အတိတ်ကိုပြန်ပြောင်းသတိရခြင်း (သို့) မဆန်းကြယ်သောအသစ်အဆန်းများ

ဒီနေ့တင်ပဲ ကိုညီမြတ်က cbox မှာရော Gmail မှာပါ မေးလာတာကြောင့် ဒီအကြောင်းကို ပိုစ့်တင်လိုက်ပါတယ်ခင်ဗျာ။
လူတော်တော်များများဟာ အဖြစ်အပျက် အသစ်တစ်ခုကြုံတိုင်း တစ်ချိန်ချိန်ကဖြစ်ဖူးသလို ကြုံဖူးသလို၊ သိပ်မထူးဆန်းတော့သလို ခံစားရတတ်ပါတယ်။ သူနဲ့ပတ်သတ်လို့ ကိုညီသစ်ပေးတဲ့ ဒီလင့်မှာ တော့ စိတ်ပညာရှုထောင့်က ရှင်းထားတာကို ဖတ်နိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်ကတော့ နက္ခတ်ဗေဒင် လက္ခာပိုင်းနဲ့ယှဉ်လို့ သိမှတ်သလောက်ရေးပြမှာဖြစ်ပါတယ်။
အဖြစ်အပျက်တစ်ခုမြင်လိုက်ရပြီး တစ်ချိန်က ဖြစ်ပျက်သလိုကြုံရတာဟာ မြင်လိုက်တဲ့မြင်ကွင်းပေါ်မှာ မူတည်ပေါ်လာတဲ့ မြင်စိတ်နောက်မှာ ဓမ္မာရုံဟောင်းတစ်ခုနဲ့ နှလုံးသည်းပွတ်တို့တိုက်လို့ ဖြစ်လာတဲ့ စိတ်ကိုပဲ ရှေးမှတ်ဉာဏ်ဟောင်းသဖွယ် ခံစားလို့ ပေါ်လာဟန်တူပါတယ်။

ဖြစ်နိုင်ခြေများတယ်လို့ မပြောနိုင်ပေမယ့် ကျွန်တော့်အတွေ့အကြုံအရ လူဝင်စားတွေလို့ ပြောပြသူတွေမှာ အဲလို အဖြစ်မျိုးခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်စဉ်အခါက ရွာနောက်ပိုင်းက ဘုန်းကြီးဂူကြီးကိုမြင်ရင် စိတ်တွေလေးလံလာပြီး ဒီမြင်ကွင်းကို မြင်ဖူးပါတယ်ဆိုတာမျိုးခံစားရပါတယ်။ နေ၀င်ချိန်မှာ တောထဲကို သွားလည်ချင်စိတ်တွေပေါက်ပြီး အဲဒီဂူနားရောက်သွားတတ်ပါတယ်။ ဂူကြီးက လူ့တစ်ရပ်ခန့်ရှိတဲ့ ဘုန်းကြီးဂူကြီးဖြစ်ပါတယ်။ ဂူကြီးကို ကြည့်ပြီးငိုချင် လွမ်းချင်စိတ်တွေပေါက်လာပါတယ်။


ငယ်စဉ်ကလေးဘ၀မှာ အိပ်ယာဝင်ခါနီးတိုင်း မိမိကိုယ်ကို သေတော့မယ့်လူတစ်ယောက်လို ကုတင်လေးတစ်ခုပေါ်မှာ မလှုပ်မယှက်လေးရှိနေတာကို သတိရတတ်ပါတယ်။ ထို့အတူ မလှုပ်မိပဲလည်း ဒီတိုင်းငြိမ်လျှက်တွေးနေမိတာတွေဖြစ်တတ်ပါတယ်။ ထိုအတွေးများနဲ့အတူ အသက် ၂၀ အရွယ်ရောက်စဉ်တုန်းက ညအိပ်ခါနီးမှာ လက်ဖမိုးတွေ အသားတွေ ပွက်ထတယ်လို့မြင်မိတာမျိုးဖြစ်ခဲ့ပါသေးတယ်။ စိတ်ဝင်စားယုံမှလွဲ၍ ထူးခြားဆန်းကြယ်မတွေးမိပါ။ ကျွန်တော့်ဖခင်ရဲ့ ညွှန်းကြားမှုအရ ရှေးအတိတ်ကို စိတ်ဇောမ၀င်ဖြစ်ဖို့ ကြိုးစားခဲ့ရဖူးပါတယ်။


ဒါတွေဟာ မဝေးသော အတိတ်တစ်ခုဆီမှ အဖြစ်ပျက် တစ်ပိုင်းတစ်စများကို မှတ်မိနေဟန်ရှိတယ်လို့ ယူဆပါတယ်။

  • နက္ခတ်ဗေဒင်အရ
နက္ခတ်ဗေဒင်ပညာအရ သေခြင်းတရား ၈ တန့်အိမ်ရှင်နဲ့ လဂ်သခင်ဆက်သွယ်သူတွေဟာ သေခြင်းတရားကို တွေးမိနေသူ သေခြင်းတရားကို မကြောက်လွန်းသူနဲ့ အကြောက်လွန်းသူတွေ ဖြစ်ကြတယ်လို့ မှတ်သားဖူးပါတယ်။
တဖန် ပျက်စီးလေလွင့်ခြင်းနဲ့သဘာဝနယ်လွန်ဆိုင်ရာ ၁၂ တန့်အိမ်ရှင်နဲ့ လဂ်သခင်တို့ ဆက်သွယ်သူတွေဟာ ပရလောကနဲ့ ဆက်စပ်သူ၊ အတွေးဆန်းတွေပေါ်သူရယ်လို့မှတ်သားဖူးပါတယ်။
တဖန် ၈ဟုနှင့် ၉ကိတ်ဂြိုလ်တို့ဟာ ၁၂ တန့်နဲ့ဆက်သွယ်ရင် (သို့) ၁၂ တန့်မှာတည်ခြင်းတို့ဟာလည်း သိပ္ပံနယ်လွန်၊ သဘာဝနယ်လွန် အတွေးများကို ဖြစ်စေတယ်လို့ မှတ်သားဖူးပါတယ်။
ဆရာဝေသာလီမောင်ဖုန်းဆီမှ မှတ်သာချက်အရ ၂လာဂြိုလ်နှင့် ၀နေဂြိုလ်တို့ဆက်သွယ်ပါကလည်း ပါရလောကကို မြင်စွမ်းသည်ဟု မှတ်သားဖူးကြောင်းပါ ထပ်တိုးတင်ပြလိုက်ပါတယ်။


  • လက္ခဏာပညာအရ
လက္ခဏာအတွင်းမှာ ကမ္ဘီရကြက်ခြေပါသူတွေမှာ ထိုသို့ ရှေးအဖြစ်အပျက်များကို မှတ်မိစေတယ်လို့ဆိုပါတယ်။ ကမ္ဘီရကြက်ခြေဟာ ကျွန်တော်မှတ်သားမိသလောက် အိမ်ထောင်ရေးလမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းကြားမှာရှိပြီး၊ လက်မဖက်ကိုဖြစ်စေ၊ အလယ်မှာဖြစ်စေ၊ လက်ဖမိုးနားကပ်လျှက်ဖြစ်စေ ပုံစံမျိုးစုံတည်နိုင်ပါတယ်။ သို့သော် အောင်မြင်ရေးလမ်းကြောင်းနှင့် ဉာဏ်လမ်းကြောင်းမှ အိမ်ထောင်ရေးလမ်းကြောင်းဆီ ထိုးတက်သော လမ်းကြောင်းများဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဖြစ်စေရလို့လည်း မှတ်သားဖူးပါတယ်။ ကမ္ဘီရကြက်ခြေဟာ လမ်းကြောင်းများ ပေါင်းခြင်းမဟုတ်ဘဲ သီးသန့်တည်ရမှာဖြစ်ပြီး၊ ထူးခြားအမှတ်အသားများ၏ ထုံးစံအရ တစ်လက္မအ၀န်းအ၀ိုင်းကို မကျော်စေရ စသည်ဖြင့် ပြီးပြည့်စုံရမယ်လို့ မှတ်သားရဖူးပါတယ်။

အထူးသဖြင့် အသက်လမ်းကြောင်းဟာ လက်ဖမိုးဆီကို ဆင်းရာမှာ အမြစ်များ ခွဲခွာမွှာဆင်းသူတွေဟာလည်း လူ့လောကနှင့် မဝေးလှသော ရှေးဘ၀များမှ ဖြစ်စဉ်များနှင့်ဆက်နွယ်ခြင်းစသော ထူးခြားမှုများ ဖြစ်စေတတ်လို့ မှတ်သားဖူးပါတယ်ခင်ဗျာ။

လေ့လာစရာအဖြစ် ထိုသို့ အတွေးများပေါ်ပေါက်နေ့သည့် ဇာတာ ၂ စောင်ကို နက္ခတ်ဗေဒင်ဝါသနာပါသူများလေ့လာနိုင်အောင် တင်ပြလိုက်ပါတယ်။

နမူနာဇာတာ(၁)
အထက်ပါဇာတာရှင်ဟာ သူ့ဖခင်၏ သူငယ်ချင်းကို ၀င်စားသည်ဟု ယူဆဖွယ်ရှိပြီး၊ ထိုသူ့ဖခင်သူငယ်ချင်းသေဆုံးစဉ်က ဒဏ်ရာပုံအတိုင်း ဇာတာရှင်ဗိုက်တွင် ကြည်ဖေါက်ရာနဲ့ ထွက်ရာတို့ပါ မွေးရာပါအဖြစ်ပါလာပါတယ်။
၁၂ တန့်ရပ် ၉ ကိတ်ဂြိုလ်က အတွေးဆန်းများကိုဖြစ်စေပါတယ်။
၁၂ တန့်သခင် ၁ တန့်ရပ်ခြင်းက ရှေးအတိတ်ကာလ အကျိုးများနှင့်များစွာဆက်စပ်စေပါတယ်။
ဝမ်းဗိုက်နှင့်ဆင်တူသော ၅ တန့်မှာ အတိုက်အခိုက်သဘာဝ ၃ င်္ဂါနဲ့ပူးပြီး အကြိတ်အခဲဖြစ်စေတဲ့ ၀ နေ အိမ်မှာရပ်တာကလည်း သတိမူစရာဖြစ်ပါတယ်။ ၈တန့်အိမ်ရှင် လဂ်မှာပူးတာကလည်း အထက်ပါအချက်အလက်တွေကို ခိုင်မာစေပါတယ်။ လက္ခဏာမှာ လက်ဖမိုးဖက်အသက်လမ်းကြောင်းအဆုံးဟာ ပြတ်တောင်းနေပြီး၊ အရံလမ်းကြောင်းတစ်ခုက ထူထဲစွာ အမြစ်တွယ်လျှက်ရှိပါတယ်။

နမူနာဇာတာ(၂)

အပေါ်ကဇာတာနည်းတူ ၁၂ တန့်ရပ် ၉ကိတ်၊ လဂ်နှင့်ပူးသော ၄ တန့် ၇ တန့် ၈ တန့် ၉ တန့် ၁၀ တန့် အိမ်ရှင်များ၊ ၂ လာ အပါအ၀င် ထိုအိမ်ရှင်များကို ၀ နေမြင်ခြင်း စသည်တို့က အဆိုပါ အတွေးဆန်းများ ပေါ်ပေါက်စေမယ်လို့ လေ့လာသုံးသပ်နိုင်မည် ထင်ပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျာ။ ဇာတာရှင်ရဲ့ လက္ခဏာမှာ အသက်လမ်းကြောင်းဟာ အမြစ်များမွှာဆင်းပြီး သောကြာဂြိုလ်ခုံကို ကွေ့ဝိုက်ရစ်ခွေ ပတ်ရံလျှက်ရှိပါတယ်။

အမှားပါက ခွင့်လွှတ်နိုင်ပါစေကြောင်း ...
ကိုပခန်း

4 comments:

demonhalo said...

ကျေူဇူးအရမ်းတင်ပါတယ် ဗျို့ .. စိတ်ပညာရှူထောင့် ရော .. နက္ခတ်ရှူထောင့်လေးပါ .. တင်ပြထားပေးတဲ့အတွက် .. နားမလည်တာလေးတွေကို သေချာရှင်းပြပေးတဲ့အတွက်ပါ ..

လိုင် said...

ကြုံဘူးပါတယ်
မြို့တမြို့ကို ပထမဆုံးအကြိမ်ရောက်ဘူးပေမယ့်
ဒီနေရာကိုအရင်ကရောက်ဘူးသလိုခံစားရတယ်
နေရာတွေကိုလည်းမှတ်မိနေတယ်
အတော်ဆန်းကြယ်တယ်။

ကိုပခန်း said...

ဗုဒ္ဓဘာသာ အယူအဆအရ မကြုံဖူးတဲ့ မြင်ကွင်း၊ မကြားဖူးတဲ့ အသံ၊ မနံဖူးတဲ့ အနံ့မရှိပါဘူးတဲ့။ အစမထင် သံသရာတစ်ခွင်မှာ ကြုံဖူးကြသည်ချည်းမို့ တိုက်ဆိုင်လေတိုင်း အမှတ်ရတတ်ပါသတဲ့။ မဂ်ဖိုလ်တရားလိုအရသာမျိုးကတော့ ဘယ်တုန်းကမှ မကြုံဖူးခဲ့တာမျိုးကြောင့် ခံစားလိုက်ရတာနဲ့ ထူးကဲလှမှန်းတန်းသိပါသတဲ့ခင်ဗျာ။
မဆန်းကြယ်သော အသစ်အဆန်းများမှသည် ဆန်းကြယ်သော အသစ်အဆန်းသို့ ကူးပြောင်းရှာဖွေကြပါစို့ခင်ဗျာ။

ကိုပခန်း

Anonymous said...

လောကမှာမမြင်နိုင်တာတွေက အများကြီးပါဗျာ။ကိုယ်တွေ့ကြုံမှသိနိုင်တာကလည်းအများကြီးပါ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။