နက္ခတ်ဗေဒင် သုတေသီ

ဆရာနျူမာန် ရေးသားသည်။

သုတေသန ဆိုသည်မှာ

ကျွန်တော့် အနေဖြင့် ဤဆောင်းပါးရေး ရခြင်းသည်- မည်သူ တစ်ဦးတစ်ယောက်၊ တစ်သင်း တစ်ဖွဲ့ ကိုမျှ ထိခိုက်နစ်နာ စေလိုသော သဘော မရှိသည်ကို ဦးစွာပြောလိုပါသည်။

သုတေသန လုပ်နေသူကို သုတေသီ- ဟုခေါ်ကြရာတွင်- ပထမဦးစွာ သုတေသန ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ဦးစွာ နားလည်ထားသင့်ပါသည်။

ယနေ့ ကမ္ဘာအရပ်ရပ်တွင်- သုတေသန မျိုးစုံကို ပြုလုပ် နေကြပါသည်။ ဆေးဝါး ထုတ်လုပ်ရေး သုတေသနများ၊ စစ်လက်နက် အတွက်- ဇီဝ ပိုးမွှား လက်နက် ထုတ်လုပ် နေကြသော သုတေသနများ၊ အာကာသ ဆိုင်ရာ သုတေသနများ၊ စီးပွားရေး ရင်းနှီး မြုပ်နှံမှုများ အတွက် - ရင်းနှီး မြုပ်နှံ ရန် သင့်မသင့် ဟူသော Risk Management နှင့် ဆိုင်ရာ သုတေသနများ၊ သတ္တ၀ါ တို့၏ စရိုက်ကို လေ့လာသော သုတေသန များ စသည်ဖြင့် မရေမတွက် နိုင်အောင် များပြားလှပါ၏။

ဤနေရာတွင်- ကျွန်တော်တို့ ဗေဒင်ဆရာများ ကလည်း၊ “သုတေသီ” ဟုအမည်ခံ၍ ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် သုတေသန ပြုလုပ်ကြပါ၏။

ကိုယ့် အမည်ရှေ.တွင် “သုတေသီ” ဟု တပ်လိုက်ရုံဖြင့်- ကျွန်တော်တို့ သုတေသီ အမှန် တကယ် ဖြစ်သွားပါပြီလား။ “ဆရာ ဘာကို သုတေသန လုပ်နေပါလဲ”-ဟု တစ်စုံတစ်ယောက် က ကျွန်တော့်အား မေးလာခဲ့လျှင်- “ဗေဒင် ဆရာ ပဲ၊ ဗေဒင် သုတေသနပေါ့ကွ” ဟု ခပ်တည်တည် ဖြေလိုက်လျှင် ပြည့်စုံ ပါပြီ လား။ သုတေသန စာတမ်းတစ်ခု လုပ်မည် ဆိုလျှင်- မိမိသုတေသန စာတမ်း အတွက် ခေါင်းစဉ် သတ်သတ် မှတ်မှတ် ရှိရပါ၏။

ဥပမာ- နေကြတ်၊ လကြတ်ခြင်း နှင့် ကပ်ဒုက္ခကျရောက်ခြင်း တို့၏ ဆက်စပ်မှု၊ သို့မဟုတ် လပြည့်၊ လကွယ် တို့နှင့် ငလျင်တို့ ဆက်စပ်နေမှု၊ မိဿလဂ် သမားတို့ အနေဖြင့်- ရာဇ၀တ် မှု ကျူးလွန်မှု အနေအထား- စသည်ဖြင့် တို့ဖြစ်ပါသည်။ ပထမဦးစွာ- မည်သည့် အတွက်ကြောင့် သုတေသန လုပ်ရန် လိုအပ်ခြင်းကို သဘောပေါက် ထားရပါမည်။ နက္ခတ်ဗေဒင် ပညာသည် ရှေးပညာရှင် ကြီးများ၏ ကျေးဇူးကြောင့်- နှစ်ထောင်ပေါင်း များစွာ- လက်ဆင့်ကမ်း၍ တစ်ဆင့်ချင်း ကျွန်တော့်လက်သို့ ရောက်ရှိလာသည့် ပညာရပ် ဖြစ်ပါ၏။

ရှေးပညာရှင် ကြီးများသည်- ပညာရပ် တစ်ခုကို အလွယ်မပေးပါ။ “ဥာဏ်နှင့် တူ၊ ယူတော့” ဟူ၍- ၄င်းတို့၏ ဥာဏ်ပညာကို ထိုးထွင်း နားလည် နိုင်စွမ်းရှိသူများ၊ ပညာကို အမှန်တကယ် ချစ်မြတ်နိုး တန်ဘိုးထား သူများကိုသာ ရစေလိုသော ဆန္ဒ တို့ကြောင့်၊ “အလွယ်ပေး၊ တေးဖြစ်သည်” ဆိုသော အနေအထား သို့ မရောက်စေရန် အလို့ငှာ- လျှို.၀ှက်ချက် တို့ဖြင့် ပေးထားခဲ့ပါသည်။

တနည်းအားဖြင့်လည်း- ပညာရပ်ကို မိမိ၏ အကျိုးစီးပွား တစ်ခုတည်း ကြည့်သော တစ်ကိုယ်ကောင်း သမားများ လက်မှ ကာကွယ်လိုသော သဘောလည်း ရှိ၏။

ထို့ကြောင့်- ရှေးဟောင်း ပညာရပ်တို့သည်- သာမာန် လူတို့ အနေဖြင့် ရုတ်တစ်ရက် အလွယ် နားမလည် နိုင်သော အနေအထားတွင် ရှိနေ၏။ သို့သော်- သာမာန် လူတို့ လိုက်နာ နိုင်ရန် အတွက်- ဆောင်ရန်၊ ရှောင်ရန် များကို ရှေးပညာရှိတို့က ချမှတ်ပေးခဲ့သည်။

ယခု ခေတ်အမြင်အားဖြင့်- “ဒါကြီးက သဘာဝ မကျပါဘူး၊ အဓိပ္ပါယ် မရှိပါဘူး” ဟု မြင်ရသော အနေအထား များစွာလည်း ရှိနေပါ၏။ ရှေးပညာ တို့ကို လက်ဆင့်ကမ်း ခဲ့ရာ လမ်းကြောင်းတွင်- ဆရာ့ ပညာကို တပည့်တို့ အနေဖြင့် နို့ခံလိုက် သင်ယူရုံမျှဖြင့်- ဘယ်သော အခါမှ ပညာရမည် မဟုတ်သည်ကို သိထား ရန် လိုပါသည်။

ဆရာတွေးသကဲ့သို့ တွေးခြင်း- ဆရာမြင်သကဲ့သို့ မြင်ခြင်း- ဥပဒေသ တို့၏ နောက်ကွယ် သဘောကို စစ်ကြော စိစစ်ခြင်း မရှိပဲနှင့်- ဆရာ ပြောတဲ့အတိုင်း မှတ်ထား ခဲ့ခြင်း ဖြင့်- ပညာရပ် တို့သည် မှေးမှိန် သွားတော့၏။

ထိုအခါ- ဆရာကပင်- ပညာကုန် မပေးသကဲ့သို့- ပညာလျှို သကဲ့သို့ အနေအထားသို့ ရောက်သွား ပါတော့သည်။

တစ်ဖန်- မိမိ မှားသည်ကိုပင်- ရှေးကျမ်း အရ ဟု ဆိုလိုက်ခြင်းဖြင့်- မိမိတွင် အပြစ်မရှိ၊ ရှေးကျမ်း တွင်သာ အပြစ်ရှိသည်ဟု ရှေးကျမ်း အပေါ် အပစ်ပုံချ လိုက်ပါတော့သည်။

အဓိက အကြောင်းရင်း အမှန်မှာကား- မိမိ၏ စစ်ကြောမှု အားနည်းခြင်းကြောင့် ဖြစ်၏။ ဆရာ အနေဖြင့် သော်လည်းကောင်း၊ ရှေးကျမ်း အနေဖြင့် သော်လည်းကောင်း- ထိုသို့ ဖေါ်ပြ ထားကောင်း ဖေါ်ပြထားပါမည်။ သို့သော်- မိမိကိုယ်တိုင် စစ်ကြော ရမည်ကို သတိပြုရန် လိုပါသည်။

တစ်ဖန်- လက်ဆင့်ကမ်း ရရှိခဲ့ကြသူတို့မှ- အချို.သည် မိမိ၏ ကိုယ်ပိုင်နည်း ထွင်၍- မူလ ပညာတွင် ထည့်လိုက်ခြင်း၊ နောက်တစ်ယောက် က နောက်တစ်နည်း ထွင်၍ ထပ်ထည့် လိုက်ခြင်း တို့ဖြင့်- “အရိုးပေါ် အရွက်ဖုံး” ၍ မည်သည်က မူရင်း၊ မည်သည်က နောက်တိုး ဆိုသည်ကိုပင် ခွဲရခက်သည့် အနေအထားသို့ ရောက်လာခဲ့သည်။

တီထွင်ခြင်း ဆိုသည်မှာ ကောင်းသော ကိစ္စပင် ဖြစ်ပါသည်။ သို့သော် မူရင်း မထိခိုက် စေရန် သတိထားဘို့တော့ လိုပါသည်။ ရှင်းလင်းအောင် ဆိုရပါလျှင်- နက္ခတ် ပညာလောက အနေဖြင့်- မူရင်း နက္ခတ် ပညာသည်- အရှေ.တိုင်းနည်း၊ အနောက်တိုင်း နည်းဟူ၍ ကွဲပြားလာသည်။ တစ်ဖန် အနောက်တိုင်းတွင်လည်း- အများစုက အာယန အံသာကိစ္စကို ထည့်မစဉ်းစားသော- သာယန (Tropical) စနစ်၊ အချို.က အနောက်တိုင်း အာယန အံသာ ကို အသုံးပြုသော အနောက်တိုင်း ပုံစံ နိယာယန စနစ် (Sidereal)၊ အရှေ.တိုင်းနှင့် အနောက်တိုင်း တို့ကို ပေါင်းစပ်၍ ကိုယ်ပိုင် အာယန အံသာကို အသုံးပြုသော K.P စနစ်၊ တူညီသော ဘာဝ စနစ်၊ မတူညီသော ဘာဝ စနစ် စသဖြင့် အဓိက ကွဲပြားမှုများ ရှိနေပါသည်။
အရှေ.တိုင်း နည်းတွင်မူ- အိန္ဒိယ တစ်နိုင်ငံတည်းတွင်- ဆရာ တစ်ယောက် ပေါ်လာလိုက် ဒဿာ စနစ်တစ်ခု ထွင်လိုက် ဆိုသလိုမျိုးဖြစ်၍- ဒဿပေါင်း ရာနှင့်ချီ ပေါ်ပေါက် လာခဲ့ပါသည်။ ဒဿာမူ အမျိုး ၆၀-ခန့် အိန္ဒိယတွင် လက်ရှိ-ရှိနေ ပါသေး၏။ ပရာသျှရ မူ၊ ဇေမဏီမူ၊ ၀ရ ဟိမိရမူ၊ နဒီမူ စသည် ဖြင့် အဓိက ကွဲပြား သလို- ဟိုမူနှင့် ဒီမူကို ပေါင်းစပ် လိုက်သော ကပြားမူ များလည်း များစွာ ဖြစ်ပေါ်လာပါသည်။

နက္ခတ်ပညာ ကို လေ့လာသူ၊ အတွေ့အကြုံ နည်းပါးသူ တို့ အနေဖြင့်မူ- ပညာရ လေမလား ဟူ၍ မြင်မြင်ကရာ ကို လေ့လာယင်း၊ ကျမ်း စုံလာသော အခါ - လမ်းပျောက်သော ဘ၀ သို့ ရောက်ရ ပါတော့သည်။ မည်သူ မဆို နက္ခတ်ပညာ လေ့လာယင်း- နှစ်အတန် ကြာ၍၊ ကျမ်းစုံ လာလျှင်- လမ်းပျောက်ခြင်းကို ကြုံဘူးကြပါလိမ့်မည်။

အခြေခံ အကျဆုံး ဖြစ်သော- ဥုစ်ရသော ဂြိုဟ် နှင့် မူလတြိဂေါဏ အိမ်တွင် တည်သော ဂြိုဟ်- မည်သည်က ပို၍ အားရှိ သနည်းကို လေ့လာသော အခါတွင်ပင်- ကျမ်းတို့ ဆန့်ကျင်ဘက် ဖြစ်လာသည်ကို တွေ့ဘူး ပါလိမ့်မည်။

ထို့ထက်မကသော အခြေအနေ များဖြစ်သည့်- ဒဿာနှင့် ကောဇာ ကိစ္စ များ တွင်လည်း ကွဲပြားသော အယူအဆများ ရှိပါသည်။

ဥပမာ- ဒဿာ တွက်ရာတွင် ပရာသျှရာ ဆရာ၏ ၀ိသောတ္တရီ နည်းဖြင့် တွက်ပြီး၊ ဟောချက် ကို ဆုံးဖြတ်ရာတွင် ဇေမဏိ ရသေ့မူ ဖြစ်သော- အတ္တမာကရက၊ အမာတြကာရက နှင့် ဆုံးဖြတ်မှုတို့ကို လွန်ခဲ့သော နှစ်အတော်ကြာက ကျွန်တော့် အနေဖြင့် ကြုံတွေ့ ဘူးခဲ့ရပါသည်။ ထိုစဉ်က- ဒဿာ ဆိုသည်မှာ- ဒီလိုတွက်၍ ဒီလို ဟောရသည်ဟုပင် ထင်ခဲ့မိပြီး- ၄င်းတို့သည် မတူသော နည်း (၂) ခု ဖြစ်ကြောင်းနှင့်၊ နောက်ကွယ် သဘောထားချင်း မတူကြောင်း မသိခဲ့ရပါ။ ဇေမဏိ မူသည်- ဂြိုဟ်တို့၏ အမြင် ကို ဆုံးဖြတ်ရာ တွင်ပင် - အများနှင့် မတူ တမူထူးသော မူဖြစ်ပြီး- ဒဿာ စနစ်တွင် နက္ခတ်ကို မူတည်သော ၀ိသောတ္တရီ ဒဿာနှင့် လုံးဝ တူညီမှု မရှိပဲ- စရ ဒဿာ၊ ထိရ ဒဿာ၊ တြိဂေါဏ ဒဿာ စသဖြင့် များစွာသော ဒဿာ တို့ဖြင့် သုံးစွဲသည့် ကွဲပြားသော နည်းစနစ် ဖြစ်ပါသည်။ ထို့ကြောင့် ဒဿာ အဟော မတူရခြင်းမှာ မဆန်းပါ။ သို့သော်- ၀ိသောတ္တရီ နည်းဖြင့် တွက်ပြီး ဇေမဏိ မူနှင့် ဟောခြင်းကား- ခေါင်းပေါင်း- ပေါင်း တိုက်ပုံ ၀တ်ပြီး- ဂျင်းဘောင်းဘီ နှင့် ခုံဘိနပ် စီးထား သကဲ့သို့ လွန်စွာ ကရော်ကမယ် နိုင်သော အနေအထား ဖြစ်သော်လည်း- ကျွန်တော် ယခင်က မသိခဲ့ရပါ။

တစ်ဖန်- ဒဿာ ဆိုသည်မှာ- အနည်းဆုံး- ၃-ဆင့်ပိုင်းထားရာ- ဇာတာရှင်တွင် ထိုကာလ အတွင်း အဆိုးဖြစ်ပါက- ဆိုးသော ဒဿာပိုင်ရှင် တစ်ခုခု ကြောင့် ဟု တရားခံ အဖြစ် ဆုံးဖြတ်ချက် ချလိုက်ခြင်းမျိုး၊ ဂြိုဟ်ဆိုး ဟု ဆိုရာတွင်လည်း တစ်နည်း မဟုတ် တစ်နည်း ဖြင့် အဆိုး စာရင်းထဲ သွင်းပစ် လိုက်နိုင်သဖြင့် - ကျွန်တော့်အနေဖြင့် ဘာဆက် လုပ်ရ မည်နည်း ဟု လမ်းပျောက် လက်လျှော့ ခဲ့ရဘူးပါသည်။ ဇာတာရှင်၏ ဖြစ်ရပ်တွင် အကောင်း ဖြစ်မှန်း သိသော အခါ- စောစောက ဆိုးခဲ့သော ဂြိုဟ်တို့ကိုပင် တစ်ဘက်မှ လှည့်ပြီး- အကောင်းတွေး ကာ - ဒါကြောင့်ဟု ခပ်တည်တည် ဆုံးဖြတ်ခြင်း များကို ကြုံရ သောကြောင့်- လွန်စွာ စိတ်ပျက် ခဲ့ရဘူးပါသည်။ ယခု စာဖတ်သူသည် ဗေဒင် ပညာကို အတိုင်းအတာ တစ်ခု ယခင်က လေ့လာ ဘူးပါက- ထိုအခြေအနေ များကို မလွဲမသွေ ကြုံတွေ့ ခဲ့ရ ပါလိမ့်မည်။

တစ်ဖန် ယုဂ်ခေါ်- ထိုဂြိုဟ်နှင့် ဤဂြိုဟ် ပူးလျှင်- ဘာဖြစ်မည်၊ ဆိုသော ပုံသေ အဟော တို့တွင်လည်း- ယခင်က အခြားသော ဥပဒေသ များနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခြင်းမျိုး၊ ကောဇာ စန်းစီး တွင်လည်း - မည်သည့် ဂြိုဟ်စီးလျှင်- မည်သို့ မည်ပုံ ဖြစ်မည် ဆိုသော ဥပဒေသ များ- တစ်ခုနှင့် တစ်ခု ရှုပ်ထွေးခြင်းကို အကြိမ်များစွာပင် ဖြစ်စေ ပါတော့သည်။

အကယ်၍ ထိုဥပဒေသများ အားလုံးသာ မှန်နေပါက- ဗေဒင်ဆရာ မလိုတော့ပါ။ အားလုံးကို ကွန်ပျူတာထဲ ထည့် ပေးထားလိုက်လျှင်- အဖြေများ ချက်ချင်း ထွက်လာမည်သာ ဖြစ် ပါသည်။
အချို.သော ဟောချက်ပါသည့် ကွန်ပျူတာ ဆော့ဖ်ဝဲ များသည်- ပုံသေ ဟောချက် များကိုသာ ထည့်သွင်းထားနိုင်သဖြင့်- ဟောချက် ကိုသာ မတည်းဖြတ်ပဲ- Print လုပ်ခဲ့သော် - တစ်ခုက တောင်- တစ်ခုက မြောက် ဖြစ်သော ဟောချက်များ ဖြစ်နေသည်ကို အကြိမ် များစွာ တွေ့ရ တတ်ပါသည်။ ယခု အချိန်အထိ- အဆင့်အမြင့်ဆုံး၊ ကွန်ပျူတာ စနစ်ဖြင့် ပင်လျှင်- ရှေးကျမ်းတို့မှ မူကို ပုံသေသုံး၍ မှန်သော ဟောချက် ထွက်အောင် တိကျစွာ ဟောနိုင်သော ကွန်ပျူတာ ဆော့ဖ်ဝဲ မပေါ်သေးပါ။

အချို.သော နည်းများသည် - ဆရာ အနေဖြင့် တပည့်တို့အား အလွယ်ကျက်မှတ် နိုင်အောင် ပေးသော နည်းတိုများ ဖြစ်ပါသည်။ ထိုနည်းတိုကို ပေးသော ဆရာ အနေဖြင့်မူ- ထိုနည်းတို၏ အတိုင်းအတာ နှင့် မည်သည့် အချိန်တွင် သုံးစွဲရမည် ကို သိမည် ဖြစ်သော်လည်း- ထိုနည်းတိုကို မျက်စေ့ စုံမှိတ် ကျက်မှတ် ခဲ့သော တပည့် အတွက်မူ- ထိုနည်းသည် - သူ့အတွက် ထာဝရ ဥပဒေသ ကြီး ဖြစ်သွားပါတော့သည်။
နောက် တစ်ဆင့် အနေဖြင့် လည်း- ရှေးဟောင်း ပညာရပ်များတွင် လျှို.၀ှက် သဘော ရှိနေ ခြင်းကြောင့်- ဗုဒ္ဓဘာသာ သာသနာ တော်တွင် ကွဲလွဲမှုများကို ပြန်လည် စိစစ်၍၊ မူလ တရားတော် အနေအထားသို့ ပြန်လည် ထိမ်းသိမ်း နိုင်စေသည့် သင်္ဂါယနာ ပုံစံ ဖြင့် ပြန်လည် စိစစ်၍ မရပါပေ။ “ငါ့နည်းကသာ မူရင်း၊ ငါ့နည်းကသာ အမှန်” ဟူ၍ အငြင်းပွားမှု တို့ဖြင့်သာ အဆုံးသတ်သွား ပါလိမ့်မည်။ ထို့ထက် ပို၍ ဆိုးသည်မှာကား- မိမိဆရာ၏ ပညာကို မိမိ ကိုယ်တိုင် မည်မျှ နားလည် တတ်ကျွမ်းသည် ထက်- “မိမိ၏ ဆရာ မည်သူမည်ဝါ” ဆိုခြင်းက ပို၍ အရေးကြီး သကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။

ဤသို့ဖြင့်ပင်- ရှေးဟောင်း ပညာတို့သည် နောက်လူတို့ လက်ဝယ်သို့ ရောက်ရှိ လာသော်လည်း - မူရင်း အနှစ်သာရ မှ သွေဖီ လာခဲ့ပါတော့သည်။ ဤသည်ကိုပင်- “ဝေဒကျမ်း ၄-ပုံမှာ တစ်ပုံ ပျောက်သွားတယ်၊ ဒါကြောင့် ဗေဒင် မမှန် တော့တာ” ဟု အရပ်ပြော ပြောကြ ပါတော့သည်။

ထို့ကြောင့်- မည်သည့်နည်းကောင်းသည်- မည်သည့်နည်း မကောင်း ဆိုသည်ထက်- မိမိသုံးစွဲသောနည်းကို မိမိ ကိုယ်တိုင် မည်မျှ နားလည် သဘောပေါက် ကျွမ်းကျင်သနည်းက ပို၍ အရေးကြီးပါသည်။

မိမိသိရှိထားသော ဥပဒေသများကို ဆန်းစစ်နိုင်ရန် အတွက်- သုတေသန လုပ်ရန် လိုလာ ပါတော့သည်။
သုတေသန ပြုလုပ်ခြင်း။

မည်သည့် အကြောင်းကြောင့်- မည်သည့် ကိစ္စကိုပဲ သုတေသန လုပ်သည် ဖြစ်စေ- အောက်ပါ အချက်အလက်များနှင့် ပြည့်စုံရမည် ဖြစ်သည်။

  •  အချက်အလက် များ စုဆောင်းခြင်း၊
  • မိမိသုတေသန ပြုလိုသော အကြောင်းအရာ အတိအကျ သတ်မှတ်ခြင်း၊ (ဥပမာ- လပြည့် လကွယ်နှင့် စိတ္တဇ ဝေဒနာများ ဆက်စပ်များမှု စသည်ဖြင့်)
  •  မိမိ အသုံးပြုလိုသော နည်းစနစ်များ၊
  • ၄င်းနည်းစနစ်ကို အသုံးပြုရန် အတွက် ပြင်ဆင်ထားမှုများ။
အချက်အလက် များ စုဆောင်းခြင်း 

မိမိသုတေသန ပြုရန် အတွက် အချက်အလက်များကို ကြိုတင် ပြင်ဆင် စုဆောင်း ထားရပါမည်။ နက္ခတ် ဗေဒင်ကို သုတေသန ပြုလိုသူ တစ်ဦး အနေဖြင့်- မိမိ သုတေသန ခေါင်းစဉ် နှင့် ဆိုင်သော- ဇာတာရှင်တို့၏ မွေးနေ့၊ မွေးချိန်၊ မွေးရာ ဒေသ၊ ဖြစ်ပျက်မှုတို့ ဖြစ်ပေါ် ရာ ရက်စွဲများ ကို ဦးစွာ ရှာဖွေစုဆောင်းရပါမည်။ အကယ်၍ မိမိတွင် လုံလောက်သော၊ စိတ်ချ ရသော၊ ခိုင်မာ သော အချက်အလက်များ မရှိပါက- အချက်အလက်များ စုဆောင်းပေးသော အဖွဲ့အစည်းတို့ ထံမှ ၄င်းအချက်အလက် တို့ကို ၀ယ်ယူ ရမည် ဖြစ်သည်။ ယခု လက်ရှိအားဖြင့် နက္ခတ်ပညာ ရှင်များအတွက် Astrodatabank အချက်အလက် များစုဆောင်း ပေးသော အဖွဲ့ အစည်းဖြစ်သည်။
တစ်ဖန်- မိမိတွင် ရှိသော အချက်အလက်တို့သည်- အရေအတွက် နည်းနေပါက- ၄င်းကို ဆန်းစစ်ခြင်းမှ ရလာသော အဖြေ တို့သည်- အရေအတွက် များစွာမှ အဖြေတို့နှင့် ကွာခြား ပါလိမ့်မည်။ ဥပမာ- လမ်းပေါ် သွား၍ Survey လုပ်သည် ဆိုပါအံ့- မြို.လယ်ခေါင် တို့သွား၍ လူ (၁၀) ယောက်ကို အင်တာဗျူး လုပ်၍ အများစု မှ ရလာသော အမြင် တို့သည်- တစ်မြို. လုံးမှ လူ တို့ကို မေး၍ ရလာသော အမြင်တို့နှင့် တူမည် မဟုတ်ပေ။

မိမိသုတေသန ပြုလိုသော အကြောင်းအရာ အတိအကျ သတ်မှတ်ခြင်း

သုတေသန ပြုလိုသော အကြောင်းအရာ- တစ်နည်း အားဖြင့် သုတေသန စာတမ်း ခေါင်းစဉ်ကို တိကျစွာ သတ်မှတ်ပေးရန် လိုပါသည်။ ဥပမာ- အားဖြင့် ဇာတာရှင်တို့၏ အလုပ်အကိုင် ကို မူလ ဇာတာနှင့် ယှဉ်၍ သုတေသန ပြုနိုင်ရန် အတွက်- မိမိ သုံးသပ်သော သုတေသန တွင် ပါဝင်မည့် အလုပ်အကိုင်၏ အတွင်းသဘောကို နားလည်ထားရန် လိုပါသည်။ ဥပမာ အားဖြင့်- ဆရာဝန် ဆိုပါက- ဆရာဝန် ဘွဲ.ရသော်လည်း- ဆရာဝန် မလုပ်ကြသော ဆရာဝန်များ၊ ဆရာဝန် ဆိုပါကလည်း- ပုံမှန် G.P အနေဖြင့် တာဝန် ထမ်းဆောင် သော ဆရာဝန်လား၊ ခွဲစိတ် ဆရာဝန်လား၊ ဆေးကုသခြင်း အလုပ်များ သိပ်လုပ်စရာ မလိုပဲ- အုပ်ချုပ်မှု ပိုင်းကို လုပ်ဆောင်ရသော ဆရာဝန်လား၊ အင်ဂျင်နီယာ ဆိုပါက လည်း- စက်မှု အင်ဂျင် နီယာ တစ်မျိုးတည်း၌ ပင်လျှင်- စက်တို့ကို ပြုပြင်ရသူလား၊ စက်တို့ကို ဒီဇိုင်း ရေးဆွဲသူလား၊ စက်ရုံများ တည်ဆောက်ရေးတွင် တာဝန် ထမ်းဆောင် ရသူလား စသည်ဖြင့် ကွဲပြားစွာ ရှိသလို- ဂြိုဟ်တို့၏ အဓိပ္ပါယ်သည်လည်း ကွဲပြားစွာ ရောနှော ပေါင်းစပ်နေသဖြင့် - မိမိ ခေါင်းစဉ် အတွက် လိုအပ်သည်များကို အသေးစိတ် စုဆောင်း ပြင်ဆင် ထားရန် လိုအပ်ပါသည်။

မိမိ အသုံးပြုလိုသော နည်းစနစ်များ

မည်သည့် နည်းကို အသုံးပြု ဆန်းစစ်လိုသနည်း- ဥပမာ အနောက်တိုင်းနည်း သာယန ပုံစံ- အနောက်တိုင်း အမြင်ကို အသုံးပြုမည်လား၊ အရှေ.တိုင်းနည်း- နိယာယန ပုံစံဖြင့် အရှေ.တိုင်း အမြင်ကို အသုံးပြုမည်လား၊ တိကျစွာ သတ်မှတ်ထားရပါမည်။ ၄င်းနည်းစနစ်ကို အသုံးပြုရန် အတွက် ပြင်ဆင်ထားမှုများ။
သုတေသန လုပ်ရာတွင်- မိမိလုပ်လိုသည်မှာ-
  • Qualitative Research ခေါ် အရည်အချင်း ကို သုတေသန ပြုမည်လား၊
  • Quantitative Research ခေါ် အတိုင်းအတာ ပမာဏ ကို သုတေသန ပြုမည်လား၊ ဆိုသည်ကို ဦးစွာ ဆုံးဖြတ်ရပါမည်။
Qualitative Research ခေါ် အရည်အချင်း သုတေသန ပြုခြင်း

များသော အားဖြင့် နက္ခတ်ဆိုင်ရာ သုတေသန များသည် Qualitative Research ခေါ် အရည်အချင်း သုတေသန များဖြစ်၏။ ဆိုလိုသည်မှာ - မိမိ သိထားသော ဥပဒေသ အနေဖြင့် ကိုက်ညီမှု မှန်မမှန်ကို သုံးသပ် လေ့လာခြင်း ဖြစ်သည်။ ဥပမာ အားဖြင့်- မိဿလဂ် သမားတို့ အနေဖြင့် သတ္တိရှိသည် ဆိုသော အချက်ကို လေ့လာခြင်းမျိုးသည် Qualitative Research တွင် အကြုံးဝင်၏။
တစ်ဖန် သတ္တိရှိသော သူတို့သည် မည်သည့် လဂ်ပိုင်ရှင်များ ဖြစ်နေသနည်း ဆိုသော ကို လေ့လာခြင်း မျိုးဖြစ်နိုင် ပါသည်။ သို့သော်လည်း- ဤနည်းသည် အတိုင်းအတာ တစ်ခု အတွက်သာ အသုံးဝင်ပါသည်။ နက္ခတ် ပညာကို နားလည်ရေး အတွက် အသုံးတည့် ရုံမျှသာ ဖြစ်ပြီး- အထောက်အထား အနေဖြင့် သက်သေ ပြနိုင်ရန်မူ ဤနည်းသည် မလုံလောက်ပါ။ ထို့ကြောင့် Quantitative Research ခေါ် အတိုင်းအတာ ပမာဏ သုတေသန ပြုခြင်း ကို လုပ်ဆောင်ရန် လိုအပ်ပါ၏။

Quantitative Research ခေါ် အတိုင်းအတာ ပမာဏ သုတေသန ပြုခြင်း

ဤနည်းသည်ကား အလွန်စိတ်ဝင်စား ဘို့ကောင်းသော၊ အလွန်သဘာဝ ကျသော၊ အချက်အလက် ထောင်သောင်း ချီ၍ စုဆောင်းထားရန် လိုသော သုတေသန နည်းဖြစ်၏။ ကွန်ပျူတာ အထောက်အကူ မရှိပဲ လုံးဝ နီးပါး မဖြစ်နိုင်သော နည်းဖြစ်၏။ အဘယ့်ကြောင့် ဆိုသော အချက်အလက်ပေါင်း သောင်းနှင့် ချီ၍၊ တစ်ဖန် ၄င်းတို့ကို မူတည်ကာ ဥပဒေသများ ထည့်သွင်း လိုက်ပါက တွက်ချက်မှုပေါင်း သန်းပေါင်းများစွာ ဖြစ်လာခြင်းကြောင့် ဖြစ်သည်။
ဥပမာ- ဇာတာ တစ်စောင်တွင်- လဂ်၊ နှင့် ရာဟု၊ ကိတ် တို့ပါ ထည့်ပေါင်းသော်- ၁၀-ခု ရှိ၏။ ဂြိုဟ်တို့ မှ အပူးအမြင် လွှမ်းမိုးမှုသည် ပျမ်းမျှခြင်း- ဂြိုဟ်တစ်ခု ချင်းစီမှ အခြားသော လဂ်နှင့် ဂြိုဟ်များသို့ ပူးခြင်း မြင်ခြင်း တို့ ဖြစ်နိုင်ချေ- မည်မျှ ဖြစ်သွားမည်နည်း။ လူပေါင်း တစ်သောင်း ဆိုလျှင်- တွက်ချက်မှု မည်မျှ ဖြစ်သွားပါမည်နည်း။


အံစာတုံး တစ်လုံး အနေဖြင့် ၁-ကျနိုင်မှုသည် 1/6 ဖြစ်၏။ ၃-လုံးကို တစ်ပြိုင်တည်း လှိမ့်ပါက- စုစုပေါင်း ဖြစ်နိုင်ချေပေါင်း သည် ၃၆-ဖြစ်သွား ပြီး၊ အားလုံး အနေဖြင့် တစ်ပြိုင်တည်း ၁- ကျနိုင်မှုသည် 1/36 ဖြစ်သွား၏။ ဖြစ်နိုင်ချေ တို့ကို စဉ်းစားရာတွင်- ကျွန်တော်တို့သည် လူဆန်ဆန်- ပင် အလွယ်တကူ ဘက်လိုက် စဉ်းစား တတ်၏။ ဥပမာ- ထီထိုးသူ တစ်ယောက်သည်- အကြိမ် ၁၀၀-ရှုံးသော်လည်း- ၁-ခါ မျှ အနည်းငယ် ပေါက်ခြင်းကို- ထီပေါက်သည်ဟု မြင်သည်။ ရှုံးခဲ့သည်ကို မမြင်တော့။ ထိုသို့ကဲ့သို့ လူအများစု အနေဖြင့် မိမိကိုယ် မိမိ ကံကောင်းသည်- ဟု မြင်ထား၍ ဖြစ်နိုင်ချေကို ဥပက္ခာ ပြုတတ်ခြင်းကို အကြောင်းပြု၍- ဖြစ်နိုင်ချေဖြင့် တွက်ချက် ထားသော လောင်းကစားရုံများ၊ ထီလုပ်ငန်း ပိုင်ရှင်များသည် ဒေါ်လာ ဘီလျံပေါင်း များစွာ ချမ်းသာ သွားကြ၏။
ထိုနည်းတူပင်- အနောက်တိုင်း သာယန မူဖြင့် ဆိုပါက- မိဿလဂ်၊ ပြိဿ လဂ် စသည် ဖြင့် ၁၂-ရာသီ ခွင် ရှိရာ၊ လူတစ်ယောက် အနေဖြင့် မိဿလဂ် ဖြစ်နိုင်ချေသည် 1/12= 8.33% ရှိမည်ဟု ယူဆထားကြ၏။
သို့သော်- ကမ္ဘာ၏ တိမ်းစောင်းမှုကြောင့်- လူတစ်ယောက် အနေဖြင့် သက်ဆိုင်ရာ လဂ် တစ်ခုတွင် ဖြစ်နိုင်ချေမှာ ညီတူညီမျှ Equal chance မဟုတ်ပါချေ။ British Astrological Association ၏ တွေ့ရှိမှုများ အရ-


ဆိုပါစို့- အနောက်တိုင်း နက္ခတ် ပညာရှင် တစ်ယောက်သည် မွေးချိန်မှန်ကန်စွာ တွက်ချက် ထားသော ရာဇ၀တ်သား ၁၀၀၀-၏ ဇာတာကို လေ့လာပြီးနောက်- ထိုအနက်မှ လူ ၁၂၀-သည် တူ လဂ် ဖြစ်နေသည် ဆိုပါအံ့၊ သူ့အနေဖြင့် - ဤအချက်သည် ထူးခြားစွာ တွေ့ရှိမှုဟု ဆိုပါလျှင် မှန်ကန် ပါမည်လား။ ၁၂၀ / ၁၀၀၀ = ၁၂% ဖြစ်နေပြီး၊ သူသိထားသည်က ပုံမှန် တူ လဂ် ဖြစ်နိုင်ချေသည် ၁/ ၁၂ (x၁၀၀)= ၈.၃၃% ဖြစ်ရာ၊ သူအနေဖြင့် ရာဇ၀တ်သား တို့တွင် တူ လဂ် တို့က ပို၍ ဖြစ်တတ်သည် ဟု မှတ်ချက် ချခဲ့သော်- တက်တက်စင် မှားပါတော့သည်။

အဘယ့်ကြောင့် ဆိုသော်- လဂ်တို့တွင်- ပင်ကိုယ် အားဖြင့်ကိုက- တူ လဂ် ဖြစ်နိုင်ချေ က ပိုများ နေခြင်းကြောင့်- ၁၂% ဖြစ်နေခြင်းကြောင့် - သူအချိန်ကုန်ခံ တွက်ချက်ပြုလုပ်ခဲ့သော သုတေသန သည် အရာမရောက်သော အနေအထားသို့ ရောက်သွားပါ၏။

တစ်ဖန်- သုတေသီ တစ်ဦးသည် ကာလ ကြာမြင့်စွာ သုတေသန ပြုလုပ်ပြီးနောက်- ၄င်းသုတေ သန လုပ်သော ကိစ္စတွင် တနင်္ဂနွေ နှင့် ဗုဒ္ဓဟူး ပူးခြင်း ကို သမသတ် ဖြစ်ခြင်း ထက် အကြိမ်များစွာ တွေ့ရှိပြီးနောက်- ထူးခြားချက် တွေ့ပြီဟု မိမိကိုယ် မိမိ အထင်ကြီးသွား စရာ ရှိပါ၏။ အမှန်အားဖြင့် ဆိုသော် တနင်္ဂနွေ နှင့် ဗုဒ္ဓဟူး ပူးခြင်း သည် ၄င်းတို့ခြင်း- သမသတ် မြင်ခြင်း ထက် ဖြစ်နိုင်ချေ ၄-ဆများ သည်ကို သူမသိပါချေ။ အကျယ်ကို သိရှိလိုပါက- Mark Potternger ၏ Astrological Research Method: Volume 1, Astronomical Frequencies အခန်းတွင် လေ့လာနိုင်ပါသည်။

တစ်ဖန်- သုတေသီ တစ်ဦး အနေဖြင့်- နေကြတ်ခြင်း၊ လကြတ်ခြင်း တို့တွင်- ကမ္ဘာပေါ်တွင် ငလျင်ကြီးများ ဖြစ်ပေါ်တတ်သော အဆိုကို လေ့လာသုတေသန ပြုရာ တွင်လည်း- နေကြတ်သော ကာလဖြစ်သော်လည်း- ငလျင်မလှုပ်သော အခြေအနေ တို့ကို ပပစ်ပယ် သင့်ပါ။
အဘယ့်ကြောင့် ဆိုသော်- ပညာရပ် တစ်ခု၏ သဘောတရား အမှန်သည်- မှန်သော အဖြေများတွင် တစ်ဝက်သာ ရှိနေပြီး၊ အရေးပါသော အခြား တစ်ဝက်သည် မှားသော အဖြေများတွင် ရှိနေသောကြောင့် ဖြစ်သည်။

ဤနေရာတွင်- ကမ္ဘာပေါ်တွင်- အနောက်တိုင်းသား တို့က အရှေ.တိုင်းသား၏ ကိုယ်ခံပညာကို အထင်သေးထားကြချိန်တွင် မိမိကိုယ်ပိုင် နည်းပညာဖြင့်- ကမ္ဘာမှ တရုတ် ကွန်ဖူးကို သိအောင် အစွမ်းပြနိုင်ခဲ့သော ကွန်ဖူးဘုရင် ဘရုစ်လီ၏ စကားကို ကိုးကား လိုပါသည်။

“I fear not the man who has practiced 10000 kicks once, but I fear the man who has practiced one kick 10000 times”

“ကျွန်တော့် အနေနဲ့- ခြေကန်ချက် အမျိုးပေါင်း တစ်သောင်းကို ကျင့်ဘူးတဲ့ လူကို မကြောက်ဘူး၊ ဒါပေမယ့် ခြေကန်နည်း တစ်မျိုးတည်းကို အကြိမ် တစ်သောင်း ကျင့်တဲ့သူကို ကြောက်တယ်” ဟူ၍ ဖြစ်သည်။ (မှတ်ချက်- လူအများ မသိကြသော ဘရုစ်လီ ၏ လျှို.၀ှက် အကြောင်း ခြင်းရာ တို့နှင့် ဘရုစ်လီ၏ ဇာတာ သုံးသပ်ချက် ကို လမ်းသစ် စာပေမှ ထုတ်ဝေမည် ဖြစ်သော “လျှို.၀ှက်ချက်တို့သခင်၊ ကွန်ဖူးဘုရင်” စာအုပ်တွင် ဖတ်ရှုလေ့လာ နိုင်ပါသည်။)

အဘယ့်ကြောင့်ဆိုသော်- ခြေကန်ချက် တစ်မျိုးတည်းကို အကြိမ် တစ်သောင်း ကျင့်ခဲ့သူသည် သူ၏ ခြေကန်ချက်နှင့် ပါတ်သက်၍ ကောင်းစွာ သုတေသန ပြုထားပြီး၊ ချို.ယွင်းချက် တို့ကို ပြုပြင် မွန်းမံထားပြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

ဘရုစ်လီသည် ၀င်ချွန်း ပညာ၏ အခြေံသာသာ မျှသာ- ဆရာ ယစ်မန် ဆီမှ ရခဲ့ သော်လည်း- မိမိကိုယ်တိုင် စာအုပ်ပေါင်း ၂၀၀၀ ကျော်ဖတ်ရှုခြင်း၊ ယင်းတို့ကို မိမိ၏ မှတ်စု စာအုပ်တွင် ချရေးကာ- သုတေ သနပြုခြင်း တို့ဖြင့် - ၄င်း၏ ကိုယ်ပိုင် ပညာဖြစ်သော ဂျီကွမ်ဒို ကို တီထွင်ခဲ့သည်။
ဘရုစ်ပြောခဲ့သော စကားတစ်ခုရှိပါသည်။ ထိုစကားမှာ ”တကယ်လို. ဘုရားသခင်သာ လောကမှာ ရှိမယ်ဆိုယင်၊ သူဟာ ကိုယ့်ကိုယ် ထဲမှာပဲ ဖြစ်တယ်။”

မည်သည့် နည်းက ကောင်းသည်၊ မည်သည့်နည်းက မှန်သည် ဟု ငြင်းခုံကြမည့် အစား၊ မိမိနည်းကို သုတေသန ပြုစစ်ဆေးကာ- ပို၍ကောင်းအောင် ပြုပြင်မွမ်းမံခြင်းသည် အကောင်းဆုံး မဟုတ်ပါလော။
(နျူမာန် - မိုးတား)

1 comment:

Anonymous said...

a good post for research
thank a lot

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။