ဗေဒင်ပညာအပေါ် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင်

အောက်ပါအကြောင်းအရာများကို ဦးဆန်းလွင်(ရှင်အာဒိစ္စရံသီ) ဘာသာပြန်ဆိုသော "ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက" အမည်ရ စာအုပ်မှ အခန်း ၁၇ "ကြိုတင်နိမိတ်ဖတ်ခြင်းနှင့် အိပ်မက်များ" အပိုင်း ၁ "ဗေဒင်နှင့် နက္ခတ္တဗေဒ" မှ "ဗေဒင်ပညာအပေါ် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင်" ခေါင်းစဉ်ရ အပိုင်းကို ကူးယူဖေါ်ပြလိုက်ပါသည်။

မူရင်းရေးသားသူမှာ Ven. Dr. K. Sri Dhammananda ဒေါက်တာကေ၊ သီရိဓမ္မနန္ဒ ဖြစ်သည်။ ၂၀၀၁ ခုတွင် မြန်မာနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကိုလည်းကောင်း၊ ထိုင်းတက္ကသိုလ်တစ်ခုနှင့် သီရိလင်္ကာတက္ကသိုလ်တစ်ခုမှ ပါရဂူဘွဲ့ (Ph.D) ဘွဲ့များအသီးသီး ဆက်ကပ်ခြင်းခံရသော ဆရာတော်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ကျမ်း ၅၅ ကျမ်းမျှ ရေးသားသာသနာပြုခဲ့သူဖြစ်သည်ဟု ဖေါ်ပြပါရှိပါသည်။

ဗေဒင်ပညာအပေါ် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင်

လူတွေသိချင် မေးချင်ကြတဲ့ မေးခွန်းက ဗုဒ္ဓဘာသာသည် ဗေဒင်ပညာကို လက်ခံသလား၊ ပယ်သလားဆိုတာ ဖြစ်တယ်။ အတိအကျပြောရရင် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ဤကိစ္စနှင့် စပ်၍ တစ်စုံတစ်ရာ တိုက်ရိုက် ဟောထားခြင်းမျိုးတော့ မရှိပါ။ ဘာ့ကြောင့်လဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ သဘောတရားမှာ အခြားကိစ္စများနှင့် မဂ်ဖိုလ်ကြောင်း အထောက်အပံ့ မဖြစ်တဲ့ ကိစ္စကို ထည့်သွင်း စဉ်းစားလိုခြင်းမရှိသလို ဗေဒင်ဟာလည်း အရိယာစခန်း၊ အရိယာလမ်းအတွက် အထောက်အပံ့ မဖြစ်လို့ မဟောတာပဲ ဖြစ်သင့်ပါတယ်။

ဗုဒ္ဓဘာသာသည်လည်း အခြားဘာသာ အယူဝါဒများလိုပင် ဗေဒင်ပညာကို ပြစ်တင်ရှုတ်ချခြင်း မပြုပါ။ လူတွေအနေနဲ့ မိမိတို့ရဲ့ အသိဥာဏ်ကို မိမိတို့ရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လွတ်လပ်လပ် သုံးလို့ရပါတယ်။ သို့သော် မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်များကို ကျွန်ုပ်တို့အနေနဲ့ စေ့စေ့စပ်စပ် ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင်တော့ ကျွန်ုပ်တို့အနေနဲ့ ဗေဒင်ပညာကို သင့်တင့်လျှောက်ပတ်စွာ ပညာသားပါပါ နားလည်တတ်ရင်တော့ အသုံးဝင်တဲ့ ပညာရပ်တစ်ခုအဖြစ် လက်ခံနိုင်လာပါလိမ့်မယ်။

လူသားများအနေနဲ့ ဘာဝနှင့် စကြ၀ဠာ လောကကြီးရဲ့ အမူအကျင့်တွေကြားမှာ နီးနီးကပ်ကပ် ဆက်စပ်မှုရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ စိတ်ဖေါက်ပြန်သူများနှင့် စိတ်မမှန်သူများ ကြားမှာ ဒီအချက်ကို ပိုပြီးတွေ့ရပါတယ်။ ဥပမာ ရင်ကျပ်ပန်းနာ ရောဂါသည်များဟာ လကွယ်ညများမှာ ရောဂါတိုးတတ်တယ်။ ဒါဆိုဆို လူသားတွေအပေါ်မှာ အခြားဂြိုဟ်များရဲ့ သြဇာ သက်ရောက်မှုတွေလည်း ရှိနိုင်တာပဲဆိုတာ ယုံကြည်ဖို့အတွက် လုံလောက်တဲ့ အကြောင်းရှိတယ်လို့ ဆိုသင့်ပါတယ်။

ဗုဒ္ဓဘာသာက ကြီးမားတဲ့ စကြာဠာ စွမ်းအားကြီးတစ်ခုရှိတယ်။ ဒီစွမ်းအားကြီးက ဂြိုဟ်နက္ခတ်တာရာတွေကိုရော၊ သက်ရှိသတ္တ၀ါတွေကိုရော ဆွဲထားတယ်ဆိုတာကို လက်ခံတယ်။ ဒီစကြ၀ဠာရဲ့ ဆွဲအားကြီးနဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ ကံသတ္တိက လူတစ်ယောက် ဘ၀ဖြစ်စဉ်ကို အဆုံးအဖြတ်ပေးတယ်။

လူသားတစ်ယောက်မွေးဖွားလာတာဟာ ဘ၀ကို စတင်ဖန်ဆင်းတာ မဟုတ်ပါ။ ဒါက သူဖြစ်လာခဲ့ပြီးတဲ့ ဘ၀များရဲ့ ဆက်လက်ဖြစ်ပေါ်ပုံ တစ်ခုသာဖြစ်တယ်။ သူ့မှာ ကံသတ္တိတွေရှိနေသမျှ ဒီပုဂ္ဂိုဟ်ဟာ ဘ၀တွေ ဆက်ကာဆက်ကာ နောင်အခါလည်း ဖြစ်နေဦးမှာသာ ဖြစ်တယ်။ ယခုအသစ် ဖြစ်လာတဲ့ ဘ၀မှာ မိမိရဲ့ ဘ၀ကို ဖေါ်ဆောင်ဖို့အတွက် ဥတု၊ ဗီဇ စတဲ့ သဘာဝနိယာမတွေကို ဖြည့်ဆည်းရဦးမှာပဲ ဖြစ်တယ်။ ဒီဘ၀ ဖြစ်စဉ်မှာ အထောက်အပံ့ပြုတဲ့ စိတ္တနိယာမ စိတ်စွမ်းအင်လည်း ရှိတယ်။ ကံသတ္တိ၊ ကံစွမ်းအင်လည်း ရှိသေးတယ်။ ဒီ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားတွေဟာ တစ်ခုကိုတစ်ခု အပြန်အလှန်အားဖြင့် အမှီသဟဲ အထောက်အပံ့ပြုနေကြတယ်။ ဒါ့ကြောင့် လူ့ဘ၀မှာ အပြောင်းအလဲတွေ အမျိုးမျိုးဖြစ်ပေါ်နေကြရတာ ဖြစ်တယ်။

ဗေဒင်ပညာရှင်တွေရဲ့ အယူအဆအရ လူတစ်ယောက် မွေးဖွားလာတဲ့အချိန်ကို စကြ၀ဠာစွမ်းအင်နှင့် ပုဂ္ဂိုလ်ရဲ့ ကံစွမ်းအင်တွေက ကြိုတင်ပြဌာန်းတယ်လို့ ယူဆတယ်။ ဒါ့ကြောင့် ဘ၀ဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ဘူးလို့ ယူဆနိုင်တယ်။ ဘ၀ဖြစ်တည်လာတာဟာ သတ္တ၀ါရဲ့ ကံသတ္တိနှင့် စကြ၀ဠာစွမ်းအားတို့အကြား အပြန်အလှန်ကျေးဇူးပြုမှုရဲ့ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဆိုသင့်တယ်။ လူသားတစ်ဦးရဲ့ ဘ၀လမ်းကြောင်းသည်လည်း ကြိုတင် စီမံထားတဲ့ သဘောမျိုးရှိတယ်။ ဘာက ကြိုတင်စီမံထားသလဲဆိုတော့ ဒီပုဂ္ဂိုလ်ရဲ့ အတိတ်ကပြုခဲ့တဲ့ ကံသတ္တိတွေနဲ့ သူ့အပေါ်မှာ သက်ရောက်မှုရှိတဲ့ စကြ၀ဠာ စွမ်းအားများရဲ့ သက်ရောက်မှုများပဲ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်ရဲ့ ဘ၀ဖြစ်ပေါ်ပုံ ဖြစ်စဉ်ကို ထိန်းချုပ်ပြုပြင် အုပ်စိုးသွားပါတော့တယ်။

ဒါဟာ စတင်မွေးဖွားတဲ့ အချိန်ကစပြီး ဖြစ်တာပါ။ ဇာတာဆိုတဲ့ သဘောဟာ ဒါကိုပြောတာပါ။ ကျွမ်းကျင်လိမ္မာတဲ့ ဗေဒင်ပညာရှင်ဟာ စကြ၀ဠာ စွမ်းအင်နှင့် ကံသတ္တိတို့ရဲ့ သြဇာ သက်ရောက်မှု သဘောကို နားလည်သူဖြစ်သည့် အလျှောက် လူတစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ဇယားချကြည့်လို့ရတယ်။ မွေးဖွားချိန်အပေါ်တည်ပြီး ဒါကို တွက်ချက်လို့ ရတယ်။

တစ်ကြောင်းထောက်ပြီးပြောရရင် ကျွန်ုပ်တို့ဟာ ကံသတ္တိနှင့် စကြ၀ဠာ စွမ်းအားများရဲ့ ပြုပြင်သလို ခံကြရသလို မြတ်ဗုဒ္ဓက ဒီလို ကံနှင့်နက္ခတ်တို့ရဲ့ သြဇာ သက်ရောက်မှုတွေ ပြုသမျှ နုကြရတဲ့ အဖြစ်က လွတ်မြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းကိုလည်း ဟောကြားတော်မူတယ်။

ကံသတ္တိ၊ ကံစွမ်းအင် အားလုံးကို ဘ၀င် စိတ်မှာ သိုမှီးထားတယ်။ ဒီအထဲမှာ စင်ကြယ်တာတွေရော၊ မစင်ကြယ်တာတွေရော ပါတယ်။ ကံသတ္တိတွေ၊ ကံစွမ်းအင်တွေက လူသားရဲ့ ဘ၀ကြမ္မာအပေါ် သြဇာလွှမ်းမိုးနေတာ ဖြစ်တဲ့အတွက် လူသားသည် မိမိစိတ်ထဲမှာရှိတဲ့ မကောင်းမှု အကုသိုလ် စိတ်တွေ၊ မစင်ကြယ်တဲ့ လွှမ်းမိုးမှုတွေကို ဆန့်ကျင်ငြင်းပယ်ပြီး မိမိရဲ့ စိတ်ကို စင်ကြယ်အောင် ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်တယ်။ လူဟာ မိမိရဲ့ စိတ်အစဉ်ကို စင်ကြယ်အောင် သုတ်သင်ပြီး၊ ဘ၀င်စိတ်ထဲမှာရှိတဲ့ ကံသတ္တိတွေကို ဖယ်ရှားသုတ်သင်ခြင်းဖြင့် ဇာတိ တစ်ဖန် ပြန်၍ ပဋိသန္ဓေနေရခြင်း ကင်းအောင် ဆောင်ရွက်နိုင်တယ်။

နောက်ထပ် ဇာတိပဋိသန္ဓေ မနေရတော့ဘူးဆိုရင် နောက်ထပ်ဖြစ်ဖွယ်ရှိတဲ့ ဘ၀ဖြစ်တည်မှုလည်း မရှိတော့တဲ့အတွက် နောင်အနာဂတ်မှာ ဘာတွေဖြစ်ဦးမယ်၊ ဘာတွေ အကောင်းအဆိုး ကြုံကြရဦးမယ်ဆိုတဲ့ ဇာတာကိုလည်း တွက်ချက်နိုင်ဖို့ ကြိုတင်ဟောကြားနိုင်ဖို့အကြောင်း မရှိတော့ပါ။ အဲဒီလို ဥာဏ်အဆင့်မြင့်တဲ့ အခြေအနေကို ဖွံဖြိုးတိုးတက် ရောက်ရှိသွားတဲ့အခါ ထိုပုဂ္ဂိုလ်အဖို့ မိမိရဲ့ ဘ၀ ကြမ္မာကို ကြိုတင်သိနေဖို့လည်း မလိုအပ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခါကျရင် ဘ၀ရဲ့ ချွတ်ယွင်းချက်တွေ မနှစ်သက်ဖွယ် ဘ၀ ဆင်းရဲတွေကိုလည်း ပယ်ရှင်းပြီး ဖြစ်လို့ပါပဲ။ အဆင့်မြင့် အရိယာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရောက်အောင် အားထုတ်ထားပြီးဖြစ်သူအဖို့ ဘာဟောစာတမ်းမှ မလိုအပ်တော့လို့ပဲ ဖြစ်ပါတယ်။

ခေတ်သစ် စိတ်ပညာရှင်ကြီးတွေဟာ လူရဲ့ မွေးဖွားချိန်မှာ ဖြစ်တည်နေတဲ့ ဂြိုဟ်နက္ခတ်၊ ဇာတာစန်းလဂ်တွေရဲ့ သြဇာ သက်ရောက်မှုရှိပုံကို သိပ္ပံနည်းကျ စူးစမ်းလေ့လာခဲ့ကြတာ မှန်ကန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား စိတ်ပညာရှင် ကာားလ်ဂျွန်းနှင့် ပြင်သစ် စိတ်ပညာရှင် မီချဲဂေါ်ဂွဲလင်းတို့ဟာ ထင်ရှားတဲ့ ပညာရှင်များ ဖြစ်တယ်။

နှစ်တစ်နှစ်ရဲ့ ကွဲပြားခြားနားတဲ့ အချိန်တွေမှာ မွေးဖွားကြတဲ့ မွေးဖွားချိန် မတူတဲ့ လူတွေဟာ ကွဲပြားခြားနားတဲ့ စိတ်နေသဘောထား မတူနိုင်ကြဘူးဆိုတာကို သံသယဖြစ်ဖွယ်အကြောင်း မရှိပါ။ မိမိရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်၊ မအောင်မမြင်ဖြစ်ရမှုတွေရဲ့ အကြောင်းဟာ ဘာလဲဆိုတာကို သိရခြင်းအားဖြင့် ဒါတွေကို ပြုပြင်ပြီး မိမိကိုယ်ကိုယ် ပိုကောင်းအောင်၊ တိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မိမိဟာ လူ့အဖွဲ့အစည်းထဲမှာ အသုံးကျ အဖိုးတန်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်တယ်။

မိမိမှာ ခံစားနေရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်ပျက်မှု အားငယ်မှုတွေကို သုတ်သင်ရှင်းလင်းဖို့အတွက် မိမိမွေးဖွားရာ အရပ်နှင့် ဝေးကွာတဲ့နေရာကို ခရီးယာယီ ထွက်သွားခြင်းအားဖြင့် ဒီဂြိုဟ်နက္ခတ်များရဲ့ မိမိအပေါ် သြဇာသက်ရောက်မှုကို ရှောင်ရှားနိုင်တာ တွေ့ရှိရတယ်။ ရှိတ်စပီးယားက "အပြစ်က နက္ခတ်တွေထဲမှာ ရှိတာမဟုတ်ဘူး။ မိမိတို့ အထဲမှာ ရှိတာဖြစ်တယ်" လို့ ဆိုဖူးတယ်။

ဗေဒင်ပညာကတော့ မိမိတို့ရဲ့ ဘ၀ပြဿနာတွေကို အလိုအလျှောက် ကင်းရှင်းသွားအောင် ဖြေရှင်း မပေးနိုင်ပါဘူး။ မိမိရဲ့ ဘ၀ပြဿနာကို မိမိကိုယ်တိုင် ဖြေရှင်းမှသာ ပြေလည်မှာ ဖြစ်တယ်။ ဆရာဝန်ဟာ ရောဂါကို ရှာဖွေဖေါ်ထုတ်ပေးသလို၊ ဗေဒင်ပညာရှင်ဟာလည်း လူတစ်ယောက်ရဲ့ ဘ၀ကြမ္မာကို ဖေါ်ထုတ် ဟောကြားပြရုံပဲ လုပ်နိုင်တယ်။ ကိုယ့် ဘ၀ အဆင်ပြေအောင် လိုအပ်သလို မိမိရဲ့ အမူအကျင့်တွေကို ပြုပြင်သွားရမှာက မိမိလုပ်ရမည့် အလုပ်ပဲဖြစ်တယ်။

တချို့လူတွေဟာ ဗေဒင်ဆရာကို အားကိုးအားထား ပြုလွန်းကြတယ်။ သတိပြုသင့်တာက ဒီကနေ့ခေတ်အထိ ဗေဒင်ပညာဟာ တိကျသေချာမှု မရှိသေးတဲ့ အတတ်ပညာတစ်ခုအဖြစ်ပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါ့ကြောင့် ဗေဒင်ပညာကို သုံးတဲ့အခါ ဥာဏ်ပညာရှိရှိ သုံးတတ်ဖို့လိုတယ်။ ပြီးတော့ လိမ်စားညာစား လုပ်နေကြတဲ့ ဗေဒင်ဆရာတွေကိုလည်း သတိထားကြဖို့လိုတယ်။ ဒီလူတွေဟာ အမှန်ကို မပြောဘဲ ဗေဒင်မေးသူရဲ့ အလိုကျလိုက်ပြောပြီး ငွေချူစားသူများ ဖြစ်ကြတယ်။

မိမိကိုယ်တိုင် ကံကောင်းအောင် ဘာမှ အားမထုတ်ဘဲနှင့် ကံကောင်းဖို့ လာဘ်ရဖို့ကို မမျှော်လင့်ပါနှင့်။ အသီအနှံတွေကို ပေါပေါများများရိတ်သိမ်းချင်ရင် သင်သည် မျိုးကောင်းမျိုးသန့် စပါးကို စိုက်ပျိုးရပါလိမ့်မယ်။ သတိပြုသင့်တာက " အခွင့်အရေးသည် တံခါး လာခေါက်ပါလိမ့်မယ်။ ဒါပေမယ့် တံခါးသော့ကို ချိုးဖျက်ပြီးတော့ အိမ်ထဲကိုတော့ ၀င်လာမှာ မဟုတ်ပါဘူး" ဆိုတာပဲ ဖြစ်တယ်။

  ဦးဆန်းလွင်(ရှင်အာဒိစ္စရံသီ)

ထိုခေါင်းစဉ်အတွက် ဆရာတော်၏ ရေးသားချက် ဤတွင် အဆုံးသတ်ပါသည်။

 ရှောင်လွှဲမရသော မွေးဖွားချိန်

တစ်ချိန်က http://astro.technohalo.com/2010/08/blog-post_12.html ပိုစ့်တွင် ကလေးတစ်ယောက် မွေးဖွားချိန်ကို ရွေးချယ်ပေးခဲ့ဖူးပါသည်။ ဆရာနျူမာန်ထံတွင် ချဉ်းကပ် နည်းယူသောအခါ ဆရာနျူမာန်က နည်းပညာ အကြံဥာဏ်နှင့်အတူ ရွေးချယ်ပေးသည့်အချိန်တွင် မမွေးဖွားတတ်ကြောင်းကို အထူးသတိပေးခဲ့ပါသည်။ ကျွန်တော်ကား ခေါင်းမာစွာ တွက်ချက်ခဲ့သည်။

ဒုတိယအဆင့်အနေဖြင့် မွေးဖွားမည့် ရက်အတိအကျ သိရသဖြင့် ထိုရက်အတွင်း ထပ်မံစီစစ်ခဲ့ရပြန်ပါသည်။ နံနက် ၈ နာရီခန့်ကို ရွေးချယ်ပေးခဲ့သော်လည်း အကြောင်းအားလျော်စွာ နံနက် ၁၀ နာရီတွင် ဖွားမြင်ဖြစ်သွားသည်။ 10.10.2010 နံနက် 10:01 နာရီဖြစ်သွားသည်။ အမှန်တကယ်မွေးဖွားသောအချိန်ကို MOTAA စနစ်အရ အားတွက်သောအခါ ဗုဒ္ဓဟူးဂြိုဟ်နှင့် ၁၁ တန့်ဘာဝတို့သည် အင်အား 800% မျှ ကောင်းမွန်နေသည်ကို အံ့သြစွာ တွေ့ကြရပါသည်။

ရွေးချယ်ပေးခဲ့သော အချိန်သည် ထိုသို့ အင်အားမကောင်းလှပါ။ ထို့ကြောင့်ပင်လျှင် အတိတ်ကံစွမ်းများနှင့် ဆက်စပ်သော ဖွားဇာတာကို မွေးဖွားချိန်လေး ကန့်သတ်ယုံမျှဖြင့် မတွန်းလှန်နိုင်ပါကြောင်းနှင့် ကောင်းဆိုးတွဲသည့် အောက်ပါဂရပ်ဖ်ဖြင့် ဖေါ်ပြလိုက်ပါရပါသည်။

ကလေးငယ်မှာ ကြွယ်ဝသော အသိုင်းဝိုင်းမှ မွေးဖွားလာကာ ဦးဆောင်မှု၊ ဗီဇအစွမ်း သတင်းနည်းပညာ၊ ရေရှည်တည်တံ့မှု၊ ရင်းနှီးမြုပ်နှံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုများ အားကောင်းလွန်းစွာ ဖြစ်တည်သည်။ ၄ တန့် ၁၀ တန့် ၁၁ တန့်များ အားကောင်းလွန်းကာ ၆၀၀% မှ ၈၀၀% တိုင်း ကောင်းကျိုးပေးလျှက်ရှိသည်။ မူလ ရွေးချယ်စဉ်အခါက အနှုတ်ပြသော အားများ မဖြစ်ပေါ်ရန် ရွေးချယ်ခဲ့သော်လည်း အမှန်တကယ်မွေးဖွားချိန်တွင် ထူးခြားကောင်းမွန်သော ကဏ္ဍများပေါ်ပေါက်သကဲ့သို့ အနှုတ်ပြကာ ဆိုးရွားလျှက်ရှိသော ကဏ္ဍများကိုလည်း မလွှဲမရှောင်သာ လက်ခံရရှိခဲ့လေတော့သည်။ ရာနှုန်းပြည့်ပြီးပြည့်စုံသော အခြေအနေကို ပေးမည့်အချိန်အခါဟူသည်လည်း ရှိမည်မဟုတ်ပေ။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
19.2.2011

4 comments:

Younggun said...

သိပ်ကောင်းတဲ့ ဆောင်းပါးပါ ကိုပခန်းရေ. .အလကားနေ ဗေဒင်ဆရာကို လူလိမ် လုပ်နေတဲ့ လူပေါကြီး လုပ်နေတဲ့ သုံးစားမရအောင် ချိုးဖဲ့နေတဲ့ အနုပညာသမား ဆိုသူတွေကို နားရင်းရိုက်ပြီး ခေါ်ဖတ်ခိုင်းချင်တယ်။ အလကားနေ ဗေဒင်ကို ဘုရားပယ်တယ်ဆိုပြီး ဖင်ပိတ်ခေါင်းပိတ် ငြင်းခုန်နေတဲ့ ဘာသာရေး အစွန်းေ၇ာက်ကောင်တွေကို ဖနောင့်နဲ့ ငယ်ထိပ်ပေါက်ပြီး ခေါ်ဖတ်ခိုင်းချင်တယ်။ ဒါမျိုး ဆောင်းပါးတွေ စုပြီး စာအုပ်တောင် ထုတ်ချင်တယ်။

နျူမာန် (မိုးတား) said...

အင်မတန် ကောင်းတဲ့ ဆောင်းပါး၊ လူအများ အနေနဲ့ သိသင့် သိထိုက်တဲ့ အချက်တွေ ပါတဲ့ ဆောင်းပါးပါ ကိုပခန်း။
နျူမာန် (မိုးတား)

Thet said...

Well written article!! Writing is an art.....

ရှင်သန်ခြင်း said...

ဗေဒင်နဲ့ပတ်သတ်ပြီး ဝေေ၀၀ါးဝါးဖြစ်နေတာလေးတွေ တော်တော်လေး ရှင်းသွားပါတယ်.... ခုလို ဖတ်ထားတာလေးတွေ ရှဲပေးတာ ကျေးဇူးပါဗျာ... အောက်က ရှောင်လွှဲမရတဲ့ မွေးဖွားချိန်ကလည်း တော်တော် တန်ဖိုးရှိပါတယ်ဗျာ....နောက်ထပ်ကျေးဇူးပါ...

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။