ပို့စ်(၁၀၀)ပြည့်အမှတ်တရ (သို့) သားဖနှစ်ယောက်နဲ့ နက္ခတ်ဗေဒင်

ဒီဘလော့လေးကို ပိုစ့်လေးတွေ စိတ်ရူးပေါက်တိုင်း ကောက်တင်လာတာ ဒီပိုစ့်ဟာဆို ပို့စ် ၁၀၀ တောင် ပြည့်သွားပါပြီ။ ပိုစ့်ပါအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ မေးမြန်းဆွေးနွေးကြတာတွေကို ကြုံခဲ့ရလို့ အလွန်ပဲ ၀မ်းမြောက်ခဲ့ပါတယ်။ လေ့လာစရာ နမူနာဇာတာတွေအပြင် စိတ်ဝင်စားဖွယ် ရင်ဖွင့်ဆွေးနွေးသွားသူများကိုလည်း ကျေးဇူးတင်လျှက်ရှိပါတယ်။

များသောအားဖြင့် အနာဂတ်ကံကြမ္မာကို ဆွေးနွေးသူတိုင်း ဝေဖန်ကြတဲ့အချက်ကတော့ စာဖတ်သူတွေမှာ နက္ခတ်ပညာကို လေ့လာလိုသော်လည်း သူတို့မှာ နက္ခတ်နဲ့ပတ်သတ်တဲ့ အခြေခံမရှိပါလို့ ဆင်ခြေပေးတာကိုပဲ ခဏခဏ ကြားကြားနေရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျိုးရိုးမရှိ၊ ဆရာမရှိကနေ စာအုပ်တွေသာဖတ်ပြီး ဆရာတင်ခဲ့ရတာကြောင့် ဝေါဟာရတွေအတွက် အလွန်ပဲဒုက္ခရောက်ခဲ့ပါတယ်။ကျွန်တော်ဒုက္ခရောက်ခဲ့ချိန် အတော်လေး ကြာမြင့်ခဲ့ပါတယ်။

ထိုဒုက္ခတွေအကြောင်း အမှတ်တရ တင်ပြလိုက်ပါတယ်ခင်ဗျာ။
ထိုဒုက္ခကို စတင်ကြုံစဉ်က ၁၀ နှစ်သားခန့်ရှိဦးမယ်ထင်ပါတယ်။
ကျွန်တော့်ဖခင်မှာ သူလူပျိုဘ၀တည်းက စုဆောင်းထားတဲ့ စာအုပ်တွေက ထင်းရှုးသေတ္တောကြီးနဲ့ ၂လုံးအပြည့်ရှိပါတယ်။ စွယ်စုံကျမ်း ၁၀ အုပ်ကျော်အပါအ၀င် ၀ိပဿနာစာအုပ်တွေ သိပ္ပံစာစောင်တွေနဲ့ ဗဟုသုတဖြစ်ဖွယ်စာအုပ်တွေဖြစ်ပါတယ်။ အဲဒီထဲမှာမှ အင်္ဂ၀ိဇ္ဖာလင်္ကာရကျမ်းနဲ့ ဖခင်ရဲ့ မှတ်စုစာအုပ်ကို အလွန်ပဲ စိတ်ဝင်စားပါတယ်။ အင်္ဂ၀ိဇ္ဖာကျမ်းထဲက လင်္ကာသံပေါက်တွေကို နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။ ဖခင်ရဲ့ မှတ်စုထဲမှာလည်း အဖေ့ဇာတာ တစ်သက်စာ ဟောစာတမ်း၊ နက္ခတ်တွက်ပုံတွေ၊ ဂြိုလ်တွေ၊ အင်းတွေ၊ ၀ိဇ္ဖာကျင့်စဉ်တွေ စုံအောင်ပါတာကြောင့် အဖေများနားလည်မလားလို့ မေးပါတယ်။ သိချင်ကြောင်းပေါ့ဗျာ။

အဖေကဖြေပါတယ်။ သားတကယ်စိတ်ဝင်စားရင် အဖေ့ဆရာ ဗေဒင်ဆရာရှိတယ်။ သူ့ဆီပို့ပေးမယ်၊ ထမင်းမငတ်စေရဘူး။ ချမ်းသာတာမချမ်းသာတာက သားကြိုးစားမှုပဲ။ သွားမလား။ ခုချက်ချင်းပို့မယ်။ ကျောင်းထွက်လို့ ဆိုပါတော့တယ်။ ကျွန်တော့်မှာ ကျောင်းမထွက်ချင်တာကြောင့် အဖေ့ကိုလည်းကြောက်တာကြောင့် မချင့်မရဲနဲ့ လိပ်ခဲတည်းလည်းနဲ့ မလေ့လာနိုင် ဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ်ရောက်တဲ့ အခါမှာတော့ မန္တလေးစာအုပ်ဆိုင်တွေမွှေပြီးရှာဖတ်ပါတော့တယ်။ တနည်းအားဖြင့် တတ်ရဲ့ သားနဲ့ မသင်ပေးလို့ အဖေ့အပေါ်မခံချင်စိတ်နဲ့ မချင့်မရဲဖြစ်တာကြောင့် လေ့လာဖြစ်တယ်ဆိုလည်း မမှားပါဘူး။ ရွာကိုရောက်လို့ တတ်ထားသိထားတာလေးတွေရှိလို့ အဖေ့ကို ကြွားရင် အဖေက မင့်လေ့လာတာတွေက ဘုရားဗေဒင်လောက် မမှန်ပါဘူးကွာ လို့ခနဲ့ပါတယ်။ ဘုရားဗေဒင်က မနေ့ကထက် ဒီနေ့ သေဖို့ တစ်ရက်နီးလာပြီဆိုတာပါတဲ့။

ရွာကိုရောက်တိုင်း တိုးတက်လာမှုကို ကြွားလေ့ရှိပါတယ်။ အဖေကတော့ အမြဲပြုံးနေပါတော့တယ်။ တစ်ခါကလည်း တစ်အိမ်လုံးကို လက္ခဏာကြည့်ပေးပါတယ်။ အဖေ့ကိုတော့ မကြည့်ပါ။ အဖေမှ စိတ်မ၀င်စားပဲလို့ ဘာသိဘာသာနေလိုက်ပါတယ်။ ထူးဆန်းစွာပဲ အဖေကကြည့်ခိုင်းပါတယ်။ မင်းကြည့်တတ်တယ်ဆို ငါ့လက္ခဏာကြည့်ကွာတဲ့။

ကျွန်တော်ဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖေ့လက္ခဏာမှာ လမ်းကြောင်းအားလုံး မျဉ်း အားလုံး ၂ထပ်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဟာ ရာပေါင်းများစွာသော လက္ခဏာတွေ ကြည့်ဖူးပါတယ်။ စာအုပ်တွေထဲမှာ ပါပြီး အပြင်မှာ တစ်ယောက်စ နှစ်ယောက်စတွေ့ဖူးတာမျိုးလည်း ကြုံပါတယ်။ ဥပမာ လက်သန်းအောက် ကနေ လက်ဝါးဇောင်းအတိုင်း လက်ဖနောင့်ဆီသွားတဲ့ ထောင်လိုက်လမ်းကို (ကျန်းမာရေးလမ်းမဟုတ်ပါ) ဗိုလ်ညွှန့်မောင် လက္ခဏာစွယ်စုံကျမ်းမာ တွေ့ဖူးပြီး ကျွန်တော့်သူငယ်ချင်းတစ်ယောက်မှာသာ တွေ့ဖူးတာမျိုးပါ။

ကျွန်တော့်ဖခင်လက္ခဏာကတော့ ကျမ်းတွေထဲမှာ ဘယ်လိုဆိုကြမယ်မသိပါ။ လမ်းကြောင်းနှစ်ကြောင်းဖြစ်လို့ တစ်ကြောင်းက အရံလို့ပြောမလား၊ သို့မဟုတ် ဖွာထွက်လို့ မအောင်မြင်ဘူးယူဆမလားတော့ မသိပါ။ သို့သော် အပြိုင် နှစ်လမ်းကြောင်းတို့ဟာ ညီညာပြီး သန့်ရှင်းနေတာကိုတော့ ဆုံးဖြတ်ရခက်မှာပါ။ ဘယ်ညာနှစ်ဖက်လုံးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဦးခေါင်းလမ်းကြောင်းနှစ်ကြောင်းနှစ်ကြောင်းနဲ့ အသက်လမ်းကြောင်း နှစ်ကြောင်းမှာ တစ်စုံက ပူးထွက်ပြီး၊ တစ်စုံက ခွဲထွက်ပါတယ်။ အိမ်ထောင်ရေးလမ်းကြောင်းနှစ်ကြောင်းမှာ တစ်ကြောင်းက လက်ညှိုးအောက်ကို သွားပြီး၊ တစ်ကြောင်းက လက်ဖ၀ါးတစ်ခုလုံးကို ထိုးဖေါက်ထွက်သွားပါတယ်။ လက်ချောင်းများ ရှည်သွယ်ပြီး လက်သန်းဖျားဟာ အင်မတန်ချွန်ထွက်နေပါတယ်။

အဖေ့ရဲ့ မွေးနေ့ဟာ ၁၃.၁.၁၉၅၅ ဖြစ်တာကြောင့် အနောက်တိုင်း ဂဏန်းဗေဒင်အရ ၄ ဂဏန်းသဘာဝနဲ့အတူ ၁၃ ဂဏန်းရဲ့ ထူးခြားမှုတွေလည်း ရှိနေမယ်လို့ ယူဆပါတယ်။ ၈ တန်းအောင် ဘ၀တည်းက ဘာသာရေးလိုက်စားခဲ့တယ်လို့ သိရပါတယ်။ မွေးချင်းတွေနဲ့ မိဘကို အပူမကပ်လိုသူဖြစ်တာကြောင့် အိမ်ထောင်ရေးထိခိုက်မတတ်တောင် ဖြစ်ခဲ့ရသူပါ။ ညသန်းခေါင်ကျော်မှာမွေးပါတယ်။

အဖေ့ဇာတာမှာ သူ့မွေးနံဖြစ်တဲ့ ကြာသာပတေး ဥစ်မူပါတယ်။ ကြာသာပတေးဥစ်ဝဂုတ္တမန၀င်းစီးပါတယ်။ လဂ်က ၅တေးန၀င်းစီးပါတယ်။ အထူးခြားဆုံးကတော့ ဂြိုလ်ပူးမရှိပဲ ဂြိုလ် ၇ လုံး တစ်လုံးစီသီးသန့်တည်နေတာပါပဲ။ လဂ်နဲ့ ဥစ်စနေ ပူးပါတယ်။ ရှေးခေတ် GTI ဆင်း အင်ဂျင်နီယာဖြစ်သော်လည်း အင်ဂျင်နီယာအလုပ်နဲ့ အသက်မမွေးဘဲ၊ မြို့သားတစ်ယောက်ဖြစ်သော်လည်း မြို့ပြကို စွန့်ကာ ကျေးလက်အခြေချရင်း အခြေခံပညာအလယ်တန်းပြဆရာအဖြစ်အလုပ်လုပ်ပြီး  မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်လျှက်ရှိပါတယ်။ အသောက်အစားကင်းပြီး ဘာသာရေးအလွန်လိုက်စားပါတယ်။ ကျွန်တော်အိမ်အလည်ပြန်ရောက်တိုင်း သားဖနှစ်ယောက် ဘာသာရေးကြောင်းပြောကြရင် မနက်လင်းတိုင်ပါပဲ။ အမေကတော့ ညဦးလောက်တည်းက ဘေးကထိုင်ငိုက်ပါတော့တယ်။ ၁၂ ကျော်တာနဲ့ အမေအိပ်ပျော်နေပါပြီ။ အမေကတော့ ကျွန်တော့် ပင်တိုင် ပရိဿတ်ပါ။ အမြဲလိုလို ဗေဒင်မေးတယ်လေ။ နောင်မှာ အမေနေမကောင်းဖြစ်တာကို ယတြာနဲ့ ကုသခဲ့ပုံကို တင်ပြပေးပါ့မယ်။ အဖေကတော့ စိတ်ဝင်စားဟန်မပြပါ။

အောက်ပါဇာတာဟာ ဖခင်ရဲ့ ဇာတာဖြစ်ပြီး၊ ကျွန်တော်ပထမဆုံး ကလေးဘ၀က မြင်ဖူးတဲ့ ဇာတာဖြစ်ပါတယ်။ ဖွဲ့ပေးသူက အဖေ့ဆရာလို့ ဆိုပါတယ်။ ဘယ်သူမှန်းမမေးဖူးပါ။ တစ်သက်တာဟောစာတန်းရေးပေးခဲ့တာတွေ့ပါတယ်။ ကျွန်တော့်ဆီမှာ ခုထိ ကူးထားပါတယ်။ မွေးချိန်အရ ပရိုဂရမ်နဲ့ ဇာတာဖွဲ့လိုက်ပါတယ်ခင်ဗျာ။



ကျွန်တော် ဗေဒင်ပညာစတင်လေ့လာမိတာဟာ ဖခင်ကြောင့်ဆိုလည်းမမှားပါဘူး။ ဖခင်ကို ပုန်ကန်လိုသောစိတ်မဟုတ်ဘဲ ၀ါသနာကို တားခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ ခုချိန်မှာ စာကောင်းကောင်းမသင်ဘဲ ဒီအကြောင်းအရာတွေကို ဘလော့ရေးနေတယ်လို့ အဖေသာသိရင် သြရသသားကြီးကို ခပ်ပြုံးပြုံးကြည့်နေဦးမယ်ထင်ပါတယ်။ အဖေပြောလေ့ရှိတဲ့ ပြောနေဦးမယ့်စကားတစ်ခွန်းကိုလည်း သိနေပါတယ်။ ဒါတွေဟာ အဆုံးမရှိတဲ့ ပညာတွေပါတဲ့ခင်ဗျ။

ကျွန်တော်ကတော့ လောင်စာမကုန်အောင် ထပ်လောင်းရင်း မောင်းနှင်နေဆဲပါပဲ အဖေရယ်။ မဆုံးတဲ့ပန်းတိုင်ကြီးဆီ မျှော်ကိုးရင်း မရောက်နိုင်တဲ့ ခရီးရှည်ကြီးရဲ့ အလည်မှာ ဆီကုန်လို့ဖြစ်စေ၊ စက်ပျက်လို့ဖြစ်စေ ရပ်တန့်သွားမှာကိုတော့ သားလည်း မဖြစ်ချင်ပါဘူး။

အဖေတောင် တစ်ချိန်က လျှောက်လှမ်းခဲ့ဖူးသေးတာပဲလေ။
သားတော်မောင်သည်လည်း ပြေးလွှားဆဲပါ။
ပြုံးပြုံးကြီးသာကြည့်နေပါတော့ အဖေရေ ...

ကိုပခန်း

6 comments:

Thet said...

ရေးသွားသမျှ အကြောင်းအရာတွေထဲမှာ ဒီအကြောင်းအရာက ရသအမြောက်ဆုံးပါပဲ။ အစ်မလဲ ကိုပခန်းလို အဖေမျိုးလိုချင်ပါတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မဖြစ်နိုင်တော့ပါ။

Ko Ba Tint said...

ဒုက္ခများမှ အတွေ့အကြုံများတာလေ ဒါဆိုတချို့အခက်ခဲတွေရှင်းတတ်သွားတာပေါ့သားငယ်ရဲ့

Ko Ba Tint said...

အမှန်တကယ်အားကျမိသည်

Ko Ba Tint said...

I like it this post and appreciate you very much

ကိုပခန်း said...

လာရောက်ဖတ်ရှုကြတာကို အလွန်ပဲ ၀မ်းမြောက်ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ ကျွန်တော့်အဖဟာ ကျွန်တော့်အတွက် စံပြဖြစ်ပါကြောင်း ရင်ဖွင့်ချင်လို့ ဒီအကြောင်းကို ရေးမိတာပါခင်ဗျ။ နောင်များမှာလည်း ဘယ်လို ထိန်းကျောင်းခဲ့တယ်ဆိုတာလေးကို အလျှင်းသင့်သလို တင်ပြပေးပါ့မယ်။

Oak Soe MMTL said...

ကိုပခန်း အဲဒီ ဇာတာကလေ ကျွန်တော့်ဆီမှာကော ကျွန်တော်တို့ မိသားစုတွေ အားလုံးမှာရှိတယ်။ ကျွန်တော့်အဖေက ကေပီစနစ်နဲ့တွက်တာလို့ ဆိုတယ်ဗျ။ ရန်ကုန် ပြန်ရောက်တဲ့အခါ အဲဒါကို စကန်ဖတ်ခဲ့ပါမယ်ဗျာ၊ အဲဒီအခါကျတော့ တွက်ပေးဖို့သာ ပြင်ထားပေတော့ဗျာ... :)

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။