ဘာဝတို့ အကြောင်း (၅)

MOTAA – Astrology Course (Level-1) 

၆-တန့် ဘာဝ (H6)

၆-တန့် ဘာဝ ၏ အနှစ်သာရမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဖြစ်သည်။ နောက် အဓိပ္ပါယ် တစ်မျိုးမှာ ၀န်ဆောင် ထမ်းရွက်ခြင်း ဖြစ်သည်။ ဒုဌာန အိမ်များ ဖြစ်သော (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) တို့တွင် ပါဝင်ခြင်းကြောင့် ဂြိုဟ်တစ်လုံးအနေဖြင့် ၄င်း ၆-တန့်တွင် ရပ်တည်နေပါက အင်အား ဆုတ်ယုတ်သွားသည်ဟု သတ်မှတ် ထား ပါသည်။ သို့ရာတွင် ၆-တန့် ဘာဝ အနေဖြင့် အင်အားကောင်းပါက ဇာတာရှင်၏ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ကောင်းခြင်း၊ ဒေါင်ဒေါင်မြည် အလုပ်လုပ်နိုင်ခြင်း တို့ကို ဖြစ်စေပါသည်။
ကျန်းမာရေးနှင့် အလုပ်လုပ် ပေးရခြင်းကို ပေါင်းစပ် အဓိပ္ပါယ်ဖော်လိုက်ခြင်းဖြင့် ကျန်းမာရေးနှင့် ပါတ်သက်သော လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပေးရခြင်း၊ ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြု အလုပ်တို့ကိုလည်း ကိုယ်စားပြု ထားပါသည်။ သို့သော် ၆-တန့်သည် တာဝန် ၀တ္တရားကို ကိုယ်စားပြုခြင်းကြောင့် ၆-တန့် ဂြိုဟ်တို့ အနေဖြင့် အလုပ်နှင့်သက်ဆိုင်သော ဂြိုဟ်၊ ဘာဝ တို့အပေါ်တွင် လွှမ်းမိုးနေပါက ဇာတာရှင်သည် သူတစ်ပါး အလုပ်လုပ်သည်ကို ကျေနပ်မှုမရှိခြင်း၊ မိမိကိုယ်တိုင် လုပ်ရမှ ကျေနပ်တတ်ခြင်းတို့ လွန်ကဲခြင်းတို့ကြောင့် ပဋိပက္ခ ပြဿနာများကို ဖြစ်ပေါ်လာစေပါသည်။ တစ်နည်းဖြင့် ပါးနပ်လိမ္မာမှု၊ ပရိယာယ် ကြွယ်ဝမှု၊ အကွက်ချ စီစဉ်မှု ဆိုင်သော ရာဟုသည် ၆-တန့်တွင် ရပ်တည်ပါက မိမိလုပ်ကိုင်သော အလုပ်တွင် ပါးနပ်လိမ္မာစွာ လုပ်တတ်ခြင်း၊ အပြိုင်အဆိုင်တို့ကို ပရိယာယ်သုံး၍ လှည့်ဖျား တိုက်ခိုက်နိုင်ခြင်းတို့ကြောင့် ရာဟုသည် ၆-တန့်ဘာဝ တွင် ဥုစ်ရသည် ဟုပင် ဆိုထားကြပါသည်။ တစ်ဆက်တည်းတွင် ယှဉ်ပြိုင်လုပ်ကိုင်ခြင်း၊ သူ့ထက်ငါသာအောင်တို့ကြောင့် အပြိုင်အဆိုင် ရန်ဖြစ်ခြင်းကို အကျိုးဆက်ဖြစ်လာစေ၍၊ ၆-တန့် ဘာဝသည် ခိုက်ရန် ဖြစ်ပွားခြင်း၊ အမှုအခင်း၊ တရားရုံးတွင် ယှဉ်ပြိုင် ရင်ဆိုင်ရခြင်း တို့ကိုပါ တာဝန် ယူလာပါတော့သည်။ ထိုအခြေအနေသည် အသက်လု ယှဉ်ရသော လက်နက်ကိုင် တပ်ဖွဲ့တို့၏ အလုပ်အနေအထားကိုပါ ဖြစ်စေပါသည်။ အောက်လမ်းပညာဖြင့် လုပ်ကြံခြင်း၊ နာနာဘာဝ တို့၏ ပူးကပ်ခံရခြင်း တို့မှာလည်း ၆-တန့် ဘာဝနှင့် ပါတ်သက် လာပါသည်။ ထိုသို့အခြေအနေ  အကြောင်းရင်းများကြောင့် ၆-တန့် ဘာဝသည် ဒုဌာန ဘာဝ ဖြစ်နေရခြင်း ဖြစ်တော့သည်။ တစ်ဖန် ၆-တန့် ဘာဝသည် သောက်လေ၊ သောက်လေ ငတ်မပြေ ဟူသော အာသာ ဆန္ဒကို ဖြစ်စေ ခြင်းကြောင့် အာသာ ဘာဝအိမ်များ (၂-တန့်၊ ၆-တန့်၊ ၁၀-တန့်၊) တွင် တည်နေရခြင်းဖြစ်သည်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှု(၂-တန့်)၊ ယှဉ်ပြိုင် ရင်ဆိုင် အနိုင်ရမှု(၆-တန့်)၊ ဘ၀ တိုးတက်လမ်း (၁၀-တန့်) တို့မှာ ရလေလိုလေ အိုတစ္ဆေဆိုသော အာသာ ဘာဝ များပင် ဖြစ်ပါသည်။ စုပေါင်း ခြုံငုံလိုက်သော အခါ ၆-တန့် ဘာဝသည် ထိခိုက် အနာတရဖြစ်ခြင်း၊ အတိုက်အခံ ရန်ဖြစ်ခြင်း၊ အပြိုင်အဆိုင် ပြုလုပ်ရခြင်း၊ အမှု အခင်း ဖြစ်ခြင်း၊ အလိမ်ခံ၊ အခိုးခံ၊ မီးလောင် ခံ၊ အဆိပ်ခပ် ခံရခြင်း၊ တို့ကိုပါ အဓိပ္ပါယ် ဖေါ်ဆောင်နေသော ဘာဝ ဖြစ်သည်။ အဓိက မှတ်ရန်မှာ ၆-တန့် ဘာဝ သည် “ရုပ် ကျန်းမာရေးနှင့်၊ ပြင်ပ ရန်သူ၊ ပြင်ပ ပြိုင်ဘက်” ဖြစ်သည်။

၁၂-တန့် ဘာဝ (H12)

၆-တန့် ဘာဝ နှင့် မျက်နှာချင်း ဆိုင်နေသော ၁၂-တန့် ဘာဝ၏ အနှစ်သာရမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဖြစ်သည်။ ဒုဌာန ဘာဝ ဆိုသော မကောင်းသော ဘာဝဖြစ်သည်ဟု သတ်မှတ် ထားခြင်းခံရသော ၁၂-တန့် ဘာဝသည် သံသရာမှ လွတ်ကြောင်း ဖြစ်သော မုက္ချ ဘာဝ အိမ်များ (၄-တန့်၊ ၈-တန့်၊ ၁၂-တန့်၊) တွင် ပါဝင် နေသော ဘာဝဖြစ်သည်။ ၆-တန့်ဘာဝသည် ပွင့်ပွင့်လင်းလင်း မြင်ရသော ပြိုင်ဘက်၊ ရန်ဘက် ဖြစ်သော်လည်း ၁၂-တန့်ဘာဝမှာမူ တိတ်တစ်ခိုး ရန်ဘက်၊ ရန်သူလည်း ဖြစ်၏။ မိမိအနေဖြင့် မမြင်ရ မတွေ့ရသော၊ တွေ့ပြန်သော်လည်း ရန်သူမှန်း မသိရသော အနေအထားကို ၁၂-တန့်ဘာဝ ကို ရည်ညွှန်းသည်။ မမြင်မတွေ့ရသော၊ သို့မဟုတ် မိမိ အနေဖြင့် ရန်သူဟုမထင်ထားသော ရန်သူတို့အနက် တွင် ကြောက်စရာ အကောင်းဆုံး ရန်သူမှာမိမိကိုယ်တိုင်၏ စိတ်ပင် ဖြစ်သည်။ သောက ဗျာပါဒပင် ဖြစ်သည်။ စိတ်၏ အေးချမ်းခြင်း၊ စိတ်၏ သောက ဗျာပါဒ ဖြစ်စေခြင်း တို့ကို အစိုးရသဖြင့် စိတ်ကျန်းမာရေးနှင့် ဆိုင်သော ဘာဝဟု ဆိုရခြင်း ဖြစ်သည်။ ၁၂-တန့်ဘာဝ အား ဂြိုဟ်ဆိုးများမှ ဖျက်ဆီးနှောက်ရှက် ထားခြင်း ခံရပါက ဇာတာရှင် အနေဖြင့် သောက ဗျာပါဒ များ ဖြစ်ပေါ်စေသလို ၄င်း ၁၂- ၁၂-တန့်ဘာဝ အိမ်ရှင် အနေဖြင့် အခြားသော ဂြိုဟ်များကို လွှမ်းမိုး ဖျက်ဆီးထားပါက ဆုံးရှုံးခြင်း ပျက်စီးခြင်း များ ဖြစ်စေတတ်သဖြင့် ၄င်းအား ဗျာယဘာဝဟု ခေါ်ရခြင်း ဖြစ်သည်။ ၁၂-တန့်ဘာဝအား ကောင်းသော ဂြိုဟ်များ လွှမ်းထားခြင်း၊ ၁၂-တန့်ဘာဝ သခင် အနေဖြင့် အင်အားကောင်း ခဲ့ပါမူ ဇာတာရှင် အနေဖြင့် သောကကင်းဝေးရခြင်း၊ ကောင်းမွန်စွာ အိပ်စက် စံစားရခြင်းကို ဖြစ်စေပါ၏။ ကောင်းမွန်သော အိပ်စက်ခြင်းကို ကိုယ်စားပြုသောကြောင့် အိမ်ထောင်ရေးကို လေ့လာရတွင် ထည့်သွင်းလေ့လာရမည့် ဘာဝတစ်ခု ဖြစ်သည်။ ၁-တန့် မှ စတင်ခဲ့သော  ဇာတာသည် ၁၂-တန့်တွင် အဆုံးသတ်သကဲ့သို့ ရုန်းကန် လှုပ်ရှားမှုများ ရပ်တန့် ရာနေရာ၊ အရှိန်ကုန် ဆုံးရာ နေရာလည်း ဖြစ်၏။ သင့်အနေဖြင့် ခဲလုံး တစ်လုံးကို အဝေး တစ်နေရာ ပစ်ပေါက် လိုက်ပါ- စ, စဦး ချင်းတွင် သင့် လက်ထဲမှ ပေးသွင်းလိုက်သော အင်အားအပြည့် ရှိနေသဖြင့် ထိုခဲလုံးသည် အကွာအဝေး အတိုင်းအတာ တစ်ခုသို့ အရှိန် ပြင်းပြင်းဖြင့် ထွက်ခွာသွားပါလိမ့်မည်။ ကံကြမ္မာဆိုသော တွန်းအားဖြင့် လူသား တစ်ယောက်၏ ဘ၀ကို စတင်တွန်းတင် ပေးလိုက်ခြင်း (၁-တန့် ဘာဝ သဘော၊ ဘ၀ စတင်ခြင်း) ကနဦးတွင် ထိုလူသား၏ အသက်ရှင်ရေး အင်အား၊ တွန်းအား ကောင်းမှုကြောင့် ကလေးငယ်များတွင် နတ်စောင့်သည်ဟု ဆိုရလောက်သည်အထိ အံ့သြစရာ ကောင်းသော ကလေးငယ်များ အသက်ရှင်နိုင်မှု ကိုတွေ့ရတတ်၏။ သို့သော် ဘ၀ တစ်ခု၏ နောက်ဆုံးပိုင်းတွင် နောက်ခံ တွန်းအား ကင်းမဲ့သွားသောအခါ၊ ကုန်ဆုံးသွားသော အခါ ခဲလုံးငယ် ကဲ့သို့ပြန်လည် ကျဆင်းလာရ၏။ ဤသည်ကို ကံကုန်သည်ဟုခေါ်သည်။ ကံ သည်ပို့ဆောင်ပေးလိုက်သော တွန်းအား ဖြစ်၏။ အဝေးတစ်နေရာကို ရည်ညွှန်းသောဘာဝ ဖြစ်သောကြောင့်လည်း ဤဘာဝသည် နိုင်ငံရပ်ခြား၊ ရပ်ဝေး မြေခြားနှင့် သက်ဆိုင်သော ဘာဝ၊ မိမိမွေးရာ ဇာတိနှင့် ဝေးကွာရာ ဒေသ ဖြစ်နေ၏။ တစ်ဖန် လွတ်လပ်မှုတို့၏ အဆုံး ဖြစ်သောကြောင့် မလွတ်လပ်သော အနေအထား၊ အချုပ်အနှောင်၊ အဖမ်းအဆီး၊ ထောင်ဒဏ် ကျခံရမှု တို့ကိုလည်း ရည်ညွှန်း၏။ သို့သော်လည်း အသက်ရှင်သန်မှုတို့ကို ငြီးငွေ့၍၊ ဘ၀တို့ကို မတောင့်တတို့သူ အတွက်မူ- ၁၂-တန့် ဘာဝသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လွတ်မြောက်ရာလမ်း “မုက္ချ ဘာဝ” ဖြစ်နေသည်။ ဘုရား၊ ရဟန္တာ တို့သည် ဤကာလတွင် မိမိတို့တွင် ကြွင်းကျန်နေသော ၀ဋ်ကျွေး တို့ကို အကြေ ဆပ်ခဲ့သော အနေအထား ဖြစ်သဖြင့် ဤကာလသည် မိမိ၏ ၀ဋ်ကျွေးများ အကြွေးပြန်ဆပ်ရမည့် ကာလဖြစ်သည်။ စိတ်တန်ခိုး၊ စွမ်းအင် ရှိသူတို့သည် ဤဘာဝနှင့် ဆက်စပ်မှုများ ရှိကြသည်။ အဓိက မှတ်ရန်မှာ ၁၂-တန့် ဘာဝသည် “စိတ်ကျန်းမာရေး၊ နှင့် အတွင်းရန်သူ” ဖြစ်သည်။

ဘာဝများ၏ အဓိပ္ပါယ် (ဘာဝ ပရိယာယ် အကျဉ်းချုပ်) 

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။