ရာဟုမုန်တိုင်း ထင်ရာစိုင်းသော်

ယခုလအတွင်းမှာ စာမေးပွဲများ မွေးနေ့များ၊ မွေးနေ့အမှတ်တရ ဇာတာစစ်ဆေးခြင်းများတင်မက တက်ရောက်သင်ယူနေသော MOTAA lvl-1 ကိုလည်း ဇန်န၀ါရီ ၁၅ က စာမေးပွဲဖြေခဲ့ရပါသည်။ ထိုအဖြေလွှာနဲ့ပတ်သတ်၍ ဆရာနျူမာန်မှ အောက်ပါပို့စ်တွင် တင်ပြထားပါသည်။

အောက်ပါပိုစ့်ကို ဖတ်ပြီးပါမှ မည်သည့်ဇာတာကို ရည်ရွယ်ရေးသည်ဟု သိနိုင်ပါမည်။
http://www.motaa.info/2011/01/blog-post_19.html
ကျွန်တော့်အနေဖြင့် ယူဆပုံ အဖြေထုတ်ပုံကို အဖြေလွှာပါ သင်ခန်းစာများအပြင်၊ ဒသာစစ်ဆေးပုံများပါ စွက်၍ ဖေါ်ပြလိုက်ရပါသည်ခင်ဗျား။

မည်သည့်ဒေသ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် မွေးဖွားမှန်းမသိသော၊ အပြင်လောကတွင် အမှန်တကယ်ရှိမရှိ မသိရသော ဂြိုဟ်နေများကို အောက်ပါပုံအတိုင်း ပေးထားပါသည်။


ကျွန်တော့်တွင် MOTAA သင်တန်းမှ တွက်ချက်ပုံ အဆင့်ဆင့်ကို ဂြိုဟ်နေများထည့်ယုံမျှဖြင့် အင်အားများတွက်ချက်ပေးသော excel program တစ်ခုရေးသားထားပါသည်။ (၄င်းကိုပင် ဇာတာဖွဲ့ပရိုဂရမ်နှင့်ပေါင်းကာ C# ဖြင့် မွေးချိန်နာရီမိနစ်၊ ဒေသစံတော်ချိန်၊ မွေးရာဒေသတည်ရာတို့ ထည့်ယုံမျှဖြင့် အင်အားများအဖြေထုတ်ပေးနိုင်ရန် ရေးသားလျှက်ရှိပါသည်။)

အထက်ပါအတိုင်း ဖြည့်သွင်းလိုက်သောအခါ အောက်ပါအတိုင်း ဂြိုဟ်အားနှင့် ဘာဝအားတို့ကို ရရှိပါသည်။


အောက်ပါအတိုင်း အဖြေထုတ်ခဲ့ပါသည်။

ဇာတာရှင်၏စရိုက် သဘာဝ

တနင်္ဂနွေနှင့်ကြာသာပတေး အားများသက်ရောက်မှုအရ ပညာအရည်အချင်းဖြင့် ဦးဆောင်နိုင်စွမ်းရှိသည့် စရိုက်သဘာဝကို ဖေါ်ပြသည်။
အနှုတ်ပြသော အားများဖြစ်သည့် တနင်္လာ၊ အင်္ဂါ ဗုဒ္ဓဟူး၊ စနေတို့အရ မအေးချမ်းသော၊ မ၀ံရဲသော၊ မပွင့်လင်းသော(ဆက်ဆံရေးမကြေညက်သော)၊ ရေရှည်မစွဲမြဲသော အတွေးအယူအဆများရှိနေနိုင်သည်။

ဇာတာရှင်၏ အကျိုးပေး
(၁) ဂြိုဟ်အားများအရ
အနှုတ်စွမ်းအားကြီးမားလွန်းသော ရာဟု၏ သက်ရောက်မှုသည် ဘ၀တစ်ခုလုံးကမောက်ကမဖြစ်အောင် ပေးဆပ်ရတတ်သည်။ ဇာတာရှင်၏ ဦးဆောင်မှုရည်ရွယ်ချက် အတွေးအခေါ်၊ နာမည်ကြီးမှုတို့မှအပ၊ ကျန်ကဏ္ဍအားလုံး အနှုတ်သဘော သက်ရောက်ကြသဖြင့် မိမိဥာဏ်စွမ်းရှိသမျှ မခံစားရသော ဘ၀အကျိုးပေးကို ပြဆိုသည်။ ကောင်းသောအရာအားလုံး (ကြီးမားသော ရာဟုအစွမ်းဖြင့်) ရုတ်ခြည်းပျောက်ကွယ် သွားတတ်သည်။

အဆိုးအားများမှုများအရ တနင်္လာ အနှုတ်သဘောသည်၊ စိတ်မအေးချမ်းရခြင်းကိုပြဆိုသည်။
အင်္ဂါအနှုတ်သဘောသည် လက်နက်စက်ပစ္စည်းတို့ကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်ကို ပြဆိုသည်။
ဗုဒ္ဓဟူးအနှုတ်သဘောသည် ပေါင်းသင်းဆက်ဆံရေးတွင် စကားအတိုက်အခိုက် အရေးအသားဖြင့် အတိုက်အခိုက်များခံစားရနိုင်သည်။

အသက်အနေကို ဖေါ်ပြသော စနေသည် ကူသူမရှိ အနှုတ်ပြနေသောကြောင့် အသက်မရှည်နိုင်ပေ(သို့) တည်ငြိမ်သော ဘ၀အခြေကို ကြာရှည်စွာ ခံစားရဖွယ်မရှိချေ။

အကောင်းအဆိုးရောသော သောကြာသည် အတက်အကျများသော ဘ၀စည်းစိမ်အခြေအနေကိုပြဆိုသည်။
အနှောင့်အယှက်မရှိသော တနင်္ဂနွေသဘောအရ ဂုဏ်သတင်းကျော်ဇော်မှုကို ရရှိမည်ဖြစ်သည်။ မိသားစုတွင်း အကြီးအကဲများ၏ မဆမှုလည်းရရှိနိုင်သည်။ ခေါင်းဆောင်အဖြစ် အကြီးအကဲအဖြစ်ကိုလည်း ရရှိစေမည်ဖြစ်သည်။

မှတ်ချက်။  ။ ဤတွင် အနှုတ်အား -110% ရှိကာ ထပ်ဆောင်းလွှမ်းမိုးမှု -100% ရှိသော ရာဟုကို ဆိုးအားအများဆုံးအဖြစ် ပထမဆုံး အဖြေထုတ်ခဲ့ပါသည်။  တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးများသည်လည်း မူလအား အနှုတ်အပြင် ထပ်ဆောင်းအနှုတ်များပါဝင်သဖြင့် ဒုတိယအဆင့် အဖြေထုတ်ခဲ့ပါသည်။ မူလအား သုညနီးပါးဖြစ်ကာ အင်အားမရှိသော စနေကို တတိယတန်းအဖြေထုတ်ခဲ့ပါသည်။ အနှောင့်မဲ့သော တနင်္ဂနွေအရ ကျော်ဇောမှုနှင့် အကြီးအကဲ မဆမှုများကိုဆက်လက်ဖွင့်ဆိုကာ တနင်္ဂနွေ ကြာသာပတေးအားကောင်းသဖြင့် ဖြစ်တည်သော အရှင်သခင်ဖြစ်တတ်သည့် သူရိယာဇီဝယုဂ်နှင့် နှိုင်းကာ ခေါင်းဆောင် အကြီးအကဲ ဖြစ်နိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

(၂) ဘာဝအားများအရ


၁ တန့်သဘာဝအရ-
ဇာတာရှင်၏ ပင်ကိုယ်စရိုက်သဘော ကိုယ်ကာယသည် ဆိုးရွားလျှက်ရှိသည်။ အားနည်းသော စနေသဘောအရ ကျမ်းမာရေးအထိအခိုက်ကို ခံစားရနိုင်ပြီး၊ စရိုက်မှာမူ အားရှိသော တနင်္ဂနွေ ကြာသာပတေးတို့သဘောအရ ကျင့်ဝတ်သိက္ခာ လေးမြတ်မှုတို့အလို့ငှာ စောင့်ထိန်းနိုင်မည်ဖြစ်သည်။
မှတ်ချက်။  ။ ဇာတာရှင်၏ စရိုက်ကိုယ်ကာယကို ဖေါ်ပြသော ၁ တန့်သည် အနှုတ်အားပြကာ ထပ်ဆင့် အနှုတ်ပြလျှက်ရှိသည်။ စရိုက်အရ အားရှိသော တနင်္ဂနွေ ကြာသာပတေး တို့ကို ဆက်စပ်ယူဆကာ ကျင့်ဝတ်သိက္ခာ လေးမြတ်သော ဂုဏ်သရေရှိ စရိုက်ကို ဖေါ်ပြမည်ဖြစ်ပြီး၊ အခွင့်အလမ်းအရ အားမဲ့သော စနေအရ ကိုယ်ခံစွမ်းအားနည်းဖြင်းကို ဆက်စပ်ဖွင့်ဆိုပါသည်။

၂ တန့်သဘာဝအရ-
ဥစ္စာစုဆောင်းပိုင်ဆိုင်မှုနှင့်ပတ်သတ် ကောင်းကျိုးခံစားရမည်။ အလိုပြည့်မှုနှင့် ဆိုင်သော သောကြာတွင် အဆိုးအကောင်းရောမွှေနေသဖြင့် ပြီးပြည့်စုံသောဘ၀ဟု မဆိုနိုင်ပေ။

မှတ်ချက်။  ။ ဇာတာရှင်၏ ပိုင်ဆိုင် တန်ဖိုးထားသော အရာများကို ဖေါ်ပြသော ၂ တန့်သည် အားရှိသော်လည်း ကာမဂုဏ်ခံစားခွင့် သောကြာအားကို ဆက်စပ်ဝေဖန်လိုက်သောအခါ ပြီးပြည့်စုံသော ဘ၀လမ်းကို မပိုင်ဆိုင်ရသူ အလိုမကျနိုင်သည့်ဘ၀ကိုပြဆိုသည်။

၃ တန့်သဘောအရ-
ဇာတာရှင်၏ ၀န်းကျင်ပတ်သတ်နေရမှုနှင့်ပတ်နေရမှုသည် ကောင်းကျိုးမရှိပေ။ ခိုင်မာသောဆုံးဖြတ်ချက်၊ လုပ်ငန်းထူထောင်မှုများသည် အသုံးမ၀င်ဖြစ်မည်။ ၃ တန့်သည် အသက်ဓာတ်ရှင်သန်လိုစိတ်ကိုလည်း ကိုယ်စားပြုကာ အင်အားအဆိုးပြဆိုနေသဖြင့် စိုးရိမ်ဖွယ် ကျန်းမာရေး/ပတ်ဝန်းကျင် ကြုံရမည်။

မှတ်ချက်။   ။ ပတ်ဝန်းကျင်၊ လုံ့လ၊ ရှင်သန်လိုစိတ်၊ ကိုယ်ခံစွမ်းကို ဖေါ်ပြသော ၃ တန့်တွင် မူလအားမရှိကာ အဆိုးလွှမ်းမှုရှိသဖြင့် ထူထောင်မှုလုပ်ငန်း၊ ကျမ်းမာရေး၊ ပတ်ဝန်းကျင်တို့သည် အင်အားဆိုးကျိုးများ ဖြစ်ပေါ်စေတော့မည်ဖြစ်သည်။

၎ တန့်သဘာဝအရ-
အေးငြိမ်းသော မေတ္တာရှင်သဘောသဘာဝရှိတတ်ကာ မိသားစုဝန်းကျင်အကျိုးပေးကောင်းသူ သနားကြင်နာတတ်သူ၊ မိသားစုအရှိန်အ၀ါကြီးသူဟု ကောက်ချက်ပြုနိုင်ပါသည်။

မှတ်ချက်။  ။ အပေါင်းမူလအားရှိကာ ထပ်ဆောင်း အပေါင်းအားများလည်းရရှိသော ၄ တန့်အားအရ အတွင်းအဇ္ဈတ္တ၊ မိခင်၊ မှတ်ဟုဆိုသော အသိုက်အမြုံအေးချမ်းမှုတို့ သိသာစွာ အကျိုးပေးမည်ဖြစ်သည်။ ထပ်ဆောင်းအားများအရ မိသားစု မျိုးရိုးကြီးသူမှ ဆင်းသက်လာသူဖြစ်ကြောင်း မှတ်ချက်ပြုရပါမည်။
၅ တန့်သဘာဝအရ-
ပညာရေး မေတ္တာရေးတို့တွင် သာမန်အကျိုးပေးရှိသည်။ အခြားဂြိုဟ်များ၏ အဆိုးသဘောသက်ရောက်မှုအရ ၄င်းကဏ္ဍများ ညံ့ဆင်းသွားနိုင်သည်။

မှတ်ချက်။  ။ ပညာရေး မေတ္တာရေး သားသမီးရေးစသည်တို့တွင် မူလအားမရှိ။ ကောင်းဆို မမည်သော်လည်း ပြင်ပ အဆိုးများသက်ရောက်သဖြင့် အောင်မြင်သော ကဏ္ဍများဖြစ်တည်မလာနိုင်ဖြစ်မည်။

၆ တန့်သဘာဝအရ-
ပကတိအနှုတ်သဘောသက်ရောက်ကာ အကောင်းအဆိုးလည်း ရောမွှေလျှက်ရှိသည်။ ရန်များသော အပြိုင်အဆိုင်များသော ဘ၀လမ်းကို ပြဆိုကာ၊ မဖြစ်ဖြစ်အောင် ဇွတ်လုပ်ချင်သောဇွတ်လုပ်တတ်သော ဇာတာရှင်၏ စရိုက်ကိုလည်း ပြဆိုလေသည်။

မှတ်ချက်။  ။ မူလအားမရှိသော်လည်း ကောင်းဆိုးရောပေးသော ၆ တန့်သည် ရန်များသော အပြိုင်အဆိုင်များသော အဖြစ်ကိုလည်း ဖေါ်ပြရင်း ကောင်းကျိုးအနေဖြင့် ဇွတ်တရွတ်လုပ်ချင်သော စရိုက်ကိုပါပူးတွဲခံစားရမည်ဖြစ်သည်။ ရုန်းကန်ရသော မအေးချမ်းသည့် ဘ၀လမ်းကို ပြဆိုပါသည်။

၇ တန့်သဘာဝအရ-
အားမရှိသောကြောင့် ဆက်ဆံရေး အိမ်ထောင်ရေး စသည်တို့သည် ဇာတာရှင်အတွက် အရေးမပါပေ။ ထူးခြားသော အပြောင်းအလဲကို မပြဆိုပေ။

၈ တန့်သဘာဝအရ-
ပကတိအနှုတ်အားပြလျှက်ရှိကာ ပြင်ပအကောင်းသဘောများလည်းသက်ရောက်သည်။ အနှုတ်သဘောအရ ဆိုးဝါးသော အပြောင်းအလဲ ကြုံရမည်။ ၈ တန့်သည် သေဆုံးခြင်းကို ပြဆိုကာ အသက်ရှည်မှုနှင့်ဆိုင်သော စနေသည်အားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကို ဖေါ်ပြသော ၃ တန့် အနှုတ်သဘောရောက်ခြင်း၊ ရာဟုဖျက်အားကြီးခြင်းကြောင့်၊ ယှဉ်ပြိုင်ဖက် ၆ တန့် အနှုတ်သဘောဆောင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သော အခြေအနေကိုပြဆိုသည်။ ပြင်ပအကောင်းသဘောသက်ရောက်မှုအရ နာမည်ကျော်ကြားသော အပြောင်းအလဲကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

မှတ်ချက်။  ။ မူလအနှုတ်အားနှင့် အထက်ပါ မကောင်းသော အခြေအနေများကြောင့် ဖြစ်တည်သော အကျိုးဆက်တို့အပြင် ပြင်ပအကောင်းသဘောအရ ဖြစ်ပေါ်လာသော အပြောင်းအလဲတို့တွင်လည်း နာမည်ရမှု အများက ဂရုစိုက်ခံရမှုများ (ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ) ရရှိမည်ဖြစ်သည်။

၉ တန့်သဘာဝအရ-
မူလအားမဲ့ကာ အနှုတ်သဘောများကျရောက်နေသည်။ ဇာတာရှင်၏ ဂုဏ်သိက္ခာတင့်တယ်မှုများ အဆိုးသဘောဖြင့် ကျော်ဇောသွားမည်။

 မှတ်ချက်။  ။ ကျက်သရေ ဂုဏ်သိမ်ကို ဖေါ်ပြသော ၉ တန့်အနေဖြင့်အားမရှိပေ။ အနှုတ်အားများ သက်ရောက်သဖြင့် ကျက်သရေယုတ်သော အဖြစ်များဖြစ်မည်ကို ပြဆိုလျှက်ရှိသည်။

၁၀ တန့်သဘာဝအရ-
အရည်အချင်းကို ဖေါ်ထုတ်ပြနိုင်စွမ်းတို့လည်း အားသက်ရောက်မှုနည်းသည်။ အောင်မြင်သော အလုပ်တစ်ခု အရည်အချင်းတစ်ခုကို ကိုယ်ပိုင်အစွမ်းဖြင့် ဖေါ်ထုတ်မပြနိုင်ဖြစ်မည်။

၁၁ တန့်သဘာဝအရ-
ဆိုးရွားလွန်းသော အမုန်းများလက်ခံရတတ်သည်။ အသိမိတ်ဆွေများတွင် မိမိအား ဒုက္ခပေးလိုသူများ ကြုံရနိုင်သည်။

မှတ်ချက်။  ။ ၁၁ တန့်သည် လာဘ်လာဘသဘောဆောင်ကာ အများထံမှ ရရှိသည့် မေတ္တာအချစ်များကို ဆိုလိုသဖြင့် မူလအားရော စိုးမိုးမှုပါ အနှုတ်များသော ဘာဝအရ အမုန်းတီးခံဘ၀ကိုရည်တည်ရမည့် အရိပ်အယောင်ကို ပြဆိုလျှက်ရှိသည်။

၁၂ တန့်သဘာဝအရ-
စိတ်သဘောထားအနေဖြင့် မူလသဘောအရ အေးချမ်းသူဖြစ်မည်။ သက်ရောက်လာသော ကောင်းဆိုးအားများအရ သောကများရသော ဘ၀အခြေကို ပြဆိုသည်။

မှတ်ချက်။   ။ ၁၂ တန့်သည် သောက အချုပ်အနှောင် ၀ဋ်ကြွေးစသည်တို့ကို ဖေါ်ပြလျှက်ရှိရာ ကောင်းကျိုးအနေဖြင့် အေးချမ်းသော စိတ်သဘောကို ဖေါ်ပြ၍ အဆိုးအားများအရ အချုပ်အနှောင် သောက ၀ဋ်ကြွေးတို့ကို ဖေါ်ပြနေသည်။

အချုပ်အားဖြင့်ဆိုသော်
မိသားစုအရိပ်အမြုံအကျိုးပေးကောင်းသူ၊ ဦးဆောင်နိုင်စွမ်း ပညာစွမ်းကြီးသူ၊ လူမုန်းများသူ၊ အသက်အန္တရာယ်ရှိသူ၊ ဆိုးရွားသောအပြောင်းအလဲကို ကြုံရသူဟု ကောက်ချက်ချနိုင်ပါသည်။

 ဒသာအဟောများ

မွေးနေ့ကို ဆရာနျူမာန်ဘလော့မှ ရယူကာ ဒသာကို စီရင်တွက်ချက်ပါသည်။
ဇာတာရှင်၏ ကံကြမ္မာကို ဒသာအရ ဝေဖန်ပြပါဦးမည်။


မွေးစမှ ၁၃ နှစ်သား ခန့်သည် ကောင်းဆိုးရောသော သောကြာသဘောအရ ချမ်းသာသုခတို့ မတည်ငြိမ်နိုင်ပေ။

၁၃ နှစ်သားမှ ၁၉ နှစ်သား ကြားကာလသည် အောင်မြင်ထူးချွန်ရာကာလဖြစ်မည်။

၁၉ နှစ်သားမှ ၂၉ နှစ်သား ကြားကာလသည် မိခင်လွှမ်းမိုးမှုများစတင်ကာ မူလအားဆိုးသော တနင်္လာသဘောအရ မိခင်အပူမိခြင်း မိသားစု အေးငြိမ်းမှုများ ပျက်ယွင်းလာမည့်ကာလဖြစ်သည်။

၂၉ နှစ်သားမှ ၃၆ နှစ်သား ကြားကာလသည် အတိုက်အခိုက်များ ပြင်းထန်လာသည်။ စိတ်ထင်ရာလုပ်တတ်သော အဖြစ်အပျက်များ များစွာဖြစ်လာမည်။

1.9.1980 မှ 1.9.1998 ၀န်းကျင်ကြားသည်ကား ဆိုးရွားမှုအားအကြီးဆုံး ရာဟု ဒသာစားသည်။ မထင်မှတ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ရာဟု ဒသာတွင်မှ မည်သည့်ကာလသည် ဆိုးရွားသနည်းဟု တွက်ချက်ရန်လိုလာပါသည်။
ရာဟုနှင့် အတူ မည်သူတို့ ဇာတာရှင်အား ဖျက်စီးသနည်းဟူသော မေးခွန်းနှင့် အန္တရာယ်ရှိသော ကဏ္ဍကို စစ်ဆေးရန်လိုလာသည်။ 

ဘာဝ ၁၂ ပါးတွင် လူချစ်လူခင်ပေါမှုကို ပြောင်းပြန်ဖြစ်စေသော အားအများဆုံးဖြစ်သည့် ၁၁ တန့်ကို ရွေးချယ်ရရှိပါသည်။ MOTAA တွက်နည်းများမှ ဇယားတစ်ခုကို ထုတ်ပြပါမည်။


H1 to H12 တွင် H11 ဟူသော (လူမုန်းများသည့်) ၁၁ တန့်တွင် ရာဟုမှ -76% ကိတ်မှ -76% ပေါင်းကာ -154% ဖျက်စီးလျှက်ရှိသည်။ ၁၁ တန့်သခင် တနင်္လာမှာလည်း -33% အားဆိုးရွားသောကြောင့် ရာဟုကိတ်တို့ ဖျက်အား များနေပြန်သည်။

ရာဟုနှင့် ကိတ်တို့ စုံတွဲကာလသည် ဆိုးရွားတော့မည်ဖြစ်သည်။

ထို့ကြောင့် ရာဟုဒသာ ကိတ်အန္တရဒသာ ဖြစ်သော 1.3.1991 မှ 19.3.1992 ကြား 21.5.1991 ရက်နေ့တွင် ဇာတာရှင်ကို အမျိုးသမီးတစ်ဦးမှ အသေခံဗုံးခွဲကာ လုပ်ကြံသဖြင့် သေဆုံးခဲ့ရပါတော့သည်။ ရာဟုမုန်တိုင်းဆင်ပုံမှာ မြင်သာလှပါသည်။

"
၁၉၉၁-ခုနှစ် မေလ ၂၁ တွင် - တမီလ် နာဒူး ပြည်နယ်။ ယခု အခေါ် “ချန်နိုင်း (Chennai)” ၊ ယခင် အခေါ် မဒရတ်စ် မြို့မှ မိုင် ၃၀-ခန့် အကွာ ကျေးရွာ တစ်ရွာတွင် တမီလ်ကျား အဖွဲ့ ပြောက်ကျား သူပုန် ဖြစ်သော သမ္မောဇီ ရာဇ ရတနာမ် ဆိုသူ မိန်းကလေး (အချို့ကလည်း ဓနုဟု၍ လည်းကောင်း၊ ဂယာတရီ ဟူ၍လည်း ကောင်း သူမကို ခေါ်ကြ၏၊) ၏ အသေခံ ဗုံးခွဲမှုကြောင့် ၀န်ကြီးချုပ် ဖြစ်သူ ရာဂျစ် ဂန္ဒီ နှင့် တကွ- အခြားသူ ၁၄-ဦးတို့ပါ သေဆုံးခဲ့ကြရသည်။

ည ၁၀း၁၀ အချိန်တွင် လုပ်ကြံသူ အမျိုးသမီးသည် ၀န်ကြီးချုပ်လာ လာရောက်တွေ့ဆုံယင်း၊ ၀န်ကြီးချုပ်၏ ခြေကို သူမ၏ လက်ဖြင့် တို့ထိ အရိုအသေ ပေးဟန်ပြုယင်းမှ သူမကိုယ်တွင် ၀ှက်ကွယ်ယူလာသော ဗုံးကို ဖေါက်ခွဲ ခဲ့ခြင်း ဖြစ်သည်။  "
အထက်ပါ အချိန်ကို ခန့်မှန်းအားဖြင့် အိန္ဒိယနိုင်ငံ ထိုဒေသအပေါ် (ထိုအချိန်ရှိ ကောင်းကင်ဂြိုဟ်များ) သက်ရောက်မှု အရ ဇာတာရှင်၏ လဂ်ပေါ်သို့ ကောဇာ ဂြိုဟ်များမှ စိုးမှုကို ရှာဖွေဖေါ်ထုတ်သော အခါ အောက်ပါအတိုင်းရပါသူ၊ မိမိအား မနှစ်မြို့သူ၏ အမုန်းကို ဖေါ်ပြသော ၁၁ တန့် ဘာဝသည် မူလဇာတာမှ အားများသဖွယ်ဆိုးရွားလျှက်ရှိကာ၊ ဇာတာရှင်၏ ခန္ဓာကိုယ် ၁ တန့်၊ အသက်ရှင်သန်မှု ၃ တန့်၊ အောက်လက်ငယ်သားသဘာဝ ၅ တန့်၊ သေဆုံးမှု ၈ တန့်၊ ကျက်သရေ ၉ တန့်၊ အမုန်းတရားရရှိမှု ၁၁ တန့် တို့မှာ အနှုတ်အင်အားများ အနှုတ်အားသက်ရောက်မှုများ ကျရောက်လျှက်ရှိသည်။

မှတ်ချက်။  ။ ဤတွင် ၆ တန့်သည် ရန်ဘက်ဆိုသော်လည်း ယှဉ်တွဲနေသော လုပ်ဖေါ်ကိုင်ဖက်မျိုးကို ရည်ရွယ်၍၊ ၁၁ တန့်သည် မိမိအပေါ်ကျရောက်သော မေတ္တာကို ဆိုလိုသည်။ ၁၁ တန့် အနှုတ်သည် ယှဉ်ပြိုင်နေသော ရန်ဘက်၏ အမုန်းဒဏ်မဟုတ်ဘဲ သာမာန် မချစ်မနှစ်သက်ခြင်းသဘောကို ဆောင်ပါသည်။ သို့တစေ ၄င်းအချိန်တွင် ဆိုးဝါးစွာ စိုးမိုးလျှက်ရှိပါသည်။


ဒသာကာလတွင်းမှ ကောဇာကိုပါ ယှဉ်တွဲ ဖေါ်ထုတ်ရခြင်းမှာ မလွယ်ကူလှပါ။ ဆရာနျူမာန်ဘလော့မှ ဖြစ်ပွားချိန် ရရှိ၍သာ ဆက်စပ်ပုံကို တင်ပြလိုက်ရပါသည်။

ယခုတင်ပြခဲ့သည်များမှာ မိုးတားဂရပ်ဖ်များသဘာဝအကြောင်း တစေ့တစောင်းနှင့် ပရိယာယ်အယူအဆ အတွက်သာဖြစ်ပါသည်။ ဝေဖန်အကြံပေး အမှန်ပြင်ပေးကြပါစေကြောင်း အကြံတောင်းအပ်ပါသည်ခင်ဗျား။ သင်ယူဆဲ သင်တန်းသားမျှသာ ဖြစ်ပါကြောင်း။

နက္ခတ်ဗေဒင်သည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။

ကိုပခန်း
20.1.2011

4 comments:

ဟွမ် said...

ဒီမေးခွန်းဒီလိုဖြေရတယ်ဆိုတာ ကိုပခန်းဖြေပြမှပဲသိတော့တယ် ထူးချွန်တာထက်ကို ပိုပါတယ် ကိုပခန်းရယ်... congratulation!

Younggun said...

ကိုပခန်းရေ.. တော်တယ်ဗျာ.. တကယ်လေးစားပါတယ်. နောင်လဲ အများအတွက် အကျိုးရှိစေမယ့် ပညာရပ်ဆောင်းပါးတွေ အတွေ့အကြုံတွေ ရေးသားတင်ဆက်နိုင်ပါစေ.ဗျာ။

ကိုပခန်း said...

အားပေးတာ ကျေးဇူးပါ အစ်ကိုရေ

ကြိုးစားလျှက်ပါခင်ဗျ။

ညီငယ်

ပခန်း

စူး said...

ဆရာကောင်း တပည့်ပန်းကောင်းပန်ဆိုသလို..
ကိုပခန်းရေ... အရင်ကထက်တောင် ပိုယုံကြည်တယ်..

အားလဲပိုအားကိုးတယ်။
ကျေးဇူးလဲတင်တယ်။
အခုထက် ပိုပီးလေ့လာဆည်းပူး ဖြန့်ဝေပေးနိုင်ပါစေလို့..

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။