သားသားမီးမီးဖွားမယ်ဆိုရင် ...

မိဘတိုင်းဟာ သားသမီးနောင်ရေးကို ကြိုတွေးပူပန်တတ်ကြပါတယ်။ လူ့လောကအပြင်ဘက်ကို မရောက်ခင် မွေးမေ့ဝမ်းထဲနေရစဉ် အချိန်တွေတည်းက ကလေးနောင်ရေးကို စတင်စဉ်းစားပေးကြမှာပါ။ ဒါ့ကြောင့်လည်း ကလေးမွေးချိန်ကို အတတ်နိုင်ဆုံး ပြုပြင်ရသလောက် နက္ခတ်ပညာအရ အချိန်ညှိ မွေးဖွားပေးကြတာတွေလည်း ကျွန်တော်တို့ ကြားသိနေရပါတယ်။

အဌံသဇယားကို အသုံးချပုံနမူနာလေးလည်း တင်ပြပြီးသားဖြစ်အောင်၊ မွေးဖွားလာမယ့်ကလေးငယ်ရဲ့ အသက်ရှည်မှုကိုလည်း ဂရုစိုက်ရာရောက်ပြီး၊ ဆိုးရွားတဲ့ ကာလဆိုးတွေနဲ့ ဇာတာကို မကပ်ညိရန်သတိထားနိုင်အောင် ရည်ရွယ်ရင်း အခုကျွန်တော် ဇာတာလေးတစ်စောင်တင်ပြလိုက်ပါတယ်ခင်ဗျာ။

မှတ်ချက်။ ။တစ်ချို့ကတော့ စောဒကတက်ကြမှာပါ။ ငါတို့တော့ ဒီလိုပဲ မွေးဖွားလာကြတာပါ။ ဘာမှ အဆန်းတကြယ်မလုပ်ပါဘူးလို့ပေါ့။ ကျွန်တော့်ကိုလည်း နယ်မှာ မွေးဖွားခဲ့တာပါပဲ။ ပြင်ချင်တိုင်းလို့ ပြင်လို့ရတာမဟုတ်ပါဘူးဗျာ။ မနက်ဖန်မွေးမယ့်ကလေးကိုတော့ သဘက်ခါမှ မွေးပါလို့ ဆွဲထားလို့ ရမယ်မထင်ပါဘူးခင်ဗျ။

ပြင်လို့ရတယ်၊ စီစဉ်လို့ရတယ် ဆိုကတည်းက ဒီကလေးရဲ့ ကုသိုလ်ကို ခန့်မှန်းလို့ရပါပြီခင်ဗျ။
တစ်ဖန် ဘယ်လိုမှ ပြင်မရလို့ အသက်တိုတဲ့ အရိဌယုဂ်နဲ့ ယှဉ်မွေးဖွားစေတော့ ( အတိတ်ကံ ဘယ်လိုပင်ဆိုးစေတော့) ဒီကလေးဟာ ရှေးကံကို ဆန်တက်မယ့် အာဇာနည် တိဟိတ်ပုဂ္ဂိုလ်လို ဖြစ်နေရင်လည်း ဒီယုဂ်တွေက ဆိုးရွားစေမယ်မဟုတ်ပါဘူးခင်ဗျ။

၁၀၀ မှာ ၉၉ ယောက်ကတော့ အတိတ်ကံကြွေးတွေထဲက ရုန်းထွက်နိုင်ကြဦးမယ် မထင်ပါဘူးခင်ဗျာ။ ကြိုသိရင်တော့ အကျိုးများမှာ သေချာပါတယ်။ ကံကိုပြင်လိုက်လို့ ဟောတဲ့အတိုင်းမဖြစ်တော့မှ ဗေဒင်ပညာကို ဆဲချင်ဆဲပေါ့ဗျာ။ သတိထားလိုက်မိတာကတော့ လွန်တယ်မရှိပါဘူးခင်ဗျ။


ကံကြမ္မာဇယားကတော့ လှိုင်းတံပိုးလို နိမ့်တုံမြင့်တုံ လွှဲရိုက်နေမှာပါပဲ။ မိုးရွာမယ် ဘယ်ချိန်မသိသလိုပေါ့ဗျာ။ ခွက်ကြီးကြီးလုပ်ထားရင် ရေများများရမယ် ခွက်သေးသေးလုပ်ထားရင် မိုးရေနည်းနည်းရမယ်ပေါ့။ ကြိုတင်မစီစဉ်မိလေခြင်းဆိုတဲ့ နောင်တမျိုးတွေ မဖြစ်ရလေအောင် ဒါလေးက ဒီလိုရှိတယ်လို့ မှတ်သားဖူးပါတယ်လောက်ပါပဲ။ ယုံတာ မယုံတာကတော့ စာရှသူသဘောပါ။

ဇာတာရှင်ကလေးငယ်ကို ၅.၃.၁၉၈၇ ၀ိသောတ္တရီ တနင်္ဂနွေ အနာဂတ်ဒသာ ၄ နှစ် ၉ လ ၇ ရက်။
လဂ်သခင် ၄ဟူးဟာ ၁နွေနဲ့ ပူးပြီး နေရောင်မိ(အတ္တမိ)နေပါတယ်။ တဖန် မကောင်းတဲ့ အတန့်များဖြစ်ကြတဲ့ ၆၊ ၈၊ ၁၂ တန့်များအနက်မှာမှ ၆ တန့်မှာ သွားရပ်နေပြန်ပါတယ်။ တစ်ဖန် လဂ်သခင် ပူးတဲ့ ၁နွေဟာလည်း မကောင်းတဲ့(ဒုဌာန)ဖြစ်တဲ့ ၁၂ တန့်သခင်လည်း ဖြစ်နေပါတယ်ခင်ဗျ။

လဂ်နှင့် ပါပ ၉ ကိတ်ဂြိုလ်လည်း ပူးလျှက်ရှိပါတယ်။
ရာသီစက်မှ လဂ်သခင် ၄ ဟူးဟာ န၀င်းစက်ရဲ့ ၁၁ တန့်မှာ ၈ ဟုနဲ့ပူးပြန်ပါတယ်။

အသက်ရှည်မှုကို ဖေါ်ပြတဲ့ အဌံသဇယားမှာတော့ ရာသီစက်ရဲ့ လဂ်သခင် ၄ဟူးဟာ အဌံသစက်မှာ ဒုဌာန(မကောင်းတဲ့ဘာဝ) ၆ တန့်မှာ ရပ်နေပါတယ်။
အသက်ကို ရှည်စေတဲ့ ၀နေဂြိုလ်ဟာလည်း အံသာကြီးနေလို့ လူအို အရွယ် ရောက်နေပါတယ်။
လဂ် အားမရှိယုံမျှမက ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ၁ နွေ နှင့် ၂ လာတို့သည်လည်း လူအိုအရွယ်ရောက်ရှိနေကြပါတယ်။
ရုတ်တရက် ဖြစ်ပျက် ဖျက်စီးတတ်သော ၈ဟုနှင့် ၉ ကိတ်တို့ဟာလည်း ကိန်း(လဂ်မှ ၄ တန့်၊ ၇ တန့်၊ ၁၀ တန့် တစ်ခုခု)အိမ်မှာ ရပ်တည်လို့ နေပြန်ပါတယ်။

ကလေးမွေးစမှ စအကျိုးပေးသော ထူလဒသာသည်လည်း ၁၂ တန့်(ဗျာယ)အိမ်ရှင် ၁ နွေဖြစ်တာကြောင့် ကလေးငယ်ဟာ ၁နွေထူလဒသာ ၈ဟုအန္တရဒသာမှာ ဆုံးပါးခဲ့ပါတယ်ခင်ဗျာ။

မှတ်ချက်။ ။ကျွန်တော် ထပ်ဆောင်းတင်ပြချင်တာကတော့ အပေါ်က စက်သုံးခုရဲ့ ပြုပြင်နိုင်မယ့် အချိန်အသီးသီးပါခင်ဗျ။

  • ရာသီစက်ကိုပြင်မယ်ဆိုရင်
ရာသီစက်မှာ အမြန်ဆုံးလှည့်လည် သွားလာတာကတော့ လ လို့ခေါ်တဲ့ လဂ်ဂြိလ်ဖြစ်ပါတယ်။ သူဟာ ရာသီစက်ရဲ့ အိမ် ၁၂ အိမ်ကို တစ်ရက်ပတ်ပါတယ်။ ဒါ့ကြောင့် ရာသီစက်ကို ပြင်မယ်ဆိုရင် အနည်းဆုံး ၂ နာရီလိုပါတယ်။ ၂ နာရီခြား မွေးသူတိုင်း ရာသီစက် မတူပါခင်ဗျာ။
  • န၀င်းစက်ကို ပြင်မယ်ဆိုရင်
န၀င်းစက်မှာလဲ အမြန်ဆုံးကတော့ လဂ်ဂြိုလ်ပါပဲ။ န၀င်းစက်ရဲ့ သဘောက ရာသီကို ၉ ပိုင်း ပိုင်းတာကြောင့် သူ့ရဲ့ အမှားခံကာလလေးက ၁၃ မိနစ်နဲ့ ၂၀ စက္ကန့်ပါ။ ဒါ့ကြောင့် မွေးချိန် ၁၃ မိနစ် ၂၀ စက္ကန့်ကွာခြားတိုင်း န၀င်းစက်က လိုက်ကွာခြားပါတယ်။
  • အဌံသစက်ကိုပြင်မယ်ဆိုရင်
အဌံသစက်မှာလဲ အမြန်ဆုံးကတော့ လဂ်ဂြိုလ်ပါပဲ။ သူက တစ်ရာသီစာကို ၈ ပိုင်းပိုင်းတာကြောင့် ၁၅ မိနစ်ကွာလိုက်တာနဲ့ သူလိုက်ကွာပါတယ်။ မွေးချိန် ၁၅ မိနစ်ပြောင်းလိုက်တာနဲ့ အဌံသစက်ဇယား ပြောင်းလဲသွားပြီးဖြစ်ပါတယ်ခင်ဗျာ။

အထက်ပါ မိနစ်များဟာ အီကွေတာပေါ် တည့်တည့်မွေးသူများ အတွက်သာ ဖြစ်ပါတယ်။ အီကွေတာဒေသနဲ့ဝေးလိုက်တာနဲ့ အနည်းငယ်မျှ ပြောင်းလဲသွားပါလိမ့်မယ်ခင်ဗျာ။

နက္ခတ်ပညာသည် မွေးဖွားလာကြမည့် နောင်လာနောက်သားများအား ကူညီနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်ခင်ဗျာ။

1 comment:

Unknown said...

ဆရာကျွန်မ က 1375 မေလလယ်မှာမွေးဖို့ ဂျူးဒိတ်ရထားပါတယ် ဒါပေမယ့် ဆရာတင်ဗိုလ်ဗိုလ်ဆိုဒ်မှာ ရေးထားတဲ့အတိုင်းဆို အဲနှစ်က 3 ကြွင်းမဟာဘုတ် ဖြစ်နေပါတယ် အဲဒီတောကလေးရဲ့ကျန်းမာရးပညာရေးများကံကောင်းစေဖို့ဘယ်ရက်အချိန်လေးကအကောင်းဆုံးဖြစ်မလဲဆိုတာလေးသိချင်ပါတယ်ဆရာ ကျွန်မကတော့မဟာဘုတ်နဲ့ရော ဂဏန်းဗေဒင်အရပါ 12.5.2013 တနင်္ဂနွေနေ့ကိုရွေးထားပါတယ် အချိန်လေးကဘယ်အချိန်ကောင်းမလဲဆိုတာသိချင်ပါတယ်ဆရာ

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။