ဆေးပေါင်းခတဲ့ည ဆေးပေါင်းခချိန်

မြန်မာပြည်တွင်းက အစ်ကိုအစ်မတွေရဲ့ မေးမြန်းချက်ကို ပြန်ဖြေရင်း အဖြေကို ပိုစ့်အဖြစ်ပြန်တင်လိုက်ပါတယ်ခင်ဗျာ။ "တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခချိန်ဘယ်ချိန်လဲ" လို့ မေးလာတာဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်သိတဲ့ တန်ဆောင်မုန်းလပြည့် 

တန်းဆောင်မုန်းလပြည့်ဟာ လပြည့်တကာ လပြည့်ည လ တွေထဲမှာ အတောက်ပဆုံးလလို့ ဆိုကြပါတယ်။ ငယ်စဉ်ကလေးဘ၀တည်းက မြူတိမ်ကင်းကာ လမင်းသာ တဲ့ ထိုထိုသော တန်ဆောင်မုန်းလပြည့်များကို ကျီးမနိုးပွဲ၊ သူခိုးကြီးည၊ ပံ့သကူဖွက်ခြင်းတွေနဲ့အတူ ဖြတ်သန်းခဲ့ရပါတယ်။ အညာကျေးလက်မှာတော့ တကယ်ကိုပဲ အမှတ်တရ ညတစ်ညလည်းဖြစ်ပါတယ်။

မှတ်မှတ်ရရရှိနေတာလေးကတော့ ကျွန်တော့်ဖခင် ဖွက်တဲ့ ပံ့သကူပွဲပါ။ ကျွန်တော့်ဖခင်ဟာ လုပ်သက်ရင့် ကျောင်းဆရာတစ်ယောက်ဖြစ်တာနဲ့ အညီ ပတ်ဝန်းကျင်မှာ တပည့်တပန်းပေါလွန်းတော့ ထိုညမှာ တပည့်တွေကို မုန့်ဖိုးရယ် အထူးမပေးဘဲ အိမ်ဝန်းကျင်မှာ ပံ့သကူဖွက်လေ့ရှိပါတယ်။ ငယ်စဉ်ကတော့ ၁၀၀ ၂၀၀ စသည့်ဖြင့် မများသော ပမာဏကို ဖွက်လေ့ရှိပါတယ်။

တောင်ဆောင်မုန်းလ လပြည့်ဝန်းဟာ ထိန်းလင်းလွန်းတာကြောင့် မနက်မလင်းခင်မှာပဲ ဖေဖေ့တပည့်တွေ အိမ်နီးနားချင်းတွေဟာ ပံ့သကူဖွက်သမျှနီးပါး ရှာဖွေတွေ့ရှိတတ်ကြပါတယ်။ အိမ်ထရံမှာ လိုက်ရှာရတာနဲ့ ရေအိုးစဉ်ကြားမှာလား သစ်ခေါင်းကြားမှာလား၊ ရေစည်ပေါ်မှာလား၊ လမ်းဆုံမှာပဲ သဲနဲ့ဖုံးထားလေသလားရယ်လို့ ရင်တမမ ရှာခဲ့ရတာကလည်း ထိုထိုသော တန်ဆောင်းမုန်းလ ညများတွေမှာပဲဖြစ်ပါတယ်။

တန်ဆောင်းမုန်းလများဟာ တိမ်မြူမိုးရိပ်မရှိတာအပြင် ကောင်းကင်မှ ကြယ်များဟာလည်း ပိုမိုထွန်းတောက်ကြသလို မှတ်ယူမိပါတယ်။ ဆေးပေါင်းခတဲ့ ည၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် စသည်ဖြင့် ပြောဆို သတ်မှတ်ကြကာ မင်္ဂလာ ကောင်းမှု အစီအရင် များကို ဒီည ဒီအချိန်မှာ စတင်ပြုလုပ်ခြင်းများ ဓလေ့ရှိကြောင်း မှတ်သားဖူးပါတယ်ခင်ဗျာ။

တန်ဆောင်မုန်းလနဲ့ နက္ခတ်ဗေဒင်

တန်ဆောင်မုန်းလဟာ တနင်္ဂနွေရပ်တည်ပုံအရ ယေဘုယျအားဖြင့် မိဿ(တန်ခူးလ)၊ ပြိဿ(ကဆုန်)၊ မေထုန်(နယုန်)၊ ကရကဋ်(၀ါဆို)၊ သိဟ်(၀ါခေါင်)၊ ကန်(တော်သလင်း)၊ တူ(သီတင်းကျွတ်)၊ ဗြိစ္ဆာ(တန်ဆောင်းမုန်း) စသည်ဖြင့်ရေတွက်လာသော ဗြိစ္ဆာရာသီတွင် တနင်္ဂနွေရောက်ရာအချိန် (ခန့်မှန်းကာလ) တန်ဆောင်မုန်းလဖြစ်ပါတယ်။

နက္ခတ်ဗေဒင်မှ ရာသီစက်ဟာ ကမ္ဘာကို အလယ်ထားပြတာမို့၊ လပြည့်ရန် တနင်္ဂနွေနဲ့ တနင်္လာတို့ဟာ ကမ္ဘာရဲ့ တစ်ဖက်တစ်ချက် ရောက်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တနင်္ဂနွေနဲ့ တနင်္လာဟာ ဒီဂရီအားဖြင့် ဇာတာက ရာသီစက်မှာ ၁၈၀ ဒီဂရီအမြင်ရှိရာမှာ ဖြစ်ပါတယ်။ ဒါမှလည်း လပြည့်ဝန်းတစ်ခုလုံး ထိန်းလင်းနေမှာဖြစ်ပါတယ်ခင်ဗျ။

တနင်္ဂနွေ ဗြိစ္ဆာရောက်ချိန် တနင်္လာဂြိုဟ်က မျက်နှာချင်းဆိုင် ပြိဿရာသီကို စီးနင်းရမှာဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ဟာ ဆောင်းရာသီ တိမ်ကင်းရာအခါကာလ ထွန်းလင်းလွန်းရာဖြစ်တာကြောင့် ပြိဿရာသီရပ် တနင်္လာကို ဥစ်(ထွန်းတောက်ရာနေရာ၊ ရာသီ) ရယ်လို့ သတ်မှတ်ထားခဲ့တယ်လို့ မှတ်သားရပါတယ်ခင်ဗျာ။

လပြည့်ချိန်အစစ်

တနင်္ဂနွေခေါ် နေမင်း၊ တနင်္လာခေါ်လမင်းတို့ဟာ အမြဲလှည့်လည်သွားနေကြပြန်တော့ သူတို့နှစ်ခု ၁၈၀ ဒီဂရီမြင်ချိန်ဟာ အမှတ်တစ်ခု အတိုင်းအတာသာဖြစ်တာကြောင့် လပြည့်နေ့တစ်နေ့လုံးသည် လပြည့်မနေကြောင်း သတိပြုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ (စံတော်ချိန် +၆.၅) ရန်ကုန်မြို့ အလုံ ( မြောက်လတ္တီကျု ၁၆ ဒီဂရီ ၄၇ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ၈ မိနစ်) အတွက် လပြည့်ချိန်ဟာ 21.11.2010 တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၈ မိနစ် ဖြစ်ကြောင်းတွက်ချက်ရရှိပါတယ်။  

ထိုအချိန်မှာ တနင်္ဂနွေဟာ ဗြိစ္ဆာရာသီ ၅ အင်သာ ၁၈ လိတ္တာ ( ၅ ဒီဂရီ ၁၈ မိနစ်) မှာတည်ပြီး တနင်္လာ ဟာ ပြိဿရာသီ ၅ အင်သာ ၁၈ လိတ္တာမှာ တည်ရှိနေတာကြောင့် ၁၈၀ ဒီဂရီအမြင်ရှိပါတယ်။
RATHI ဆိုတဲ့ စက်မှာလည်း မျက်နှာချင်းဆိုင်ပုံကို ဆွဲသားညွှန်းဆိုထားပါတယ်ခင်ဗျာ။ အောက်ပါပုံကိုကြည့်ပါခင်ဗျာ။


စင်္ကာပူမှ ရွှေမြန်မာများအတွက်

ကျွန်တော့်ဘလော့လေးကို လာရောက်ဖတ်ရှူသူများဟာ စင်္ကာပူက အများဆုံးဖြစ်ပြီး၊ မြို့တစ်မြို့အတိုင်းအတာနဲ့ တွက်ချက်ရလွယ်ကူမှုကြောင့် စင်္ကာပူအတွက် လပြည့်ချိန်ကိုပါ တွက်ချက်ပေးလိုက်ပါတယ်ခင်ဗျာ။

စင်္ကာပူအတွက် လပြည့်ချိန်ကတော့ 22.11.2010 တနင်္လာနေ့ မနက် ၁ နာရီ ၂၈ မိနစ် ဖြစ်ပါတယ်ခင်ဗျာ။ အောက်ပါ ပုံကို ကြည့်ပါခင်ဗျ။



ဒါလေးတွေလုပ်ကြစို့ဗျာ

လပြည့်ချိန်ဟာ စန်းအားကြီးတယ်လို့ ခေါ်ဆိုကြပြီး၊ အေးချမ်းခြင်း၊ ချမ်းမြခြင်း သဘာဝများ လွှမ်းမိုးစေသောကြောင့်
  • ဆက်ဆံရေး အဆင်မပြေသူအချင်းချင်း ညှိနိုင်းဆွေးနွေးချင်းများပြုလုပ်ခြင်း၊ 
  • အဖွဲ့လိုက် အစုလိုက် သစ်သီးသစ်ရွက်များ စုပေါင်းချက်ပြုတ် စားသောက်ခြင်း၊ (သားသတ်လွတ်ရန်လိုပါသည်။ မြန်မာ့ဓလေ့ မယ်ဇလီဖူးသုပ်စားကြသည်ကို သတိပြုပါရန်)
  • အနာဂတ်အစီအစဉ်များအတွက် နှစ်ဦးသဘောတူ စတင်အစီအရင်ပြုခြင်း၊ 
  • အဓိဌာန် ဆုံးဖြတ်ချက်များ စတင်ခြင်း၊ 
  • ဝေဒနာခံစားရသူများအတွက် ဒီအချိန်ဒီကာလမှာ သန့်စင်သော စိတ်နှင့် ဆေးဝါးတို့ကို အတိအကျရည်သန်မှီဝဲခြင်းများ၊ 
  • လရောင် ခံစားထိတွေ့နိုင်သော ဒေသများအတွက် လမင်းကိုငေးရင်း အပမ်းတော်ဖြေခြင်း
  • အချစ်ရေးအဆင်မပြေသူများ စိတ်ကူးဆန်ဆန် ဖိုးလမင်းကို အောင်သွယ်ခိုင်းခြင်း
  • အဆင်ပြေသူများ ခိုင်မြဲနိုင်ကြအောင် ဖိုးလမင်းထံ သစ္စာပြုခြင်း
  • အလုပ်အကိုင်ဆုံးဖြတ်ချက်များ စီစဉ်အဆောင်ပြုခြင်းများ 
  • အလုပ်အကိုင်အဆင်မပြေသူများ အလုပ်အတွက်ရည်ရွယ် အဓိဌာန်မှုများ စတင်ခြင်း စသည်ဖြင့် အလိုရှိရာ စီရင်နိုင်ပါစေကြောင်း ဆန္ဒပြုတင်ပြအပ်ပါတယ်ခင်ဗျာ။

နက္ခတ်ဗေဒင်သည် လူသားအားလုံးအား အထောက်အပံ့ပြုပါစေကြောင်း ရည်သန်လျှက်
ကိုပခန်း
20.11.2010

2 comments:

ဟွမ် said...

ကျေးဇူးပါ

နျူမာန် (မိုးတား) said...

ကိုပခန်းရေ-
မြန်မာပြည်ကို လွမ်းနေတဲ့သူတွေ-
လပြည့်ညကို တမ်းတတတ်သူတွေ-
တန်ဆောင်မုန်း လပြည့်အကြောင်း သိမှတ်စရာတွေ-
မြန်မာ ပြည်ကို ချစ်တဲ့ ရွှေမန်မာတွေ အတွက် ဆောင်းပါးကောင်း တပုဒ်ပါ။
နျူမာန် (မိုးတား)

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။