မိဿရာသီ၊ မိဿလဂ်နှင့် မိဿရာသီတွင်းနက္ခတ်များ

မိဿရာသီသည် နေမင်းလှည့်လည်ပုံအရကြည့်လျှင် (အရှေ့တိုင်းစနစ်အရ) ဧပြီလ ၁၄ ရက် ခန့်မှ မေလ ၁၄ ရက်ခန့်အတွင်း ကျရောက်ပါတယ်။ အနောက်တိုင်းစနစ်အရမူ ဧပြီ ၂၁ ခန့်မှ မေ ၂၁ ခန့်ထိ ဖေါ်ပြကြပါတယ်။
ဘာ့ကြောင့်ကွဲပြားတယ်ဆိုတာကို ကျွန်တော်ဖေါ်ပြခဲ့ဖူးပါတယ်။ ယခုတစ်ဖန် ထပ်မံဖေါ်ပြလိုက်ပါမယ်ခင်ဗျာ။

အရှေ့တိုင်းနက္ခတ်ဗေဒင်သည် ကမ္ဘာ့အီကွေတာနဲ့ နက္ခတ်စက်ဝန်း၏ စုံမှတ်ပေါ်ကို နေရောက်ရှိချိန်ကို နှစ်ကူးသည် ရာသီစက်ဝန်းစသည်ဟု ယူဆမှတ်သားသောကြောင့် အီကွေတာနှင့် နက္ခတ်စက်ဝန်းပြတ်ချိန်(အာသာဝဏီနက္ခတ်အစ) အပေါ်နေရောက်ချိန် သင်္ကြန်အကျရက်ဝန်းကျင်ကို နှစ်ကူးသည်ဟုသတ်မှတ်ပါတယ်။ ဒါ့ကြောင့် ရာသီဖွားများကို ထိုရက်မှ စတင်သတ်မှတ်ပါတယ်။ သို့သော် ရာသီဖွားအဟောများကိုမူ လဂ်အဟောများလောက် တွင်ကျယ်စွာဟောထုတ်ခြင်း မရှိတာကို တွေ့ရပါတယ်။


အနောက်တိုင်းနက္ခတ်ဗေဒင်သည် ကမ္ဘာ့အီကွေတာပေါ်နေရောက်ချိန်ကို သတ်မှတ်ရာမှာ မိမိဝန်ရိုးပေါ်ကို တိမ်းစောင်းသော ၂၃.၅ ဒီဂရီအတွက်ပါရည်ရွယ်ပြီး မျှခြေအဖြစ် အရှေ့တိုင်းနက္ခတ်ဗေဒင်စနစ်မှ ရက်အနည်းငယ်နောက်ကျပြီးယူဆပါတယ်။ ထိုရက်ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်။ သင်္ကြန်ရက်များနဲ့ပတ်သတ်လို့ မြန်မာလတွေဟာ ၀ါထပ်မထပ်ညှိနေတာကြောင့် ပြောင်းလဲနေသော်လည်း အင်္ဂလိပ်ရက်အရ ဧပြီ ၁၃ ၁၄ တို့ဟာ သင်္ကြန်ကျလေ့ရှိပြီး၊ ဧပြီ ၁၉ ၂၀ ၀န်းကျင်ဟာ နှစ်ဆန်းတစ်ရက်ဖြစ်နေပါတော့တယ်။ အနောက်တိုင်းစနစ်များမှာ ရာသီဖွားအဟောများတွင်ကျယ်ဟောပြောလျှက်ရှိပါတယ်။

စာဖတ်သူအနေနဲ့ အရှေ့တိုင်းဗေဒင်ဟာ ကမ္ဘာ ၂၃.၅ ဒီဂရီအစောင်းကို မသိလေရော့သလား၊ မသုံးလေရော့သလားလို့ စောကြောနိုင်ပါတယ်။ မသိလို့မဟုတ်ပါဘူးခင်ဗျာ။ ဇာတာတွင်းက ဘာဝစက်ဟာ အီကွေတာ အနီးအဝေးအရ ပြန်ညှိထားတာကို တွေ့ရပါတယ်။ ကမ္ဘာနဲ့အရမ်းဝေတဲ့ အရပ်ဆီက ဂြိုလ်တွေအတွက် ၂၃.၅ ဒီဂရီတိမ်ခြင်းဟာ မသိသာပါဘူး။ ဒါကတော့ ကမ္ဘာဟာ အမှုန်တစ်ခုမျှသာဖြစ်တယ်လို့ ယူဆလို့ပါ။ ကမ္ဘာကို ပတ်နေတဲ့ လ အတွက်မူ ထိုတိမ်းခြင်းဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ခေတ်သစ်အမြင်များ ထည့်သွင်းရေးဆွဲထားတဲ့ ဇာတာဖွဲ့ပရိုဂရမ်ကို ဆရာ့ဆရာများ အညွှန်းရှိပြီး၊ ကျွန်တော်ကလည်း ထပ်မံညွှန်းခြင်းဖြစ်ပါတယ်ခင်ဗျာ။

ယခုကျွန်တော်ဖေါ်ပြပေးမှာကတော့ မိဿရာသီနဲ့ဆက်စပ်တဲ့ မိဿလဂ်နဲ့ မိဿရာသီရဲ့နက္ခတ်တွေအကြောင်းပါခင်ဗျ။

မိဿလဂ်ဟာ ဘယ်ရက်မှ ဘယ်ရက်အတွင်းမွေးသူလို့ ပြောရခက်ပါတယ်။ ယေဘုယျအားဖြင့် မိဿလဂ်များဟာ ၁၂ မျိုးရှိပါတယ်။ ဇာတာပုံကြမ်းနဲ့ ယှဉ်တွဲဖေါ်ပြလိုက်ပါတယ်။

  • (၁) ဧပြီလ ၁၅ မှ မေ ၁၅ အတွင်း မနက်နေထွက် ၆ နာရီခန့်မှ မနက် ၈ နာရီကြား မွေးသူများ
ဒီအမျိုးအစားဟာ ၁ နွေသည်လည်း မိဿရာသီပိုင် နေရာကို ရောက်ရှိနေပြီး၊ လဂ်သည်လည်း မိဿရာသီတွင်းတွင်ရှိတာကြောင့် မိဿအဟောများ ပိုမိုပြောင်မြောက်မှန်ကန်စေမယ့်သဘောရှိပါတယ်။

  • (၂) မေလ ၁၅ မှ ဇွန် ၁၅ အတွင်း မနက်အစော ၄ နာရီခန့်မှ မနက် ၆ နာရီနေထွက်ကြား မွေးသူများ
 ဒီအမျိုးအစားကတော့ လဂ်ကတော့ မိဿမှာရှိတာမှန်တယ်။ လရာသီအရ ၁ နွေနေမင်းက ပြိဿရာသီခွင်ပေါ်စီးနင်းသွားပါပြီ။ ဒီလို လူတန်းစားများဟာ မိဿမှ ဖေါ်ပြသည်များ အပြင်ပြိဿမှ ဖေါ်ပြသည်များလည်း မျှစေခံစားရပါမယ်။ ရာသီခွင်အဟောများဟာ အချို့လူများအတွက် အင်မတန်မှန်ပြီး အချို့မှာ လွဲနေခြင်း၊ မိမိမွေးရာလက တစ်ရာသီဖြစ်ပြီး မိမိနဲ့ကိုက်ရာ ရာသီမှာ တစ်ခြားရာသီဖြစ်နေခြင်းတို့ဟာလည်း ဒီလိုကွဲပြားလို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် မကာရာသီဖွားများဖြစ်ကြသော်လည်း မကာရရာသီ၏ မနက် နေထွက်မွေးသူများဟာ မကာရမှ ဖေါ်ပြသော အရပ်ပုခြင်း ပုခုံးကျယ်ခြင်း ပုံပမ်းသဏ္ဍာန်များပေါ်သော်လည်း၊ အခြားအချိန်မွေးသူများမှာ ထိုပုံမပေါ်ခြင်းတို့ဟာ ဒီလိုတွေ လွဲနေလို့ဖြစ်ပါတယ်။ အလျှဉ်းသင့်သလို နမူနာပြ ဖေါ်ပြပေးပါ့မယ်ခင်ဗျာ။

  • (၃) ဇွန်လ ၁၅ မှ ဇူလိုင် ၁၅ အတွင်း မနက်အစော ၂ နာရီခန့်မှ မနက် ၄ နာရီကြား မွေးသူများ
 မိဿလဂ်ပင်ဖြစ်သော်လည်း ရာသီအရ မေထုန်တွင် ရောက်လို့နေပြီဖြစ်ပါတယ်။ ရာသီဖွားအဟောနှစ်မျိုးလုံးကို ဖတ်သင့်ပြီး၊ ထိုရာသီဖွားအချင်းချင်း မိတ်ရန် သဘောတွေပါ စောကြောသင့်နေပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မိဿအကြောင်းသာ ဖေါ်ပြသွားဖို့ရှိပါတယ်ခင်ဗျာ။

  • (၄) ဇူလိုင်လ ၁၅ မှ သြဂုတ် ၁၅ အတွင်း ယမန်နေ့သန်းခေါင်မှ မနက် ၂ နာရီကြား မွေးသူများ
 မိဿနဲ့ကရကဋ်ရောထွေးနေခြင်းပါ။


  • (၅) သြဂုတ် ၁၅ မှ စက်တင်ဘာ ၁၅ အတွင်း ည ၁၀ နာရီမှ ညသန်းခေါင်ကြား မွေးသူများ
 မိဿလဂ်နဲ့ သိဟ်ရာသီကာလဖြစ်ပါတယ်။
  • (၆) စက်တင်ဘာ ၁၅ မှ အောက်တိုဘာ ၁၅ အတွင်း ည ၈ နာရီမှ ည ၁၀ နာရီကြား မွေးသူများ
 မိဿလဂ်နဲ့ ကန်ရာသီကာလဖြစ်ပါတယ်။

  • (၇) အောက်တိုဘာ ၁၅ မှ နိုဝင်ဘာ ၁၅ အတွင်း ည ၆ နာရီမှ ည ၈ နာရီကြား မွေးသူများ
 မိဿလဂ်နဲ့ တူရာသီခွင်ဖြစ်ပါတယ်။

  • (၈) နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၁၅ အတွင်း ညနေ ၄ နာရီမှ ညနေ ၆ နာရီကြား မွေးသူများ

  • (၉) ဒီဇင်ဘာ ၁၅ မှ ဇန်န၀ါရီ ၁၅ အတွင်း နေ့လည် ၂ နာရီမှ ညနေ ၄ နာရီကြား မွေးသူများ

  • (၁၀) ဇန်န၀ါရီ ၁၅ မှ ဖေဖေါ်ဝါရီ ၁၅ အတွင်း မွန်းတည့်မှ နေ့လည် ၂ နာရီကြား မွေးသူများ

  • (၁၁) ဖေဖေါ်ဝါရီ ၁၅ မှ မတ်လ ၁၅ အတွင်း မနက် ၁၀ နာရီမှ မွန်းတည့်ကြား မွေးသူများ

  • (၁၂) မတ်လ ၁၅ မှ ဧပြီ ၁၅ အတွင်း မနက် ၈ နာရီမှ မနက် ၁၀ နာရီကြား မွေးသူများ ဖြစ်ကြပါတယ်။

ဒီနေရာမှာ အင်္ဂလိပ်ခုနှစ်ရက်များသည် ၂၈၊ ၃၀၊ ၃၁ ဖြစ်တာကြောင့်လည်းကောင်း၊ တွက်လိုသောအရပ်တို့သည် အီကွေတာပေါ်တည့်တည့်မရှိတာကြောင့်လည်းကောင်း အပေါ်မှ ရက်များသည် ခန့်မှန်းမျှသာဖြစ်ကြောင်း သတိပြုပါ။

မိဿလဂ်တွင်ဖွားမြင်သူများ၏အကျိုးရလဒ်များ

(ဇာတကဘရဏနက္ခတ်ဗေဒင်ကျမ်း)
မိဿလဂ်တွင်မွေးဖွားသူသည် အလွန်မောက်မာ ၀င့်ကြွားလိမ့်မည်။ စိတ်ကြီးဝင်မည်။ အကျင့်သီလဖြူစင်မည်။ ဒေါသအမျက်ကြီးလိမ့်မည်။ လူရင်းများနှင့်ဆန့်ကျင်မည်ဖြစ်သော်လည်း အခြားသူများနှင့် မိတ်ဆွေဖွဲ့လိမ့်မည်။ အလွန်ထင်ပေါ်ကျော်ကြားလိမ့်မည်။ ရဲစွမ်းသတ္တိရှိသောကြောင့် လူသိများလိမ့်မည်။
အလွန်ပွင့်လင်းလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်မည်။ မိမိနည်းဟန်အတိုင်း လုပ်ကိုင်ဆောင်ရွက်တတ်မည်။ အခြားသူများဝင်ရောက်နှောင့်ယှက်ခြင်းကို လုံးဝကြိုက်နှစ်သက်ခြင်းမရှိပေ။ လျှင်မြန်စွာတိုးတက်လိုသော ဆန္ဒရှိ၍ ရည်ရွယ်ချက်ကြီးမားမည်။ သွက်လက်ဖြတ်လတ်မှုအပြည့်အ၀ရှိ၍ သွက်လက်ဖြတ်လတ်မှုအပြည့်အ၀ရှိမည်။ လုပ်ငန်းလုပ်ကိုင်ရာတွင်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရာမှာဖြစ်စေ သွက်လက်မြန်ဆန်ပြီး၊ အလွန်အမင်းပြင်းပြသော ဆန္ဒရှိမည်။

(ဟောရာရတနကျမ်း)
အလွန်အမျက်ကြီးမားလိမ့်မည်။ အလွန်လောဘကြီးမည်။ နိုင်ငံရပ်ခြားခရီးသွားရာမှ အကျိုးအမြတ်ရရှိမည်။ သားသမီးအနည်းငယ်သာရှိမည်။ တတ်သိနားလည်လွယ်မည်။ မနာလိုဝန်တိုစိတ်ရှိမည်။ အမှားမှားအယွင်းယွင်းပြောဆိုတတ်မည်။ ဆိတ်မျက်လုံးနှင့်တူသော မျက်လုံးရှိနည်။ သိုသော် ဇာတာရှင်သည် လုပ်ရည်ကိုင်ရည် အကောင်းဆုံးရှိသည်။ ထူးခြားသော လုပ်ငန်းများကို လုပ်ဆောင်လိမ့်မည်။ ဥာဏ်ထိုင်းလိမ့်မည်။ တည်ငြိမ်မှုနည်းပါး၍ ပြောင်းလဲတတ်မည်။ ယုတ်မာဆိုးသွမ်းလိမ့်မည်။ ရက်စက်သော သားချင်းညီ အစ်ကိုများရှိမည်။ ရန်သူများကို အောင်နိုင်လိမ့်မည်။

(မနုသာဂရီကျမ်း)
ခက်ထန်ကြမ်းတမ်း၍ ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိမည်။ ကောင်းသောအမှုကို ပြုလုပ်မည်။ အမျက်ဒေါသကြီးမည်။ ဂုဏ်မောက်ဝင့်ကြွားလိမ့်မည်။ ချမ်းသာကြွယ်ဝမည်။ မိမိလူရင်းများကို ဆန့်ကျင်မည်။ ရဲစွမ်းသတ္တိရှိမည်။ အခြားသူများကို သနားကြင်နာလိမ့်မည်။

မှတ်ချက်။ မိဿရာသီသည် ၃င်္ဂါပိုင်သောကြောင့် ၃ င်္ဂါနဲ့ပတ်သတ်တာတွေကို ဖွင့်ဆိုခြင်းဖြစ်ဟန်ရှိပါတယ်။ 
အတန့်တို့ထုံးစံအရ ရေတွက်လာပါက ကိုယ်ခန္ဓာဟာ ၃င်္ဂါသဘောတွေထည့်သွင်းဟန်ရှိပါတယ်။
၃င်္ဂါသည် ၁နွေ ၂လာ နှင့် ၅တေးတို့ကို မိတ်ပြုပါတယ်။
၃င်္ဂါသည် ၄ဟူးကို ရန်ပြုပါတယ်။
၃င်္ဂါကို ၁နွေ၊ ၅တေးတို့က မိတ်ပြု၍၊ ၀နေက ရန်ပြုပါတယ်။

ထို့ကြောင့် ဥစ္စာစုဆောင်းမှုနှင့် အိမ်ထောင်ဖက်သဘောတို့ကို ဖေါ်ပြမယ့် ၆ကြာဟာ ရန်လည်းမပြု မိတ်လည်းမပြုတာကြောင့် သူ့ချည်းသဘာဝကို ယူရသော် သောကြာသောမကြောင့် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ မိန်းမကောင်းရမယ်။ ဥစ္စာရမယ်ပေါ့ခင်ဗျာ။

သားချင်းအနေနဲ့ ၃အင်္ဂါသည် ၄ဟူးကို ရန်ပြုတာကြောင့် ဇာတာရှင်ဟာ သားချင်းကို မချစ်ဘူးလို့ ဆိုဟန်ရှိပါတယ်။ ရန်ဘက်အတန့်ဖြစ်တဲ့ ၄ဟာလည်း ရန်သူကို ချေမှုန်းချင်ကြောင်းကိုပြဆိုနေပြန်ပါတယ်။

မိခင်သဘော ၂ လာကို မိတ်ပြုလို့ အမေကိုတော့ ချစ်မယ့်သဘောပါ။ အမေဟာလည်း မေတ္တာကြီးတဲ့ မိခင်ကို ရနိုင်ပါတယ်။

သားသမီးအတန့်ကို မိတ်အဖြစ်မြင်သော်လည်း ၁နွေသည် ပူတောက်ခြင်းကြောင့် မျိုးဆက်ပွားခြင်းကို အားမပေးလို့ သားသမီးနည်းဟန်ရှိတယ်လို့ ဆိုလိုတယ်ထင်ပါတယ်။ သို့သော် သားသမီးကို အရမ်းချစ်မယ့်သဘောပါခင်ဗျ။

သေခြင်းအတန့်သည်လည်း ၃င်္ဂါအိမ်ဖြစ်တာကြောင့် သေခြင်းကို ကြောက်မယ့်သူမဟုတ်ပါဘူး။ ရဲဝင့်ရင်ဆိုင်တာ အသက်စွန့်နိုင်တဲ့ မာန်မာနတွေရှိတာကို ဖွင့်ဆိုဟန်တူပါတယ်။

ဖခင်သဘာဝ ၉ တန့်နဲ့ ပြန်လှန်မိတ်တာကြောင့် အကြီးအကဲလုပ်သူတွေကိုရိုသေမယ်။ သို့သော် ၁၂ တန့်သည်လည်း ၅ တေးဖြစ်တာကြောင့် မရိုသေရင်လည်း လှည့်မကြည့်ချင်လောက်အောင် ဖြစ်တတ်ကြပြန်ပါတယ်။ ၅တေးသဘောအရ ပညာကိုလည်း ထိုနည်းပါပဲ။ ပညာတန်ဖိုးထားတတ်သလို ပညာကို မသင်ချင်လည်း ဖြစ်နေဦးမယ့်သဘောပါ။ နှစ်ဖက်မျှတွေးရင်တော့ အဖျက်ပညာများကို စိတ်ဝင်စားမယ့်သဘောတွေလည်းဖြစ်နိုင်ပါသေးတယ်။

အလုပ်အရ ပင်ပန်းခံနိုင်မယ့် ရေရှည်သဘော ၀နေဂြိုလ်အိမ်ဖြစ်နေပါတယ်။ ၀င်ငွေဟာလည်း ထိုနည်းပါပဲ။ မိမိယုံကြည်ရာ မာန်မာနတွေနဲ့ စပ်လျှဉ်းတဲ့ လုပ်ငန်းနဲ့ ၀င်ငွေကို ရယူမယ့်သဘောပါ။ စစ်ဘက်ဆိုင်ရာ ခွဲစိတ်ကုသခြင်းစတဲ့ သဘောတွေကိုလည်း မိဿရာသီဖွား သဘောတွေမှာ တွေ့ရတတ်တာဟာ ဒါ့ကြောင့်ဖြစ်မယ်ထင်ပါတယ်။

အထက်ပါ သုံးသပ်ချက်တွေဟာ ဇာတာတစ်စောင်လုံးမှာ ဘာဂြိုလ်မှ မပါပဲ ဝေဖန်တာဖြစ်ပါတယ်။ အကယ်၍ ဂြိုလ်များပါ ပါဝင်လာပါက ပရိယာယ်များ အဘယ်မျှ ကွဲထွက်ဦးမည်။ သွေဖယ်သွားဦးမည်ဆိုတာတွေကို တွေးတော့ကြည့်နိုင်ပါတယ်ခင်ဗျာ။ မည်သို့ပင်ဖြစ်စေ မွေးဖွားချိန်၌ နေထွက်ရာအရပ်ကို ညွှန်းဆိုသော လဂ်သဘော (မိဿလဂ်) သည် အတိုင်းအတာ အတော်များများထိ ဇာတာရှင်အား သက်ရောက်ဖေါ်ပြနေမည်ဟု ကျွန်တော်ယုံကြည်နေမိပါတယ်ခင်ဗျာ။

  • မိဿရာသီတွင်းနက္ခတ်များ
ရာသီတစ်ခုတွင်း နက္ခတ် ၂.၂၅ လုံးတည်ကြရာ၊ မိဿရာသီအတွင်းတွင် အာသာဝနီနက္ခတ်၊ ဘရဏီနက္ခတ်၊ကြတ္တိကာနက္ခတ်ပထမပိုင်း ၄ပုံတစ်ပုံတို့ တည်ရှိကြပါတယ်။
ထိုနက္ခတ်အပိုင်းအခြားများမှာ ၁နွေတည်ခြင်း လဂ်တည်ခြင်းက ခွဲခြားရလွယ်သော်လည်း ၂လာတည်နေမှုကိုမူ ခွဲခြားရခက်ပါတယ်။
ဘာ့ကြောင့် ၂လာက ခက်သလဲဆိုတော့ ၂လာသည် တစ်ရာသီကို ၂ ရက်ခွဲမျှနှုန်းနဲပတ်ပါတယ်။ တနည်းအားဖြင့် ကမ္ဘာတစ်ပတ်ကို ၂၉ ရက်ခွဲမျှကြာလို့ပါ။

၁ နွေတည်ရာကိုတော့ လွယ်ကူစွာခွဲနိုင်ပါတယ် ရက် ၃၀ ကို ၉ ပုံပုံလိုက်ရင် ၃ ရက်ကျော်ရပါတယ်။ ၉=၄+၄+၁ ဖြစ်တာကြောင့် ပထမ ၄ ပိုင်းစာ ၁၃ ရက်သည် (ဧပြီ ၁၅မှ ဧပြီ၂၇ ထိဟာ) အာသာဝဏီနက္ခတ်ပေါ်မှာ ၁နွေစီးနင်းချိန်ဖြစ်ပါတယ်။ ဒုတိယလေးပိုင်းစာ ၁၃ ရက်ခန့် (ဧပြီ ၂၇ မှ မေ ၁၁ ရက်ခန့်ဟာ) ဘရဏီနက္ခတ်ပေါ်ကို ၁ နွေစီးချိန်ဖြစ်ပါတယ်။ ကျန် ၃ ရက်ကျော်ဖြစ်တဲ့ (မေ ၁၂ မှ မေ ၁၅ ) ၃ရက်ဟာ ကြိတ္တာကာနက္ခတ်ပေါ် ၁ နွေစီးချိန်ဖြစ်ပါတယ်။

လဂ်ကို ခွဲမယ်ဆိုရင် လဂ်သည် ၂ နာရီမှာ ၁ရာသီနှုန်းသွားလို့ မိနစ် ၁၂၀ ကို ၉ ပိုင်းပိုင်းပါတယ်။ ပထမ ၅၂ မိနစ်ဟာ အာသာဝဏီနက္ခတ်ပေါ် လဂ်ဂြိုလ်စီးနင်းချိန်ဖြစ်ပါတယ်။ ဒုတိယ ၅၂ မိနစ်ဟာ ဘရဏီနက္ခတ်ပေါ်စီးနင်းပြီး၊ ကျန် ၁၃ မိနစ် ခန့်ဟာ ကြတ္တိကာနက္ခတ်ပေါ် လဂ်ဂြိုလ်စီးနင်းချိန်ဖြစ်ပါတယ်။

၂ လာကတော့ ၁ ရာသီစာ ၂ ရက်ခွဲကို ပိုင်းရမှာဖြစ်ပါတယ်။ အပေါ်က တွက်ပြတာဟာ ရာသီတွင်းနက္ခတ်တည်ခြင်းကို မြင်စေဖို့တင်ပြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဇာတာဖွဲ့မှ သိနိုင်ပါလိမ့်မယ်ခင်ဗျာ။ ဇာတာတွင်းမှာ ၂လာဂြိုလ်သည် မိဿရာသီတွင်း ၀ အင်သာမှ ၁၃ အင်သာ ၂၀ လိတ္တာတွင်းတည်ပါက အာသာဝဏီနက္ခတ်နှင့် စန်းယှဉ်မွေးသည်ဟု ခေါ်ပါသည်။ အကယ်၍ ၂ လာသည် ၁၃ အင်းသာ ၂၀ လိတ္တာမှ ၂၆ အင်သာ ၄၀ လိတ္တာတွင်းတည်ပါက ဘရဏီနက္ခတ်နှင့် စန်းယှဉ်မွေးဖွားသည်ဟု ခေါ်ဆိုပြီး၊ ၂၆ အင်သာ ၄၀ လိတ္တာမှ မိဿရာသီဆုံးကာ ပြိဿရာသီ ၁၀ အင်သာတွင်းတည်ပါက ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်မွေးဖွားသည်ဟု ခေါ်ပါသည်။

အောက်ပါအဟောများဟာ လဂ်စန်း၁နွေမှ အားကြီးရာမှာ စီးနင်းတဲ့ နက္ခတ်အရ အဟောထုတ်ဖို့ဖြစ်ပါတယ်။ များသောအားဖြင့် ၂ လာကိုကြည့်ပြောလို့ စန်းယှဉ်နက္ခတ်လို့လည်း ဆိုကြပြန်ပါတယ်။

  • အာသ၀နီနက္ခတ်တွင် ဖွားမြင်သူများ၏ အကျိုးရလာဒ်များ
(ဇာတကဘရဏကျမ်း)
အာသာဝနီနက္ခတ်တွင် ဖွားမြင်သူများသည် သူတပါးအမှုထမ်း၏။ တိုးတက်အောင်စွမ်းဆောင်မည်။ ကျိုးနွံမည်၊ သစ္စာရှိမည်။ စည်းစိမ်ဥစ္စာအမျိုးမျိုးရှိမည်။ ဇနီးမယားသားသမီးထံမှ ပျော်ရွှင်သုခရရှိမည်။ လက်ဝတ်ရတာနာရှိမည်.
(မနုသာဂရီကျမ်း)
ရုပ်အဆင်းချောမောလှပမည်။ ကံကောင်းမည်။ ကျွမ်းကျင်လိမ့်မည်။ ခန္ဓာကိုယ်ဝဖြိုးမည်။ ချမ်းသာကြွယ်ဝမည်၊ ထင်ပေါ်ကျော်ကြားမည်။
(ဇာတကာပါရိဇာတကျမ်း)
အလွန်ဥာဏ်ပညာထက်မြက်မည်။ ရည်ရွယ်ချက်ရည်မှန်းချက်များအောင်မြင်လိမ့်မည်။ အောင်မြင်ရရှိခြင်း၏ အခြေခံအကြောင်းအရင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်နှင့် အင်တိုက်အားတိုက် ကြိုးကြိုးစားစား လုပ်ကိုင်ခြင်းကြောင့်ဖြစ်သည်။ အရည်အချင်းနှင့်ပြည့်စုံသောကြောင့် စီးပွားရေးကျဆုံးမှုနှင့်ရင်ခိုင် ကြုံတွေ့ရတတ်ခြင်းမရှိပေ။ ၀င့်ကြွားခြင်းအလျှဉ်းမရှိပေ။ ရိုးသားနှိမ့်ချသော ဘဘောရှိမည်။ သို့သော် မိမိအယူအဆ ဆုံးဖြတ်ချက်ကို ခေါင်းမာစွာ ဖက်တွယ်ထားလိမ့်မည်။ မည်မျှပင်ဆိုးရွားသောအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့စေကာမူ ခံနိုင်ရည်ရှိ၍ တုန်လှုပ်ခြင်းမရှိတတ်ပေ။
ဘာသာရေးကို လေးစားသောစိတ်ဓာတ်ရှိမည်။ သို့သော် အရေခြံဘာသာရေးကို လက်ခံခြင်းမရှိတတ်ပေ။ အကျိုးအကြောင်းခိုင်လုံသော ဘာသာတရားကိုသာ ရွေးချယ်လက်ခံလိမ့်မည်။

မှတ်ချက်။  ။အာသာဝဏီနက္ခတ်စိုးမိုးဂြိုလ်သည် ၉ကိတ်ဂြိုလ်ဖြစ်ကာ မိဿရာသီပိုင် ၃ င်္ဂါကို မိတ်ပြုနေခြင်းကြောင့် အာသာဝဏီနက္ခတ်က ကောင်းကျိုးကို ဆောင်စေသည်ဟု ဖေါ်ထုတ်ဟန်တူပါသည်။
ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၂၇၀၀ ကျော်အခါက ဗက်ဗီလုံးနီးယားနိုင်ငံတွင် နေသွားသော လူမျိုးများက ကောင်းကင်ကို ၁၂ ပိုင်းပိုင်းကာ ရာသီရုပ်များမှတ်ယူကြရာက မိဿသည် ဆိတ်ရုပ် ပြိဿသည် နွားရုပ်စသည်ဖြင့်မှည့်ခေါ်လာရာ မိဿရှိကြယ်တွေမှာ အလှည့်လိုက်အစုလိုက် ထွန်းကြလို့သူတို့ထဲက စတင်ထွန်းလင်းတဲ့ ကြယ်လေး ၃ လုံးစုကို အာသာဝဏီနက္ခတ်ရယ်လို့ စတင်သတ်မှတ်ရာက စတယ်ဆိုပါတယ်။ အာသာဝဏီ ခြောက်လုံးညီ တူပြီမြင်းခေါင်းလိုလို့လည်း မူကွဲသတ်မှတ်ကြပါတယ်။ အာသာဝဏီနက္ခတ်ကိုကြည့်ရင် ဧပြီကနေ ၆ လပေါင်း ၁၀ လပိုင်းဝန်းကျင်မှာ ကြည့်ရပါမယ်။

ဘာ့ကြောင့် ၆ လပေါင်းသလဲဆိုရင်တော့ ဧပြီမှာ နေမင်းကလည်းအာသာဝဏီမှာရှိလို့ နေ့ခင်းမှာသာခေါင်းပေါ်ရောက်နေလို့ဖြစ်ပါတယ်။ ညအခါကြည့်ချင်တော့ နေနဲ့ ဟိုဘက်ကို ရောက်နေတဲ့ နောက်ခြောက်လညမှာ ကြည့်ရတာဖြစ်ပါမယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ ညဥ့် ၈ နာရီထွဲခန့် မွန်းယိမ်းကျော်ကျော် (မွန်းတည့်အရပ်ခေါင်းပေါ်)ကို ကြည့်ပါက မြင်ရပုံကို ကူးယူဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။
ကျန်နက္ခတ် ၂ လုံးကို ဆက်လက်ဖေါ်ပြပေးပါ့မယ်ခင်ဗျာ။

  • ဘရဏီနက္ခတ်တွင်းဖွားမြင်သူများ၏အကျိုးရလဒ်များ
(ဟောရာသာရနက္ခဗေဒင်ကျမ်း)
ဤနက္ခတ်တွင်ဖွားမြင်သူများသည် လူမှုရေးဖေါက်ပြန်သော စွပ်စွဲချက်ကြောင့် နာမည်ပျက်ရတတ်သည်။ အားကစား ကိုယ်ကာယလုပ်ငန်းများနှင့် အချိန်ဖြုံးတတ်သည်။ ရေးဘေးအန္တရာယ်ကို ကြောက်ရွံ့နေလိမ့်မည်။ စိတ်ဓာတ်တည်ငြိမ်ခြင်းမရှိ၊ ကောက်ကျစ်ယုတ်မာတတ်မည်။
(ဇာတကပါရိဇာတကျမ်း)
၃င်္ဂပိုင်ရာသီ၊ သောကြာဂြိုလ်ပိုင် နက္ခတ်ဖြစ်တာကြောင့် မိန်းမများနှင့် သို့မဟုတ် ဇနီးမယားများနှင့် ပတ်သတ်သောပျော်ရွှင်မှုများ ကြုံရမည်။ ဆန့်ကျင်ဘက်လိင်နှင့်ပတ်သတ်သော ပျော်ရွှင်မှုကို ရှာဖွေခံစားလိမ့်မည်။ ဂနာမငြိမ်ဖြစ်တတ်၍ သူတစ်ပါး သားမယားကို စိတ်ဝင်စားလိမ့်မည်၊ သစ္စာစောင့်သိတတ်ခြင်းမရှိပေ။ ချမ်းသာကြွယ်ဝလိမ့်မည်။
နက္ခတ်သခင် ၆ကြာသည် တရားမျှတမှု ဆင်ခြင်တရားကိုလည်း ဖြစ်ပွားစေတာကြောင့် ဇာတာရှင်သည် သူတစ်ပါးကို အကြောင်းမဲ့ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်ပေ။ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့် အခြေအနေတွင်းရောက်နေစေဦးတော့ မှန်သောစကားကိုပင် လျှင်မြန်စွာပြောလိမ့်မည်မဟုတ်ပေ။ မိမိဆန္ဒနှင့် မကိုက်ညီသော လုပ်ငန်းများကို အဓမ္မစေခိုင်းသည့်တိုင် လုပ်ကိုင်လိမ့်မည်မဟုတ်ပေ။


(မနုသာဂရီကျမ်း)
ထာဝစဉ်ကျမ်းမာ၍ အနာဂေါရာဘေးမှ ကင်းဝေးတတ်သည်။ အမှန်တရားကိုသာပြောဆိုလိမ့်မည်။ ခိုင်မြဲသော အဓိဌာန်ရှိမည်။ ပျော်ရွှင်ချမ်းသာကြမည်။ ဘရဏီနက္ခတ် ပထမပါဒ်နှင့် ဒုတိယပါဒ်တို့တွင် မွေးဖွားခဲ့လျှင် ခြိုးခြံကျင့်သုံးသော ယောဂီ၊ သို့မဟုတ် ရောင်ရဲလိမ်သူ၊ ချမ်းသာပျော်ရွှင်ရသူဖြစ်မည်။
(ဇာတကာသာဒိယကျမ်း)
ဘရဏီနက္ခတ် ပထမပါဒ်နှင့် ဒုတိယပါဒ်တို့တွင် မွေးဖွားခဲ့လျှင် ဇာတာရှင်သည် မင်္ဂလာရှိမည်။ ယေဘုယျအားဖြင့် ကာမဂုဏ်အပျော်အပါး၌ကျွမ်းကျင်မည်။ အမှန်သစ္စာစကားကိုသာ ပြောဆိုတတ်သည်။ ဆုံဖြတ်ချက်ခိုင်မှာသည်၊ ကျန်းမာကြံ့ခိုင်သည်၊ ကံကောင်းလိမ့်မည်။ အစားအသောက်ချိုးခြံချွေတာလိမ့်မည်။ ပျော်ရွှင်သုခရှိမည်။
(ဇာတကသာဒိပကျမ်း)
ဘရဏီနက္ခတ် တတိယပါဒ်နှင့် စတုတ္တပါဒ်တွင် ဖွားမြင်သူသည် ရက်စက်ကြောက်မက်ဖွယ် အမှုကို ပြုလိမ့်မည်။ စတုတ္တပါဒ်တွင် မွေးဖွားသူသည် ဆင်းရဲနွမ်းပါးလိမ့်မည်။

ဘရဏီနက္ခတ်တွင်ဖွားမြင်သူတို့သည် မိမိအစွမ်းအစသည် သူတစ်ပါးထက် သာလွန်ကြောင်းပြသလိုကြသည်။ မိမိ၏အယူအဆကို ဆုပ်ကိုင်၍ အသေအလဲ ခုခံကာကွယ်လိမ့်မည်။

မှတ်ချက်။  ။ဘရဏီနက္ခတ်သည် မိဿရာသီ ၁၃ အင်သာ ၂၀ လိတ္တာမှ ၂၆ အင်သာ ၄၀ လိတ္တာအတွင်းတည်ရှိသည်။ နက္ခတ်ပိုင် ၆ကြာဂြိုလ်သည် မိဿရာသီ အိမ်ရှင် ၃င်္ဂါနှင့် မိတ်လည်းမမည် ရန်လည်းမဟုတ်တာကြောင့် ၆ကြာ၏ စရိုက်သဘာဝများနှင့် ၃င်္ဂါစရိုက်များ သီးသန့်စီအဟောထုတ်ဟန်ရှိပါတယ်။ နက္ခတ်တွင်းမှ ပါဒ်များအတွက် ဘယ်လိုသီးသန့်ခွဲခြားဟောတာကိုတော့ ကျွန်တော်နားမလည်သေးပါ။


  • ကြတ္ထိကာနက္ခတ်တွင်မွေးဖွားသူများ၏အကျိုးရလဒ်များ
ကြတ္ထိကာနက္ခတ်တွင် မွေးဖွားသူများသည် ဆက်လက်ဖေါ်ပြပါမည်။

1 comment:

Ko Ba Tint said...

ပိုနားလည်အောင် ထပ်ဖတ်ရပါမည်

ဘာသာရပ်တစ်ခုအနေဖြင့်ကျွမ်းကျင်လွန်းလှသည်

ကျေးဇူးတင်ပါသည်
မရှင်းသည်ကို မေးဖြင့်မေးပါမည်။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။