MOTAA စနစ်မှ ဇာတာစစ်ဆေးပုံနမူနာ

ယခုပိုစ့်ကို ဆရာနျူမာန်MOTAA သင်တန်းမူ စာစဉ်များ မှ ဒုတိယဆင့် ပထမပိုင်း သင်ခန်းစာများအား ကိုးကားကာ ဖေါ်ပြထားခြင်းဖြစ်ပါသည်။ ရည်ရွယ်ရင်းမှာ နက္ခတ်ဗေဒင်လေ့လာသူများအတွက်ရော MOTAA သင်တန်းသားများအတွက်ပါ နက္ခတ်ဗေဒင်ပညာကို ကျယ်ပြန့်စွာ အသုံးချနိုင်စေရန် ဖြစ်ပါသည်။ မူလဇာတာစစ်ဆေးခြင်း အပိုင်းမှ ပထမပိုင်းကိုသာ ကိုးကားဖေါ်ပြပါမည်။

မူလဇာတာ စစ်ဆေးခြင်း (ပထမပိုင်း)

မူလဇာတာ၏ အရေးပါပုံ
မူလဇာတာအား စစ်ဆေးသရုပ်ခွဲခြင်း
(၁) ဇာတာရှင် လူ့လောကသို့ ရောက်ရှိလာသော တာဝန် (Mission if life)
(လက်တွေ့ဇာတာများလေ့လာခြင်း)
(၂) ဇာတာရှင်၏ အားသန်ချက် စရိုက်ကို "တြင်း" များအရ စစ်ဆေးခြင်း
(လက်တွေ့ဇာတာများလေ့လာခြင်း)
(၃) ဇာတာတည်ဆောက်ထားပုံကို စစ်ဆေးခြင်း
ဂြိုဟ်များ စုပြုံနေသော ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ဂြိုဟ်များ ပြန့်နှံ့စွာတည်နေသော ဇာတာပုံစံမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ပန်းကန်လုံးပုံသဏ္ဍာန် ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ကန်တော့ပုံသဏ္ဍာန် ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ဆီးဆောပုံသဏ္ဍာန် ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ထောင့် ၄ထောင့်တွင် ဂြိုဟ်များတည်နေသော ပုံသဏ္ဍာန် ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
ဖိုခနောက်ဆိုင် ၃ နေရာတွင် ဂြိုဟ်များ တည်နေသော ပုံသဏ္ဍာန်ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း)
တစ်ခုကျော် ရာသီများတွင်သာတည်သော ပုံသဏ္ဍာန် ဇာတာမျိုး (လက်တွေ့ဇာတာများလေ့လာခြင်း*
အခြားသော ပုံသဏ္ဍာန် ဇာတာမျိုး
(၄) ဇာတာတည်ဆောက်ထားပုံ (ဂြိုဟ်တို့ရာသီဘာဝတို့၌ တည်နေပုံ)ကို စစ်ဆေးခြင်း
(၅) မိုးတား အင်အားကို စစ်ဆေးခြင်း

အထက်ပါအတိုင်း ကျောရိုးပြုကာ သင်ခန်းစာအား စီစဉ်ထားရာတွင် နမူနာ ဇာတာတစ်ခုဖြင့် တင်ပြသွားပါမည်။ ဇာတာရှင်၏ ဇာတာ၏ ဂြိုဟ်ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


လူ့လောကသို့ ရောက်ရှိလာသော တာဝန် (Mission if life)

"အများစုသော သူတို့သည် သာမန်ရည်ရွယ်ချက် သာမန်နေ့စဉ်ဘ၀ ရုန်းကန်လှုပ်ရှားရင်း ထူးခြားသော ရည်ရွယ်ချက်များ မထားပဲ လူသားဆန်ဆန် အဆင့်ဖြင့်သာ ကမ္ဘာမြေပေါ်တွင် ရှင်သန်ကြီးထွား သေဆုံးခဲ့ကြသော်လည်း-
အချို့သော သူတို့သည် ကြီးမားသော ရည်ရွယ်ချက်၊ ထူးခြားသော လုံ့လဖြင့် ထူးခြားသော အလုပ်များကို လုပ်ဆောင်ရန် ရောက်ရှိလာခဲ့ကြကာ-
အချို့မှာအမူ အမြင့်မားဆုံးသော အသိဥာဏ်ကို ရှာဖွေရန် လူသားဘ၀ကို ရလာခဲ့ခြင်းဖြစ်သည်။" သည်ဟု သင်ခန်းစာတွင် အစပျိုးကာ နက္ခတ်များအရ "တမ္မ၊ ရာဇ၊ သတွ" သဘာဝများကို ခွဲခြားပြဆိုသည်။

(၁) တမ္မအုပ်စုသည် လေးနက်သော ရည်ရွယ်ချက်မျိုး တောင့်တမှုမျိုးမရှိဘဲ သာမန်အသက်ရှင်နေထိုင်သွားသောသဘာဝဖြစ်ကာ
(၂) ရာဇအုပ်စုသည် ဘုန်းတန်ခိုးတပ်မက်မှု၊ ရည်ရွယ်ချက်ကြီးမားမှု၊ ဆန္ဒ၀ီရိယနှင့်ဆိုင်ကာ
(၃) သတွအုပ်စုသည် လောကသစ္စာ၊ ဓမ္မသစ္စာ၊ သံသရာအတွက် ရည်ရွယ်သော အုပ်စုတို့အဖြစ်ကွဲပြားပါရှိသည်။

မှတ်သားဖွယ် ကောင်းသောတစ်ချက်မှာ အများသူငါအတွက် သေဆုံးခြင်း၊ လျှို့ဝှက်ချက်၊ လိင်ပိုင်းဆိုင်ရာ စသည်တို့ကို ဖွင့်ဆိုသော ၈ တန့် ၈တန့်သခင်နှင့် ပြောင်းလဲဖေါက်ထွက်ရုန်းကန်တတ်သော ရာဟု နှင့် ကိတ်တို့သည် သတွအုပ်စုဝင် ပုဂ္ဂိုလ်များအတွက် လိုရာလမ်းကို တွန်းပို့သော ကောင်းမြတ်သော ပြဆိုမှုများကို ဖွင့်ဆိုသည်ဟူ၍ဖြစ်ပါသည်။

တမ္မအုပ်စုဝင်များသည်ပင် သာမန်အသက်ရှင်နေထိုင်သွားပါသော်လည်း မိမိလက်လှမ်းမီရာ ၀န်းကျင်ကို အကျိုးပြုသွားသလိုများ ရှိနိုင်သလို၊ ရာဇအုပ်စုဝင်ကာ အများကို နှိပ်စက်ရန် မင်းဖြစ်လာသူများလည်းရှိနိုင်သည်။ ထို့အတူပင် အယူဆိုး၊ အယူလွဲများ မျိုးစေ့ချသွားသူ သတွ အုပ်စုဝင်များလည်း ရှိနေနိုင်ကြောင်း ဖေါ်ပြပါရှိသည်။

နက္ခတ်အသီးသီးတွင် တမ္မ၊ ရာဇ နှင့် သတွ သဘာဝများ ညွှန်းပြဖွင့်ဆိုကာ ဂြိုဟ်အသီးသီးအတွက် နက္ခတ်စီးနင်းမှုအရ အထက်ပါဇာတာကို ဖွင့်ဆိုသော် အောက်ပါအတိုင်း အရေအတွက်တို့ကို ရရှိသည်။


ဇာတာရှင်သည် တမ္မအားနည်းကာ ရာဇနှင့် သတွတို့တွင် အရေအတွက် ၂ ဆ မျှ ပါဝင်နေသည်ကိုတွေ့ရသည်၊ သြဇာအာဏာ/ထင်ပေါ်မှုနှင့် ကြီးမြတ်မှုကို ယှဉ်လျှင် ကြီးမြတ်မှုကို ရွေးချယ်မည့်လူမျိုးပင်ဖြစ်သည်။

ဇာတာအတွက် အရေးပါလှသော ဥဒယလဂ်၊ သူရိယလဂ် နှင့် စန္ဒရလဂ် တို့ကိုကြည့်လျှင်ပင် တမ္မသည် ၁၊ ရာဇသည် ၁၊ သတွတွင် ၇ ရကာ သတွဂုဏ်နှင့်ပြည်စုံမှုမှာ ထင်ရှားလှသည်။ လူတစ်ယောက်အတွက် လဂ်သုံးခုပေါင်းသည် အများဆုံးဖြစ်နိုင်ခြေမှာ ၉ သာရှိရာ ၇ ခု ရရှိထားသူ ဤပုဂ္ဂိုလ်၏ ဘ၀ပန်းတိုင် ရည်ရွက်ချက်သည် လူသာမာန်တို့ထက် ကြီးမြတ်မည်မှာ သေချာလှပေသည်။

"တြင်း"များအရ စစ်ဆေးခြင်း

တြင်း အကြောင်း ဤနေရာတွင် ဖေါ်ပြခဲ့ဖူးပါသည်။ တွက်ပင် တွက်တတ်ခဲ့သော်လည်း တြင်းကို ဖွင့်ဆိုမှုကို မွေးချင်းများနှင့် ပတ်သတ်၍ ဟောသည်ဟုသာသိခဲ့သဖြင့် ဤသင်ခန်းစာ မဖတ်ခင်အချိန်အထိ စရိုကို အောက်ပါအတိုင်း အဟောထုတ်ရနိုင်သည်ကိုမသိခဲ့ပါ။ ပထမတြင်းသည် လက်တွေ့ဆန်မှု (Physical) တွင် အားသာစေကာ၊ ဒုတိယတြင်းသည် အသိဥာဏ် အတွေးအခေါ်ပိုင်း (Mental) တွင် အားသာစေကာ၊ တတိယတြင်းသည် နာမ်ပိုင်း၊ဘာသာရေး၊အယူသည်းမှုများတွင် အားသာစေကြောင်း ဖေါ်ပြပါရှိသည်။

ယခုဇာတာ၏ ဂြိုဟ်များသည် တြင်းအရ အောက်ပါအတိုင်းရရှိသည်။


အများဆုံး အခြေအနေမှာ Physical ဖြစ်သည်။ ဤပုဂ္ဂိုဟ်အတွက် သတွဂုဏ်ကြီးမားရာ ထူးခြားသော ရည်ရွယ်ချက်ရှိပြီး ဖြစ်သည်ဟု ဆုံးဖြတ်ရရှိပြီးဖြစ်သည်။ ၄င်းရည်ရွယ်ချက်ကို Spiritual အတွက် အသုံးချပါက ဘာသာရေးခေါင်းဆောင် တစ်ဦးနှယ် အသွင်ဆောင်မည်ဖြစ်ကာ၊ Mental အတွက်မူ လူမှုဘ၀ အတွေးအခေါ်ပညာရှင်တစ်ဦး အသွင်ဆောင်နိုင်မည်ဖြစ်သည်။ ယခုမှု Physical ပိုင်းတွင် ပြဆိုသဖြင့် လက်တွေ့လုပ်သူ တနည်းအားဖြင့် ရုပ်ဝတ္တုပစ္စည်းများ၊ စက်မှုပညာများ၊ အသုံးချဘာသာရပ်များအတွက် ကြီးမြတ်သော ရည်ရွယ်ရင်းကို ဖေါ်ဆောင်လိုသူအဖြစ်ကို ပြဆိုသည်။ ဤတွင်ကြီးမြတ်သော ဟူသော အဓိပ္ပါယ်သည် အင်မတန်အရေးကြီးမည်ထင်ပါသည်။ ကြီးမြတ်သော စိတ်ထားမှ ပျက်ယွင်းပါက မည်မျှ အစွမ်းအစရှိပါစေ လူမှုဘ၀ လူမှုဝန်းကျင်ကို အကျိုးပြုမည်မဟုတ်ပေ။

ဇာတာတည်ဆောက်ထားပုံ
ဂြိုဟ်စုပြုံသော ဇာတာမျိုးတွင် ဆရာနျူမာန်က ဂြိုဟ်လုံးရေအလိုက် သံခရကောလယောဂ၊ သံခရယုယောဂ၊ သံခရသျှလယောဂ တို့ကို သတွ၊ရာဇ၊တမ္မတို့နှင့်တွဲကာ လေ့လာဖွယ်ဇာတာများနှင့်တကွ သင်ကြားပါသည်။ ဂြိုဟ်များပြန့်ကားတည်သော ဇာတာတို့ကို သံခရကဒယယောဂ၊ သံခရဖဿယောဂ၊ သံခရဓမ္မယောဂ၊ သံခရ၀ိနယောဂ၊ လဂ္ဂဏမလ္လိပယောဂ၊ ဓနုမလ္လိကယောဂ၊ ၀ကာရာမမလ္လိကယောဂ အစရှိသဖြင့် ယုဂ်ပေါင်း ၂၀ ကျော်မျှ ဖေါ်ပြသင်ကြားပေးပါသည်။

မိုးကုတ်စက်ဝိုင်း၏ အပေါ်/အောက်ခြမ်းတွင်သာ ဂြိုဟ်တည်သောဇာတာများ၊ မွန်းတည့်မျဉ်း၏ အရှေ့/အနောက်ခြမ်းများတွင်သာ ဂြိုဟ်တည်သော ဇာတာများကို မျိုးကွဲများနှင့် ဖေါ်ပြတန်ဆာဆင်ထားပါသည်။

အထက်ပါ ဇာတာများထဲတွင်မှ ယခုဇာတာသည် ကန်တော့ပုံသဏ္ဍန်ဇာတာမျိုးတွင်ပါဝင်သည်။ < ကန်တော့ပုံဇာတာ၏ ဆိုလိုရင်းမှာ တစ်လုံးသော ဂြိုဟ်မှ အပ အခြားဂြိုဟ်တို့သည် ဇာတာခွင်၏ (အခြား)တစ်ခြမ်းတွင်သာ တည်ရှိရမည်ဟူ၍ ဖြစ်သည်။ တစ်လုံးသောဂြိုဟ်သည် ကျန်သောဂြိုဟ်များ စုစည်းရာနေရာနှင့် အနည်းဆုံး ၆၀ ဒီဂရီကွာဝေးရမည်ဟူ၍ ဖြစ်သည်။ > ထိုကန်တော့ ပုံသဏ္ဍာန်ဇာတာရှင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဘီလ်ဂိတ်၊ လီယိုနာဒိုဒါဗင်ချီ တို့ပါဝင်သည်။ လီယိုနာဒို ဒါဗင်ချီ၏ ဇာတာကို ဤတွင် လေ့လာနိုင်ပါသည်။ ဘီလ်လဂ်ဇာတာလည်း ဤတွင် လေ့လာနိုင်ပါသည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာတွင်  တမ္မ ၁၃၊ ရာဇ ၇၊ သတွ ၁၀ ရရှိကာ၊ physical ၅၊ Mental ၅ နှင့် Spiritual ၀ ဖြစ်သည်။ စိတ်နှင့်အလုပ်ညီမျှစွာ ပြဆိုကာ ဘာသာရေး၊ အယူအဆများနှင့် များစွာမပတ်သတ်သည်ကိုတွေ့ရသည်။ နေ့စဉ်ဘ၀ တမ္မအပေါ်မှီခိုကာ သတွဂုဏ်ဖြင့် စေတနာကြီးသူဟု ဆိုရမည်ဖြစ်သည်။ အာဏာတပ်မက်မှု ရာဇအနေဖြင့် နည်းပါးလှသည်ကိုတွေ့ရမည်ဖြစ်သည်။)



အဆိုပါ ကန်တော့ပုံဇာတာရှင်များသည် တစ်ဖက်တွင်ရပ်နေသော ဂြိုဟ်စုကို လက်ကိုင်နှင့်တူသော ကြာသာပတေးမှ ဖမ်းညှိထိန်းချုပ်ထားကာ မိမိရည်ရွယ်ရာအတွက် မဖြစ်မနေလှမ်းချီသွားကြသော မဟာလူသားများဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။

ယခုဇာတာတွင် ဇာတာ၏ အသက်သဖွယ်ဖြစ်သော ကြာသာပတေးသည် မည်သို့ တည်ပါသနည်းဟူသည်မှာ များစွာစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။


အထက်ပါ ဇယားမှာ ဂြိုဟ်တစ်လုံးနှင့် တစ်လုံးဆက်စပ်ပုံဖြစ်သည်။ အား % များမှာ အံသာအနီးအဝေးအရ ဆက်စပ်မှုကို ပြဆိုပါသည်။ ကြာသာပတေးသို့ တနင်္ဂနွေမှ ၈၃% ဖြင့် (ဂြိုဟ်မြင်အားဖြင့်) မိတ်ပြုလျှက် ဆက်သွယ်လျှက်ရှိသည်။ ထို့အပြင် အင်္ဂါမှလည်း ၇၅% ဖြင့် မိတ်ပြုလျှက်ရှိပြန်သည်။ ရန်အမြင်မရှိကာ ကိတ်မှ ဥဒသိန်အားဖြင့် ၈၂% ဆက်သွယ်သော်လည်း မိတ်ရန်ကိုသာ ဆုံးဖြတ်လို၍ ချန်လှပ်ခဲ့သည်။ အချုပ်အားဖြင့် ကြာသာပတေးသည် ၁၅၈% မျှသော မိတ်အားကို ရရှိသည်။ ကြာသာပတေးမှ ဆက်သွယ်မှုတွင် တနင်္ဂနွေသို့ ၈၃% မိတ်ပြုလျှက်ရှိပြန်သည်။

တနင်္ဂနွေနှင့် ကြာသာပတေး ဆက်သွယ်မှု အသေးစိပ်
(၁) သဘာဝအားဖြင့် ဆက်သွယ်မှု
တနင်္ဂနွေသည် အောင်မြင်ခြင်း အစွမ်းအစ၊ အရည်အချင်းထုတ်ဖေါ်မှု ကျော်ဇောမှုတို့ကို သဘာဝအားဖြင့် ပရိယာယ်ရှိသည်။
ကြာသာပတေးသည် ပညာ၊ စာရိတ္တ၊ သိက္ခာအားတို့ကို သဘာဝအားဖြင့် ပရိယာယ်ရှိသည်။
ထိုနှစ်ခု အားကြီးစွာ အပြန်အလှန်အားဖြင့် ဆက်သွယ်ကြသည်မှာ အောင်မြင်မှုကို ပညာကို ထောက်ပံ့ကာ၊ ပညာဥာဏ်ကိုလည်း စူးစိုက်မှု အရင်အချင်းဖေါ်ပြအစွမ်းအစဖြင့် ထောက်ပံ့ပေးထားပြန်သည်။
တနင်္ဂနွေကြာသာပတေးဆက်နွယ်မှုကို အမည်အားဖြင့် သူရိယာဇီယာယုဂ်ဟုခေါ်ကာ အရှင်သခင်ဖြစ်တတ်သူဟု ရှေးကျမ်းများတွင် ဖွင့်ဆိုပါသည်။

(၂) ကာရကအားဖြင့် ဆက်နွယ်မှု
တနင်္ဂနွေသည် ၆ တန့်သခင်ဖြစ်သောကြောင့် အတိုက်အခံသဘာဝ၊ ပဋိပက္ခ၊ မိမိကိုယ်တိုင်လုပ်ရမှ ကျေနပ်ခြင်း ရုန်းကန်တွန်းလှန်လိုခြင်း သဘာဝရှိကာ ၁၁ တန့်တွင်ရပ်သည်။ ၆ တန့်သခင် ၁၁ တန့်ရပ်ခြင်းသည် အတန့်ကောင်းသို့ သွားရပ်သော တနင်္ဂနွေအတွက် ကောင်းမွန်သော်လည်း၊ အတန့်ဆိုးသခင် လာရပ်သော ၁၁ တန့်မှာမူ ထိခိုက်နိုင်သည်။ မည်မျှ အားဖြင့် ထိခိုက်သည်ကို မသိရသောကြောင့် ၁၁ တန့်၏ ပျက်စီးမှုကို သိရန် ဘာဝအလယ်သို့ သက်ရောက်သော အားတို့လိုအပ်သည်။ တွက်ချက်မှုအရ ၁၁ တန့်အလယ်သို့ တနင်္ဂနွေမှ အံသာဝေးလွန်းသဖြင့် မဖျက်စီးတော့မည်။
၁၁ တန့်တွင်ရန်မရှိကြောင်းသိရပြီးဖြစ်၍ အတန့်ကောင်းတွင်ရပ်သော ၆ တန့်သခင်၏ ကောင်းကျိုးကို အဓိပ္ပါယ်ဖွင့်ဆိုရန်ကျန်သည်။ ၁၁ တန့်သည် လာဘ်လာဘ၊ အများမှ ချစ်ခင်မှုကို ဖေါ်ပြရာ ဇာတာရှင်၏ စူးစူးစိုက်စိုက် အတိုက်အခံ အတင်းအကျပ်ပြုမှုကို အများကလက်ခံနိုင်မည်ဟု အဖြေထုတ်နိုင်သည်။

ကြာသာပတေးသည် ၁၀ တန့်သခင်ဖြစ်ကာ ၁၁ တန့်တွင်ရပ်သည်။ ၁၀ တန့်သည် အလုပ်သဘာဝ၊ အများအား အစွမ်းအစထုတ်ပြနိုင်မှုကို ဆိုလိုကာ ၁၁ တန့်သည် အများက လက်ခံနိုင်မှုကို ဆိုလိုသဖြင့် မိမိလုပ်သမျှသည် အများ၏ နှစ်ခြိုက်မှုကို ရရှိမည်ဟု အဖြေထုတ်နိုင်သည်။

အထက်ပါပုံတွင်ပင် ဂြိုဟ်အသီးသီးအပေါ် မိတ်ရန်နှစ်ခု၏ ပျမ်းမျှများကို ထုတ်နှုတ်ထားရာ တနင်္ဂနွေသည် ၃၃%၊ ဗုဒ္ဓဟူးသည် ၉၉%တို့ရရှိကြသေးသည်။ ဗုဒ္ဓဟူးသည် ဗီဇစွမ်း၊အများနှင့်ပြောဆိုဆက်ဆံမှုကို ဖေါ်ဆောင်ကာ ၀နေမှ ၉၉% မိတ်ပြုလျှက်ရှိသည်။ စနေနှင့် ဗုဒ္ဓဟူးဆက်သွယ်မှုကို တော်လှန်တတ်သော၊တွန်းလှန်တတ်သော အဓိပ္ပါယ်အဖြစ်ဖွင့်ဆိုကြသည်။ သဘာဝအားဖြင့် ကြံဖန်တွေးခေါ်တတ်သူ၊ လောင်းကစားဥာဏ်၊ ကောက်ကွေ့သော ဥာဏ်အဖြစ်ပါ ဖွင့်ဆိုကြသေးသည်။

ရာဟုနှင့်ကိတ်

ရာဟုနှင့်ကိတ်တို့ကို သဘာဝအားဖြင့် ဆိုးသည်ဟု ဖေါ်ပြကြသော်လည်း ဂြိုဟ်ကောင်းများ လွှမ်းပါက ကောင်းသည်ဟု ဖေါ်ပြကြသည်။ အဘယ့်ကြောင့်နည်း။ ၄င်းတို့သည် အရိပ်ဂြိုဟ်သာဖြစ်ကြကာ ပင်ရင်းအဓိပ္ပါယ်အားဖြင့် ရာဟုသည် အခြေအနေကောင်းတစ်ခုမှ ရုတ်တရက်ပြောင်းလဲခြင်း၊ ကိတ်သည် မကောင်းသော အကျဉ်းအကျပ်အခက်အခဲမှ ဖေါက်ထွက်ခြင်းသဘောမျှသာ ရှိသည်။ ၄င်းတို့အပေါ် စိုးမိုးမှုအရသာ ကောင်းသော/ဆိုးသော အပြောင်းအလဲ၊ ကောင်းစွာ/ဆိုးစွာ ဖေါက်ထွက်ခြင်း ဟူ၍ ဖြစ်သွားကြသည်။ အထက်ပါပုံတွင် ၆ တန့် ၈ တန့် ၁၂ တန့် သခင်တို့၏ သက်ရောက်မှုကို ဆိုးသည်ဟု ယူဆကာ ကျန်ဂြိုဟ်များကို ကောင်းသည်ထား၍ ရာဟုနှင့် ကိတ်အပေါ် စိုးမိုးမှုကို တွက်ချက် ပျမ်းမျှပြုသော ရာဟုသည် အင်္ဂါ၏ ကောင်းသော အထောက်အပံ့ကို ရရှိထားသည်။ သတ္တိမွေးကာ ပြောင်းလဲခြင်းသဘောကို ဆောင်သည်။ ကိတ်သည် ကြာသာပတေးမှ အထောက်အပံ့ကို ရရှိထားသဖြင့် ပညာဥာဏ်ဖြင့် ကောင်းစွာ အခက်အခဲဖြေရှင်းနိုင်မှုကို ပြဆိုထားပြန်သည်။ (ဤတွင် ရာဟု ကိတ်တို့ အပြန်အလှန်မြင်ခြင်းကို ချန်လှပ်ထားခဲ့သည်။ ဇာတာတိုင်းအတွက် အမြဲအမြင်ပြုနေသော သဘာဝကြောင့်ဖြစ်သည်။)

ဂြိုဟ်အားများ


-ဇာတာရှင်၏ အောင်မြင်မှုကို ဖေါ်ပြသော တနင်္ဂနွေသည် ရာသီဘာဝနှင့်ဂြိုဟ်မြင်ယှဉ် ဆက်နွယ်မှုတို့အရ ၁၄၇% မျှအင်အားကောင်းကာ ဥာဏ်ပညာ ကြာသာပတေးမှ ၈၄% ပင် ထပ်ပိုးကူညီထားပြန်သည်။

-ဇာတာရှင်၏ အများအပေါ်ထားသောသဘောထား စိတ်အေးချမ်းမှု သဘာဝကို ဖေါ်ပြသော တနင်္လာသည် ပင်ကိုယ်အားဖြင့် ၁၁၆% မျှ အားကောင်းမွန်လျှက်ရှိသည်။

-ဇာတာရှင်၏ အတိုက်အခိုက်၊ ရဲစွမ်း၊ အသက်အနေ မွေးချင်းကို ဖေါ်ပြသော အင်္ဂါသည်အားမဲ့နေသည်။ အားမရှိသောကြောင့် ဇာတာရှင်သည် သတ္တိမရှိဟု ကောက်ချက်ချ၍ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အင်္ဂါသည် ကြာသာပတေးကို ၇၅% ရာဟုကို ၉၉% ထောက်ပံ့လျှက်ရှိရာ ပညာအတွက်နှင့် အပြောင်းအလဲစွန့်စားမှုတို့တွင် သတ္တိကောင်းလှသည်ကို ပြဆိုလျှက်ရှိသည်။ အကြောင်းမဲ့ မိုက်ရူးရဲမှုမရှိသည်ကို ပြဆိုသည်။ တနည်းအားဖြင့် ရဲဝင့်သောဟန်ပန်ကို အပြင်ပမ်းအားဖြင့် ဖေါ်ဆောင်မထားနိုင်သော်လည်း အတွင်းသဘာဝအား ရဲဝင့်သည့်သဘောဖြစ်သည်။

-ဇာတာရှင်၏ ဗီဇဥာဏ်ပညာ talent ကို ဖေါ်ပြသော ဗုဒ္ဓဟူးသည် ၁၂၁%မျှ ကောင်းမွန်လျှက်ရှိသည်။ စနေမှ ၉၉% အဆိုးပြုဆက်နွယ်သည်။ စနေသည် ၁၂ တန့်အိမ်ရှင်ဖြစ်သောကြောင့် ရပ်ဝေးမြေခြား၊ အချုပ်အနှောင်၊ စိတ်တန်ခိုး သဘာဝလွန်ပညာများနှင့် ဆက်စပ်ရာ ဇာတာရှင်၏ ဗီဇတွင် လက်တွေ့ဘ၀မှ ဝေးကွာသော အသိပညာများရှိနေခြင်း၊ ဗီဇစွမ်းကို အဖျက်အဆီးအနှောင့်အယှက်များက တားဆီးရန်ပြုခြင်းတို့ကြောင့် အခက်အခဲများကြားမှ တွန်းလှန်ရမှုကို ပြဆိုသည်။

-ဇာတာရှင်၏ ပညာရေး ပညာသင်နိုင်ခွင့်ကို ဖေါ်ပြသော ကြာသာပတေးသည် အင်အား ၅၀% ကောင်းမွန်သောလည်း တနင်္ဂနွေသည် ၈၄% မျှ အဆိုးပြုနေသည်။ တနင်္ဂနွေသည် ကောင်းသောသဘာဝအားဖြင့် အောင်မြင်မှု၊ အများအလယ်ကျော်ဇောမှုကို ပြဆိုကာ ဆိုးသော ပရိယာယ်အားဖြင့် အမြဲတစေလှုပ်ရှားနေရခြင်းကို ပြဆိုသည်။ (အိမ်ထောင်ရေးအတန့်ကို ၁ နွေစိုးမိုးက လမ်းများသော (မတည်မြဲသော) အိမ်ထောင်ဖက်ကို ရတတ်သည်ဟု အဟောထုတ်ကြသည်။ နေမင်းသည် အမြဲတစေ လှည့်လည်တတ်သောကြောင့်ဖြစ်သည်။ တနင်္လာ၊ ရာဟု၊ ကိတ် တို့သည်လည်း ထိုနည်းတူဖြစ်သည်။ အခြားဂြိုဟ်များသည်လည်း လှည့်လည်ကြသည်ချည်းသာ ဖြစ်သော်လည်း ၄င်းတို့သည် ကမ္ဘာမှကြည့်က တစ်ခါတရံ အသွားနှေးခြင်း၊ မြန်ခြင်း၊ နောက်ပြန်သွားခြင်း တို့ ဖြစ်ပေါ်တတ်သော သဘာဝကြောင့်ဖြစ်သည်။) ပညာရေးတွင် အပြောင်းအလဲ မတည်တံ့ခြင်း၊ ပညာဖြောင့်ဖြောင့် မသင်ရခြင်းကို ပြဆိုသည်။ ကိတ်မှ ၈၂% အဆိုးပြုခြင်းသည် အကျဉ်းအကျပ်များမှ ရုန်းထွက်ရမှုကြောင့် မတည်ငြိမ်သော ပညာရေးသင်ကြားမှုကို ပြဆိုသည်။

-ဇာတာရှင်၏ ကာမသုခ စည်းစိမ်ကို ဖေါ်ပြသော သောကြာသည် အနှုတ်ပင် ပြသေးသည်။ ကာမဂုဏ်အတွက် စိတ်ဝင်စားသူ၊ စည်းစိမ်ရှင် မဟုတ်မူကို ပြဆိုသည်။ မည်မျှအောင်မြင်ပါစေ စည်းစိမ်ရစ်မည့်သူမဟုတ်ဟုလည်း ဆိုနိုင်ပါသည်။

-ဇာတာရှင်၏ သည်းခံနိုင်မှု ရေရှည်စွဲမြဲမှုကို ဖေါ်ပြသော စနေသည် အား ၆၁% ရှိသောကြောင့် အဆိုပါအရည်အချင်းအားဖြင့် သင့်တော်သည်ဟု ဆိုရမည်ဖြစ်သည်။

-ဇာတာရှင်၏ ပြောင်းလဲနိုင်စွမ်းကို ဖေါ်ပြသော ရာဟုသည် ပင်ကိုယ်အားဖြင့် အနှုတ် ၂၀ ရှိသော်လည်း အင်္ဂါမှ ၉၉%ကူပံ့ထားသောကြောင့် ရဲဝင့်စွာပြောင်းလဲနိုင်သူအဖြစ်ကို ပြဆိုသည်။ (ကိတ်မှ ၁၀၀%သည် ဇာတာတိုင်းအတွက် ရရှိမည့်အကျိုးဖြစ်သောကြောင့် မဖွင့်ဆိုတော့ပြီ။)

-ဇာတာရှင်၏ အကျဉ်းအကျပ်မှ ရုန်းထွက်နိုင်စွမ်းတွင် မူလအားမရှိသော်လည်း ကြာသာပတေးမှ ၈၂% အားကူထားရာ ပညာဥာဏ်အားဖြင့် အခက်အခဲကို တွန်းလှန်သွားနိုင်သူဖြစ်သည်ကို ပြဆိုလျှက်ရှိသည်။

ဘာဝအားများ


ထင်ရှားသော ဘာဝများအဖြစ် ၆ တန့် ၇ တန့် ၅ တန့် ၁၂ တန့် တို့ကို တွေ့ရသည်။

-အတိုက်အခိုက်အတွန်းအလှန်အင်အားကို ပြဆိုသော ၆ တန့်သည် ၁၄၇% မျှ အားကောင်းကာ တနင်္လာမှ ၉၁% မျှ ကူပံ့ထားသည်။ အတိုက်အခိုက်ဟူသည် ရက်စက်ရသော သဘာဝရှိသော်လည်း ဤဇာတာတွင် အေးချမ်းသော မျှတသည့်သဘော ဒီမိုကရေစီသဘောကိုဆောင်သော တနင်္လာသည် ကူနေသဖြင့် ဇာတာရှင်၏ တွန်းလှန်နိုင်စွမ်းသည် (၆တန့်သခင်သဘာဝ တနင်္ဂနွေအရ) အင်အားပြင်းသော ရန်ဘက်များကြားမှ ရုန်းရသည်မှန်သော်လည်း အေးချမ်းသောသဘာဝအား စိတ်ထားကိုပင် အရင်းပြုမည်ကို ကောက်ချက်ချနိုင်သည်။ ထို တနင်္လာသည်ပင် နိုင်ငံရပ်ခြားအကျိုးပေးကို ပြဆိုသော ၁၂ တန့်ကိုပါ ကူပံ့ထားသဖြင့် ထိုပုဂ္ဂိုလ်၏ တွန်းလှန်မှုနှင့် ပင်ကိုယ်အေးချမ်းမှုအစွမ်းသည် ရပ်ဝေးထိပင် ပျံ့နှံ့နိုင်မှုကို ပြဆိုသည်။

-တပည့်တပမ်း၊ ဆက်ခံသူနောက်လိုက်၊ ပညာစွမ်းကို ဖေါ်ပြသော ၅ တန့်သည် ၁၁၆% အားရှိကာ ဗီဇစွမ်း/အများနှင့်ဆက်ဆံနိုင်မှု ဗုဒ္ဓဟူးက ၆၁% ကူညီထားပြန်သည်။ စည်းရုံးရေးကောင်းသူ ပညာကို ဗီဇစွမ်းမွှမ်းထားသူတစ်ယောက် ဖြစ်သည်ကို ပြဆိုသည်။ ထို ဗုဒ္ဓဟူးသည်ပင် အများက ဇာတာရှင်ကို ချစ်ခင်လာအောင် (၁၁ ကိုအားရှိအောင်) ကူညီထားပြန်သည်။

-အိမ်ထောင်ဖက်၊ရင်းနှီးသောမိတ်ဆွေ၊အပြန်အလှန်ဆက်ဆံရေးကို ဖေါ်ပြသော ၇ တန့်သည်လည်း ၁၂၁% အားကောင်းလျှက်ရှိသည်။ သို့သော် အိမ်ထောင်/ကာမသုခနှင့်ပတ်သတ်၍ မကောင်းနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ရေး/ကာမဂုဏ်ခံစားမှု၏ ကာရကဖြစ်သော သောကြာသည် အားမကောင်းသောကြောင့်ဖြစ်သည်။ အိမ်ထောင်ရေးကို ပယ်လိုက်က ကျန်ရှိသော ပရိယာယ်ဖြစ်သည့် အပြန်အလှန်ဆက်ဆံရေး စည်းရုံးရေးသည်ကောင်းမွန်သွားတော့သည်။

လူတိုင်းသည် အကောင်းကိုချည်းမရနိုင်သကဲ့သို့ ဇာတာတွင်လည်း အားနည်းမှုတို့ရှိနေရမည်ဖြစ်သည်။ ဇာတာရှင်၏ ဖခင်(အားကိုးရမည့်သူ)ကို ညွှန်းဆိုသော ၁ တန့်၊ မိခင်(ဆိုးနွဲ့ရမည့်သူ)ကို ညွှန်းဆိုသော ၄တန့်(၄ တန့်သည် သောကြာမှ အနှုတ်အားပင် ပေးလိုက်ပါသေးသည်။)၊ အမွေအနှစ်(ဆက်ခံမှု)ကိုပြဆိုသော ၈ တန့်၊ ရုပ်ရေကျက်သရေကို ပြဆိုသော ၉ တန့်၊ ၀န်းကျင်ညီကိုမောင်နှမ တို့ကို ပြဆိုသော ၃ တန့် တို့တွင် အားမရှိသည်ကို တွေ့ရသည်။

ထိုဇာတာရှင်သည် အမေရိကန် လွတ်လပ်ရေး ဘခင် ဘင်ဂျမင် ဖရန်ကလင် ၏ဇာတာဖြစ်ပါသည်။ (အဆိုပါလင့်တွင်အတန်အသင့်ဖတ်ရှုနိုင်မည်ထင်ပါသည်။) ဆရာနျူမာန်ဆီမှ ဂြိုဟ်ရပ်အားများ စစ်ဆေးရန် အချက်အလက် ရရှိ၍သာ ယခုကဲ့သို့တင်ပြနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော်သိသော မတောက်တခေါက် အသိများတွင် ကမ္ဘာကျော်သည်ဆိုသော ပုဂ္ဂိုလ်များ၏ နာမည်များပင် မပါဝင်ပါ။ အကယ်၍ ကောက်ချက်ချမှားယွင်း ဆုံးဖြတ်ခဲ့ပါက ကျွန်တော့်၏ နုံနဲ့သော အသိသည်သာ အပြစ်ရှိပါကြောင်း ၀န်ခံရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ (ရရှိဖြစ်ပေါ်နေသည့် ထူးခြားအခြေအနေယုဂ်များကိုပါ ပူးတွဲတင်ပြလိုပါသော်လည်း ဤပိုစ့်ကို ရေးသည်မှာ ၇ နာရီမျှပင်ကြာလှပြီဖြစ်ပါ၍ ပင်ပမ်းလှပါသဖြင့် ဤမျှနှင့်ပင်ရပ်လိုက်ရပါသည်။)

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုးသည်ပိုးနိုင်ပါစေသတည်း။
သင်ဆရာ၊ မြင်ဆရာများအား ဦးညွှတ်လျှက် 
ကိုပခန်း
30.6.2011

No comments:

Post a comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။