အရှေ့တိုင်းနှင့်အနောက်တိုင်းပညာ (၁)

MOTAA – Astrology Course (Level-1) 

အရှေ့တိုင်းနက္ခတ်ပညာနှင့် အနောက်တိုင်းနက္ခတ်ပညာ

ပညာရပ်များ ဆက်စပ်နေမှု

အရှေ့တိုင်းနက္ခတ်ပညာဟုဆိုရာတွင်- ဟိန္ဒူနက္ခတ်ပညာ၊ တနည်းအားဖြင့် မြန်မာရှင်ဘုရင်များ၊ အဆက်ဆက်မှ ကျင့်သုံးလာခဲ့သော ဝေဒနက္ခတ်ပညာကိုသာ ဆိုလိုပါသည်။ တရုတ်တို့သည်- ဟိန္ဒူနက္ခတ်ပညာကို အရင်းခံသဘောအားဖြင့် အခြေခံခဲ့သော်လည်း- ၄င်းတို့၏ တာအိုဝါဒ အယူအဆ ဓါတ်ကြီး ၈-ပါးနှင့် ဆက်စပ်ပြောင်းလဲ သုံးစွဲလိုက်သောကြောင့်- မူရင်းပညာမှ သွေဖီသွားသဖြင့် ဤသင်ခန်းစာ တွင် ထည့်သွင်းမရှင်းပြတော့ပါ။ သို့သော်လည်း- တရုတ်တိုင်းရင်းဆေး ပညာသည် အာယုဗ္ဗေဒဆေးပညာကို အခြေပြုထားသည်ကိုလည်းကောင်း၊ တရုတ်တို့၏ အပ်စိုက်ဆေးကုခြင်းပညာ Acupuncture တွင် အသုံးပြုသောအကြောကွက် နေရာများသည် အမှန်အားဖြင့် ယောဂီကျင့်စဉ်များတွင် အဆင့်မြင့် အသုံးပြုသော- ကုဏ္ဍလိနီ စွမ်းအင်၊ ပရာန စွမ်းအင်၊ နဒီ ဓါတ်တို့၏ စွမ်းအင်လမ်းကြောင်း၊ တို့၏ ဆုံစည်းရာအမှတ် များဖြစ်သော ချက္ကရအမှတ်ငယ် နေရာများဖြစ်သည်ကို လည်းကောင်း၊ တရုတ်တို့၏ ကွန်ဖူးသိုင်းပညာ မွေးဖွားရာ ရှောင်လင်ကျောင်းတွင်၊ ကွန်ဖူးပညာကို အခြေပြု တီထွင်ပေးခဲ့သူ တာမိုး ဘုန်းတော်ကြီးမှာ အရှင် ဗောဓိဓမ္မ အမည်ရှိသော အိန္ဒိယလူမျိုး ဘုန်းတော်ကြီး ဖြစ်၍၊ ရှောင်လင်ကျောင်း၏ ရှေးဟောင်းကျမ်းများမှာ - သက္ကတဘာသာဖြင့်ရေးသားထားသည်လည်းကောင်း- သက်ဆိုင်သူ ပညာရှင်အချို့ သိထားကြပါ သေးသည်။

ဆက်လက်၍လည်း- အချိန်နာရီကို “Hour” ဟု အင်္ဂလိပ်လို ခေါ်တွင်သည်ကို အင်္ဂလိပ် စာ အခြေခံရှိတိုင်း သိထား ကြပါသည်။ သို့သော်လည်း- ထိုစာလုံး မည်သည့် စာလုံးမှ ဆင်းသက်လာသည်ကိုမူ- သိကြ
ပါသလား။ အမှန်အားဖြင့် ထိုစာလုံးသည် သက္ကတ ဘာသာစကားလုံး ဖြစ်သော “ဟောရ (Hora)” မြန်မာ တို့က “ဟူးရား ” ဟုလည်းကောင်း၊ “ဟောရတ် ” လည်းကောင်း ထွက်ဆိုတတ်ကြသော စာလုံးမှ ဆင်းသက် လာခြင်းဖြစ်သည်။

ဒါတင်ပဲလား- မဟုတ်သေးပါ။ သဘာဝ ဘေးအန္တရာယ်များကို အင်္ဂလိပ် ဘာသာ အားဖြင့်- “Disaster” ဟု
ခေါ်ပါသည်။ ထိုစကားလုံးသည် - Dis နှင့် Aster တို့ကို ပေါင်းစပ် ခေါ်တွင်ရာမှ ဖြစ်ပေါ်လာသော စကားလုံး
ဖြစ်သည်။ Dis ဆိုသည်မှာ- ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ ကင်းမဲ့ခြင်း ဆိုသော အဓိပ္ပါယ် ဆောင်သည် ဖြစ်၍၊ Aster သည် ကောင်းကင်မှ ကြယ်တာရာများကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် များသည် ကောင်းကင်မှ ကြယ်တာရာများ အနေအထား ပျက်ယွင်းမှုကြောင့် ဖြစ်သည်ဟုဆိုလို ထားခြင်းပင် ဖြစ်နေသည်။ ထိုကဲ့သို့ပညာရပ်နှင့် သက်ဆိုင်သော စကားစာလုံးများသည် တကမ္ဘာလုံးတွင် ပြန့်ကျဲ လျှက်- တစ်စစီ တစ်ခုစီ ရှိနေသောကြောင့်- ၄င်းတို့၏ ဆက်စပ်နေမှုများကို နက်နဲစွာ သုတေသနပြုသူ အချို့မှလွဲ၍ အများစုအနေဖြင့် စုစည်းသိရှိရန် ခဲယဉ်းပါသည်။

ဆိုလိုသည်မှာ- ကမ္ဘာပေါ်ရှိ ပညာအားလုံးတို့သည်- တစ်နေရာတည်းမှ- ဖြန့်ကျက် အရင်းခံလာခဲ့သော်လည်း- ပညာရပ် တစ်ခုသည် နေရာဒေသ တစ်ခုသို့ရောက်သွားသော အခါ ထိုဒေသတွင် မူရင်းရှိထားသော ပညာရပ်တို့နှင့် ရောထွေးသွားလျှက်- တစ်ဖန် ဒေသခံ ပညာရှင်တို့က မိမိတို့၏ အတွေးအခေါ် အသိဥာဏ် တို့ဖြင့် ကောင်းမည် ထင်သလို၊ ထပ်မံမွမ်းမံယင်းဖြင့်- နှစ်ထောင်ပေါင်းများစွာ ကြာသောအခါ-လူအများ အနေဖြင့် မတူညီသော သီးသန့် ပညာများဟု ထင်မြင်ယူဆ လာရသည့်အခြေအနေ ရောက်လာသည် အထိ ကွဲပြားခြားနား သွားရသည်ကို သဘောပေါက်စေလို၍ ဖြစ်ပါသည်။

ဤနေရာတွင်- ထိုပညာရပ်တို့၏ မူရင်းပညာအကြောင်းကို ထုတ်ဖေါ်ရန် မသင့်တော်သေးသဖြင့်လည်းကောင်း၊ သင်တန်း ပညာနှင့် သက်ဆိုင်မှု မရှိသေးပဲ နောင် အဆင့်မြင့် ပညာရှင် အဆင့်ရောက်သူများ အနေဖြင့် ဆက်လက် သုတေသန လုပ်စေရန် ရည်ရွယ် ထားသည်ကတစ်ကြောင်း- အကြောင်းကြောင်းတို့ကြောင့် ဤနေရာတွင် ဆက် မရှင်းပြလိုပါ။


ဤပညာရပ် (၂) ခု၏ ကွာခြားသော အချက်များ

ကွာခြားချက် (၁) - အာယန အံသာ အယူအဆ

ရှေ့ပိုင်း အခန်းတွင် ဖေါ်ပြခဲ့သည့်အတိုင်း- ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် တိမ်းစောင်း၍ လည်ပတ်လျှက်မှ နေကိုလည်း လှည့်ပါတ်နေလျှက်ရှိရာမှ ကမ္ဘာ၏ ဟင်းလင်းပြင် အီကွေတာလမ်းကြောင်း နှင့် နေပါတ်လမ်းကြောင်းတို့သည် တစ်ခုနှင့် တစ်ခုဖြတ်သန်း သွားသည့် ဖြတ်မှတ် (၂) ခုကို နွေဦး ရာသီ စ, မှတ်နှင့်၊ ဆောင်းဦး ရာသီ စ, မှတ် တို့ဟူ၍ ခေါ်ကြောင်းကို ပြန်လည် အမှတ်ရလိုက်ပါ။ ဖြတ်မှတ် အမှတ် (၂) ခု တို့သည် ဂြိုဟ်များ သွားရာနှင့် ဆန့်ကျင်ဘက်သို့ အနှစ် (၇၂) နှစ် အကြာ တွင် ၁-ဒီဂရီ နှုန်းခန့်ဖြင့် ရွှေ့ပြောင်း လာနေသည်။ စက်ဝိုင်း တစ်ပါတ်လည်ပါတ်ရန် အတွက်- ၃၆၀ ဒီဂရီ ရှိသည်ဖြစ်ရာ၊ ထိုဖြတ်မှတ် သည် မူလ နေရာသို့ ပြန်ရောက်ရန် အတွက်- နှစ်ပေါင်း ၃၆၀ x ၇၂ = ၂၅၉၂၀ နှစ် (အလွယ်ပြောပါက နှစ်ပေါင်း ၂၆၀၀၀) ကြာ မြင့်မည် ဖြစ်သည်။ (မှတ်ချက်- အများစု ပြောနေကြ သော ၂၀၁၂ မာယာ ပြက္ခဒိန် ကိစ္စသည် ထိုအချက်ကို မူတည်ထားခြင်း ဖြစ်သည်။ တရုတ် ရိုးရာ ဗေဒင် တွင်လည်း ၇၂-နှစ်
ကိစ္စကို အခြေခံထား ပါသေးသည်။)
ပို၍ ရှင်းသွားစေရန် အောက်တွင် တွက်ပြထားပါသေးသည်။

နက္ခတ္တခေတ် (Astrology Age)                     ၇၂ နှစ် x   ၃၀ ဒီဂရီ= ၂၁၆၀ နှစ်
ရာသီစက်ဝန်း တစ်ပါတ် (Precessional Cycle)  ၇၂ နှစ် x ၃၆၀ ဒီဂရီ= ၂၅၉၂၀ နှစ်

ထိုသို့ကွာခြား လာသော ဖြတ်မှတ် (၂) ခု တို့၏ တစ်နှစ်တာ ကာလအကြာ တွင် ရွှေ့ပြောင်းလာသော
အကွာအဝေး- တနည်းအားဖြင့် “အာယန အံသာ” Precession တန်ဘိုးကို တွက်ချက်ကြရာ၍ အရှေ့တိုင်း
နည်းစနစ်တို့တွင်ပင်- ပညာရှင် အသီးသီး၏ တွက်နည်းကို မူတည်၍ တန်ဘိုးပမာဏအားဖြင့်-အနည်းငယ်
ကွာခြား ကြပါသည်။

လာဟိရီ (Lahiri)မူ၊ ဘီဗွီ ရာမာန်မူ၊ ခရစ်သျှနား မူရတီး (KP) မူ စသည်တို့မှ တွက်ချက်ထားသောပမာဏ တို့သည် အနည်းငယ် ကွာဟမှု ရှိပါသည်။ ဇယားတွင် ဖော်ပြထားသည်မှာ- ခရစ် သက္ကရာဇ် ၂၀၀၀ ပြည့် နှစ်နှင့်၊ ၁၉၅၀ နှစ်တို့တွင် ရှိနေသော စနစ်အသီးသီးတို့၏ အာယန တန်ဘိုးများ ဖြစ်ပါသည်။ အလွယ်တကူ - ပြောရမည် ဆိုလျှင်- ဇာတာ တစ်စောင် တွင် တည်နေသော ဂြိုဟ်တစ်လုံး၏ တည်နေရာကိုစနစ် အမျိုးမျိုး နှင့် ဖော်ပြပါက- နေရာ ကွဲပြား နေတတ်ခြင်း ကို ဆိုလိုပါသည်။ ဥပမာ- အားဖြင့် ခရစ်သက္ကရာဇ် ၂၀၀၆-
ခုနှစ်၊ အောက်တိုဘာလ ၂၇-ရက်၊ တွင်၊ စံတော်ချိန် ၅-နာရီ (Time Zone, +5) ဒေသ၊ မြောက်လတ္တီတွဒ် ၃၂း၁၅၊ အနောက် လောင်ဂျီတွဒ် ၉၇း၄၆ တွင် မွေးဖွားသော လူတစ်ဦး၏ ဇာတာ တွင် တနင်္လာဂြိုဟ် ခေါ် လ, ၏ နေရာအနေအထားကို စနစ် အမျိုးမျိုး အရ နေရာချရမည် ဆိုလျှင်-အောက်တွင် ဖေါ်ပြထားသော ဇယားတွင် မြင်တွေ့ရသည့် အတိုင်း ဖြစ်ပါသည်။

အထက်ပါ ဇယားကို ကြည့်လိုက်ပါ။ အရှေ.တိုင်း နက္ခတ္တတွင် သုံးစွဲသော လာဟီရိ စနစ်နှင့် အနောက်တိုင်း စနစ် tropical ကို နှိုင်းယှဉ် ရမည် ဆိုလျှင်- အောက်တွင် ဖေါ်ပြ ထားသော အနေအထား အတိုင်း
နေရာ မတူညီသည်ကို တွေ.ရပါလိမ့်မည်။ ၄င်းတို့ကို ယှဉ်ကြည့်နိုင်စေရန်အတွက် စက်ဝိုင်းပုံစံ ဇာတာဖြင့်
အောက်တွင် ဖေါ်ပြထားပါသည်။


ပို၍ နားလည်နိုင်စေရန်အတွက် အောက်ပါပုံနှင့် တွဲကြည့်ပါ။ ၃၆၀ ဒီဂရီ ရှိသော ရာသီစက်ဝန်း အား
ရာသီ ၁၂-ခုက အညီအမျှ ပိုင်းထားရာ ရာသီတစ်ခုလျှင် ၃၀-ဒီဂရီ ရှိ၏။

ဂြိုဟ်တစ်လုံး၏ တည်နေရာ ဖြစ်သော -မကာရ ၁၀း၅၀ ကို၊ မူလ စမှတ် ဖြစ်ရာ မိဿ ရာသီ (၀-ဒီဂရီ) နေရာမှ ဖေါ်ပြပါက ၂၈၀း၅၀ လည်းကောင်း ဖေါ်ပြ နိုင်သည်။ ထိုနည်းတူ- ဓနု ၁၆း၁၄ ဆိုသည်မှာ- မိဿ ရာသီ (၀-ဒီဂရီ) နေရာမှ တိုင်းပါက ၂၅၆း၁၄ ဖြစ်၏။ ၄င်းတို. ၂-ခု၏ ခြားနားခြင်းသည် ထိုနှစ်တွင် ရှိနေသော အာယနအံသာ ဖြစ်၏။ ၂၈၀း၅၀- ၂၅၆း၁၄ ကို ဒဿမ ပုံစံဖြင့် ဖေါ်ပြပါက- မိနစ် တန်ဘိုးကို ၆၀ ဖြင့် စားပြီး အားလုံးကို ဒီဂရီ ပုံစံဖြင့်- ဖေါ်ပြပါက- ၂၈၀.၈၃- ၂၅၆.၂၃= ၂၄.၆ ဒီဂရီ ရမည်။ ၄င်းကို ဒီဂရီ၊ မိနစ်ပုံစံ ဖြင့် ပြန်ပြပါက- ၂၄း၃၆ ကိုရပါမည်။ ၄င်းကွာခြားမှုသည် အာယန အံသာ ဖြစ်၏။

ထို့ကြောင့် အနောက်တိုင်း နည်းစနစ် (သာယန မူ) တွင် မြင်ရသော ဂြိုဟ်တို့၏ တည်နေရာနှင့် အရှေ.တိုင်း နည်းဖြစ်သော (နိယာယနမူ) တွင်မြင်ရသော ဂြိုဟ်တို့၏ တည်နေရာတို့မှာ မတူညီရခြင်း ဖြစ်သည်။


ကွာခြားချက် (၂) လဂ်နှင့် ဘာဝတွက်နည်း ကွဲပြားမှု

လဂ် ဆိုသည်မှာ- အမှန်အားဖြင့် ဇာတာရှင် တစ်ဦး မွေးဖွားသော ရက်၊ တနည်းအားဖြင့် ဇာတာတွက်ချက်
သော နေ့ရက်တွင် ထိုအရပ်ဒေသ၏ မိုးကုတ်စက်မျဉ်း ဆီသို့နေမင်း ရောက်ရှိလာသည့် အချိန်ကို လောင်ဂျီတွဒ် တန်ဘိုးဖြင့် ဖေါ်ပြထားသော အတိုင်းအတာ အနေအထားဖြစ်ပါသည်။
အောက်တွင် မှတ်ချက်ပေးထားပါသည်

အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အနောက်တိုင်း ပညာရှင်တို့ အသုံးပြုသော နည်းတွင်- အာယနအံသာ ကို ဖယ်မထုတ်ပဲ- တနည်းအားဖြင့်- မြန်မာတို့ အခေါ် အသုဒ္ဓလဂ် ခေါ် (မစင်ကြယ်သောလဂ်) သာယန လဂ် (Tropical Ascendant) ကို သာ အသုံးပြုသည်။ ဟိန္ဒူနှင့် မြန်မာ တို့သည်- နေမင်း၏ ရောက်ဆဲ
တည်နေရာ ကို အမှီ မပြုပဲ- မပြောင်းလဲသည့် စကြာဝဠာမှ နက္ခတ်တာရာ တို့ကို မူတည်၍ တိုင်းတာသော-
သုဒ္ဓလဂ်ခေါ် စင်ကြယ်သော လဂ်ကို အသုံးပြုသဖြင့် - ဇာတာရှင် တစ်ဦး၏ လဂ်ကို အနောက်တိုင်းနည်း ဖြင့်
တွက်သော အဖြေနှင့် ဟိန္ဒူနှင့် မြန်မာ တို့အသုံးပြု သော အရှေ့တိုင်း နည်းစနစ်- နိယာယန လဂ် တိုသည့်
ကွာခြား နေလေ့ရှိသည်။
လဂ်တွက်ပုံ တွက်နည်း အခန်းတွင် ပို၍ အသေးစိတ် ရှင်းပြထားပါသည်။

မှတ်ချက်။  ။လဂ် တည်ပုံကို ကျွန်တော်ထပ်ဆင့်ရှင်းလင်းချင်ပါသည်။ လဂ်ဆိုသည်မှာ ဇာတာရှင်မွေးစဉ်အချိန်မှာ နေထွက်ရာအရပ်ကို ညွှန်ပြတဲ့ပွိုင့်တစ်ခုဖြစ်ပါတယ်။ အကောင်အထည်အားဖြင့်မရှိသော်လည်း နေ့တစ်နေ့အစဖြစ်တာကြောင့် (တနည်းအားဖြင့် လူတစ်ဦး၏မွေးရာအချိန် အစဦးကို နှိုင်းယှဉ်ပြီး) အရေးအကြီးအဆူုံး ကဏ္ဍကထည့်တွက်ကြပါတယ်။ အောက်မှာ ယနေ့ 27.7.2010 မနက် ၆ နာရီမွေးသူရယ်၊ နေ့လည် ၁၂ မွေးသူရယ်၊ ညနေ ၆ 
နာရီမွေးသူရယ် ဇာတာသုံးမျိုးပြထားပါတယ်။


မနက် ၆ နာရီမွေးသူအတွက် အရှေ့အရပ်သည် နေနဲ့အတူ ကပ်နေတာမို့ သူတို့ဇာတာမှာ အရှေ့အရပ်ခေါ် လဂ် နှင့် နေ (၁) တို့ ပူးနေပါတယ်။
နေ့လည် ၁၂ မွေးသူမှာတော့ လဂ်နဲ့ ၁ နွေတို့ ထောင့်မှန်ကျပါတယ်။ နေကခေါင်းပေါ်မှာရောက်ပြီး နေထွက်ရာအရပ် လဂ်က အရှေ့အရပ်ဆီဖြစ်လို့ပါ။
ညနေ ၆ နာရီမွေးသူမှာတော့ နေက အနောက်အရပ် နေထွက်ရာက အရှေ့အရပ်မို့ ၁ နဲ့ လ တို့ဟာ ကမ္ဘာ့တစ်ဘက်တစ်ခြမ်းမှာ ရှိပါကြောင်း ထပ်ဆင့် တင်ပြလိုက်ပါတယ်ခင်ဗျာ။

ကိုပခန်း

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။