ကောင်းကင်တစ်ခွင် မြင်ယှဉ်နက္ခတ် (၁)

 နက္ခတ်ဗေဒင်ဝါသနာပါသူ၊ လိုက်စားသူများအနေဖြင့် မိဿ၊ ပြိဿမှစသော မိန်အဆုံး ရာသီများ ကိုလည်းကောင်း၊ အာသာဝဏီမှစ၍ ရေ၀တီအဆုံး နက္ခတ် ၂၇ လုံး ကိုလည်းကောင်း၊ ဟင်္သာတာရာ၊ ကျီးတာရာမှအစ ပုဇွန်တာရာအဆုံး တာရာများ ကိုလည်းကောင်း သိမှတ်ဖူးကြပေမည်။ သို့သော်ကောင်းကင်တွင် အမှန်တကယ်မြင်ဖူးကြသူ ရှားပါးပါလိမ့်မည်။

အထက်ပါပုံမှာ N 21' 59" E 96'5' မန္တလေးမြို့မှ 15.8.2010 ည ၈ နာရီခွဲတွင် မြောက်အရပ်ကို လှမ်းမျှော်ကြည့်က မြင်ရမည့် ကောင်းကင်ခွင်ဖြစ်သည်။

အသုံးပြုထားသည့် software 42.88 MB ကို အောက်ပါလင့်တွင် ဒေါင်းနိုင်ပါသည်။  http://sourceforge.net/projects/stellarium/files/Stellarium-win32/0.10.5/stellarium-0.10.5.exe/download

အဆိုပါ software ကို လမ်းညွှန်သူကတော့ ကိုဝဏ္ဏကို http://kowunnako.blogspot.com ဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်တည်းက သိရှိခဲ့သော်လည်း ယခုမှသာ ဖေါ်ပြဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်မှမည်သည့်ဒေသ မည်သည့်အချိန်အတွက်မဆို အရှေ့အနောက်တောင်မြောက်သာမက၊ ကမ္ဘာကိုဖေါက်ထွင်းကာ အောက်မျက်နှာဆီသို့တိုင် ကြည့်ရှုနိုင်ပြီး၊ စိတ်ကြိုက် မြန်နှုန်းနဲ့ နက္ခတ်ဂြိုဟ်များ သွားလာပုံကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာတင်မကပဲ အခြားဂြိုဟ်များပေါ်ကပါ ကြည့်ရှုနိုင်အောင်လည်း ဖေါ်ပြထားပါတယ်။ အသုံးချ ကောင်းကင်မျဉ်းများနှင့်အတူ အနောက်တိုင်းပုံဖေါ်မှုသာမက အခြားစနစ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဒီဆော့ဖ်ဝဲလေးအတွက် ကိုဝဏ္ဏကို ကို ကျေးဇူးတင်ပါကြောင်း ဦးစွာဖေါ်ပြလိုပါသည်။ ဆော့ဖ်ဝဲအသုံးပြုပုံကိုပါ ပူးတွဲဖေါ်ပြသွားပါမည်။

၎င်းနောက် ဆရာမင်းသုဝဏ် ရေးသားသော မိုးပေါ်မှာ ကြယ်တစ်လုံးစာအုပ်ကိုလည်း ဖေါ်ထုတ်ကျေးဇူးတင်ရန်လိုပါသည်။ http://www.ziddu.com/download/2638356/moepawhmarkyaltalone.pdf.html မှာဒေါင်းနိုင်ပါသည်။ 3.06 MB သာ ရှိပါသည်။ အကယ်၍ ဤစာအုပ်ရှိမနေပါက အနောက်တိုင်းအခေါ်အဝေါ်များဖြင့် တည်ဆောက်ထားသော နက္ခတ်ရာသီ တာရာများကို နားလည်ဆက်စပ်ရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် ဆရာမင်းသုဝဏ်အားလည်း ကျေးဇူးတင်ပါသည်။

တာရာများ 

တာရာများတွင် ပဉ္စတာရာ၊ နက္ခတ်တရာ နှင့် ကြယ်တာရာ ဟူ၍ သုံးမျိုးရှိပါသည်။
(၁) ပဉ္စတာရာ
အလင်းရောင်မပေးနိုင်သော နေစကြ၀ဠာမှ (ကမ္ဘာဂြိုဟ်မှ တစ်ပါး) ဂြိုဟ် ၅ လုံးအားခေါ်ဆိုပါသည်။
အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသာပတေးဂြိုဟ်၊ သောကြာဂြိုဟ်နှင့် စနေဂြိုဟ်တို့ဖြစ်ပါသည်။

(၂) နက္ခတ်တာရာ
နေ့မွေးသူများအတွက် မနက်နေထွက်မှ ညနေနေ၀င်တိုင် နက္ခတ်နှင့် နီးကပ်၍ နက္ခတ်ဖြင့်ယူဆရသည်။ နေ၀င်မှ နေထွက်ဖြစ်သော အခြားကမ္ဘာတစ်ခြမ်းသည် မျက်မြင်မဟုတ်သောကြောင့် ၄င်းတို့ကို တာရာအဖြစ်ယူဆသည်။
ညမွေးသူများအတွက် နေ၀င်မှ နေထွက်သည် နက္ခတ်နှင့် နီးကပ်၍ နက္ခတ်ဖြင့်ယူဆပြီး၊ နေထွက်မှ နေ၀င်ဖြစ်သော အခြားကမ္ဘာတစ်ခြမ်းသည် မျက်စိဖြင့် မမြင်နိုင်သောကြောင့် ၄င်းတို့ကို တာရာအဖြစ်ယူဆသည်။
မှတ်ချက်။   ။ ဆိုလိုရင်းမှာ လက်ရှိအချိန်မြင်ရသော အထက်ကောင်းကင် ၁၈၀ အ၀န်းရှိ မျက်မြင် ကောင်းကင်အား နက္ခတ်ဟု ခေါ်ဆိုပြီး၊ မမြင်ရသော အခြားတစ်ခြမ်းကိုမူ အမည်အားဖြင့် တာရာဟု ခြုံလွှမ်းခေါ်ဟန်ရှိသည်။ သို့သော် နက္ခတ်နှင့် တာရာမှာ ကွဲပြားပါသေးသည်။ ဆက်လက်ဖေါ်ပြမည့်ခေါင်းစဉ်ငယ်တွင် ရှင်းလင်းသွားပါလိမ့်မည်။

(၃) ကြယ်တာရာ
ဥတ္တရယဉ်နှင့် ဒက္ခိဏယဉ်တို့၏ အပြင်ဘက်တွင် ခြံရံထားသော ကြယ်စုတို့ကို ခေါ်ဆိုသည်။ အတွင်းတာရာနှင့် အပြင်တာရာဟူ၍ ကွဲပြားသေးသည်။ နောက်ပို့စ်များတွင် အနီစပ်ဆုံးပုံများဖြင့် ဖေါ်ပြပေးပါမည်။

မှတ်ချက်။  ။ ဥတ္တရယဉ်သည် မြောက်ယဉ်စွန်းတန်း (မြောက်လတ္တီကျု ၂၃.၅ ဒီဂရီ မျဉ်း) ကိုခေါ်ဆိုပြီး၊ ဒက္ခိဏယဉ်သည် တောင်ယဉ်စွန်းတန်း (တောင်လတ္တီကျု ၂၃.၅ ဒီဂရီ မျဉ်း) ကိုခေါ်ဆိုသည်။ ၄င်းတို့အကြား အီကွေတာတစ်ဝိုက်သည် အရှေ့မှ အနောက်လည်နေကာ ၁၈၀ ဒီဂရီအ၀န်းပိုင်းဖြင့် ၁၂ ရာသီရုပ်မှ ၆ ရာသီကို မြင်နေရသည်။ မြောက်ဝန်ရိုးစွန်းမှ ယဉ်စွန်းတန်းကြား တွင်ကား ဤသို့မဟုတ်ပေ။ ၄င်းကို ဓူဝံကြယ်အကြောင်းဖေါ်ပြရာတွင် ရှင်းလင်းသွားမည်ဖြစ်သည်။ တောင်ဝန်ရိုးစွန်းကိုလည်း ၄င်းနှင့် ဆက်စပ်ဖေါ်ပြမည်ဖြစ်သည်။

ဓူဝံကြယ်

ဓူဝံကြယ်သည် အဘယ်ကြောင့် မြောက်အရပ်တွင် အမြဲတည်သနည်း။ ထိုမေးခွန်းကို ကိုယ်တိုင်မေးကာ ကိုယ်တိုင်ဖြေပါမည်။

ကမ္ဘာသည် မြောက်ဝန်ရိုးစွန်းနှင့် တောင်ဝန်ရိုးစွန်းကို ဆက်သွယ်သည့် မျဉ်းမှ ၂၃.၅ ဒီဂရီတိမ်းကာ လည်ပတ်လျှက်ရှိသည်။ ထိုသို့တိမ်းစောင်းကြောင်း သိနိုင်ပုံမှာ ကောင်းကင်ကြယ်များ လည်ပတ်ပုံအရဖြစ်သည်။ ကြယ်များလည်ပတ်သည်ဟုထင်ရခြင်းမှာ ကမ္ဘာလည်ခြင်းကြောင့်ပင်မဟုတ်ပါလော။

ဓူဝံကြယ်သည် ကမ္ဘာ့ဝန်ရိုးမျဉ်းကို ဆက်ဆွဲလိုက်ခြင်းကြောင့် ရှည်ထွက်လာသည့် မျဉ်းနှင့် တည့်ရာဒေသအနီးတွင်ရှိသောကြောင့်ဖြစ်သည်။ အောက်ပါ ပုံသုံးပုံကိုကြည့်ပါ။ ၃ နာရီခွဲအချိန်ကာလအတွင်း ပြောင်းလဲသွားကြပုံဖြစ်သည်။



အထက်ပါပုံများအရ ဓူဝံကြယ်တစ်ဝိုက် ကြယ်စုတို့သည် အရှေ့မှအနောက် ဓူဝံကြယ်ကိုဗဟိုပြုပတ်လျှက် ရှိသည်ကိုတွေ့ရမည်။ ထို့ကြောင့် ဓူဝံကြယ်သည် မြောက်အရပ်တွင် အမြဲတည်ခြင်းဖြစ်ပါသည်။


အထက်ပါပုံအရ တောင်ဝန်ရိုးစွန်းဝန်းကျင် ကြယ်များ၏ ဗဟိုသည်ကား အီကွေတာ ဒေသမှကြည့်လျှင် အမြဲမြင်တွေ့ရမည်မဟုတ်ပေ။ ကြည့်လိုပါက တောင်ယဉ်စွန်းတန်းဒေသသို့ သွားရောက်ကြည့်ရှုရမည်ဖြစ်ပေသည်။

ဇာတာတစ်ဆောင်၏ ကောင်းကင်ဂြိုဟ်နေ

အောက်ပါဂြိုဟ်နေများသည် အရှေ့တိုင်းစနစ် နိယာယန(မြန်မာနိုင်ငံသုံးစနစ်) အရ ဖွဲ့ထားသော ဇာတာတစ်ဆောင်မှ ဂြိုဟ်နေများဖြစ်သည်။ 3.1.0984 မနက် ၆ နာရီခွဲ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွက်ဖြစ်သည်။ ထို software မှ ပြဆိုမှုနှင့်ဇာတာကို တိုက်ဆိုင်စစ်ဆေးပြပါမည်။

 ၁ နွေ၊ ၂ လာ၊ ၄ဟူး၊ ၅တေး တို့ ဓနုရာသီ (လေးသမားရုပ်ဝန်းကျင်) တွင်တည်နေသည်ကို သတိပြုပါ။ ၅တေးမှ ၄ဟူးကြား အကွာအဝေးကိုလည်းကောင်း၊ ၁နွေ ၂လာကြားအကွာအဝေးကိုလည်းကောင်း မှန်းဆနိုင်ပါသည်။ Ecliptic ဆိုသော နေသွားလမ်းကြောင်းသည် ဆောင်းရာသီ ဇန်န၀ါရီလဖြစ်သောကြောင့် Equator မှ တောင်အရပ်ဆီ တိမ်းစောင်းနေသည်ကိုလည်းကောင်း သတိပြုနိုင်ပါသည်။

အဆိုပါဆော့ဖ်ဝဲအရ အရှေ့တိုင်းစနစ်သည် မျက်မြင်အတိုင်းတည်ဆောက်ထားကြောင်းသတိပြုနိုင်သည်။ အကယ်၍ ထိုအချိန်ကာလကို အနောက်တိုင်းသုံး သာယနအရ ဇာတာဖွဲ့ပါက ၁နွေ ၂လာ ၄ဟူး တို့
မကာရရာသီရုပ်ပေါ်တွင် တည်ရှိနေမည်ဖြစ်သည်။ ( သာယနရာသီအံသာကို အလိုရှိက နိယာယနကို ၂၃.၅ အင်သာစီလိုက်ပေါင်းရမည်ဖြစ်သည်။)


လဂ်ဂြိုဟ်

လဂ်ဂြိုဟ်သည် နေထွက်ရာ အရှေ့အရပ်ဟု ဖေါ်ပြခဲ့ပြီးဖြစ်သည်။ အထက်ပါပုံအရ နေထွက်ရာ အရှေ့ကို ရာသီစက်ဝန်းနှင့် ချိန်ထိုးပါက ဓနုတွင်မဟုတ် မကာရသာမက ကုမ်တွင်တည်သည်ဟု ထင်ရသည်။ ထိုသို့မဟုတ်ပါ။

ထိုဇာတာဖွဲ့ချိန် မနက် ၆ ခွဲသည် ဆောင်းတွင်းဖြစ်သည်နှင့်အညီ နေထွက်ချိန်နောက်ကျသဖြင့် ထိုအချိန်တွင် ပုံပါအတိုင်း နေလုံးမြင့်မနေပါ။ အရှေ့အရပ်သည် နေထွက်စအချိန်ဖြစ်သည်နှင့်အညီ နေမင်းတည်ရာ ဓနုရာသီအလယ်ပိုင်းသို့ လဂ်ဂြိုဟ်ညွှန်ပြရမည်ဖြစ်သည်။

အထက်ပါပုံ၏ 0' အမြင့်သဘောမှာ စက်လုံး၏တစ်ခြမ်းဖြစ်သည်နှင့်အညီ၊ အာကာသကို အပေါ်အောက်ခြမ်းထားသော၊ ကမ္ဘာကို ကြည့်လိုသည့်ဒေသပါသည့် အထက်ခြမ်းနှင့်၊ အခြားအောက်ခြမ်း ပိုင်းထားသော မျဉ်းတစ်ခုသာဖြစ်ကြောင်း ဆင်ခြင်ကြစေလိုပါသည်။

နောက်ပို့များတွင် နက္ခတ်များ တာရာများကို တတ်နိုင်သလောက်ကြိုးစားဖေါ်ပြသွားပါမည်။ အကြံဥာဏ်များကိုလည်း မျှော်လင့်လျှက်ရှိပါသည်။ အမှားထောက်ပြပါက ၀မ်းသာအားရ ပြင်ဆင်မှတ်သားရန် အဆင်သင့်ရှိပါသည်။

နက္ခတ်ပညာသည် လူသားအကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
3.12.2010

2 comments:

နျူမာန် (မိုးတား) said...

ကိုပခန်းရေ-
ခေါင်းစဉ် အမည်ပေးထားတာလေးကလည်း ကောင်း၊ ရေးထားတာလေးကလည်း- ကောင်းပါ့ဗျာ။ သာယန နဲ့ နိယာ ယန အံသာ ဇယားလေး ကိုပါ- lagna calculator-mm.xls ကနေ ဖေါ်ပြပေးလိုက်ယင် ပိုပြီးကောင်းမယ် ထင်ပါတယ်။
နျူမာန် (မိုးတား)

ကိုပခန်း said...

ဟုတ်ကဲ့ဆရာ ကျွန်တော်က ကွာခြားမှုကို 23.5 လို့ အလွယ်ဖေါ်ပြမိလိုက်ပါတယ်ဆရာ။ တိတိကျကျဖြစ်အောင် ဆရာရေးထားတဲ့အထဲကနေ ဆွဲယူ ပန်ညွှန်းပြီး ဖေါ်ပြလိုက်ပါမယ်ဆရာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။