား များအနေနဲ့ ယခင်ပြီးခဲ့သော သင်ခန်းစာတွင် ဂြိုဟ်များ အကြောင်းကို လေ့လာခဲ့ပြီးသည့်နောက်၊ နက္ခတ္တဝေဒပညာတွင် လွန်စွာ အရေးပါသော ဘာဝ အတန့်များအကြောင်းကို လေ့လာကြမည် ဖြစ်ပါသည်။ ဤနေရာတွင် နက္ခတ္တဝေဒ ပညာကို အခြေခံ မရှိလိုသူများ အတွက် သိထားသင့် သော အချက် (၃) ချက်ကို ရှင်းပြရန် လိုလာပါသည်။

မှတ်ချက်။  ။မော်စကိုမြို့ MUCTR မှာအလည်ရောက်နေစဉ် ဆရာ့ဆီမှ သင်ခန်းစာထပ်ရသောကြောင့် အမြန်ပို့စ်တင်လိုက်ရပါတယ်ခင်ဗျာ။ (တောမီးလောင်ရာမှလာသော) မီးခိုးငွေ့များ ကျောင်းဝန်းကျင်မှာ ရစ်ဆိုင်းနေပါသဖြင့် မျက်စိစပ်စပ်နဲ့ စာစီရပါကြောင်း မှတ်တမ်းတင်ပါတယ်ခင်ဗျား။ကိုပခန်း


ပထမ အချက်မှာ “ဘာဝ(အိမ်)" ဆိုသည်မှာ ရာသီမဟုတ်ပါ။ သင်တန်းသားများအနေဖြင့် ကွဲပြားစွာ နားလည်ထားရန် လိုပါသည်။ ယခုသင်ခန်းစာတွင် ရေးသား ရှင်းပြထားသည်ကို အတတ်နိုင်ဆုံး သဘောပေါက်အောင် ဖတ်ပါ။ လိုအပ်လျှင် ရေးချပါ။ မသိသော အကြောင်းအရာများကို ဆွေးနွေးပါ။

ဒုတိအချက် အနေအဖြင့် “အတန့်"နှင့် “အတန့် ဘာဝ" ဆိုသော ဝေါဟာရတို့ကို ကွဲပြားစွာ နားလည်ရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျမ်းစာပိုဒ်တခုတွင် “ဂြိုဟ်တစ်လုံးသည် တနင်္ဂနွေမှ ၇-တန့်တွင် တည်ခဲ့သော်"- စသည် ဖြင့် ဖော်ပြထား သော ဆိုလိုရင်းနှင့်၊ “ဂြိုဟ်တစ်လုံးသည် -၇-တန့် ဘာဝ တွင် တည်ခဲ့သော်"- ဆိုလိုရင်း တို့သည် အဓိပ္ပါယ် အားဖြင့် လွန်စွာ ကွာခြားပါသည်။ “ဂြိုဟ်တစ်လုံးသည် -တနင်္ဂနွေမှ ၇-တန့်တွင် တည်ခဲ့သော်" ဆိုသည်မှာ ဂြိုဟ်တစ်လုံး ရပ်တည်နေသော တည်နေရာသည် တနင်္ဂနွေဂြိုဟ် ရပ်တည်ရာနေရာမှ စတင်ရေတွက်သော် ၇-တန့်မြောက်အကွက်၊ (၁၈၀ ဒီဂရီ) တွင် တည်နေခဲ့လျှင်ဟု ဆိုလိုရင်းဖြစ်ပြီး “ဂြိုဟ်တစ်လုံးသည် ၇-တန့်ဘာဝတွင် တည်ခဲ့သော်" ဆိုသည်မှာ ဂြိုဟ်တစ်လုံးသည် လဂ်နေရာမှ တိုင်းတာရေတွက်လျှင် ၇-တန့် (၁၈၀ ဒီဂရီ) တွင် တည်နေခဲ့လျှင်ဟု ကို ဆိုလိုရင်းဖြစ်သည်။ “ဘာဝ" ဟူသော စကားလုံးသည် လဂ်နေရာမှ မှီငြမ်း တိုင်းတာခြင်း ဖြစ်သည်ဆိုသော အချက်ကို ယခုမှ နက္ခတ်ပညာကို လေ့လာမည့်သူများအနေဖြင့် သဘောပေါက်ထားရန် လိုပါသည်။

တတိယ အချက်မှာ ဗေဒင် ကျမ်းများ၊ စာအုပ်များ၊ ဆောင်းပါးများတွင် ရာသီစက်၊ ဘာဝစက်၊ န၀င်းစက် ဟူသော အသုံးအနှုန်း ဖြစ်သည်။ “စက်"ဟု အလွယ်ခေါ်သော မြန်မာ စကားလုံးမှာ သက္ကတ ဘာသာ “ချက္ကရ"မှ စတင်လာပါသည်။ “ချက္ကရ"မှ တစ်ဆင့် “စက္ကရ" ထိုမှ တစ်ဆင့် “စက်" ဟု၍ ဖြစ်လာခြင်း ဖြစ်ပြီး၊ ၄င်း၏ အဓိပ္ပါယ်မှာ လည်ပါတ်နေသော စက်ဝိုင်းသဏ္ဍာန်ဟု ဖြစ်ပါသည်။ ၁၂-ရာသီ စက်ဝိုင်းကြီးအား အပိုင်း ၁၂-ပိုင်း ပိုင်းပြီး၊ သုံးသပ် ဆန်းစစ်ခြင်းအား ဘာဝတွက်ခြင်း၊ ဘာဝဆန်းစစ်ခြင်းဟု ခေါ်ပါသည်။ ဤနေရာ၌ အရှေ့တိုင်း နက္ခတ္တပညာတွင် ဘာဝ ၁၂-ပိုင်းအား အညီအမျှ ပိုင်းခြားသော်လည်း အနောက်တိုင်း နည်းအများစုတွင်မူ အညီအမျှ ပိုင်းခြားထားခြင်း မရှိပါ။ သက်ဆိုင်ရာဒေသ၏ လတ္တီတွဒ် တန်ဘိုးပေါ် မူတည်၍ နေထွက်ချိန် အပြောင်းအလဲရှိခြင်းကြောင့် ဘာဝတစ်ခုနှင့်တစ်ခုတို့ မတူညီကြပါ။ MOTAA သုတေသီ အဆင့်တွင် ထိုတွက်ချက်မှု သဘောတို့ကို ရှင်းလင်းမည်ဖြစ်သော်လည်း သင်္ချာသဘော အားဖြင့် လွန်စွာရှုပ်ထွေးခြင်း၊ ယခုမှ နက္ခတ်ပညာကို စတင်လေ့လာ နေသူများအတွက် လမ်းပျောက်သွားမည် ဖြစ်ခြင်းတို့ကြောင့် ယခု MOTAA သင်ခန်းစာများတွင် ဤနည်းစနစ်ကို မဖေါ်ပြပါ။ သမားရိုးကျ အရှေ့တိုင်းမူဖြင့် ဘာဝ (၁၂)ခုတို့ကို အညီအမျှ ပိုင်းသော စနစ်ကိုသာ သင်ကြားပေးမည် ဖြစ်ပါသည်။

ဘာဝစက် တွက်ချက်ခြင်း 

ယခု တင်ပြမည့် ဘာဝစက် တွက်ချက်ခြင်းသည် အရှေ့တိုင်းမူအရ ဘာဝတစ်ခုလျှင် ၃၀ ဒီဂရီသည် အညီအမျှ ရှိသည်ဆိုသောမူကို မူတည်၍ တွက်ချက်ပြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဇာတာတစ်ခုတွင် ဇာတာရှင်သည် ဗြိစ္ဆာလဂ် ၅း၀၀ တွင် ရှိနေသည် ဆိုပါအံ့


MOTAA စနစ်အရ လဂ် ဆိုသည်မှာ ၁-တန့်ဘာဝ၏ အလယ်ဗဟိုချက်မှတ် ဖြစ်သည်။ ၃၀-ဒီဂရီ(တစ်ရာသီ)စီ အညီအမျှ ရှိသော ဘာဝစနစ်ကို အသုံးပြုသည် ဖြစ်သောကြောင့် အခြားသောဘာဝ တို့၏ ဗဟိုချက်မှတ် တို့မှာ အောက်ပါ အတိုင်း မြင်လာရသည်။


ဘာဝ တစ်ခုတွင် ၃၀ ဒီဂရီစီရှိရာ ဘာဝ တစ်ခုစီ၏ အစမှတ်ကို ရှာရန် လက်ရှိအလယ် ဗဟိုချက်နေရာတန်ဘိုးမှ ၁၅ ဒီဂရီ နှုတ်ပေးပါ။ ထိုဘာဝ၏ ဆုံးမှတ်ကို သိရှိရန် လက်ရှိ ဗဟိုချက် နေရာတန်ဘိုးတွင် ၁၅ ဒီဂရီ ပေါင်း ပေးပါ။ ထိုအခါ အောက်တွင် ဖေါ်ပြထားသည့် အတိုင်း ဘာဝ တစ်ခုစီ၏ အနေအထားကို ရလာပါမည်။ သင်တန်းသား များ အနေဖြင့် ချတွက် ကြည့်ရန် လိုအပ်ပါသည်။


အထက်တွင် မြင်ရသည့်အတိုင်း ဘာဝစက်တစ်ခု ရလာပါမည်။ ထိုအကွက်များတွင် သက်ဆိုင်ရာဂြိုဟ်များကို နေရာချ ဖြည့်သွင်းပေးလိုက်ပါက ပြည့်စုံသော ဘာဝ စက် ဖြစ်သွားပါလိမ့်မည်။ မှတ်ရန်မှာ နောက်ဘာဝ၏ အစသည် ရှေ့ဘာဝ၏ အဆုံးဖြစ်သည်။ ဥပမာ ၄-တန့် ဘာဝ အစသည် ၃-တန့် ဘာဝ၏ အဆုံးဖြစ်သည်။ ၃-တန့်ဘာဝ အစမှတ်မှ ၃-တန့်ဘာဝ အဆုံးမှတ် အကြားတွင် ဂြိုဟ်တစ်လုံး ရပ်တည် နေပါက ထိုဂြိုဟ်သည် ၃-တန့် တွင် ရပ်တည်သည်ဟု သတ်မှတ်သည်။



ဘာဝ တို့ကို အုပ်စု ခွဲ၍ စစ်ဆေးခြင်း 

  • (၁) တည်ဆောက်ပုံ အရ အုပ်စု ခွဲခြားခြင်း 
• ပထမ အုပ်စု- ကိန်းအိမ်များ။ (၁-တန့်၊ ၄-တန့်၊ ၇-တန့်၊ ၁၀-တန့် ဘာဝများ)
• ဒုတိယ အုပ်စု- တြိဂေါဏ အိမ်များ။ (မူလတြိဂေါဏ နှင့် မဆိုင်ပါ) ၁-တန့်၊ ၅-တန့်၊ ၉-တန့်၊
• တတိယ အုပ်စု- ဒုဌာန အိမ်များ။ (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်)
• စတုတ္ထ အုပ်စု- ၂-တန့်၊ ၃-တန့်၊ ၁၁-တန့်၊ MOTAA စနစ်အနေဖြင့် လေ့လာရာတွင်-(၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) တို့ကို ဒုဌာန အိမ်များ - မကောင်းသော အိမ်များ -ဟူ၍ သတ်မှတ်ပြီး၊ အခြားသော အုပ်စုများကို သုဌာန အိမ်များ - ကောင်းသော အိမ်များ -ဟူ၍ သတ်မှတ်ပါသည်။ နောက်ပိုင်း ဘာဝ တစ်ခုချင်းစီ ရှင်းပြချက်ကို လေ့လာပါ။

  • (၂) စရိုက် အုပ်စု အရ ခွဲခြားခြင်း ။ (စရ၊ ထိရ။ ဒွိဘာဝ) 
• ပထမ အုပ်စု- ကိန်းအိမ်များ။ (၁-တန့်၊ ၄-တန့်၊ ၇-တန့်၊ ၁၀-တန့် ဘာဝများ)
• ဒုတိယ အုပ်စု- ပဏာပရ အိမ်များ (၂-တန့်၊ ၅-တန့်၊ ၈-တန့်၊ ၁၁-တန့်)
• တတိယ အုပ်စု- အပ္ပေါကလိမ အိမ်များ။ (၃-တန့်၊ ၆-တန့်၊ ၉-တန့်၊ ၁၂-တန့်)

ပထမ အုပ်စု ကိန်းအိမ်များ 

(၁-တန့်၊ ၄-တန့်၊ ၇-တန့်၊ ၁၀-တန့် ဘာဝများ) သည် စရိုက်တူသော ရာသီများ ဖြစ်ကြသည်။ မိဿရာသီတွင် လဂ်တည်သော သူတစ်ဦးအတွက် တနည်းအားဖြင့် မိဿလဂ် အတွက်ဆိုလျှင် မိဿ၊ ကရကဋ်၊ တူ၊ မကာရ ရာသီ တို့သည် စရ ရာသီများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျမ်းများ အလိုအရဆိုလျှင် စရ ရာသီတို့၏ သဘာဝ အတိုင်း ဖြစ်သည်။ (ပြီးခဲ့သော ရာသီတို့ အကြောင်း သင်ခန်းစာကို ပြန်ကြည့်ပါ။)

ဒုတိယ အုပ်စု ပဏာပရ အိမ်များ

(၂-တန့်၊ ၅-တန့်၊ ၈-တန့်၊ ၁၁-တန့်) သည်လည်း စရိုက်တူသော ရာသီများ ဖြစ်ကြသည်။ မိဿလဂ် ပိုင်ရှင် တစ်ဦးအတွက်ဆိုလျှင် ၄င်းတို့သည် ထိရရာသီ အိမ်များ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ကျမ်းများတွင် ထိရ-ရာသီနှင့် ဆိုင်သော သဘာဝတို့ကို ဖေါ်ပြထား ပါသည်။ (ပြီးခဲ့သော ရာသီတို့ အကြောင်း သင်ခန်းစာကို ပြန်ကြည့်ပါ။)

တတိယ အုပ်စု အပ္ပေါကလိမ အိမ်များ

(၃-တန့်၊ ၆-တန့်၊ ၉-တန့်၊ ၁၂-တန့်) သည်လည်း စရိုက်တူသော ရာသီ များ ဖြစ်ကြသည်။ မိဿလဂ်ပိုင်ရှင် တစ်ဦးအတွက် ဆိုလျှင် ၄င်းတို့သည် ဒွိဘာဝ-ရာသီ အိမ်များ ဖြစ်ကြ သည်။ ထို့ကြောင့်လည်း ကျမ်းများတွင် ဒွိဘာဝ ရာသီနှင့် ဆိုင်သော သဘာဝ တို့ကို ဖေါ်ပြထား ပါသည်။ (ပြီးခဲ့သော ရာသီတို့အကြောင်း သင်ခန်းစာကို ပြန်ကြည့်ပါ။)

  • (၃) ဓါတ်ကြီးလေးပါး အရ အုပ်စု ခွဲခြားခြင်း (မီး၊ မြေ၊လေ၊ရေ) 
• ပထမ အုပ်စု- ဓမ္မ ဘာဝ အိမ်များ။ (၁-တန့်၊ ၅-တန့်၊ ၉-တန့်၊)
• ဒုတိယ အုပ်စု- အာသာ ဘာဝ အိမ်များ (၂-တန့်၊ ၆-တန့်၊ ၁၀-တန့်၊)
• တတိယ အုပ်စု- ကာမ ဘာဝ အိမ်များ။ (၃-တန့်၊ ၇-တန့်၊ ၁၁-တန့်၊)
• စတုတ္ထ အုပ်စု- မုက္ချ ဘာဝ အိမ်များ။ (၄-တန့်၊ ၈-တန့်၊ ၁၂-တန့်၊)

ပထမအုပ်စု ဓမ္မ ဘာဝ အိမ်များ

(၁-တန့်၊ ၅-တန့်၊ ၉-တန့်၊) တို့သည် ဓါတ်သဘော တူသော ရာသီများ ဖြစ်ကြသည်။ ဥပမာအားဖြင့် မိဿလဂ်ပိုင်ရှင် တစ်ဦးအတွက် ဆိုလျှင် မိဿ၊ သိဟ်၊ ဓနု ရာသီတို့ ဖြစ်ပြီး ၄င်းအိမ်တို့ ရောက်တည်ရာ ရာသီများသည် မီးဓါတ် ရာသီများ ဖြစ်နေသည်။ ဓမ္မ ဘာဝ ဆိုသည်မှာ သဘော သဘာဝရည်ရွယ်ချက်၊ တာဝန် တို့ကို ဆိုလိုသောကြောင့် ဇာတာတစ်စောင်တွင် ထိုဘာဝများတွင်ဂြိုဟ်များ ကျရောက်နေပါက ဇာတာရှင်သည် အရာ ရာကို အဓိပ္ပါယ် ရှိမရှိ၊ လောက ဓမ္မ ကျမကျ ဆိုသော သဘောကို သုံးသပ် ဆင်ခြင်မှုတို့တွင် အားသန် တတ်သည်။ သူတို့သည် ထုံးတမ်းစဉ်လာကို ဖြစ်သလိုနားမလည်ဘဲနှင့် အလွယ်လက်ခံခြင်းမပြုပဲ မိမိကိုယ်တိုင် အားစိုက်ထုတ်ပြီး မှန်ကန်သည်ဟု ယူဆမှာသာ လက်ခံမည့်သဘော ရှိတတ်သည်။ ထို့ကြောင့်လည်း သူတို့၏ အယူအဆနှင့် ပါတ်သက်လျှင် ခိုင်မာစွာကိုင်စွဲ တတ်ကြသည်။

ဒုတိယအုပ်စု အာသာ ဘာဝ အိမ်များ 

(၂-တန့်၊ ၆-တန့်၊ ၁၀-တန့်၊) တို့သည်လည်း ဓါတ်သဘော တူသော ရာသီများ ဖြစ်ကြသည်။ ဥပမာအားဖြင့် မိဿ လဂ်ပိုင်ရှင် တစ်ဦးအတွက်ဆိုလျှင် ပြိဿ၊ ကန်၊ နှင့် မကာရ ရာသီ တို့ဖြစ်ပြီး ၄င်းအိမ်တို့ရောက်တည်ရာ ရာသီများသည် မြေဓါတ်ရာသီများ ဖြစ်နေသည်။ ၄င်းတို့အား အာသာ ဘာဝများဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် ရုပ်ပိုင်း ဆိုင်ရာ ရနိုင်စရာ ရှိသည်များကို တောင့်တမှု ဖြစ်သည်။ အရေးပါသော ဂြိုဟ်များသည် ထိုဘာဝများတွင် ရှိနေခြင်းဖြင့် ၄င်းတို့သည် လက်တွေ့ကျခြင်း၊ အလုပ်ကို စူးစိုက်စွဲမြဲခြင်းဆိုသော သဘာဝများရှိနေတတ်သည်။ ရယူအောင်မြင်မှုအတွက် အဓိကထားတတ်သည်။ “ပိုင်ဆိုင်ခြင်းသည် သာ အချစ်” ဟူ၍ သဘောထားတတ်သူများ ဖြစ်တတ်သည်။ တစ်ဆက်တည်းတွင် မလိုအပ်ပဲ အသေးစိတ် နိုင်တတ်သော သဘာဝကိုလည်း ဖြစ်စေတတ်သည်။

တတိယအုပ်စု ကာမဘာဝ အိမ်များ 

(၃-တန့်၊ ၇-တန့်၊ ၁၁-တန့်၊) တို့သည်လည်း ဓါတ်သဘော တူသော ရာသီများ ဖြစ်ကြသည်။ ဥပမာ-အားဖြင့် မိဿလဂ်ပိုင်ရှင် တစ်ဦးအတွက်ဆိုလျှင် မေထုန် တူ နှင့် ကုမ် ရာသီ တို့ဖြစ်ပြီး ၄င်းအိမ်တို့ ရောက်တည်ရာ ရာသီများသည် လေဓါတ် ရာသီများ ဖြစ်နေသည်။ ၄င်းတို့အား ကာမ ဘာဝများဟုခေါ်သည်။ ထိုရာသီတို့တွင် အရေးပါသော ဂြိုဟ်အများအပြား ကျရောက်နေပါက ထိုဇာတာရှင်သည် လူမှုရေး ဆက်ဆံပါတ်သက်မှုများတို့တွင် စိတ်ဝင်စားတတ်သည်။ အပေါင်းအသင်း၊ အသိအကျွမ်းများတတ်သည်။ သူများကိစ္စတို့ကို စိတ်ဝင်စားမှု ရှိတတ်သည်။ လိုချင်တို့သည်မှာ တစ်မျိုး၊နှစ်မျိုး မဟုတ်၊ ဟိုဟာ လိုချင်၊ ဒီဟာ လိုချင် မျိုးဖြစ်တတ်ပြီး စူးစိုက်မှု အားနည်းတတ်သည်။ တစ်နည်းအားဖြင့် ကာမဘာဝ အိမ်ဆိုသော သဘောမှာ ကာမဂုဏ် စည်းစိမ်၊ ချမ်းသာ၊ လောကီချမ်းသာကို ဦးစားပေး တတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

စတုတ္ထ အုပ်စု မုက္ချဘာဝ အိမ်များ 

(၄-တန့်၊ ၈-တန့်၊ ၁၂-တန့်၊) တို့သည်လည်း ဓါတ်သဘော တူသော ရာသီများ ဖြစ်ကြသည်။ ဥပမာ-အားဖြင့် မိဿလဂ်ပိုင်ရှင် တစ်ဦးအတွက်ဆိုလျှင် ကရကဋ်၊ ဗြိစ္ဆာ နှင့် မိန် တို့ဖြစ်ပြီး ၄င်းအိမ်တို့ ရောက်တည်ရာရာသီ များသည် ရေဓါတ်ရာသီများ ဖြစ်နေသည်။ ၄င်းတို့အား မုက္ချဘာဝ များဟုခေါ်သည်။ တနည်းအားဖြင့် ရုပ်ဝတ္ထု ပိုင်ဆိုင်ခြင်းတို့ကို တပ်မက်ခြင်း၊ နည်းတတ်သည်။ ခံစားချက်၊ သိမြင်ချက် တို့ကို ဦးစားပေးတတ်ပြီး လောကီဘ၀မှ လွတ်မြောက်ခြင်း ကို ဖြစ်စေသော အပြောင်းအလဲကို ဖြစ်စေသော ဘာဝများ ဖြစ်သည်။ သူတို့သည် အခြားသူတို့၏ ခံစားချက်ကို တန်ဘိုးထားတတ်၍ အခြားသူတို့၏ ဘ၀သင်ခန်းစာမှပင် မိမိအတွက် သင်ခန်းစာ သဘောယူတတ်သည်။ ဂမ္ဘီရ ပညာများ၊ စိတ်တန်ခိုး၊ နာမ်လောကများ၊ ၀ိဇ္ဇာလမ်း ပညာများကို စိတ်ဝင်စားတတ်သည်။ ထို့ကြောင့်လည်း သူတို့သည် အများအမြင်တွင် စိတ်ကူးယဉ် ဆန်တတ်သူ၊ လေထဲတွင် တိုက်အိမ်ဆောက်နေသူ၊ လက်တွေ့မဆန်သူ၊ အလုပ်မတွင်သူတို့ အနေဖြင့် ဖြစ်နေတတ်ကြသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။