ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၂)


နိယာယန (အရှေ့တိုင်းသုံးစနစ်) နှင့် သာယန (အနောက်တိုင်းသုံးစနစ်) တို့ကွာခြားပုံ

မိဿရာသီဖွားများ၏ မွေးဖွားရာကာလသည် ဆရာစံဇာဏီဘို စာအုပ်များတွင် မတ်လ ၂၁ ၀န်ကျင်မှ ဧပြီလ ၂၁ ၀န်းကျင်ဖြစ်မည်။ သို့သော် မိဿရာသီဖွားများ၏ ကာလသည် ဧပြီ ၁၄ ၀န်းကျင်မှ မေ ၁၄ ၀န်းကျင်ကြားတွင် ရှိသည်ဟု ကြားမိသောအခါ လက်မခံနိုင်ဖြစ်ကြပေမည်။ ၄င်းကွာခြားပုံကို တတ်နိုင်သမျှ ကြိုးစားခွဲခြားပြပါဦးမည်။

ကမ္ဘာကို ဗဟိုပြု၍ ကောင်းကင်တစ်ခွင်ကို လှမ်းကြည့်လိုက်ပါက မိဿ၊ ပြိဿ၊ မေထုန် စသော ရာသီစက်ဝန်း ၁၂ ခုပေါ်နေသော (ကမ္ဘာမှ အဝေးဆုံး) ကြယ်စက်ဝန်းကြီးရှိသည်။ ထိုစက်ဝန်းကြီးကိုနောက်ခံပြု၍ မှတ်သားလာပါက တနင်္ဂနွေ(နေမင်း) အစ စနေ၊ နက်ပကျွန်း၊ ပလူတိုတိုင် နေနှင့်ဂြိုဟ်တို့သည် ထိုစက်ဝန်းလည်ပတ်မှုထက် မြန်ဆန်စွာ ဖြတ်သန်းကြသည်။ တစ်ခါတစ်ရံ ထိုစက်ဝန်းကို အရှေ့မှအနောက် အနောက်မှ အရှေ့ ဖြတ်သန်းကြသည်။ တောင်မြောက်လည်း ယိမ်းကြသည်။ သို့သော် ယေဘူယျအားဖြင့် တောင်မြောက်ဝန်ရိုးကိုဗဟိုပြုကာ အရှေ့အနောက်လည်နေသော ကမ္ဘာအတွက် ရာသီစက်ဝန်းနှင့် ကောင်းကင်ဂြိုဟ်တို့သည် အရှေ့အနောက်ရွေ့နေသည်ဟုသာ မြင်ရမည်ဖြစ်သည်။

၎င်းကောင်းကင်ဝတ္တုတို့အနက် နေမင်း(တနင်္ဂနွေ) နှင့် လမင်း(တနင်္လာ)တို့သည် မည်သည့်အခါမျှ နောက်ပြန်မသွားပါ။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသည် နေကို တသတ်မှတ်တည်းသော အမြန်နှုန်း၊ တစ်သတ်မှတ်တည်းသော လမ်းကြောင်းဖြင့်ပတ်နေပြီး၊ လမင်းသည်လည်း ကမ္ဘာကို ထိုသို့ပတ်နေခြင်းကြောင့်ဖြစ်သည်။ ၄င်းတို့သည် နှေးသွားခြင်း၊ မြန်သွားခြင်းလည်း မရှိပေ။ ထို့ကြောင့် ၄င်းတို့ကို အမှီပြုသော သတ်မှတ်မှုများ ပေါ်ပေါက်လာခဲ့ကြသည်။

နက္ခတ်စက်ဝန်းကို နေမင်း တစ်ပတ်ပတ်ရန် ယေဘူယျအားဖြင့် 365.25 ရက်ကြာသည်။ 0.25 ရက်အတွက် ရပ်ထပ်နှစ်များ ဖန်တီးပေးရသည်။ နက္ခတ်စက်ဝန်းကို လမင်း တစ်ပတ်ပတ်ရန် ယေဘူယျအားဖြင့် 29.5 ရက်ကြာသည်။ 0.5 အတွက် မစုံခြောက်လ စုံခြောက်လ ဖြစ်စေကာ၊ ယခုလတွင် ရက်စုံသောကြောင့် လဆန်း ၁၅ ရက် လပြည့်ကျော် ၁၅ ရက်၊ နောက်လတွင် ရက်မစုံသောကြောင့် လဆန်း ၁၅ ရက်၊ လပြည့်ကျော် ၁၄ ရက် စသည်ဖြင့် အလျော်ပေးရသည်။

လမင်း၏ ၁၂ လသည် ၃၅၄ ရက်သာရှိသဖြင့် နေ၏ 365.25နှင့်ညှိယူရန် ယေဘူယအားဖြင့် ၃ နှစ်တစ်ကြိမ်ခန့် ၀ါထပ်ခြင်းများ ပြုလုပ်ပေးရသည်။

နက္ခတ်ဗေဒင်တွင် ၁၂ ရာသီစက်ဝန်းတွင် တနင်္ဂနွေဖြတ်သန်းပုံအရ မိဿရာသီဖွား၊ ပြိဿရာသီဖွား စသည့်ရာသီဖွားဟောကိန်းများ ထုတ်ဖေါ်ခဲ့သလို၊ တနင်္လာဂြိုဟ်နှင့် တနင်္ဂနွေတို့ ကွာခြားပုံအရ စိတြလ၊ ဘိသက္ခလ၊ ဇေဠလအစရှိသဖြင့် လအဟောများ၊ တီထိအဟောများ၊ ယောဂအဟောများ၊ ကရိုဏ်းအဟောများအစရှိသဖြင့် များစွာဖေါ်ပြထားသည်။

ရာသီဖွား

ကောင်းကင်စက်ဝန်း ၁၂ စိပ်တွင် တနင်္ဂနွေတည်ပုံအရ ရာသီဖွားများဖြစ်လာသည်။ မိဿရာသီဖွားဆိုသည်မှာ မိဿရာသီတွင် တနင်္ဂနွေတည်နေသည်ကိုဖေါ်ပြသည်။ မိဿရာသီကို သတ်မှတ်ပုံတွင်ကား စနစ်နှစ်ခု ကွဲပြားသွားလေသည်။

(၁) ပထမစနစ် နက္ခတ်စက်ဝန်းကို မူတည်ကာ နှစ်အစ သတ်မှတ်သောစနစ် (သို့) နိယာယနစနစ် (သို့) အရှေ့တိုင်းသုံးစနစ်


အထက်ပါဇာတာခွင်မှာ 14.4.2011 နေ့လည် ၁ နာရီ ၃၄ မိနစ် ရန်ကုန်မြို့ကောင်းကင်တွင် တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီနှင့် မိဿရာသီကြား 0 ရာသီ 0 အင်သာ 0 လိတ္တာတွင် တည်နေသော သင်္ကြန်ကျချိန် ဇာတာဖြစ်သည်။ ထိုအချိန်တွင် နေရောင်ကို ထွင်းဖေါက်ကာ မြင်ရမည့်ကောင်းကင်မှာ အောက်ပါအတိုင်းဖြစ်သည်။


မိန်ရာသီ ၂၄ တွင် တည်ရှိသော ကြာသာပတေးမှ လွန်မြောက်ကာ မိဿရာသီ သိုးရုပ်ရှိရာ ဒေသအစပ်သို့ ကျရောက်လျှက်ရှိသည်။ ထိုနေရာမှစကာ မိဿရာသီ၊ ပြိဿရာသီ၊ မေထုန်ရာသီ အစရှိသဖြင့် ရေတွက်ခြင်းဖြစ်ပေသည်။

(၂) ဒုတိယစနစ် နေသွားလမ်းနှင့် အီကွေတာကိုမူတည်ကာ နှစ်အစ သတ်မှတ်သောစနစ် (သို့) သာယနစနစ် (သို့) အနောက်တိုင်းသုံးစနစ်


အထက်ပါပုံအရ 21.3.2011 နေ့ မနက် ၉ နာရီ ၄၅ မိနစ်တွင် ကမ္ဘာ့အီကွေတာနှင့် နေသွားလမ်းကြောင်းတို့ တစ်ထပ်တည်းကျကာ၊ အီကွေတာပေါ်တွင် အရိပ်မထွက်သော အချိန်ဖြစ်သည်။ အနောက်တိုင်းသည် ထိုနေ့မှစကာ ရာသီခွင်များကို ရေတွက်လေသည်။ 

နေမင်းသည် မိဿရာသီ (သိုးရုပ်) မှ ဝေးကွာလွန်းကာ မိန်ရာသီ (အလျှားလိုက်ငါး) ပေါ်တွင် ရပ်တည်နေသည်။ အီကွေတာပေါ်တည်သော်လည်း နက္ခတ်စက်ဝန်း ရာသီရုပ်များမှ သွေဖည်သည်ကို သတိပြုနိုင်သည်။ ထိုအချိန်၏ ဂြိုဟ်ရပ်တို့ပါ အရှေ့တိုင်းစနစ်အရ အောက်ပါအတိုင်းဖြစ်သည်။


အရှေ့တိုင်းစနစ်အရ တနင်္ဂနွေသည် မိန်ရာသီ ၆ အင်သာ ၂၅ လိတ္တာသာ ရှိသေးသည်။ မိဿအစမှ မိန် ၆ အင်သာ ၂၅ လိတ္တာကိုနှုတ်ပါက ၂၃.၅ အင်သာ(ဒီဂရီ) ရသည်။

မှတ်ချက်။   ။ ၂၃.၅ အင်သာမှာ ယေဘူယျသာဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အချိုးကျပြောင်းလဲနေသည်။ ပိုမိုတိကျသော အတိုင်းအတာကို နောက်ပို့စ်တွင် MOTAA သင်ခန်းစာများမှ ပြန်ညွှန်းပြန်ဖေါ်ပြမည်ဖြစ်သည်။

စနစ်နှစ်ခုအပေါ် ကျွန်တော့်အမြင်

အနောက်တိုင်းစနစ်သည် အီကွေတာနှင့် နေသွားလမ်းညှိကာထားသောကြောင့် ကမ္ဘာပေါ်သို့လွှမ်းလာမည့် မိုးလေ၀သနှင့် ဘေးအန္တရယ်များခန့်မှန်းရာတွင် တိကျနိုင်မည်ဟုထင်သည်။ အရှေ့တိုင်းစနစ်သည် ရာသီရုပ်များ၊ နက္ခတ်များကို အခြေခံသဖြင့် နက္ခတ်အဟော ရာသီအဟော စရိုက်သဘာဝများနှင့် ပိုမိုကိုက်ညီမည်ဟု ထင်မိပါသည်။

အဟောဝေဆာပုံ အနေဖြင့် အရှေ့တိုင်းစနစ်မှ ဟောစာတမ်းတစ်စုံနှင့် အနောက်တိုင်းစနစ်မှ ဟောစာတမ်းတစ်စုံတို့ ယှဉ်ထိုးဆုံးဖြတ်ကြည့်က သိသာမည်ဟုထင်ပါသည်။ အနောက်တိုင်းစနစ်သည် စရိုက်သဘာဝများကို ဦးစားပေးကာ၊ အရှေ့တိုင်းစနစ်သည် အကျိုးပေးများကို ဦးစားပေးသည်ဟု မြင်ပါသည်။ စရိုက်သဘာဝသည်ပင် အကျိုးပေးဖြစ်သလို၊ အကျိုးပေးသည်လည်း စရိုက်သဘာဝကို ထင်ဟပ်နေမည်သာဖြစ်ပါသည်။

အတွင်းတာရာ အပြင်တာရာ

ဓူဝံကြယ်ကို ဗဟိုထားကာ လှည့်ပတ်လျှက်ရှိသော ကြယ်များကို တာရာဟုခေါ်သည်။ ဓူဝံကြယ်နှင့် နီးစပ်လျှက်ရှိသော ကြေးမုံတာရာသည် ဓူဝံကြယ်အား ပတ်ခြံရံပုံကို

" နတ်ဘုံးဝင်းလျှံ၊ ကြယ်ဓူဝံလည်း၊ တရံမပြတ်၊ ကြေးမုံပတ်လျှက် " 

ဟူ၍ ရှေးဆရာတို့ ရေးဖွဲ့ခဲ့ကြပါသည်။

ဓူဝံကြယ်သည် ကြယ်တစ်လုံးတည်းမဟုတ်ဘဲ တစ်လုံးနှင့်တစ်လုံး ပတ်ခြာလည်လျှက်ရှိသော ငါးလုံးတွဲကြယ်ဖြစ်သည်။

ကမ္ဘာ့မြောက်ဝန်းရိုးရှိ ထိုဓူဝံကြယ်ကို ပတ်လျှက်ရှိသော ကြယ်စုကိုးခုရှိသည်။ ၄င်းကို အတွင်းတာရာကိုးပါးဟု ခေါ်သည်။ ၄င်းတို့မှာ
(၁) ကျီးတာရာ
(၂) ဟင်္သာတာရာ
(၃) ပုဇွန်တာရာ
(၄) ချိန်တာရာ
(၅) ဆံကျင်တာရာ
(၆) တံငါတာရာ
(၇) ဆင်တာရာ
(၈) မြင်းတာရာ
(၉) ဗျိုင်းတာရာ တို့ဖြစ်သည်။

ရှေးမူအရ အောက်ပါအတိုင်းဖြစ်သော်လည်း နက္ခတ်စက်ဝန်းမှာ ပြောင်းပြန်ဖြစ်နေသည်။

အထက်ပါပုံကို ပြန်လည် စီသော် အောက်ပါအတိုင်း တာရာများ၏ တည်ရာနယ်နိမိတ်ကိုရ၏။

ပုံဖေါ်ယူထားမှုမှာ အနောက်တိုင်းပုံဖေါ်မှုနှင့် ကွဲပြားသဖြင့် အောက်ပါအတိုင်း အနီးစပ်ဆုံး ယူဆထားပါသည်။ ပုဇွန်တာရာမှာ ကရကဋ်ရာသီပုံ ပုဇွန်လုံးနှင့် တစ်ခုတည်းဟုတ်မဟုတ် တိကျစွာ မသိရပါ။ မှန်းဆဖေါ်ပြပါသည်။


ရာသီရုပ်များကို ဆက်လက်ဖေါ်ပြပါမည်။ ရာသီရုပ်များမှာ မှတ်သားရလွယ်သဖြင့် တာရာများကို ရာသီရုပ်များမှ မြောက်ဘက်ယွန်းယွန်းဆီသို့ ကြည့်ကာ ပုံဖေါ်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။